သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၈)


တပ်မှူးတပ်သား ပြောစကား (၀၅၁)

ဒီကနေ့ မြန်မာ့တပ်မတော်မှာ အမိန့်မနာခံလိုတော့တဲ့ ဒုတိယအတွေး (second thought) ဝင်သွားခဲ့သူ မြန်မာစစ်အစိုးရရဲ့ နျူးကလီးယားလျှို့ ဝှက်စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်တချို့ကို ယူဆောင်ပြီး ပြည်ပကို ထွက်ခွာလာခဲ့တဲ့ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းနဲ့ ရှစ်လေးလုံး လူထုအုံကြွမှုကာလမှာ မြန်မာ့တပ်မတော်မှာ အမိန့်မနာခံ မှုတွေ ဖြစ်ပေါ်လာခဲ့ပုံ ကိုယ်တိုင်ကြုံခဲ့သူ ဗိုလ်မှူးဟောင်းအောင်လင်းထွဋ် တို့ရဲ့ အတွေ့အကြုံပြောစကားတွေကို ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ တင်ပြထားပါတယ်။ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့် နာခံမှု - အပိုင်း (၈)” ခေါင်းစဉ်နဲ့ စီစဉ် တင်ဆက်ထားပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ နျူကလီးယား စီမံကိန်းဆိုတဲ့ ဥစ္စာကြီးကလည်း ဒါ (သိပ္ပံနှင့်နည်းပညာ) ဝန်ကြီးဦးသောင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် DSA 1st intake ဗိုလ်သင်တန်း အပတ်စဉ်တူပြီး၊ အောင်စစ်သည်ဆု ရရှိခဲ့သူ) ကနေပြီးတော့ အဓိပ္ပါယ်မရှိ လိမ်ညာထားတဲ့ ဥစ္စာတွေ ကျနော် အများကြီးသွားတွေ့တယ်။ စစချင်းမှာပဲ သူတို့ ယူရေနီယံ (နျူကလီးယား စီမံကိန်းအတွက် အဓိက ကုန်ကြမ်း) တူးတဲ့အဖွဲ့ အဲဒီ သပန (သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန) ဘူမိဗေဒ ပညာရှင်အဖွဲ့တွေက ဘာပြောသလဲဆိုတော့ မိုးကုတ်မှာ သူတို့က မြေသားနမူနာ နည်း နည်းယူလိုက်တယ်။ ဓါတ်ခွဲစမ်းသပ်ကြည့်လိုက်တော့ ယူရေနီယံ တွေ့တယ်။ အဲဒီမှာ သူတို့က မြန်မာပြည်တွင်းမှာ ယူရေနီယံ တွေ့ရှိပါတယ်ဆို တဲ့ report ကြီးကို ဝန်ကြီးဦးသောင်းကနေ တင်လိုက် ရော။ အဲဒီ report တင်ခိုင်းတာကလည်း အဲဒီသတင်းကို ဗိုလ်ချုပ်ကြီးမောင်အေးက ကြားချင်နေတာကိုး။ အဲဒီမှာခက်တာက မြေသားနမူနာထဲမှာပါတဲ့ ယူရေနီယံရဲ့အချိုးအစားကို သူတို့က မသိဘူးမဟုတ်ဘူး၊ သိတယ်။ ဘယ်လို မှ အလုပ်မဖြစ်နိုင်ဘူး။ မြေသားတန်ချိန် တစ်သောင်းလောက် တူးပြီးမှ ယူရေနီယံ 1 mili-gram လောက်ရမယ်ဆိုတဲ့ အနေအထားမှာ၊ ဒီဥစ္စာ ကြီးက လုံး၀ waste ပဲ။ လုံး၀ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားပဲ။ အဲဒီမှာ စစ်တပ်က အကုန် ဒုက္ခရောက်ကုန်တာ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်ကျမှ၊ ရလာတဲ့ ယူရေနီယံ အချိုးအစားက အင်မတန် နည်းနေပါတယ်ဆိုပြီးတော့ တပ်မတော်အရာရှိက ပြောလိုက်လို့ရှိရင်၊ အဲဒီအရာ ရှိကို ဗိုလ်ချုပ်မှူးကြီးမောင်အေးက သူရဲ့စိတ်ကူးယဉ် အိပ်မက် ပျက်အောင်ဖျက်တဲ့လူဆိုပြီး အဲဒီလူကို ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်ယုံကြည်မှု မရှိဘူးလား ဆိုတာမျိုးနဲ့ ပြဿနာ ရှာတော့မယ်။ ငြှိုးတော့မယ်။ အဲဒီတော့ ဒီလူတွေက သတင်းလည်း မပို့ရဲဘူး။ ဒီတိုင်းပဲ ဆက်လုပ်သွားမယ် ဆိုရင်လည်း ဘယ်လိုမှ အောင်မြင်နိုင်တဲ့စီမံကိန်း မဟုတ်ဘူး။ ကျနော်တို့ဆိုရင် မြိုင်မှာ လူမရှိသူမရှိ middle of nowhere ပေါ့၊ အဲဒီလိုနေရာ မှာ သုံးနှစ်လောက်နေ နေရတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဗိုလ်မှူးအနေနဲ့ အဲဒါတွေ ကြုံလာရတဲ့အခါကျတော့၊ မဟုတ်တာကြီးကို တင်ပြရဲတဲ့လူလည်း ရှိတယ်၊ အပေါ်က ဒါကို ကြားချင်လို့။ အပေါ်ကလည်း ဒါ မဟုတ်နိုင်မှန်း သိလျှက်သားနဲ့ အောက်ကတင်ပေးလိုက်တာကို ကိုယ့်ရဲ့ wishful thinking နဲ့ ကိုယ်ဖြစ် ချင်နေတာနဲ့ ရောက်လာတဲ့ report ကို လက်ခံလိုက်တယ်။ ဆို တော့ ဒါတွေဟာ ဒီနိုင်ငံမှာ နိုင်ငံရေးစနစ်ကနေလာတဲ့ အုပ်ချုပ်ရေးစနစ် ကြောင့် ဖြစ်နေတာလို့ မမြင်ခဲ့မိဘူးလား။ နောက်ဆုံးကျတဲ့ အခါကျတော့ ဒီအဖွဲ့အစည်းမှာလည်း မလုပ်နိုင်ဘူး၊ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်း မှာလည်း မလုပ်နိုင်ဘူးလို့ immediate cause လတ်တလော ဘယ်အကြောင်းကြောင့် ဗိုလ်မှူး ဆုံးဖြတ်ချက် ချလိုက်နိုင်တာပါလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ပြောရတာ ခက်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူက တစ်ချက်ချင်းစီ၊ တစ်ချက်ချင်းစီ ဝင် လာတာကိုး။ အဲဒီမှာ ကျနော့်အတွက် စဉ်းစားရခက်တာလေးတွေ ဖြစ်လာပါတယ်။ officiating (ဗိုလ်ကြီးမှ ဗိုလ်မှူး အဖြစ်သို့၊ တနှစ်အစမ်းခန့် ရာထူးတိုးမြှင့် ခံရ ခြင်း) ရတယ်။ ဒါပေမယ့် ရေရှည် စဉ်းစားကြည့်လိုက်တဲ့အခါ ဒီစနစ်နဲ့ ဆက်သွားမယ်ဆိုရင် ကျနော့်တစ်ယောက် တစ်ကိုယ်တော့ ကောင်းစား မှာပေါ့ဗျာ။ Major (ဗိုလ်မှူး) ၊ Lieutenant Colonel (ဒုဗိုလ်မှူးကြီး) ဖြစ်သွားမယ်။ ကား ရမယ်။ ကျန်းမာရေးအတွက်ဆိုရင် စစ်ဆေးရုံမှာ ဆေး အလကား ကုလို့ရတယ်။ ဘဝအာမခံချက်ကတော့ ကျနော့်အတွက် ရှိတာပေါ့ဗျာ။ ဒါပေမယ့် အဲဒါကို ဆက်ပြီးတော့ သည်းခံနေလို့ မဖြစ် တော့ဘူး။ Why နောက်ကို လိုက်တယ်။ ဘာကြောင့် ဒါဖြစ်ရတာလဲ ဆိုတာကို ကျနော်တို့လိုက်တယ်။ ရေနှုတ်မြောင်း တစ်ခုဖောက်တယ် ဆို ရင် ကိုယ့်အိမ်ရှေ့မှာတင် ဖောက်လို့မရဘူး။ အဲဒီရေနှုတ်မြောင်းက ကိုယ့်အထက်က အိမ်ကလည်း ဖောက်ရမယ်။ အောက်က အိမ်ကလည်း ဖောက်ရမယ်။ ဒါတွေအားလုံးဟာ ကျနော်တို့ ဒီအိမ်ကလူတွေ ဒီရပ်ကွက်က လူတွေချည့်ပဲ တာဝန်ယူလုပ်လို့ မရဘူး။ အုပ်ချုပ်နေတဲ့အဖွဲ့အ စည်းက လာလုပ်မှ ရတာ။ အခု နိုင်ငံကို အုပ်ချုပ်မှုတာဝန်ယူထားတဲ့ လူတွေက ကိုယ်ကျိုးတွေချည့်ပဲ လုပ်နေတယ်။ မလုပ်တတ်ဘဲ ဇွတ် အာ ဏာကို အတင်း လုယူထားတယ်။ ဒီ (နျူးကလီးယား)စီမံကိန်းက အောင်မြင်နိုင်ခြေ မရှိတဲ့အပြင်၊ တိုင်းပြည်ရဲ့ဘဏ္ဍာငွေကို အလကား သက် သက် ဖြုန်းတီးနေတာပဲ။ ကျနော်တို့ ကိုယ်တိုင်ရဲ့ ဘဝတွေကိုပါ ဖြုန်းတီးပစ် ခံရသလို ခံစားလာရတယ်။ ဒီလူ ကြီးတွေရဲ့ စေတနာ မမှန်တာကို ကျနော် သွားမြင်လာတယ်။ မြန်မာပြည်မှာ အဓိပ္ပါယ်မရှိတဲ့ စီမံကိန်းတွေကတော့ အများကြီးပဲ။ ဒါပေမယ့် အဲဒီထဲက တစ်ခုကို ကျနော် ရပ်ပစ် နိုင်ရင် ရပ်ပစ်မယ်ဆိုတဲ့ ဥစ္စာမျိုး၊ ကျနော့်လက်ထဲကို အခွင့်အရေး ရောက်မလာသေးလို့သာ စောင့်နေရတယ် ဆိုတဲ့ ပုံစံမျိုးပဲ ရှိပါတယ်။ နောက် ဆုံးမှာတော့ အခွင့်အရေး ကျနော့်လက်ထဲ ရောက်လာတယ်။ ပြင်ဦးလွင်ကနေ မြိုင်ကို ပြောင်းရတဲ့ အချိန်ကနေစပြီးတော့၊ ကျနော် ယတိပြတ် (စစ်အစိုးရ၏ နျူးကလီးယားစီမံကိန်းကို ရပ်ဆိုင်းပစ်ရေး လုပ်ဆောင်ရန်) ဆုံးဖြတ်ချက် ချပြီး သွားပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးအောင်လင်းထွဋ်အနေနဲ့ ကျနော်တို့ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအရေးအခင်းမှာ ပစ်ခတ်သတ်ဖြတ်တာတွေ များလာ လွန်းအားကြီးတဲ့ အတွက်ကြောင့်မို့ တပ်၊ တပ်ချင်း စိတ်ဝမ်းကွဲမှုကို တွေ့ခဲ့ဖူးတဲ့ အတွေ့ အကြုံ ရှိခဲ့ပါသလားခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်အခါမှာ တော်လှန်ရေးပန်းခြံမှာ ခလရ(၁၆)တပ်ရင်းက အဲဒီမှာ အခြေချထား ပါတယ်။ တပ်ရင်းမှုက ကျနော်မှတ်မိသလောက် ဒုတိယဗိုလ်မှူးကြီး စိုးလင်း။ ဒုတိယ တပ်ရင်းမှူးကတော့ ဗိုလ်မှူးမြင့်အောင်။ မော်လမြိုင်မှာ စစ်တိုင်းမှူးဖြစ်ပြီးတော့မှ အေအိုင်ဒီအက်စ်နဲ့ ပြုတ်သွားတဲ့ ဗိုလ်ချုပ်မြင့်အောင်(DSA 11) (၁၉၉၇ နိုင်ငံတော်အေးချမ်းသာ ယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ အမည်နှင့် စစ် ကောင်စီကို ပြောင်းလဲဖွဲ့စည်းစဉ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်နှင့် ပထမဆုံး စစ်ကောင်စီအဖွဲ့ဝင် (၁၇) ဦးထဲမှ တစ်ဦး ဖြစ်ခဲ့ပြီး၊ စစ်အစိုးရထဲတွင် ထွန်းတောက်လာမည့် ကြယ်တစ်ပွင့် Rising Star ဟု၊ နိုင်ငံခြားမီဒီယာများက ခန့်မှန်းရေးသားဖေါ်ပြခြင်း ခံခဲ့ရသူ) ပေါ့ လေ။ သူတို့ နှစ်ယောက်ပါ။ အဲဒီအချိန်အခါမှာ ဦးစိန်လွင်လည်း စတက်ခါစ မှာ ဆန္ဒပြတဲ့လူတွေကို ပစ်ခိုင်းတဲ့အခါမှာ ရန်ကုန်တိုင်း တပ်တွေကတော့ လုံးဝမလုပ်ချင်ဘူး။ သူတို့အထဲမှာလည်း ဘာပြဿနာတွေ ဖြစ်လာ သလဲ ဆိုတော့ ရန်ကုန်တိုင်းက မလုပ်တဲ့အခါကျတော့၊ အဲဒီအချိန်မှာ တပ်မ(၂၂) နဲ့ နောင် တပ်မ(၁၁)၊ တပ်မ နှစ်မ ကိုသွင်းပြီးတော့မှ ပစ်ကြခတ်ကြတာတွေ လုပ်ကြတယ် ခင်ဗျ။ ဒီလိုပစ်လို့ သေသွားတဲ့ အပြစ်မဲ့ တဲ့ အရပ်သူအရပ်သားအလောင်းတွေကို သူတို့က တော်လှန်ရေးပန်းခြံထဲကို လာပြီးတော့ ပို့တယ်။ ခလရ(၁၆) က တာဝန်ယူပြီးတော့ အဲဒီ အလောင်းတွေကို ထိန်းထားရတယ်။ ကျနော့် မျက်မြင်ဆိုရင် အလောင်း (၂၀) လောက်ရှိမယ် အဲဒီနေ့က။ ညပိုင်းရောက်တဲ့အခါကျတော့၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက အဲဒီအချိန်တုန်းက ဗိုလ်မှူးကြီးသန့်ဇင် ဗျ။ ခုနောက်ပိုင်း ရွှေတိဂုံဘုရား ဂေါပကလူကြီးတောင် လုပ် နေတယ်လို့ ကြားတယ်။ အဲဒီပုဂ္ဂိုလ်က မင်းတို့ ဒီအလောင်းတွေကို အဲဒီ တော်လှန်ရေးပန်းခြံထဲမှာပဲ မြှုပ်ပစ်လိုက်ကွာဆိုပြီးတော့ ပြောတယ်ဗျ။ ကျနော်လည်း မနေသာတော့ဘူးပေါ့ ဗျာ။ အဲဒါနဲ့ ကျနော်လည်း ကွယ်ရာကို သွားပြီး တိတ်တိတ်လေး စက်ကလေးနဲ့ လှမ်းပြီးတော့မှ ထောက် လှမ်းရေးဌာနချုပ် ကကလှမ်း (ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး) က အဲဒီအချိန်တုန်းက ဗိုလ်မှူးလှ မောင် ဗျ။ ယိုးဒယားသံအမတ်ကြီးလုပ်သွားတဲ့ ဗိုလ်မှူးလှမောင်ပါ။ သူ့ကို ကျနော် လှမ်းပြီးတော့ သတင်းပို့လိုက်တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခုနတုန်းက ဗိုလ်မှူးပြောတဲ့ ခလရ (၁၆) ဆိုတာ၊ မှော်ဘီက ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်း တပ်လား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဟုတ်ပါတယ်ခင်ဗျ။ အဲဒီ တပ်ပါပဲ။ ကိုလှမောင်က ဒါ အထက်အဆင့်ဆင့်ကို သတင်းပို့တဲ့အခါ၊ နာရီဝက်လောက် ကြာတဲ့အခါကျတော့ ရန်ကုန်တိုင်းကနေပြီး ခလရ (၁၆) ကို၊ အဲဒီအလောင်းတွေကို အခု ညတွင်းချင်း ကြံတောမီးသဂြိုလ်စက်ကို သွားပြီး အမြန် ထည့် ဆိုပြီးတော့၊ ခိုင်းခဲ့တာကတော့ ကျနော့်ရဲ့ မျက်မြင်ပါပဲ။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်မှာ အမိန့်နာခံမှု အပိုင်းကို ဘယ်လိုမြင်ရသလဲ ခင်ဗျ။ ဒုတိုင်းမှူးနဲ့ ခလရ (၁၆) ကြားမှာ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တပ်ရင်းမှူးကတော့ ဒုတိုင်းမှူးအပေါ်မှာ တော်တော် မကျေမနပ်ဖြစ်တယ်ဗျ။ သူများတပ်မတွေက လာပြီးတော့ ပစ်သတ်ထားတဲ့ဥစ္စာကို၊ ရန်ကုန်တိုင်းတပ်တွေက လုပ်ရတယ်ဆိုတဲ့ အခါကျတော့ မကျေနပ် ဘူးပေါ့ဗျာ။ အဲဒီ အစာမကျေတာက ရန်ကုန်တိုင်း တပ်တွေနဲ့ တပ်မတပ်တွေကြားမှာ ပြဿနာတွေ ဖြစ်ကြတာတွေ ရှိတယ်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးခင်ဗျ။ အဲဒီတော့ consequences က ပေါ့နော်၊ ဒီနောက်ဆက်တွဲ အကျိုးဆက်က အဲဒီလို ဖြစ်တာကို ဒါ ဗိုလ်မှူးတို့က မြင်ခဲ့ရတယ်။ စစချင်း တပ်မတော်ထဲမှာ အက်သံ နည်းနည်းလေး ဖြစ်လာတာပေါ့ နော်။ ၁၉၈၈ ခုနှစ်တုန်းက မြန်မာနိုင်ငံအခြေ အနေနဲ့ ဒီနေ့ လစ်ဗျားအခြေအနေကို ကြည့်လိုက်တဲ့အခါမှာ၊ ၁၉၈၈ ခုနှစ်တုန်းက ဦးစိန်လွင်ရဲ့ အုပ်ချုပ်နေစဉ်ကာလ ရက်ပိုင်းလေး အတွင်းမှာ သတ်လိုက်တာ နည်းတာမဟုတ်ဘူး။ သေကုန်ကြတာ။ တရားဝင် စာရင်းအရ ၃၀၀၀ လောက်ရှိတယ်။ အခု လစ်ဗျားမှာ ဒီလောက်တောင် မရှိ ဘူး။ ဒါပေမယ့် breaking point ကို မရောက်သွားခဲ့ဘူး။ အခုလိုမျိုး လစ်ဗျားတပ်မတော်သားတွေ၊ တပ်မတော်အရာရှိကြီး တွေက ဒီဟာကို တော့ သည်းညည်းမခံနိုင်တော့ဘူး၊ လစ်ဗျားအစိုးရ အဖွဲ့ဝင်တွေကရောပေါ့နော်။ အကုန်လုံးက defect လုပ်ကုန်ကြတာ။ ဒါပေမယ့်လည်း ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံမှာ breaking point ရောက်လုဆဲဆဲ အခြေအနေများ ဖြစ်ပေါ်ခဲ့ဘူးပါသလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဒီ breaking point ကိုတော့ ရောက်သွားတာ သေချာတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ တပ်တွေက အာခံလာပြီ ဗျ။ ခလရ(၁၆)တင် မဟုတ်ဘူး။ ကျန်တဲ့တပ်တွေ အားလုံးကပါ ပြည်သူကို ပစ်သတ်နေရတဲ့ဥစ္စာက အဓိပ္ပါယ်မရှိဘူးဆိုပြီးတော့ ဖြစ်လာတဲ့အချိန် အခါမှာ၊ ကျနော်သိသလောက် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်က ဒီလို ကျနော်တို့ လုပ်နေတာကတော့ မတရားဘူးထင်တယ် ဆိုပြီး၊ စစ်ရုံးမှာ တက်ပြောလာကြပြီ ခင်ဗျ။ လူကြီးတွေကြားထဲမှာ ပဋိပက္ခတွေ ဖြစ်လာတဲ့ အနေအထားမျိုး ရှိတယ်။ ဦးစိန်လွင် အပေါ်မှာလည်း၊ ဒီလူ ကြီးဟာ 7th July ကတည်းက နာမည်ရှိခဲ့တဲ့လူတစ်ယောက်၊ လူသတ်သမားဆိုတာမျိုးက အားလုံးသိနေတဲ့အခါကျတော့၊ ဒီလူသာ ဒီလိုဆက် ခိုင်းနေမယ်ဆိုရင်တော့ မြန်မာ့တပ်မတော်လည်း ပြိုကွဲရလိမ့်မယ် ဆိုတဲ့ဥစ္စာက ဦးနေဝင်း အပါအဝင် ပေါ့ဗျာ။ ကျန်တဲ့ လူတွေကိုပါ အသိပေးတဲ့ အနေအထားမျိုး ရှိပါလိမ့်မယ်။ ဆိုတော့၊ အဲဒီနောက်ပိုင်းမှာ ဦးစိန်လွင်ကို ဖြုတ်ပြီးတော့မှ ဒေါက်တာမောင်မောင်ကို လဲလိုက်တဲ့ အနေအထား မျိုး ဖြစ်ပါတယ်။ ဒေါက်တာမောင်မောင်ကို လဲပြီး တဲ့နောက်ပိုင်းမှာ သတိထားမိပါလိမ့်မယ်။ တော်တော်ကြာကြာလေး ပစ်တာခတ်တာမရှိတဲ့ အနေအထားမျိုးရှိပါတယ်။

(ဦးစိန်လွင် = ၁၉၆၂ ဇူလိုင် (၇) ရက်၊ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများကို ပစ်မိန့်ပေးခဲ့သော ဒုဗိုလ်မှူးကြီး စိန်လွင်။ ၁၉၈၈ လူထုအုံကြွ မှုအချိန်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌနှင့် သမ္မတအဖြစ်၊ ဆန္ဒပြပြည်သူများကို ပစ်ခတ်ဖြိုခွင်းရန် တပ်မတော်ကို အမိန့်ပေးခဲ့သူ၊ ၁၉၈၈ သြဂုတ် ၈၊ ၉၊ ၁၀၊ သုံးရက်အတွင်း မြန်မာတနိုင်ငံလုံး အနည်းဆုံး လူသုံးထောင်ကျော် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသဖြင့်၊ နိုင်ငံခြားသတင်းမီဒီယာ များက Butcher of Rangoon “မြန်မာအစိုးရ၏ သားသတ်သမား” ဟု ရေးသားဖေါ်ပြခြင်းခံရသူ၊ ကွယ်လွန်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးစိန်လွင်)

ဦးရော်နီညိမ်း။ ။ အခြေအနေတွေက အဲဒီလို သွားနေတဲ့ အချိန်မှာ ရုတ်တရက် ၁၉၈၈ စက်တင်ဘာ (၁၈) ရက်လို ဟာမျိုးမှာ အာဏာသိမ်း ဖို့ ဖြစ်လာတာက သူတို့ အကြောင်းပြသလို၊ တခြားအကြောင်းတွေ မဟုတ်ပဲနဲ့၊ တပ်ထဲမှာ breaking point ကိုရောက်နေလို့ မဖြစ်နိုင်ဘူးလား။ တပ်ထဲမှာပဲ ပြိုကွဲမှု ဖြစ်လာနိုင်တဲ့ အနေအထားကြောင့်မို့၊ သူတို့ အာဏာသိမ်းလိုက်ရတာ မဟုတ်ဘူးလား။ အဲဒီလိုကော ကျနော်တို့ မြင်ကြည့် လို့ မရဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်တယ် ခင်ဗျ၊ အဲဒါကို ကျနော် တိတိကျကျ ပြောနိုင်တာက ဘာလို့လဲဆိုတော့ အားလုံး သိပါတယ်။ အဲဒီအချိန် တုန်းကကုန်သွယ်ရေးရုံး တပ်ခွဲ တစ်ခွဲ (ရန်ကုန်မြို့ ကမ်းနားလမ်း ကုန်သွယ်ရေးဝန်ကြီးဌာနတွင်၊ လုံခြုံရေးတာဝန်နှင့် နေရာယူထားသော တပ်မတော် - ကြည်း မှ တပ်ခွဲ)၊ ပြည်သူလူထုနဲ့ ပေါင်းသွားတယ်။ သရက်တောကျောင်းတိုက် (လမ်းမတော်မြို့နယ်အတွင်းမှဘုန်းကြီးကျောင်း) အထိ၊ ဝိုင်းပြီးတော့မှ ဦးဇင်းတွေ သံဃာတွေ ကိုယ်တိုင် ပို့လိုက်တယ်။ အဲဒါ ဖြစ်ပြီးတဲ့ အချိန်အခါမှာ၊ ရန်ကုန်မြို့ထဲမှာ အဓိက လုံခြုံရေးယူထား တဲ့ ဗဟိုဘဏ်တို့ တခြား အစိုးရအဆောက်အအုံတို့ပေါ့ ဗျာ၊ အဲဒီမှာ တာဝန်ကျတဲ့ ရဲဘော်တွေက အဲဒီနေ့ညမှာပဲ သေနတ်တွေ မိုးပေါ်ထောင် ပစ်ကြတယ်ဗျ။ မိုးပေါ်ထောင် ပစ်တယ်ဆိုတာက သူတို့ ကြွေးကြော်ကြတာပေါ့ဗျာ။ “ဒို့ဆီကိုလည်း ဒီလို ပြည်သူလူထုတွေ လာမယ်ဆိုရင်၊ ငါတို့ လည်း လူထုနဲ့ ပေါင်းကြမယ်” ဆိုတဲ့ သတင်းတွေက ထွက်လာတဲ့ အနေအထားမျိုးတွေ အောက်ခြေမှာ ဖြစ်လာတယ်ဗျ။ တပ်ရင်းမှူးအဆင့် လောက် လူတွေကိုယ်တိုင်က အမိန့်မနာခံတဲ့ သဘောမျိုးတွေ ဖြစ်လာတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ အားလုံး ဒီတိုင်း ဆက်ထားရင်တော့၊ အမိန့်မနာခံမှုတွေ ဆက်ဖြစ်လာမှာကို သူတို့ ထိန်းတဲ့အနေနဲ့၊ ဒီလို အာဏာသိမ်းလိုက်တဲ့ အနေအထားမျိုး ရှိတယ်ဗျ။ မြန်မာ့တပ်မတော်လည်း အဲဒီ breaking point ရောက်ပေမယ့်၊ ကျနော်တို့နိုင်ငံမှာက နိုင်ငံရေးအရ ဦးဆောင်မှုနဲ့ ခေါင်းဆောင်မယ့်လူက ပီပီပြင်ပြင် မပေါ်လာတာရယ်၊ အဲဒီ ခေါင်းဆောင်မှုပေးမယ့်သူတွေနဲ့ စစ်တပ်နဲ့ ဆက်နွယ်မှု မရှိတာတွေရယ်၊ ဒါတွေကြောင့် မြန်မာ့တပ်မတော် breaking point ရောက်ခဲ့ပေ မယ့်၊ (လူထုနှင့် တပ်မတော်၏အစိပ်အပိုင်း ကြီးကြီးမားမားတို့ ပူးပေါင်း နိုင်မည့် အခြေအနေ) ပျက်သွားတယ်လို့ ကျနော်မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အဲဒီတုန်းက breaking point ဆိုတာက လူတွေရဲ့ အသက်တွေ သေပြီးတော့ ဆုံးရှုံးကုန်ကြလို့။ တပ်ထဲမှာလည်း ဒါကို မကျေနပ်ကြလို့၊ breaking point ရောက်လုနီးနီး ဖြစ်တယ်။ အပြင်မှာလည်း ပြည်သူပြည်သား တွေက breaking point ကို ရောက်သွားခဲ့ တယ်။ ဆိုတော့ အခုကော breaking point ကို ရောက်မနေဘူးလား။ အခု ပြန်ကြည့်မယ်ဆိုရင် လူ့အသက်တွေတော့ မသေဘူး။ ဘဝတွေ အကုန် သေနေကြတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း အကုန်လုံး ပန်းကောင်း အညွန့်ချိုးခံရ၊ အလားအလာရှိတဲ့ လူငယ်ခေါင်းဆောင်တွေ၊ တိုင်းပြည်အတွက် နိုင်ငံရေးအရကော တည်ဆောက်ရေးအရကော၊ အလားအလာရှိတဲ့ပုဂ္ဂိုလ်တွေ ဘဝတွေ သေကုန်ပြီ။ တခါ သူတို့ အသိုင်းအ ဝိုင်းကမှ မဟုတ်ရင် ကျန်တဲ့ တိုင်းပြည်ရဲ့လူငယ်လေးတွေ၊ ကျောင်းသူကျောင်းသားလေးတွေ ဘာမှ တက်လမ်းမရှိဘူး။ အကုန်လုံး ဘဝတွေ က အကုန် သေနေတယ်။ ဒီ ဘဝတွေ သေနေတာက breaking point ကို ရောက်မနေဘူးလား။ အဲဒါ ဗိုလ်မှူး စိုင်းသိန်းဝင်း ဘယ်လို မြင်ပါသ လဲ၊ ပြောပြပါခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီလို ဘဝတွေ သေနေတာကလည်း သူက တအိအိနဲ့ပေါ့ဗျာ၊ လူတွေရဲ့ မခံချင်စိတ်က အုံကြွလာတာကိုး။ ဒါပေမယ့် လစ်ဗျားဖြစ်ရပ်နဲ့ ပြန်ပြီးတော့ ကြည့်တဲ့အချိန်မှာ၊ အုံကြွမှု ဖြစ်လာတဲ့အချိန်မှာ နှိမ်နင်းတာကို မကြိုက်လို့၊ ၁၉၈၈ တုန်းက ကျနော်တို့ မြန်မာ့တပ် မတော်မှာလည်း ဖြစ်ခဲ့တယ်။ ဒါ ဗိုလ်ကြီးစိုင်းဝင်းကျော်တို့။ နောက်ပိုင်း ကျနော်တို့ စစ်ထဲရောက်တော့၊ တချို့ရဲဘော်ကြီးတွေ ပြောကြတယ်။ ဒါ ဘုန်းကြီးကို ငါ ပစ်ခဲ့မိလို့ ငါ တသက်လုံး ကံကိုမကောင်းနိုင်ဘူးဆိုတဲ့ နောင်တတရားတွေပေါ့နော်။ အဲဒီလိုမျိုးတွေ ကျနော်တို့ ဗိုလ်လောင်း ဘဝမှာ ကြာဖူးတာရှိတယ်။ ဒါပေမယ့် အဲဒီ လစ်ဗျားနဲ့ မြန်မာ့တပ်မတော်သားတွေ ပေါ့၊ ဆန္ဒပြတဲ့ ပြည်သူလူထုဘက်ကို ပူးပေါင်းတဲ့ အချိန်မှာ ကွာခြားချက် တစ်ခုရှိတယ် ဗျ။ လစ်ဗျားတပ်မတော်သားတွေက သူတို့က လက်နက်တွေကို ချန် မထားခဲ့ဘူး ဗျ။ သူတို့က ဆန္ဒပြပြည်သူတွေကို အကာအကွယ်ပေးတဲ့ ပုံစံမျိုးအနေနဲ့ ပူးပေါင်းသွားတဲ့ အနေအထားကို တွေ့ရတယ်။ ကျနော်တို့ ၁၉၈၈ တုန်းက တပ်မတော်သားတွေက ပြည် သူတွေဘက်ကို ပူးပေါင်းသွားတာ အများကြီးပဲ။ ဒါပေမယ့် လက်နက်တွေ ချန်ထားခဲ့တာက၊ ပြဿနာပဲ ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ။ စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း (၉) ကိုတော့ နောက်သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေခင်း ဗီအိုအေ မြန်မာပိုင်းအစီအစဉ် “တပ်မှူးတပ်သား ပြောစကား”ကဏ္ဍမှာ ဆက်ပြီး ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG