မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေ ဆက်ဖြစ်နေတဲ့အခြေအနေဟာ အစိုးရရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ ရေး ဖြစ်ပေါ်လာအောင် ယုံကြည်မှု တည်ဆောက်နေပါတယ်ဆိုတဲ့အချက်နဲ့ လိုက်လျောညီထွေ မရှိဘူး။ ဒေသခံပြည်သူတွေရဲ့ အရေးအတွက် အထူးစိုးရိမ်ပူပန်မိတယ်လို့ - မြန်မာနိုင်ငံ မှာ ရောက်ရှိနေတဲ့ အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲ က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် ဟာလည်း အရေးကြီး တယ်လို့ - ဒီကနေ့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထပ်မံ ပြောကြားသွားခဲ့ပါတယ်။
ကြာသပတေးနေ့ မွန်းလွဲပိုင်းက ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း - အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဒဲရက်ခ် မစ်ချဲ က - အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေတာ ပြေလည်မှုတွေ မရရှိသေးတဲ့ ကချင်ပြည်နယ်က စစ်ပြေး ဒုက္ခသည်တွေအရေးအပါအဝင် မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကိစ္စ - ဒီ နှစ်ချက်ကို အဓိက အလေးထား ပြောကြားခဲ့တာပါ။ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာဒေသတွေမှာ မကြာသေးခင် ကာလ တွေက တိုးတက်မှုတွေကို တွေ့မြင်ရတယ်ဆိုပေမဲ့ - အခြေအနေတွေဟာ တည်ငြိမ်အေးချမ်းမှု မရှိသေးတာနဲ့ ပတ်သက်ပြီး မစ္စတာ မစ်ချဲ က - ဒီသတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို အခုလို ပြောကြား သွားခဲ့တာပါ။
“ပြီးခဲ့တဲ့ လပိုင်းတွေ၊ သီတင်းပတ်တွေအတွင်း တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်တိုးတက်မှုတွေကို ကျနော် တို့ မြင်တွေ့ခဲ့ရပါတယ်။ မြန်မာ အစိုးရကလည်း - အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် တွေကို ရှေ့ဆက်ဆောင်ရွက်နေတဲ့အကြောင်း၊ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ လုပ် ဆောင် နေတဲ့အကြောင်းတွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဆက် ဖြစ် နေတာက - အစိုးရက ပြောနေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရအောင် ယုံကြည်မှု တည် ဆောက် နေပါတယ်ဆိုတဲ့ အချက်နဲ့ ကိုက်ညီမှု မရှိတာကို တွေ့နေရတာပါ။”
ဒါ့အပြင် ကချင်ပြည်နယ်တွင်းက ဒုက္ခသည်တွေနဲ့ပတ်သက်လို့လည်း မစ္စတာ မစ်ချဲက ရန်ကုန်မှာ ကုလသမဂ္ဂရုံး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း - ဒီဒုက္ခသည်တွေကို အကူ အညီပေးရာမှာ အကန့်အသတ်တွေ ရှိနေတာကို သိခဲ့ရတယ်လို့ အခုလို ဆက်ပြောပါတယ်။
“ကျနော်တို့အနေနဲ့ တကယ်ပဲ စိုးရိမ်မိတာက ကချင်ပြည်နယ်တွင်းက IDP လို့ခေါ်တဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ အရေးပါ။ ဒီခရီးစဉ်အတွင်းမှာ ကျနော် - ကုလသမဂ္ဂရုံးအပြင် တခြားအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူတို့အနေနဲ့ ဒီဒုက္ခသည် တွေကို ကူညီထောက်ပံ့ချင်ပေမဲ့လို့ အကူအညီပေးတဲ့နေရာမှာ အကန့်အသတ်တွေရှိနေတာကို ပြောပြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ သိမ်မွေ့နက်နဲတယ်ဆိုတာကို ကျနော် နားလည်ပါတယ်။ ဒီနေရာမှာ ကျနော့်အနေနဲ့ အသိပေးကြေညာချင်တာက ဒီဒုက္ခသည်တွေကို ကူညီဖို့အတွက်ကို အမေရိကန်ပြည်ထောင်စုကနေ အမေရိကန်ဒေါ်လာ ၁ သန်းခွဲ - ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို ပေးအပ်သွားမယ်ဆိုတာပါပဲ။”
ဒါ့အပြင် မစ္စတာ မစ်ချဲ က - မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့နဲ့ ထင်သာမြင်သာရှိဖို့ကိုလည်း ထပ်မံပြောကြားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန် - လက်ရှိ ကြုံတွေ့နေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း အခက်အခဲတွေနဲ့ မဲပေးကြမယ့် မဲဆန္ဒရှင် တွေရဲ့ စာရင်းမှားယွင်းတာတွေကို ကြားသိခဲ့ရတဲ့အတွက် ရွေးကောက်ပွဲရလဒ်ဟာ အင်မတန်မှ အရေးကြီး တယ်လို့ အခုလို ပြောဆိုသွားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ အထူးအရေးကြီးတဲ့ ကိစ္စဖြစ်တဲ့ မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ - ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပြောဖြစ်ခဲ့ပါတယ်။ ကျနော်တို့က လွတ်လပ်မှုရှိပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်စေချင်ပါတယ်။ ဒီမနက်လည်း နိုင်ငံရေးပါတီ အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး မနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးပါပြီ။ မနက်ဖြန်မှာ မန္တလေးကို သွားပြီး အဲ့ဒီက နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပါမယ်။ ဒီရွေးကောက်ပွဲ တရားမျှတမှုရှိဖို့၊ လွတ်လပ်ဖို့ ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာ ဆွေးနွေးကြပါတယ်။ အခုအချိန်ဟာ မြန်မာနိုင်ငံမှာ ပြည်သူလူထုတရပ်လုံးက လိုလားတဲ့ ပြောင်းလဲမှုမျိုး ရရှိဖို့ အထူး အရေးကြီးနေတဲ့အခြေအနေပါ။ ယုံကြည်မှု တည်ဆောက်ဖို့ အရေးကြီး လှတဲ့ အချိန်ပါ။”
အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲ ဟာ မြန်မာနိုင်ငံကို လာရောက်တဲ့ ၆ ရက်ကြာခရီးစဉ် အတွင်း နေပြည်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ ၂ ရက်ကြာ တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့လည်း - အကျိုးရှိတဲ့အကြောင်း နဲ့ အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက်ကို အထောက်အကူ ဖြစ်စေတယ်လို့လည်း သတင်းစာ ရှင်းလင်းပွဲ အတွင်း သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။ မစ္စတာ မစ်ချဲ ဟာ - မနက်ဖြန် မနက်ပိုင်းမှာတော့ မန္တလေးမှာ ရှိတဲ့ NLD မန္တလေးတိုင်းအောင်နိုင်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။