သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့ဆုံးဖြတ်ချက်ကို NLD လက်ခံမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါ ကော့မှူးမြို့နယ်ဆီ သွားရောက်ပြီး မဲဆန္ဒရှင်လူထုနဲ့ တွေ့ဆုံပြီးတော့ စကားပြောခဲ့ပါတယ်။ ပြည်သူ့ဆုံးဖြတ်ချက်ကို လက်ခံရမှာ ဖြစ်တဲ့အကြောင်း၊ တိုင်းပြည်ပြဿနာတွေကို ဖြေရှင်းဖို့ ပြည်သူတွေ ပူးပေါင်း ပါဝင်ကြဖို့အကြောင်း၊ ကော့မှူးမဲဆန္ဒနယ်ကို ဘာ့ကြောင့် ရွေးချယ်ရ သလဲဆိုတဲ့ အကြောင်းတွေအပြင် လူထုအနေနဲ့ ဧပြီလ ၁ ရက်နေ့မှာ မဖြစ်မနေ သွားပြီး မဲပေးကြဖို့ အလေးအနက် တိုက်တွန်းသွားပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ရန်ကုန်ကနေ ကော့မှူးမြို့ဆီထွက်ခွာပြီး ကော့မှူးကို သွားတဲ့ လမ်းတလျှောက် လူထုပရိသတ်ထောင်ပေါင်းများစွာက ဒေါ်အောင်ဆန်း စုကြည်ကို ကြိုဆိုခဲ့ကြ ပါတယ်။ ညနေပိုင်းမှာ ကော့မှူးနဲ့ အနီးအနားဒေသတွေက စုဝေး ရောက် ရှိလာတဲ့ လူထုကို စကားပြောခဲ့ ပါတယ်။

သူ့ရဲ့မဲဆွယ်စည်းရုံးရေးမိန့်ခွန်းတိုင်းမှာ ပါလေ့ရှိတဲ့ NLD ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းရင်း သုံးချက် ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာကို ထည့်သွင်း ပြောဆိုသွားသလို မဲဆန္ဒရှင်လူထုရဲ့ဆုံးဖြတ်ချက်ကို လက်ခံရမှာ ဖြစ်တယ်ဆိုတာကို ပြောပါတယ်။

“ကျမတို့က ပြည်သူတွေရဲ့ဆုံးဖြတ်ချက်ကို လက်ခံရမှာပါ။ ကျမ တခုပဲ ပြောချင်ပါတယ်။ ကျမတို့ဟာ ဒီလို လွှတ်တော်ထဲကနေပြီးတော့ ပြည်သူတွေရဲ့တာဝန်တွေကို ထမ်းဆောင်ခွင့် ဆိုတာဟာ ၁၉၉၀ ခုနှစ်ထဲက မရခဲ့ပါဘူး။ ကျမတို့ကို ၁၉၉၀ ခုနှစ်ကလည်း ပြည်သူတွေက တကယ့်ကို အင်တိုက်အားတိုက် ထောက်ခံကြခဲ့ ပေမဲ့ မဲတွေပဲရပြီးတော့ ကျမတို့ ကိုယ်စား လှယ်တွေ အရွေးခံကြရပေမဲ့ ကျမတို့ဟာ လွှတ်တော်အတွင်း ကနေပြီးတော့ ပြည်သူတွေရဲ့ တာဝန်တွေကို ထမ်းဆောင်ခွင့် မရခဲ့ပါဘူး။

“အခုအချိန်မှာတော့ နေရာ နည်းနည်းလေးပေါ့နော်၊ အားလုံးက ၄၈ နေရာရှိပါတယ်၊ အားလုံး နိုင်လို့ရှိရင် တောင်မှ ဒါဟာ ရာခိုင်နှုန်းအရ နည်းနည်းလေးပါ။ ဒါပေမဲ့လည်း ကျမတို့ဟာ တတ်နိုင်တဲ့ နေရာကနေ ပြီးတော့ လုပ်သွားမယ်လို့ ကျမပြောချင်ပါတယ်။ လွှတ်တော်ထဲမှာ လုံး၀ ကျမတို့ နေရာမရှိတဲ့ အနှစ် ၂၀ အတွင်းမှာတောင်မှ ပြည်သူတွေရဲ့တာဝန်တွေကို၊ ပြည်သူတွေပေါ်မှာ ကျမတို့ရှိရမယ့်တာဝန်တွေကို ကျမတို့ ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါ တယ်။ အဲဒီတော့ လွှတ်တော် တစ်နေရာပဲဖြစ်ဖြစ်၊ ၄၈ နေရာပဲဖြစ်ဖြစ် ဆိုလို့ရှိရင် ကျမတို့ အရင်ကထက် စာလို့ရှိရင်တော့ ပိုပြီးတော့ တာဝန်ကျေနိုင်မယ့်အနေအထား ရောက်သွား ပါလိမ့်မယ်လို့ ကျမ ဒီလောက်ကို ကတိပေးနိုင်ပါတယ်။”

NLD အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူး မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဘာ့ကြောင့် ကော့မှူး မဲဆန္ဒနယ်ကနေ ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ရသလည်းဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုပါတယ်။

“အချက် နှစ်ချက်ရှိပါတယ်။ တစ်ခုကတော့ ကျမတို့ပြည်သူတွေဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ရုန်းကန် နေရတာတွေ တော်တော်များများ ရှိတယ်။ အဲဒီကိစ္စတွေအတွက်လည်း ကျမ တတ်နိုင် သလောက် လုပ်ပေးချင်လို့ ကျမ ကော့မှူးကို ရွေးတာပါ။ နောက်တခုကလည်း ကော့မှူးမြို့နယ် မှာဆိုလို့ရှိရင် ကရင်တိုင်းရင်းသားတွေ များတဲ့ အခါကျတော့ ကျမတို့ရဲ့ ပြည်ထောင်စုအသွင်ကို ဆောင်မယ်ဆိုတဲ့ အမြင်နဲ့ ကျမ ကော့မှူးမြို့နယ်ကို ရွေးတာ ဖြစ်ပါတယ်။”

မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေအတွင်း တိုင်းပြည်ရင်ဆိုင်နေရတဲ့ပြဿနာတွေကို သူတွေ့ရတဲ့ ထဲကမှ အလုပ်လက်မဲ့နဲ့ အလုပ်အကိုင်မလုံလောက်တဲ့ ပြဿနာတွေ ရှိနေတာ၊ လူငယ်တွေ ဘွဲ့ရပြီးတဲ့ နောက်မှာ တောင်မှ ဘာမှ မလုပ်နိုင် မကိုင်နိုင် အခြေအနေတွေနဲ့ ကြုံနေရတာတွေကို ပြောပါတယ်။ အဲဒီလို တိုင်းပြည် ရဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ ပြည်သူလူထုက ပူးပေါင်းပါဝင်ပါ လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပါတယ်။

ဒါ့အပြင် ဧပြီလ ၁ ရက်နေ့၊ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပတဲ့နေ့မှာလည်း လူထုအနေနဲ့ မဖြစ်မနေ သွားရောက် မဲပေးကြဖို့ အလေးအနက် တိုက်တွန်းခဲ့ပါသေးတယ်။ ဒီမိုကရေစီ တိုင်းပြည်တခုမှာ အစိုးရအဖွဲ့ အလုပ်လုပ်ရတဲ့ ပုံသဏ္ဌာန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ဆို ပြောခဲ့ပါသေးတယ်။

“ဒီမိုကရေစီဆိုတာ ဒီလိုပါပဲ၊ အစိုးရတစ်ခုထဲက ကိုယ့်သဘောနဲ့ လုပ်တာမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ သဘောထားကို စိစစ်ပြီး၊ ပြည်သူတွေရဲ့သဘောထားကို လေ့လာပြီး၊ ပြည်သူတွေရဲ့ ဆန္ဒတွေကို နားထောငိ ပြီးမှ ဆုံးဖြတ်ချက်တွေ ချရမှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျမက ပြည်သူတွေနဲ့ နီးနီးကပ်ကပ် လုပ်သွား နိုင်ဖို့ အများကြီး မျှော်လင့်ပါတယ်။ နောက်ဆိုလို့ရှိရင် ကော့မှူးကို ခဏခဏလာလို့ ငြီးငွေ့သွားလိမ့်မယ်။”

အခု ခရီးစဉ်တလျှောက် အခက်အခဲ အနှောက်အယှက် တစုံတရာ မကြုံတွေ့ခဲ့ရဘဲ လမ်းခရီး တလျှောက် လူထုအများအပြား ကြိုဆိုခဲ့ကြတာဖြစ်ပေမဲ့ ပြဿနာ တစုံတရာမရှိခဲ့ပါဘူး။

ကြားဖြတ်ရွေးကောက်ပွဲတွေကျင်းပမယ့် ဧပြီလ ၁ ရက်နေ့မှာတော့ အမေရိကန်၊ ဥရောပသမဂ္ဂ နဲ့ အရှေ့ တောင်အာရှနိုင်ငံတွေကနေ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ၊ သတင်း မီဒီယာသမားတွေ လွှတ်ပေးပါလို့ မြန်မာအစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ ဖိတ်ခေါ်ထား ပါတယ်။

XS
SM
MD
LG