ဒီကမ္ဘာမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ လူသားတိုင်းရသင့် ရထိုက်တဲ့ လူ့အခွင့်ရေးတွေကို ရယူ ခံစားနိုင်ခွင့် ရှိရမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးအခြေအနေတချို့ တိုးတက်မှု ရှိလာတယ်ဆိုပေမဲ့ နိုင်ငံမှာ ဒီထက် ပိုမို ကောင်းမွန်တဲ့ လူ့အခွင့်ရေး တွေ ရဖို့ လိုသေးတယ်လို့လည်း လူ့အခွင့်ရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါရှင်၊
ဒီကနေ့ မတ်လ ၁၃ ရက်နေ့ဟာ ၁၉၈၈ ခုနှစ်တုန်းက စက်မှုတက္ကသိုလ် ကျောင်းသားကိုဖုန်းမော် ကျဆုံးတဲ့နေ့ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ၁၉၈၉ ခုနှစ်ကစလို့ ဒီနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့ အဖြစ် သတ်မှတ်ကျင်းပလာတာ အခု ၂၃နှစ် ပြည့်ပြီ ဖြစ်ပါတယ်၊ ဒါ့ကြောင့် ဒီကနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့ကို ရန်ကုန်က တော်ဝင်နှင်းဆီမှာ ၈၈ မျိူးဆက် ကျောင်းသားခေါင်းဆောင်တွေ စက်မှု တက္ကသိုလ်ကျောင်းသားဟောင်းတွေ က ဦးဆောင်ပြီး အခမ်းအနား ကျင်းပခဲ့တာပါ၊ ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ လူသားတိုင် ရသင့် ရထိုက်တဲ့ လူ့အခွင့်ရေးတွေကို ခံစားနိုင်ခွင့် ရှိရမယ်လို့ ပြောပါတယ်။
"ကျမတို့ဟာ ဒီကမ္ဘာကြီးမှာ နေတဲ့ လူသားတွေထဲက တစိတ်တပိုင်းဖြစ်တယ်ဆိုတာကို အမြဲ မမေ့တမ်း နှလုံးထဲမှာ စွဲထားရမှာဖြစ်ပါတယ်။ ဒီတော့ ကျမတို့ လူ့အခွင့်အရေးလို့ ပြောတာ မြန်မာနိုင်ငံသူ နိုင်ငံသား အခွင့်အရေးလို့ ပြောနေတာမဟုတ်ဘူး။ မြန်မာနိုင်ငံသူ နိုင်ငံသားများဟာ လူသားတိုင်း ရသင့် ရထိုက်တဲ့ အခွင့်အရေးကို ရရမယ်လို့ ပြောနေတာဖြစ်ပါတယ်။ ကျမအနေနဲ့ မြန်မာနိုင်ငံမှာ မကြာခင်အချိန်အတွင်း လူ့အခွင့်အရေး ပြည့်ပြည့်၀၀ ခံစားနိုင်ပါစေ၊ တကမ္ဘာလုံးမှာလည်း ကမ္ဘာ့လူသားအားလုံး လူ့အခွင့်အရေးပြည့်ပြည့်၀၀ ခံစားနိုင်ပါစေလို့ ကျမနဲ့ အတူ ဆန္ဒပြုကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။"
မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေအတွက် စတင်လှုပ်ရှားခဲ့တဲ့ ၈၈ အရေးတော်ပုံကြီးကို အခြေခံတဲ့ ဒီနေ့ဟာ သမိုင်းဝင်နေ့တနေ့ ဖြစ်ပြီး တိုးတက်မှုဘက် ဦးတည်တဲ့ ခြေလှမ်းတွေ အတူ လှမ်းကြဖို့နဲ့ ပညာရေးကဏ္ဍ အရေးကြီးပုံ တွေကိုလည်း ထည်သွင်းပြောကြားသွားပါတယ်။
"ကျမတို့ အဲဒီတုန်းက မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ဆိုပြီးတော့ အားလုံးသဘောတူပြီးတဲ့နောက်မှာ လူ့အခွင့်အရေးဆိုတဲ့ အသုံးအနှုန်းက ဒီနိုင်ငံမှာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပါတယ်။ ကျမတို့ ဘယ်ကို သွားသွား တိုးတက်တဲ့ ဘက်ကို ဦးတည်ရမယ်။ တိုးတက်အောင် လုပ်ချင်တဲ့စိတ် ရှိရမယ်။ အဲဒီလို စိတ်ဓာတ်ရှိမှလည်း တိုးတက်နိုင်မှာ။ ပြီးတော့ အဖြစ်တခုကို သုံးသပ်တဲ့အခါမှာ နက်နက်နဲနဲ သုံးသပ်ရမယ်။ အပေါ်ယံကျော ကြည့်လို့မရဘူး။ ကျမတို့ နိုင်ငံအတွက် မျှော်လင့်ချက်တွေ များတယ်။ ဒါပေမဲ့ မျှော်လင့်ချက်ဆိုတာ မျှော်လင့်ချက်နဲ့ မပြီးဘူး။ အလုပ်လုပ်မှ ဒီမျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်မှာ၊ ဒါကြောင့် ကျမတို့ ကလေးတွေကို ပညာသင်ပေးရမယ်။ ပညာသင်ပေးထားတယ်။ ပညာဆိုတာဘာလဲဆိုတော့ နောက်ဆုံးကျတော့ အခြေအနေတခုကို မှန်မှန်ကန်ကန်သုံးသပ်ဆင်ခြင်နိုင်ခွင့်၊ အဲဒီဟာ ပညာပဲ။"
ဒါကတော့ ဒီကနေ ရန်ကုန် တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခြင်း ၂၄ နှစ်ပြည့် နဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးအနေ့ အခမ်းအနားတွင်း ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်းထဲက တချို့ကို ကောက်နှုတ် တင်ပြပေးခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၃ နှစ်က စလို့ လူ့အခွင့်ရေးနေ့ရယ်လို့ သတ်မှတ်ကျင်းပလာခဲ့ပေမဲ့ ဒီနေ့ထိတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးတွေ အပြည့်အ၀ မရသေးဘူးလို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သုံးသပ်ပါတယ်။
"တကယ်ပြောင်းလဲရတော့မယ့်နေရာကို အသိတရားနဲ့ ပြောင်းလဲခြင်းဆိုရင်တော့ ခုလက်ရှိအခြေအနေကို ကျနော်တို့ ကြိုဆိုရမယ်။ နှစ်ဦးနှစ်ဘက်ပေါင်းပြီးတော့ ဒါကို ချဲ့ထွင်သွားရလိမ့်မယ်။ အဲတော့ ကျနော်တို့ဘက်က လိုတာက ကိုဖုန်းမော် ကျဆုံးခဲ့ပြီးတာဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့လို့ ၂၃နှစ် ပြည့်တဲ့အထိ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ မရသေးဘူး။ ခုမှ စပြီး လူ့အခွင့်အရေးအတွက် ကြိုးစားကြရမယ်။ အဲဒီအတွက် တကမ္ဘာလုံးမှာ ပေးနေတဲ့ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေ အတိုင်း မြန်မာပြည်သူ ပြည်သားတွေလည်း ရနိုင်ဖို့အတွက် ပြည်သူလူထုဆီသို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော် အားလုံးကို ဖိတ်ခေါ်ထားခဲ့ပါတယ်။ တိုင်းရင်းသားတွေမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာတွေ များစွာ ရှိမယ်ဆိုတာလည်း သေချာပါတယ်။"
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပါ။ ဒါပေမဲ့ အရင်ကထက်စာရင် လူ့အခွင့်ရေးအခြေအနေတွေဟာ အခု တိုးတက်မှု တစုံတရာ ရှိလာပေမဲ့ ဒီထက်ကောင်းမွန်တဲ့ အခြေအနေတွေနဲ့ တိုးတက်မှုတွေရဖို့ လိူနေသေးတယ်လို့လည်း လူ့အခွင့်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက သုံးသပ်ပါတယ်။
"လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အသိတရားရှိမှု Awareness က အရင်ထက် အများကြီးတိုးတက်ကောင်းမွန်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ နိုင်ငံမှာ ဖြစ်နေတဲ့ အခြေနေကို ဒီထက် တိုးတက်ကောင်းမွန်အောင်တော့ ပိုမိုကြိုးစား ဆောင်ရွက်ဖို့ လိုနေသေးတယ်လို့ ပြောလိုပါတယ်။ ပြီးတော့ အရေးကြီးတာက အကယ်၍ ပဋိပက္ခဖြစ်နေတဲ့ နေရာက လူ့အခွင့်အရေးအခြေနေနဲ့ ပတ်သက်လို့ကတော့ တိတိကျကျ ဘာမှပြောလို့ မရပါဘူး။ ဒါကြောင့် ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ခုချိန်မှာ တိတိကျကျ ပြောဖို့ ခက်ပါတယ်။"
လူ့အခွင့်ရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြက သုံးသပ်ခဲ့တာပါရှင်။ ဒီကနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးနေ့ အခမ်းအနားတွေကို နယ်မြို့တချို့မှာလည်း ကျင်းပကြသလို ထိုင်းနိုင်ငံအပါအဝင် တခြား နိုင်ငံတချို့မှာလည်း ကိုဖုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည်နဲ့ လူ့အခွင့်ရေးနေ့ အခမ်းအနားတွေကို ကျင်းပကြပါတယ်။