တပ်မှူးတပ်သား ပြောစကား (၁၀၄)
၁၉၈၈ သြဂုတ်လ(၂၆)ရက်နေ့ ရန်ကုန်မြို့ ရွှေတိဂုံဘုရား အလယ်ပစ္စယံမှာ ဟောပြောခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လူထုအစည်းအဝေးပွဲကြီး နောက်ပိုင်း၊ ပြီးခဲ့တဲ့ မတ်လ(၃)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးမြို့လူထုအစည်းအဝေးကြီးဟာ၊ မြန်မာနိုင်ငံမှာ ၁၉၈၈နောက်ပိုင်း အကြီးမားဆုံးသောနိုင်ငံရေးစည်း ရုံးဟောပြောပွဲကြီး ဖြစ်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးစဉ်အတွင်း၊ လုံခြုံရေးတာဝန် ကျသူ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်က NLD ပါတီဝင် ဗိုလ်ကြီးဟောင်း ဦးကိုကိုအောင်ရဲ့ အတွေ့အကြုံနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး ရှုမြင်သုံးသပ်ချက်တွေကို၊ ဦးရော်နီညိမ်းက မေမြန်းဆွေးနွေးပြီး၊ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍ မှာ၊ တင်ဆက်ထားပါတယ်။
ဦးကိုကိုအောင် ။ ။ ကျနော် ၁၉၈၇-၈၈စာသင်နှစ်မှာ ဆယ်တန်းအောင်ပါတယ်။ ကျနော့်ဇာတိက ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ကပါ။ ဆယ်တန်းအောင်ပြီးတော့ ကျနော်က ဘွဲ့ရပညာတတ် ဖြစ်ချင်တဲ့အခါ ကျတော့၊ ရန်ကုန်မြို့ကို ကျနော် ရောက်လာပါတယ်။ ကျနော့် ဦးလေးက တပ်မတော်ထဲမှာ ရှိပါတယ်။ ဦးလေးက ကျနော့်ကို ပြောပါတယ်။ အခု လောလောဆယ် စစ်တက္ကသ်ုလ်ပဲ ရှိတယ်။ တခြား ဘယ်တက္က သိုလ်မှ မဖွင့်ဘူး ဆိုတော့၊ စစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေကို ကျနော် ၀င်ရောက်ဖြေဆိုပါတယ်။ (၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှု အချိန်ကစပြီး ၁၉၉၁ အထိ၊ မြန်မာနိုင်ငံတ၀ှမ်းမှ တက္ကသိုလ်နှင့် ကောလိပ်များ အားလုံးကို၊ ၁၉၈၈ စက်တင်ဘာ(၁၈)ရက် အာဏာသိမ်းစစ်အစိုးရ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ကော်မီတီ” က ပိတ်ထားခဲ့သည်) ၁၉၉၀မှာ၊ စစ်တက္ကသိုလ် ဗိုလ် လောင်းသင်တန်း အမှတ်စဉ်(၃၅)ကို တက်ရောက်ဖို့၊ ကျနော် အရွေးခံခဲ့ရပါတယ်။ ၁၉၉၄ ဧပြီလမှာ၊ ကျနော်ဟာ ပြန်တမ်းဝင် အရာရှိ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ကျနော် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်က တော့၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်က အမှတ်(၄) ခြေလျင်တပ်ရင်း (ခလရ - ၄) ပါ။ အရင်တုန်းက No. (4) Gurkha Rifle ဂေါ်ရခါး သေနတ်ကိုင် တပ်ရင်း (၄) ပါ။ အခု (ခလရ - ၄) က၊ (စစ်ကိုင်း အခြေ စိုက်) ခြေမြန်တပ်မ (၃၃) ရဲ့ လက်အောက်ခံပါ။ ၂၀၀၆ ခုနှစ်မှာ၊ (ခလရ - ၄) ကနေပဲ တပ်မတော်ကနေ ကျနော် နှုတ်ထွက်ခဲ့ပြီး တော့၊ အခုတော့ ကျနော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီဝင်အဖြစ် တာဝန် ထမ်းဆောင်နေပါတယ် ခင်ဗျာ။ ကျနော့်ရဲ့ BC No. (Burma Commission Number) ပြန်တမ်းဝင်အရာရှိ ကိုယ်ပိုင်နံပါတ်က( ကြည်း - ၂၅၁၄၀) ပါ။
ဦးရော်နီညိမ်း ။ ။ အခု ဦးကိုကိုအောင်ဟာ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရဲ့ ပါတီဝင်အနေနဲ့ကော၊ တပ်မတော်အရာရှိဟောင်း တစ်ယောက်အနေနဲ့ကော၊ ပြီးခဲ့တဲ့ မတ်လ(၄)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးစဉ် မတိုင်မီနဲ့ ဒီခရီးစဉ်အတွင်းမှာ၊ တခါ ခရီးစဉ် အပြီးမှာ၊ ကိုယ့်မြို့နယ်က ပါတီ ခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုအောက်မှာ၊ ဘာတွေ လုပ်ခဲ့ရပါသလဲ၊ ဘယ်လိုတွေ လှုပ်ရှားဆောင်ရွက်ခဲ့ပါသလဲ။
ဦးကိုကိုအောင် ။ ။ ကျနော်က တပ်မတော်က ထွက်လာသူဆိုတော့၊ လုံခြုံရေးအတွက် အဓိကထားပြီး ခိုင်းပါတယ်။ ကျနော်ကလည်း လုံခြုံရေးကိုပဲ အဓိကထားပြီး လုပ်ဆောင်ခဲ့ပါတယ်။ နောက် ကိုယ်တတ်နိုင် သမျှ ကူညီလုပ်ဆောင် ပေးတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးစဉ်နဲ့ ပတ်သက်တဲ့ NLD ရဲ့ လက်ကမ်းစာစောင်တွေ လိုက်ပြီး ဖြန့်ဝေပေးတာ၊ သံချပ်သီချင်းတိုက်တာ၊ နောက် အလှပြယာဉ်နဲ့ တမြို့လုံး ကို လှည့်လည်လှုံ့ဆော်တဲ့ဟာမျိုးတွေမှာ၊ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ နောက် ကျနော်တို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို ရောက်လာတဲ့အခါမှာလည်း၊ ကျနော်တို့က လုံခြုံရေးဆိုပေမယ့်လည်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြတဲ့ ပြည်သူလူထုတွေရဲ့အင်အားက များ လွန်းအားကြီးလို့၊ လူထုတွေ ခိုက်ရန်မဖြစ်ပွားရအောင် ကျနော်တို့က လုပ်ကြရပါတယ်။ ဒါပေမယ့် လည်း ပြည်သူလူထုတွေအချင်းချင်း မေတ္တာဓါတ်တွေ ကိန်းအောင်းနေကြတာကြောင့်၊ လူထုကြားမှာ ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူး ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေစဉ်ကာလမှာလည်း ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပေးမှာကို မေးကြမြန်းကြတာ သွားရေးလာရေး အကူအညီတောင်းကြတာတွေကိုလည်း အလျဉ်းသင့်သလို ကျနော်တို့ ဆောင်ရွက်ခဲ့ကြပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒေါ်အောင်ဆန်းစုကြည် မရောက်ရှိခင်နဲ့ ရောက်ရှိလာတဲ့အချိန်မှာ၊ မန္တလေးက ပြည် သူလူထုတွေရဲ့ atmosphere(ပတ်ဝန်းကျင်သွင်ပြင်အနေအထား)နဲ့ စိတ်ခံစားမှုတွေက ဘယ်လိုဖြစ်နေကြပါ သလဲ ခင်ဗျ။ မန္တလေးက ဦးကိုကိုအောင်ရဲ့အတွေ့အကြုံကို ကျနော်သိချင်ပါတယ် ခင်ဗျ။
ဦးကိုကိုအောင် ။ ။ မန္တလေးက ပြည်သူလူထုကြီးက အမေစုရောက်လာမယ့်ခရီးစဉ်နဲ့ အမေစု ဟောပြော မယ့်စကား တွေကို သိပ်ကိုစိတ်ဝင်စားနေကြပါတယ် ခင်ဗျ။ ဒီအကြောင်းတွေကိုပဲ အချင်းချင်းတွေ ဖုံးတွေ နဲ့ပြောကြဆိုကြ၊ အိမ်နီးချင်းတွေ လူချင်းတွေ့ပြီး ပြောကြဆိုကြနဲ့ပေါ့ ခင်ဗျာ။ ပြည်သူလူထုတွေက အမေစု အကြောင်းနဲ့ ဒီအကြောင်းတွေပဲ ပြောကြဆိုကြ ဖြစ်နေကြပါတယ်။ ကျနော်တို့ကလည်း အမေစုရဲ့ မန္တလေး ခရီးစဉ်နဲ့ ပတ်သက်တဲ့ NLD ရဲ့ လက်ကမ်း စာစောင်တွေ လိုက်ပြီးပေးတာတို့၊ NLD မန္တလေးတိုင်းစည်း ရုံးရေးကော်မီတီက စီစဉ်တဲ့ အလှပြယာဉ်ကြီးနဲ့ တမြို့လုံးကို လှည့်လည်ပြီး လှုံ့ဆော်ကြပါတယ်။ ပြည်သူ လူထုတွေကလည်း လက်ခုပ်လက်ဝါးတွေတီးပြီး အားပေးကြပါတယ်။ ထောက်ခံကြ ကြိုဆိုကြတာတွေက တကယ့်ကို အံ့သြစရာပါပဲ။ ပြည်သူလူထုတွေက အရမ်းကို ပျော်နေကြပါတယ်။ အမေစုရောက်လာတော့ ကြိုဆိုကြတဲ့ လူအုပ်လူတန်းကြီးက (တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဟော ပြောမယ့် အောင် ပင်လယ်ကွင်း အထိ) ၀က်ဝက်ကွဲကို ကြိုဆိုကြတာ ခင်ဗျ။ တော်တော်ကို ပျော်ဖို့လည်း ကောင်း တယ်။ ပြည်သူလူထုတွေရဲ့စိတ်တွေထဲမှာ အမေစုကို ချစ်တဲ့စိတ် မေတ္တာထားတဲ့စိတ် ယုံကြည်တဲ့စိတ် အဲဒီ လိုစိတ် တွေ နဲ့ အမေစုရောက်လာရင် ငါတို့တတွေ အမေစု ၀မ်းပန်းတသာဖြစ်အောင် ဘယ်လိုလုပ်လိုက်ကြ မယ်ဆိုတဲ့ စိတ် တွေနဲ့ ဖြစ်နေကြပါတယ်။ အမေစု မြိတ်ထားဝယ်ဘက်ကိုသွားတဲ့ ဓါတ်ပုံတွေနဲ့ ကျနော်တို့ လှုံ့ဆော်မှုတွေ လုပ်ကိုင်ထားကြတော့၊ ပြည်သူလူထုတွေက အမေစုကို ထောက်ခံကြိုဆိုတာ၊ ငါတို့ မန္တလေးက ဒီ့ထက်သာစေရ မယ် စိတ်ထားမျိုးတွေ သူတို့ရင်တွေထဲမှာ ရှိနေကြပါတယ်။
ဦးရော်နီညိမ်း ။ ။ အဲဒီလိုမျိုးတွေ ပြည်သူလူထုတွေရဲ့စိတ်ဓါတ်တွေထဲမှာ ကိန်းအောင်းနေကြရတဲ့ ရည် ရွယ်ချက်က၊ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီးတော့ တတိုင်းပြည်လုံးကို ကောင်း အောင်လုပ်ပေးမယ့်သူလို့ သူတို့တွေရဲ့စိတ်တွေထဲမှာ ဖြစ်ပေါ်နေကြတဲ့ သဏ္ဍာန်တွေနဲ့ ဒီလိုမျိုး ပျော်ရွှင်နေကြပြီး ဒီလိုမျိုးကြိုဆိုထောက်ခံချင်စိတ်တွေ ဖြစ်ပေါ်လာရတဲ့ အကြောင်း အရင်းခံတွေက၊ တိုင်းပြည်အရေးနဲ့ပတ်သက်ပြီး ပြည်သူလူထုတွေရဲ့စိတ်တွေထဲ ဘယ်လိုဖြစ်နေကြလို့ လဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်ထိယုံကြည်အား ထားမျှော်လင့်နေကြလို့လဲ၊ ဆိုတာတွေကို ဦးကိုကိုအောင်ကိုယ်တိုင်က ဘယ်လိုတွေ့မြင်ခံစားသိရှိနေရပါသလဲ၊ ကျနော့်ကို နည်းနည်းပြောပြပေးပါ။
ဦးကိုကိုအောင် ။ ။ ကျနော် တစ်ချက်နှစ်ချက်လေး ပြောပြပါမယ်။ နံပါတ်တစ်အချက်ကတော့ အမေစု အပေါ်မှာ ပြည်သူလူထုတွေ အားလုံးက ယုံကြည်ကြတယ်၊ လေးစားကြတယ်၊ မေတ္တာထားကြတယ် ဆိုတာ ပါ။ နောက် အမေစု ရဲ့ နှစ်ပေါင်း(၂၀)ကျော်ကာလ လုပ်ဆောင်လာတဲ့နိုင်ငံရေးမှာ သူ့ရဲ့ ဇွဲလုံ့လ၀ိရိယသတ္တိ ပညာတွေ၊ နောက် သည်းခံ တာတွေ စိတ်ရှည်တာတွေ၊ တခါ အမေစုက တိုင်းပြည်အတွက် သူ့ရဲ့ ရည်မှန်း ချက်ကို တိမ်းပါးချွတ်ချော်မသွားရ အောင်နဲ့ ဒီရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ အခုအချိန်အထိ ကြိုး စားနေတယ်။ နောက်ပြီးတော့ ပြည်သူလူ ထုတွေက ကျနော်တို့နိုင်ငံ အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးဟာ သူ့ရဲ့ဘ၀နဲ့ လဲပြီးတော့ စတေးပြီးတော့၊ လုပ် ဆောင်မယ့်သူလို့ ယုံကြည်ကြတယ်။ အခုလည်း အမေစုက အဲဒီလို လုပ်လည်းလုပ်ဆောင်နေတယ်ဆိုတာကိုလည်း ယုံကြည်လက်ခံထားကြတယ်။ နောက် တစ်ခုက ကျနော်တို့နိုင်ငံကို အမှန်တကယ်ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ် ဆောင်ပေးမယ့် ခေါင်းဆောင်ကို အရမ်းမျှော်လင့်နေကြတော့၊ အမေစုက သူတို့ရဲ့ မျှော်လင့်ချက် ဖြစ်နေတယ်။ နောက်ဆုံးတစ်ချက် ကျနော်ပြောချင်တာကတော့၊ အခု နိုင်ငံကို လက်ရှိအုပ်ချုပ်နေသူတွေအပေါ်မှာ ပြည်သူလူထု တွေက ကြည်ဖြူကျေနပ်မှု မရှိကြဘူးဆိုတာကို၊ ပြသလိုက်တာပါပဲ ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ ဦးကိုကိုအောင်က ၂၀၀၆ခုနှစ်က တပ်မတော်က ထွက်လာပြီးချိန်မှာ၊ ကိုယ်တိုင်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဖြစ်တဲ့အချိန်မှာ၊ ဒါတွေကို ကိုယ်ကိုယ်တိုင် တွေ့မြင်ခံစားသိရှိလာရတယ်။ တပ်ထဲမှာနေတုန်းက တပ်မတော်ထဲက ဦးကိုကိုအောင်ရဲ့အတွေ့အကြုံအရ၊ စစ်ခေါင်းဆောင်တွေက အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တို့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပတ်သက်ပြီး၊ ပြောဆိုသွန်သင်ထားတာတွေက ဘယ်လိုရှိလဲ ခင်ဗျ။ ဒီအချိန်မှာတော့ ကျနော်တို့ကို ပြောပြလို့ရနိုင်ရင်၊ ပြောပြပေးပါ ခင်ဗျ။
ဦးကိုကိုအောင် ။ ။ ကျနော်တို့က ၁၉၈၈ အရေးအခင်းပြီးမှ တပ်မတော်ထဲကို ရောက်လာကြတဲ့သူတွေ ပါ။ ၁၉၈၈ အရေးအခင်းနဲ့အတူ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်းတွေမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တိုင်းပြည်အတွက် လုပ်ဆောင်ချက်တွေဟာ၊ တပ်မတော်အပေါ် မှာ တော်တော်ကို လွှမ်းမိုးခဲ့ပါပြီ။ အဲဒီအခါကျ တော့ တပ်မတော်ထဲက အရာရှိစစ်သည်တွေက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို၊ အားလုံး လက်ခံကြပါတယ်။ ဒီနေရာမှာ ပြောချင်တာတစ်ခု ကတော့၊ ဗိုလ်မှူးကြီးအဆင့်ရဲ့အထက်က အရာရှိကြီးတွေကတော့ တစ်ပိုင်းပေါ့ဗျာ။ ကျနော် ဒီလိုပဲ သုံး သပ်ပြောဆိုပါရစေ။ နောက် ဗိုလ်မှူးကြီးအဆင့်တွေ အပါအ၀င်နဲ့ အဲဒီ့အောက် အရာရှိစစ်သည်အားလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို၊ အားလုံးလက်ခံကြပါ တယ်။
ဦးရော်နီညိမ်း ။ ။ အဲဒီတုန်းက ဗိုလ်မှူးကြီးအဆင့်နဲ့ အဲဒီ့အောက်မှာ ရှိနေတဲ့ပုဂ္ဂိုလ်တွေအားလုံးက၊ အခု ကျတော့ ဒုတိယဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေဆိုတဲ့ level ကို ရောက်သွားကြပြီ။ အဲဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို၊ အားလုံး လက်ခံကြတဲ့ ဟိုတုန်းက တပ်မတော် ခေါင်းဆောင်ငယ်တွေဟာ၊ အခု တပ်မတော်ရဲ့ ခေါင်းဆောင်အကြီး ပိုင်းကို ရောက်လာကြပြီ။
ဦးကိုကိုအောင် ။ ။ မှန်ပါတယ်။ အဲဒီလိုတွေ ရောက်လာကြပါပြီ။ တခုကတော့ ရှိပါတယ်။ အရင်တုန်းက အဲဒီလို လိုလားလက်ခံမှုတွေ ရှိခဲ့တယ်၊ အဲဒီတုန်းက (ဗိုလ်မှူးကြီးအဆင့်နဲ့ အဲဒီ့အောက်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးက) တပ်မတော်ထဲမှာ ဆင်းရဲကြတာကိုး။ အဲဒီတော့ သူတို့ဘ၀တွေအပါအ၀င် တိုင်းပြည်ကိုကောင်းအောင် လုပ်ပေးမယ့် သူအဖြစ်၊ အမေစုကို လက်ခံခဲ့ကြတယ်။ အခုတော့လည်း အဲဒီ တုန်းက စစ်ခေါင်းဆောင်ငယ်တွေက ရာထူးတွေ တက်တက်လာကြ၊ ရာထူးဌာနန္တရတွေနဲ့အတူ စည်းစိမ် ဥစ္စာတွေကလည်း ပါလာကြတော့၊ ရင်ထဲမှာတော့ လက်ခံနေကြတုန်း၊ ပါးစပ်က ဖွင့်ပြီးပြောဖို့ကတော့ ခက်နေကြလိမ့်မယ်လို့၊ ကျနော်က အဲဒီလိုပဲ ယူဆပါတယ်။
ဦးရော်နီညိမ်း ။ ။ ဦးကိုကိုအောင်ကိုယ်တိုင်လည်း အဲဒီတုန်းက အရာရှိငယ်ဖြစ်နေပြီးတော့၊ ကိုယ်ထွက် လာတော့ လည်း အရာရှိငယ်ဘ၀နဲ့ပဲ တပ်မတော်ထဲကထွက်လာခဲ့တာ ဆိုတော့၊ တိုင်းပြည်မှာဖြစ်ပျက်နေ တာတွေကို မြင်လည်း မြင်တယ်၊ ဦးဆောင်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဲဒီတုန်းက တပ်မတော်ခေါင်းဆောင် အငယ်တွေ အလတ်ပိုင်းတွေက လက်ခံကြတယ်ဆိုတော့၊ အခုဒီပုဂ္ဂိုလ်တွေဟာ တိုင်းပြည်မှာ တပ်မတော်မှာ ထိပ်ဆုံးအပိုင်း အမြင့်ဆုံး အပိုင်းတွေကို ရောက်လာကြပြီ။ ဒီလူတွေက အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ရင်ထဲမှာတော့ဆက်ပြီးလက်ခံနေကြတယ်လို့ ဦးကိုကိုအောင်က မြင်ထားတယ် ကိုယ်တိုင်လည်း အဲဒီလို ခံစားနေတယ် ဆိုတော့၊ အခုလက်ရှိ တပ်မတော်ခေါင်းဆောင်တွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လို နိုင်ငံရေးပါတီကြီးနဲ့ ပြည်သူလူထုတွေနဲ့ ဘယ်လိုဆက်ပြီး သွားကြမလဲ။ လက်ရှိ တပ်မတော် ခေါင်းဆောင်တွေမှာ ခုနက စိတ်အခံတွေလည်း ရှိနေတယ်လို့၊ ဦးကိုကိုအောင်က မြင်ထား တယ်ဆိုတော့ ဟန်ချက်ညီညီ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း ရှေ့ကို ဆက်ပြီး လက်တွဲသွားနိုင်လိမ့်မယ် လို့ ဦးကိုကိုအောင်က မြင်ထားပါသ လား ခင်ဗျ။ ဘာ့ကြောင့်မေးရလဲဆိုတော့၊ မကြာသေးခင်က မှ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာရှိတယ်၊ ရှေ့ ဆက် သွားရမယ့်ခရီးမှာ တပ်မတော်ရဲ့ထောက်ခံမှု မပါရင် မရဘူးလို့၊ သူပြောထားတာ မကြာသေးပါဘူး ခင်ဗျ။ အခု ဦးကိုကိုအောင် ပြောပြချက်နဲ့ ချိန်ထိုး ကိုက်ညှိပြီး ဦးကိုကိုအောင်ရဲ့အမြင်ကို မေးကြည့်တာပါ ခင်ဗျ။
ဦးကိုကိုအောင် ။ ။ သိပ်ကို မှန်ပါတယ်။ ဒေါ်စုကလည်း တပ်မတော်အပေါ်မှာ မုန်းတီးတာ ဘာမှ မရှိ ပါဘူး။ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေးအနေအထားအရလည်း၊ တပ်မတော်ကို ဘေးကိုဖယ်ထားလို့ မရဘူး။ အဲဒီတော့ ရှိသင့်ရှိထိုက်တဲ့ နေရာတွေမှာ ရှိသင့်ရှိထိုက်တဲ့သူတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင်၊ လက်တွဲဆောင် ရွက်သွားကြရင် အများကြီး အောင် မြင်နိုင်ပါတယ်။ ကျနော်တို့က တပ်မတော်မှာလည်း လုပ်ကိုင်ခဲ့တယ်၊ အခု အပြင်မှာလည်း အခုနေထိုင်နေတော့ ဒီအခြေအနေတွေကို မြင်နေပါတယ်။ အောင်မြင်ပါလိမ့်မယ်။ အမေစုအနေနဲ့ကော တပ်မတော်အနေနဲ့ကော အခုသွား နေကြတဲ့ မူအတိုင်းပဲ ဆက်လုပ်ကိုင်သွားကြရင်၊ တကယ်တွေ့ဆုံဆွေးနွေးကြပြီး နိုင်ငံအကျိုးအတွက် ဆက်ပြီးဆောင် ရွက်သွားကြရင်၊ အောင်မြင်မှုတွေ အများကြီး ရပါလိမ့်မယ်လို့၊ ကျနော် ယုံကြည်တယ်။ တပ်မတော်မှာလည်း လူငယ် လူသစ်တွေက နေရာယူ လာကြပါလိမ့်မယ်။ ဒေါ်အောင်ဆန်းကြည်ကလည်း ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့၊ လွှတ်တော်ထဲမှာ စားပွဲဝိုင်းမှာ စကားပြောကြဆွေးနွေးလာကြတဲ့အခါ အားလုံး အဆင်ပြေပြီးတော့၊ ကျနော်တို့နိုင်ငံဟာ ခေတ် မှီသာယာ တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ဖြစ်ပေါ်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ယုံလည်း ယုံကြည်နေပါတယ်။
ဦးရော်နီညိမ်း ။ ။ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ၀င်၊ ရခိုင်တိုင်းရင်းသား စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃၅) ကျောင်းဆင်း၊ ဗိုလ်ကြီးဟောင်း ဦးကိုကိုအောင်ကို ဆက်သွယ်မေးမြန်း တင်ဆက်ခဲ့တာပါ ခင်ဗျာ။ ဦးကိုကိုအောင် နဲ့ ဆွေးနွေးချက်တွေကို “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဆက်ပြီးတင်ဆက် သွားပါ မယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။