နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့တွေက လစ်ဗျားအစိုးရတပ်စခန်းတွေကို ဆက်လက်ပြီး ဗုံးကျဲ တိုက်ခိုက်နေစဉ်မှာ လစ်ဗျားအစိုးရကိုယ်စားလှယ်အဖွဲ့က အာဖရိကသမဂ္ဂက အဆိုပြုထားတဲ့လမ်းပြမြေပုံကို အကောင်အထည်ဖော်ပေးဖို့ အသင့်ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။
အာဖရိကနိုင်ငံ ၅ နိုင်ငံနဲ့ အီသီယိုပီးယားနိုင်ငံမှာ ဆွေးနွေးအပြီး မနေ့ကထုတ်ပြန်တဲ့ ဒီကိုယ်စားလှယ်အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြခဲ့တဲ့ လမ်းပြမြေပုံထဲမှာ တိုက်ခိုက်နေတာတွေကိုရပ်တန့်ဖို့ လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နိုင်ငံခြားသားတွေကို ကာကွယ်ပေးဖို့တွေကို တောင်းဆိုထားပါတယ်။ ဒီလစ်ဗျားကိုယ်စားလှယ်အဖွဲ့ကပဲ အပစ်အခတ်ရပ်စဲဖို့ သူတို့ သက်ဝင်ယုံကြည်မှု ရှိတယ်လို့ ပြောပြီး လစ်ဗျားကိုလေကြောင်းကတိုက်ခိုက်တာတွေနဲ့ ရေကြောင်းက ပိတ်ဆို့တာတွေကို အဆုံးသတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဒီအချိန်မှာပဲ လေကြောင်းမပျံသန်းရဇုန် စစ်ဆင်ရေးကို ဦးဆောင်ဖို့ရှိတဲ့ နေတိုးအဖွဲ့က ကနေဒါနိုင်ငံက ဒု-ဗိုလ်ချုပ်ကြီး ချားလ်၊ ဘူးရှတ်စ် ကို လစ်ဗျားစစ်ဆင်ရေးမှာ ဦးဆောင်ဖို့ တာဝန်ပေးလိုက်ပါတယ်။