သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်/ဆည်ဝန်ကြီး လွှတ်တော်ကိုတောင်းပန်ရန် အမတ်များတောင်းဆို


လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအတွက် ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်အပေါ် ပုတ်ခတ် ပြောဆိုထားတာကို အရေးယူ ဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော် အခွင့်ရေးကော်မတီကို စုပေါင်း တိုင်ကြားထားပါတယ်။

မတ်လ ၂၃ ရက်နေ့ထုတ် Hot News ဂျာနယ်မှာ ဖော်ပြထားတဲ့ အင်တာဗျူးအတွင်း လယ်/ဆည် ဝန်ကြီးရဲ့ ပြောဆို ချက်တချို့ဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး မကျေမနပ် ဖြစ်ကြတာဖြစ်သလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုလည်း ထိခိုက်မှု ရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအပေါ် ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ မတ်လ ၂၃ ရက်နေ့၊ သောကြာနေ့ထုတ် Hot News ဂျာနယ်ထဲမှာ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ အင်တာဗျူး ဖော်ပြထားတာပါ။

ဒီတွေ့ဆုံမေးမြန်းခန်းထဲမှာ ဘတ်ဂျက်အဖြတ်ခံရတာနဲ့ ပတ်သက်လို့ ဝန်ကြီးဦးမြင့်လှိုင်ရဲ့ ပြောဆိုသုံးနှုန်းချက် တချို့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှုတွေပါတယ်ဆိုပြီး ဒီကနေ့မနက် အင်တာဗျူးပါတဲ့ ဂျာနယ်ရဲ့ စာမျက်နှာကို မိတ္တူကူးကာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးထဲမှာ ဝေငှတာတွေ ရှိခဲ့ပါတယ်၊ ဒါကို ဖတ်ရတဲ့ ကိုယ်စားလှယ်တွေလည်း မကျေမနပ်ဖြစ်ကြပြီး စုပေါင်းလက်မှတ်ရေးထိုးကာ လွှတ်တော် အခွင့်အရေးကော်မတီကို ဒီကနေ့ ညနေက တိုင်ထားတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပြပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေ အဓိက မကျေမနပ်ဖြစ်တဲ့ စကားစုတွေကတော့-

လယ်တစ်ဧကထဲကို ရေရောက်ဖို့ သိန်းဘယ်လောက်ကုန်တယ်ဆိုတာ၊ အဲဒီဈေးတွက်တွက်နည်းနဲ့ တွက်တာ သက်သက် အပြစ်တင်ဖို့ ဝေဖန်တာပဲ။ ဒါ-ဦးနှောက်မရှိတာပေါ့၊ ရှိရက်သားနဲ့ သက်သက် Negative ဆန်တာပေါ့၊ လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး စာမှမတတ်၊ ဆယ်တန်းမှမအောင်ဘဲ။ လွှတ်တော်ထဲကို လာထိုင်နေတော့ သူများက ထဆို ထမယ်။ ထိုင်ဆိုရင်ထိုင်မယ်။ သူများက ခလုတ်နှိပ်ဆို နှိပ်တယ်။ သူကမှ မသိတာ၊ ဘာတွေပြောနေလဲ၊ သူကမှ နားမလည်တာ။ ရမ်းပြီး လုပ်နေတာ။ လှော်တဲ့ ကောင်ကလည်း လှော်ရမယ်။ ထိုင်တဲ့ကောင်ကလည်း ငြိမ်ငြိမ်လေးထိုင်၊ အသက်ကြီးပြီဆိုရင် ငြိမ်နေရမယ်။ ငြိမ်ငြိမ်လေးမထိုင်ဘဲ အသားကုန် ဟိုလှုပ် ဒီလှုပ်၊ လှုပ်နေရင်တော့ ဒါ ဘုန်းကြီးရူးနဲ့ လှေလူးနဲ့...

လို့ ပြောတာ….အဲဒါ၊ အဲဒီအပိုဒ်တွေပေါ့ဗျာ၊ အဲဒီအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက တော်တော့်ကို မကျေနပ်ဖြစ်ပြီးတော့ လွှတ်တော်ထဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတာဗျာ့၊ ပြည်သူ့လွှတ်တော်အခွင့်အရေးကော်မီတီကို နိုင်ငံတော်ပိုင် သတင်းစာ၊ ရုပ်မြင်သံကြားတို့ကနေ တရားဝင် ဝန်ချတောင်းပန်ဖို့၊ အဲလိုမှ မလုပ်ပေးရင်တော့ ကျနော်တို့ လွှတ်တော်က တရား ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက တင်ပြကြတယ်လေ။”

ဦးမြင့်လှိုင်ဟာ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သလို ပြည်ထောင်စု လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး အဖြစ်လည်း လက်ရှိ တာဝန်ယူထားတာပါ။ အခုလို ဝန်ကြီး ဦးမြင့်လှိုင်ရဲ့ ပြောဆိုချက်တွေဟာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကို ဂုဏ်သိက္ခာကျစေပြီး လွှတ်တော်ထဲမှာ ရှိနေကြတဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်တွေကိုပါ ထိခိုက်နေတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးပါတီရဲ့ ရေဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးကလည်း ပြောပါတယ်။

“အထူးသဖြင့် ဒီလိုကြားဖြတ်ရွေးကောက်ပွဲနီးလာတဲ့ အချိန်မှာ ကျနော်တို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့လည်း အနိုင်ရအောင် ကြိုးစားတာပါပဲ။ လောလောဆယ် ကျနော်တို့ လွှတ်တော်ထဲမှာ အများစုသော ကိုယ်စားလှယ်များဟာ ပြည်ခိုင်ဖြိုးပါတီက ဖြစ်ပါတယ်။ ကျနော်တို့ စည်းရုံးရေးဆင်းတဲ့ နေရာမှာ ကျနော်တို့အားလုံးကို ထိခိုက်နစ်နာစေပါတယ်။ ပြည်သူတွေက လွှတ်တော်ကို အယုံအကြည်ပျက်အောင်၊ ပြည်သူ့ကိုယ်စားလှယ်တွေကို အယုံအကြည်ပျက်အောင်၊ လုပ်ခဲ့တာသည်လည်းပဲ လွှတ်တော်သိက္ခာကျသလို နိုင်ငံလည်း သိက္ခာကျပါတယ်။ ကျနော်တို့ ပါတီလည်း သိက္ခာကျပါတယ်။”

Hot News ဂျာနယ်ထဲမှာ ဖော်ပြခဲ့တဲ့ ဒီအင်တာဗျူးထဲမှာ မေးမြန်းသူ သတင်းသမားဘက်က အသုံးအနှုန်းတခုနဲ့ ပတ်သက်လို့လည်း အမျိုးသားဒီ်မိုကရေစီအင်အားစု NDF ပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း ပြောတာက-

“ဂျာနယ်မှာ ဗျူးထားတဲ့အပိုင်းမှာက မေးတဲ့လူက မေးထားတာက လွှတ်တော်ထဲမှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေက ဆိုတော့- တကယ်ဆိုတော့ လွှတ်တော်မှာလည်း အတိုက်အခံဆိုတာ ကျနော်တို့ကို မပေးသုံးတော့ပါဘူး၊ မသုံးပါနဲ့။ အတိုက်အခံဆိုတဲ့ သဘောမထားပါနဲ့။ အားလုံး လက်တွဲလုပ်ကြရအောင်ပါလို့ သမ္မတကလည်း ပြောထားတယ်။ လွှတ်တော်ဥက္ကဋ္ဌကလည်း ပြောထားတယ်။ နောက်တခုကလည်း ကျန်တဲ့ဟာက ဒီမိုကရေစီအင်အားစု မဟုတ်ဘူး ဆိုတာမျိုး သွားပြီးသက်ရောက်နေတယ်။”

NDF ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းပါရှင်။ ဘတ်ဂျက် ၆၅ ရာခိုင်နှုန်း အဖြတ် ခံထားရတဲ့ ဝန်ကြီးဌာနတစ်ခုအနေနဲ့ အများပြည်သူ စိတ်ဝင်စားတဲ့ ဘယ်လို ရပ်တည်ပြီး ဘယ် စီမံကိန်းတွေ ဆက်လုပ်ဖို့ ရပ်ပစ်ဖို့ ဆိုတဲ့အပေါ် တင်ပြချင်တာကြောင့် ဖြစ်ပြီး ကိုယ်စားလှယ် ဦးစိုးဝင်း ထောက်ပြခဲ့တဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ အင်တာဗျူးကို ကိုယ်တိုင် မေးမြန်းခဲ့သူလည်းဖြစ် Hot News ဂျာနယ်ရဲ့ အယ်တီတာချုပ်လည်း ဖြစ်တဲ့ ဒေါ်ဟေမာ ခေါ် မမ က- အခုလို VOA မြန်မာပိုင်းကို ရှင်းပြပါတယ်။

“ပြည်ခိုင်ဖြိုးက တက်တဲ့ အမတ်တွေရှိတယ်။ ဒီမိုကရေစီအင်အားစုကနေ တက်တဲ့ အမတ်ရှိတယ်။ အမတို့ ဂျာနယ်တွေက အင်တာဗျူးသွားရင် ဒီမိုကရေစီအင်အားစု အမတ်တွေကသာ အမတို့ စာနယ်ဇင်းတွေကို ပွင့်ပွင့်လင်းလင်း ဖြေကြားလေ့ရှိပါတယ်။ ပြည်ခိုင်ဖြိုးဘက်ကနေ လက်ရှိ in service တို့၊ အဲလိုမျိုးဘက်ကနေ ဖြစ်လာတဲ့ အမတ်တွေဟာ မဖြေကြဘူးညီမလေး၊ မဖြေတဲ့အတွက် အမတို့လည်း မေးရတာအခက်အခဲရှိပါတယ်။

အဲဒီအတွက် အတိုက်အခံပါတီလို့ အမပြောတဲ့ဟာက လက်ရှိ ဆိုရှယ်လစ်စနစ်ကနေ မူဝါဒပြောင်းခဲ့တာ ဘယ်သူတွေက အတိုက်အခံပြုခဲ့ကြတာလဲ၊ အဲဒီအတွက် ဝန်ကြီးဌာနတခုမှာ ဝန်ကြီးတယောက်နဲ့ မေးတဲ့အခါမှာ ဘတ်ဂျက်ကိစ္စကို ကျယ်ကျယ်လောင်လောင် အော်နေတယ်လို့ အမက မေးရပါတယ်။ အမက စာနယ်ဇင်းသမား၊ သတင်းသမားဆိုတဲ့ အတွက် မေးတဲ့နေရာမှာ ကွဲကွဲပြားပြားမေးရပါတယ်။ အဲဒီသဘောနဲ့ သုံးနှုန်းခြင်းသာဖြစ်ပါတယ်။”

Hot News ဂျာနယ်ရဲ့ အယ်တီတာချုပ်လည်း ဖြစ်တဲ့ ဒေါ်ဟေမာခေါ် မမ ပြောခဲ့တာပါရှင်။ ရှေ့ဘဏ္ဍာနှစ်အတွင်း ဝန်ကြီးဌာနေတွေကို ဘတ်ဂျက်ဖြတ်တာတွေနဲ့ ပတ်သက်လို့ သတ္ထုတွင်း ဝန်ကြီးဌာနကလည်း အပတ်စဉ်ထုတ် The Voice Journal ကို မမှန်မကန်ရေးသားတဲ့ အတွက်ဆိုပြီး တရားစွဲဆိုထားတာတွေလည်း ရှိပါတယ်။

XS
SM
MD
LG