သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဂျင်နီယာဗိုလ်ချုပ် ကာကွယ်ရေးဝန်ကြီးအလုပ် နှင့် တပ်ချုပ်


တပ်မှူးတပ်သား ပြောစကား (၀၅၃)

စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၉)

၂၀၁၁၊ မတ်လ ၂၆။

လာမယ့်ဧပြီလဆန်းမှာ တရုတ်နိုင်ငံရဲ့ နံပါတ်(၄)ခေါင်းဆောင် မြန်မာနိုင်ငံကိုရောက်ရှိလာပြီး၊ မြန်မာအစိုးရ အဖွဲ့သစ်ကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့်၊ ဒီရက်ပိုင်းအတွင်း အစိုးရ ၀န်ကြီးအဖွဲ့သစ် ဖွဲ့တာနဲ့ ကျမ်းသစ္စာကျိန်ဆိုကြတာတွေ ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။ ၀န်ကြီးလောင်းစာရင်း ထဲမှာပါဝင်တဲ့ စစ်ခေါင်းဆောင်သုံးဦး၊ ဘယ်ဝန်ကြီးဌာနတွေရဲ့ ၀န်ကြီးတွေဖြစ်လာကြမလဲဆိုတာကို ဗိုလ်မှူး ဟောင်းအောင်လင်းထွဋ်နဲ့ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းတို့က ခန့်မှန်းတွက်ချက်ထားပါတယ်။ ဦးရော်နီညိမ်း က ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ စီစဉ်တင်ဆက်ထားပါတယ်

ဦးရော်နီညိမ်း။ ။ ၂၀၁၁ခုနှစ် ဇန်န၀ါရီလ(၃၁)ရက်နေ့ လွှတ်တော်အစည်းအဝေးတွေ ခေါ်တဲ့အခါမှာ၊ ၀န်ကြီးစာရင်းထဲမှာ တပ်မတော်ကိုယ်စားလှယ်သုံးယောက်ရဲ့အနေအထားကို အခုအတိုင်းကြည့်ရင်တော့ စစ်တက္ကသိုလ်အပတ်စဉ်(၁၉)က ကျောင်းဆင်းတဲ့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဟာ သူဟာ စီနီယာအကျဆုံးပဲ။ နောက်ပြီးတော့ တိုက်ခိုက်ရေးတပ်က လာတာလည်းဖြစ်တယ်။ တိုက်ခိုက်ရေးတပ်က လာတဲ့ နောက်ထပ် တစ်ဦး၊ ဗိုလ်ချုပ်လှမင်း။ သူကတော့ စစ်တက္ကသိုလ် အပတ်စဉ်(၂၂)က ဆင်းပြီးတော့မှ၊ မနှစ်ကအထိ သူဟာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးဖြစ်ရာကနေပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆင်ရေးအထူးအဖွဲ့ (၃) (ကစထ-၃)ရဲ့ ကစထမှူး ဖြစ်လာခဲ့တာပေါ့နော်။ အရင် ဗိုလ်ချုပ်ကြီးကိုကိုလည်း အဲဒီနေရာကပဲ။ နောက် တစ်ယောက်ကို ကြည့်လိုက်တဲ့အခါကျတော့ ဗိုလ်ချုပ်သိန်းဌေး။ သူကတော့ B.E (Mechanical) အင်ဂျင်နီ ယာတစ်ဦး ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးမှူးချုပ် (ညွှန်ကြားရေး မှူးချုပ်) (ဒုတိယ) ဗိုလ်ချုပ်ကြီးတင်အေး နောက်ဆုံးလုပ်သွားတဲ့အချိန်မှာ၊ သူဟာ ဒုတိယစစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးမှူးချုပ်အနေနဲ့ ကျနော်တို့ တွေ့ခဲ့ရပြီးတော၊့ အခုတခါ ၀န်ကြီးစာရင်းမှာ ပါလာပြန်ပါပြီ။ အဲဒီ အခါကျတော့ ဒီ ၀န်ကြီးသုံးပါးထဲမှာ လက်နက်ကိုင်ရဲတပ်ဖွဲ့ကို ကိုင်ရမယ့် ပြည်ထဲရေးဝန်ကြီးကို ဘယ်သူ့ကို ပေးမယ်လို့ ထင်ပါသလဲ ခင်ဗျ။ ဗိုလ်ချုပ်လှမင်းကို ပေးမလား။ အင်ဂျင်နီယာတပ်ကလာတဲ့ ဗိုလ်ချုပ်သိန်းဌေး ကို ပေးမလား။ အဲဒါ ဖြစ်နိုင်သလား။ အကယ်၍ ဗိုလ်ချုပ်ကြီးကိုကိုက ကာကွယ်ရေးဝန်ကြီး ဖြစ်မယ် ဆိုရင် ပေါ့။ ဦးအောင်လင်းထွဋ် အရင် ရှင်းပြပေးပါခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကိုရော်နီရေ..ကျနော်အရင်ဆုံး ဗိုလ်ချုပ်မှူးကြီးရဲ့ စိတ်သဘောထားကို ပြောချင် တယ်ဗျာ။ အခု နောက်ဆုံးပေါ့ဗျာ၊ ဗိုလ်ချုပ်မြင့်အောင်နှင့် ဗိုလ်ချုပ်ကိုကို ကိုလည်း သူ သတင်းလွှင့်တယ်။ လွှင့်ပြီးတော့မှ သူ ပြန်နားထောင်တယ်။ ဆိုလိုတဲ့ သဘောက ဗိုလ်ချုပ်မှူးကြီးဟာ ဘယ်အရာမဆို ပြောင်းပြန် စဉ်းစားတတ်တယ် ဆိုတာကို၊ ကျနော် အရင်ဆုံး သတိပေးလိုပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အဲဒီတော့ မထင်တာတွေကို လျှို့ဝှက်သဲဖိုလိုလို ပဟေဠိလိုလို လုပ်တတ် တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဗိုလ်ချုပ်သိန်းဌေး၊ အင်ဂျင်နီယာအရာရှိကိုရော၊ ကာကွယ်ရေးဝန်ကြီး မပေး နိုင်ဘူးလား။ အဲဒါကိုတော့ အင်ဂျင်နီယာအရာရှိဖြစ်တဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်းက ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ဗိုလ်ချုပ်သိန်းဌေးဟာ သူက စစ်ရုံးမှာ Lieutenant (ဗိုလ်) ဘ၀ကတည်း ကိုက နေလာခဲ့တဲ့အတွက် သူဟာ စစ်ရုံး အပါးဝတယ်လို့ ပြောလို့ ရပါတယ်။ staff officer ပါပဲ။ တသက်လုံး staff officer ပဲ လုပ်ခဲ့တဲ့ လူပါ။ သူက လက်အောက်ခံတပ်တွေရဲ့ တပ်မှူး တခါမှ မဖြစ်ခဲ့ဖူးဘူး။ ရုံးအလုပ်ပဲ တောက်လျှောက်လုပ်လာခဲ့တယ်။ အရင် Colonel GS (စစ်ဦးစီးဗိုလ်မှူးကြီး)ဖြစ်ခဲ့တဲ့ ကကထုတ် (ကာကွယ် ရေးဝန်ကြီးဌာန စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံး) ညွှန်မှူးလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်မောင်ဝင်းကလည်း သူ့ကို အင်မတန်မှ ပစား ပေးခဲ့တယ်။ နိုင်ငံခြားသွားတဲ့ အခါတိုင်းလည်း၊ သူကပဲ စီစဉ်ရတာ ရှိ တယ်။ တခြားနိုင်ငံတွေနဲ့ လက်နက်ဝယ်တဲ့အချိန်မှာလည်း နိုင်ငံခြားကုမ္ပဏီတွေနဲ့ သူပဲ ဆက်သွယ်တယ်၊ ဆက်ဆံတယ်။ အားလုံးကို စီမံတယ်ဆိုတဲ့ အတွေ့အကြုံမျိုးတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အခုပြန်ကြည့်လိုက်တဲ့အခါမှာလည်း ကာကွယ်ရေးဝန်ကြီးကို ဗိုလ်ချုပ်ကြီးသန်း ရွှေ တောက်လျှောက်ကိုင်လာတဲ့ အချိန်မှာ၊ ဒုတိယကာကွယ်ရေးဝန်ကြီးတွေဟာလည်း အများဆုံး စစ်အင် ဂျင်နီယာအရာရှိကြီးတွေပဲ လုပ်သွားတာ ကျနော်တို့ တွေ့ရပါတယ်။ DI (Defense Industry)(ကာကွယ်ရေး ပစ္စည်းစက်ရုံများ) ဘက်ကလာတဲ့ ခုနက ပြောတဲ့ ဗိုလ်ချုပ်ခင်မောင်ဝင်းလည်း ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့တယ်။ အခု ကာကွယ်ရေးဒုဝန်ကြီးလုပ်တဲ့ ဗိုလ်ချုပ်အေးမြင့်လည်း အင်ဂျင်နီယာအရာရှိပါပဲ။ အခုတော့ ဦးအေးမြင့်ဆိုပြီး အရပ်သားဝန်ကြီး စာရင်းထဲမှာ၊ သူကလည်း အခု ပါလာပြန်ပါတယ်။ ကွယ်လွန်သွားတဲ့ ဗိုလ်ချုပ်အောင်လှိုင်။ သူလည်းပဲ အင်ဂျင်နီယာအရာရှိ။ ကာကွယ်ရေးဒုဝန်ကြီးလုပ်ခဲ့တယ်။ အဲဒီတော့အင်ဂျင် နီယာ မဟုတ်ဘဲနဲ့ ဒုဝန်ကြီးလုပ်ခဲ့တာကို တွေ့ခဲ့ရတာကတော့၊ လေကြောင်းရန်ကာကွယ်ရေး ဒုအရာရှိချုပ် လုပ်သွားတဲ့ ဗိုလ်ချုပ်ကြည်ဝင်း။ ဒုကာကွယ်ရေးဝန်ကြီး ခဏဖြစ်ပါတယ်။ အဲဒါပဲ တွေ့ခဲ့ရပါတယ်။ အဲဒီအခါ ကျတော့ ဗိုလ်ချုပ်သိန်းဌေးလို ပုဂ္ဂိုလ်ကို၊ အခုအခါမှာ အင်ဂျင်နီယာအရာရှိ ဖြစ်သော်ငြားလည်းပဲ ကာကွယ် ရေးဝန်ကြီး ပေးမယ်ဆိုရင် ပေးနိုင်တယ်လို့၊ ဗိုလ်မှူးစိုင်းသိန်းဝင်း မြင်ပါသလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ဒီကာကွယ်ရေးဝန်ကြီးနေရာက၊ ကျနော့်အနေနဲ့ကျတော့ အာဏာရှိတာ မရှိတာထက်စာရင်၊ အရေးပါတဲ့ နေရာလို့ ကျနော်သွားမြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံ တစ်ခု လုံးရဲ့ GDP (Gross Domestice Products စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဘိုး) ထက်ဝက်လောက်ကို သုံးနေတာ၊ တပ်မတော် ဖြစ်တယ်။ အဲဒီ တပ်မတော်အသုံးစားရိတ်ရဲ့ ထက်ဝက်လောက်ကို သုံးနေတာက လည်း DI (Defense Industry) ပဲ ဖြစ်တယ်။ ဥပမာ မြောက်ကိုရီးယားကို ဗိုလ်ချုပ်ကြီးရွှေမန်းသွားပြီးတော့ MOU (Memorandum of Understanding) (နားလည်မှုစာချွန်) သဘောတူညီမှုစာချုပ် သွားထိုးတဲ့ အချိန် မှာဆိုရင်၊ အားလုံးကို စီစဉ်ခဲ့တာ ဗိုလ်ချုပ်သိန်းဌေးပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ သူကိုယ်တိုင်လည်း ပါသွားတယ် မဟုတ်လား၊ အဲဒီ ခရီးစဉ်မှာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီမှာ ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့နောက်မှာ ထိုင်နေတာက ဗိုလ်ချုပ်သိန်းဌေးပါ ခင်ဗျ။ ဆိုတော့ သူက negotiator (စေ့စပ်ညှိနှိုင်းသူ) လည်း ဖြစ်နေတယ်။ ပြီးတော့ စစ်ရုံးအတွေ့အကြုံတွေလည်း အများကြီးရှိတယ၊် ဆိုတော့ ကာကွယ်ရေးဝန်ကြီးနေရာက၊ သူ့အပြင် တခြားတော့ မမြင်ဘူးလို့ ကျနော် ပြော ချင်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်မှူးအောင်လင်းထွဋ်အနေနဲ့ကော ဘယ်လိုမြင်သလဲခင်ဗျ။ ဗိုလ်ချုပ်သိန်းဌေးကို ကာကွယ်ရေးဝန်ကြီး မပေးဘူးဆိုရင်၊ တခြားလက်နက်ကိုင် ရဲတပ်ဖွဲ့တို့ လုံထိန်းတပ်ဖွဲ့ တွေကိုပါ ကိုင်ရမယ့် ပြည်ထဲရေးဝန်ကြီးကော အင်ဂျင်နီယာအရာရှိ ဗိုလ်ချုပ်သိန်းဌေးက၊ ဖြစ်နိုင်ပါသလား။ ဒါမှမဟုတ် နယ်စပ်ရေးရာ ၀န်ကြီးကော ဗိုလ်ချုပ်သိန်းဌေးက ဖြစ်နိုင်ပါသလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော့်အမြင်တော့ အများဆုံးဖြစ်နိုင်တာက ခုနက ကိုစိုင်းသိန်းဝင်း ပြောသွား သလိုပါပဲ။ ဗိုလ်ချုပ်သိန်းဌေးက ဗိုလ်ချုပ်မှူးကြီးရဲ့ အတွင်းလူဖြစ်နေပါပြီ။ သူ လျှို့ဝှက်လုပ်ထားတဲ့ ကိစ္စတွေ ပေါ့လေ၊ နျူးကလီးယားအပါအ၀င် အားလုံး ဒီ မြောက်ကိုရီးယားနဲ့ကော၊ ကျန်တဲ့ ဒီနိုင်ငံတွေနဲ့ ကောပေါ့ လေ၊ စစ်လက်နက်ပစ္စည်းနဲ့ ပတ်သက်ပြီးလုပ်ထားတဲ့ ကိစ္စတွေအားလုံးဟာ ဗိုလ်ချုပ်သိန်းဌေးက အသိဆုံး ဖြစ်နေတဲ့အတွက်ကြောင့်၊ ဗိုလ်ချုပ်သိန်းဌေးဟာ ကာကွယ်ရေးဝန်ကြီး ဖြစ်လာလိမ့်မယ်လို့၊ ကျနော်လည်း မြင်ပါတယ်။ တဘက်က ဗိုလ်ချုပ်ကိုကိုရော ဗိုလ်ချုပ်လှမင်းရောက ကျနော်နဲ့ အတူတူ စစ်တက္ကသိုလ် အောင် ဇေယျတပ်ခွဲ တပ်စု(၉)မှာ အတူတူ နေခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်ကိုကိုရော ဗိုလ်ချုပ်လှမင်းရောဟာ၊ စိတ်ရင်းစေ တနာမှန်မှန်နဲ့ တပ်မတော်အပေါ်မှာ သစ္စာရှိရှိ လုပ်ကြမယ့် လူတွေပါ။ ဒါ့ကြောင့်မို့လည်း အန္တရာယ် ရှိတယ်လို့ ယူဆတဲ့အတွက်ကြောင့် သူတို့ကို လက်နက်ကိုင်တပ်တွေ ကိုင်ခိုင်းမယ့်အစား ၀န်ကြီးဌာနကို ပို့လိုက်တာပါ။ ပြည်ထဲရေးဝန်ကြီးအနေနဲ့ကတော့ ကျနော်မြင်တာ seniority (၀ါစဉ်)အရ ပေါ့လေ၊ ဒါ ဗိုလ်ချုပ်ကိုကို ဖြစ်ဖို့ များပါတယ်။ နယ်စပ်ဝန်ကြီး ဆိုတာကတော့ ကိုလှမင်းလေးက သူတို့ ထားရာနေ စေရာသွားမယ့် ဗိုလ်ချုပ်လှ မင်းကို၊ နတလ (နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ၀န်ကြီး ဌာန) ၀န်ကြီးဆိုပြီး၊ အမြင်ပေါ့လေ၊ ဖြစ်ဖို့ များပါတယ်။ ဒါကိုလည်း ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်ချုပ်ကြီးကိုကိုနဲ့ ဗိုလ်ချုပ်လှမင်းတို့ဟာ၊ တပ်ထဲမှာ လူရိုသေ ရှင်ရိုသေ ပေါ့နော်။ သူ တို့က ဖျောင့်ဖျောင့်မှန်မှန်နဲ့ တလျှောက်လုံး လုပ်လာခဲ့တဲ့အတွက် အားလုံး ကြိုက်နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေဖြစ် တဲ့အတွက်ကြောင့်မို့၊ တပ်ထဲမှာဆက်မထားရဲတော့ပဲ၊ kick up ပေါ့နော်၊ ကန်တင်တဲ့အနေနဲ့ ၀န်ကြီးရာထူး ကို ပို့လိုက်တဲ့သဘောလည်းရှိတယ်လို့ ဗိုလ်မှူးအောင်လင်းထွဋ်က၊ မြင်တာပါလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဟုတ်ပါတယ်ခင်ဗျ၊ ကျနော် အဲဒီအတိုင်းပဲ မြင်ပါတယ်။ တပ်မတော်မှာ ဆက် ထားမယ် ဆိုရင်တော့ သူ့ကို အပြည့်အ၀ ထောက်ခံလိမ့်မယ်လို့ သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) မယုံကြည်တဲ့ အတွက်ကြောင့်မို့၊ ဒါ နယ်ဘက်ကို ပို့လိုက်တဲ့သဘောပါ။ အများအမြင်မှာတော့၊ ထင်ကြတာက ၀န်ကြီးဆိုရင် မြင့်သွားတယ်လို့ ထင်ကြပါတယ်။ ကျနော်တို့ မြန်မာပြည်မှာတော့ ပြောင်းပြန်ပါ ခင်ဗျ။ စစ်ယူနီဖောင်းဝတ်မှ ဂုဏ်သိက္ခာရှိတယ်လို့၊ အခုအချိန်ထိ ထင်ထားဆဲ ရှိပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဗိုလ်မှူးစိုင်းသိန်းဝင်းကို ကျနော်မေးချင်တာက၊ ကာကွယ်ရေးဝန်ကြီး၊ ဗိုလ်ချုပ် သိန်းဌေးများ ဖြစ်ခဲ့ပြီ ဆိုရင်၊ စစ်လက်ရုံးတပ်ကလာတဲ့လူတွေ ဒုဝန်ကြီး ဖြစ်ခဲ့စဉ်တုန်းကတော့၊ ဘယ်သူမှ ဘာမှ ပြဿနာ မရှိဘူး။ ဒါပေမယ့် ကာကွယ်ရေးဝန်ကြီးဟာ၊ အမြင်အားဖြင့်တော့ ဒီ cabinet member (အစိုးရအဖွဲ့ဝင် ၀န်ကြီး) ဆိုတော့ မြင့်နေတယ်။ ကာကွယ်ရေးဦးစီးချုပ်ထက် နိမ့်တယ် ဆိုတာ၊ ဗိုလ်မှူးတို့လို စစ်သားအချင်းချင်းပဲ သိနေတဲ့ ကိစ္စ။ အဲဒီတော့ ကာကွယ်ရေးဝန်ကြီးဆိုတာ အင်ဂျင်နီယာအရာရှိက ဖြစ်လာ ခဲ့ရင်၊ တိုက်ခိုက်ရေးတပ်တွေကကော ဘယ်လို သဘောထားတွေ ဖြစ်လာမယ်လို့၊ ဗိုလ်မှူးစိုင်းသိန်းဝင်း ထင် ပါသလဲခင်ဗျ၊ ဗိုလ်မှူးစိုင်းသိန်းဝင်းလည်း တပ်ထဲမှာ နှစ်(၂၀)နီးပါး တာဝန်ထမ်းဆောင်ခဲ့တာ ဆိုတော့၊ တော် တော်လေး နှံ့နှံ့စပ်စပ်သိနေတယ်လို့ ကျနော်တို့ မြင်ထားပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်အနေနဲ့ကတော့၊ ဗိုလ်ချုပ်သိန်းဌေးဟာ ဆက်ဆံရေးကလည်း ပြေပြစ်တဲ့ အတွက်ကြောင့်မို့လို့၊ သူ အဆင်ပြေအောင် ထိန်းနိုင်မယ်လို့တော့ ကျနော် ထင်ပါတယ်။ ကာကွယ်ရေးဝန်ကြီး နေရာ ဆိုတာလည်း၊ သိပ်စွာနိုင်တဲ့ အနေအထား မရှိဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဒါက ဗိုလ်မှူးစိုင်းသိန်းဝင်းက စစ်အင်ဂျင်နီယာတစ်ယောက်အနေနဲ့ စစ်အင်ဂျင် နီယာ အရာရှိကြီးက ကာကွယ်ရေးဝန်ကြီး ဖြစ်လာမှာဟာ၊ ဟိုဘက်ကတိုက်ခိုက်ရေးတပ်တွေက ဘယ်လိုမှ သဘောထားမှာ မဟုတ်ဘူး ဆိုတဲ့ အမြင်မျိုးရှိတယ်ပေါ့နော်။ ဗိုလ်မှူးအောင်လင်းထွဋ် အနေနဲ့ကော၊ ဘယ်လို မြင်ပါသလဲခင်ဗျ။ ဥပမာ၊ အခု ဗိုလ်ချုပ်ကြီးမြင့်အောင်အတွက် နာကျည်းနေတဲ့လူတွေ ရှိကောင်းရှိမယ်။ တခါ ထပ်ပြီး ကာကွယ်ရေးဝန်ကြီးကို လည်း ဗိုလ်ချုပ်ကြီးကိုကို ကို မပေးဘူး၊ အင်ဂျင်နီယာအရာရှိကိုပေးမယ် ဆိုရင်၊ ဗိုလ်ချုပ်လှမင်းကို (ကာကွယ်ရေးဝန်ကြီး) ပေးလိုက်တာထက်တောင်မှ၊ နာကျည်းမယ့်လူတွေများ၊ တိုက်ခိုက်ရေးတပ်ခေါင်းဆောင်တွေထဲမှာ ရှိနိုင်ပါသလား ခင်ဗျ။ အမိန့်မနာခံမှုတွေ ဘယ်လိုများ ထပ်ပြီး ဖြစ် ပေါ်လာနိုင်ပါသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီတော့ ကာကွယ်ရေးဝန်ကြီးရာထူး ဗိုလ်ချုပ်သိန်းဌေးကို ပေးမယ်ဆိုရင် လည်း၊ ရင်ထဲမှာပဲ ကြိတ်ပြီးတော့မှ မကျေနပ်ကောင်း မကျေနပ် ဖြစ်နေကြပါလိမ့်မယ်။ ဒါပေမယ့် ကျနော် သိသလောက် ကာကွယ်ရေးဝန်ကြီးဟာ၊ အထူးသဖြင့်တော့၊ ကိုစိုင်းသိန်းဝင်း ပြောသလိုပေါ့လေ၊ budget ပေါ့၊ မြန်မာပြည်ရဲ့ budget တ၀က်လောက်ကို၊ သူက ကိုင်သုံးရမှာဖြစ်တဲ့အတွက်ကြောင့် ငွေရေးကြေးရေး ပိုင်းဆိုင်ရာမှာတော့ ဗိုလ်ချုပ်မှူးကြီးစိတ်ကြိုက် ခိုင်းမယ့် သူပါ။ ငွေးရေးကြေးရေးပိုင်းနဲ့ ပတ်သတ်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်လုပ်တဲ့ လူက၊ ကာကွယ်ရေးဝန်ကြီးကို၊ မလွှမ်းမိုးနိုင်အောင်ပေါ့ ဗျာ။ ဗိုလ်ချုပ်မှူးကြီးရဲ့ ပေါ်လစီအရ double check (နှစ်ဘက်ခွ ထောက်ထားတဲ့ အလုပ်) လုပ်ထားတဲ့ အနေအထားမျိုးဖြစ်မယ်လို့၊ ကျနော် မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာနိုင်တဲ့ ဗိုလ်ချုပ်သိန်းဌေးဟာ၊ ဗိုလ်ချုပ် မှူးကြီး စိတ်ကြိုက်သုံးစွဲနေတဲ့ ကာကွယ်ရေးစားရိတ်ကိစ္စတွေမှာ၊ သူလည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေ တာဆိုတော့၊ အခု ဒီလူဒီပုဂ္ဂိုလ်နဲ့ပဲ ရှေ့ဆက်သွားတဲ့သဘောမျိုးလို့ ကျနော်တို့ မြင်ကြည့်လို့ ရပါသလား။ ဗိုလ်မှူးစိုင်းသိန်းဝင်း ဘယ်လို မြင်ပါသလဲ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဓိက က၊ ကျနော်တို့ တပ်တွေမှာ ဗျာ၊ တပ်တတပ်မှာ RF 1 ၊ RF 2 ဆို ပြီးတော့မှ ထားကြတာရှိတယ်။ Regiment Fund (တရားဝင် budget အရ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေး အပ်သော အစိုးရပိုင်ငွေ) ပေါ့။ တပ်ရင်းရန်ပုံငွေ ဆိုတာ။ အဲဒီလိုပဲ တပ်မတော်ကြီး တခုလုံးမှာလည်း ရန်ပုံငွေ စာရင်းနှစ်ခု ရှိလိမ့်မယ်လို့၊ ကျနော် ယုံကြည်ပါတယ်။ ဥပမာ တခု ကျနော် ပြောရရင်၊ တပ်ရင်းတွေမှာ လို အပ်တဲ့ ထောက်ပံ့ စားရိတ် ကို တရားဝင်ပေးနေတာက၊ ကျပ် တစ်သောင်းလောက်ပဲ ရှိတယ်။ ဆိုတော့၊ အဲဒီ ငွေက A4 စာရွက်ထုပ် နှစ်ထုပ် လောက်ဝယ်လိုက်ရင်၊ ကုန်သွားပြီ။ အဲဒီ ရုံးသုံးစာရွက်တွေ ၀ယ်တာနဲ့တင် ကို၊ အစိုးရက တရားဝင်ထောက်ပံ့ထားတဲ့ ငွေက ဘယ်လိုမှ မလောက်ဘူး။ အဲဒီမှာ၊ လိုတဲ့ ပိုက်ဆံတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖြည့်ရတာတွေ ရှိတယ်။ အဲဒီမှာ ကျနော်တို့က ငွေကို တရားမ၀င်ရှာရတာ ရှိတယ်။ ပြီးတော့ တရားမ၀င် သုံးရတာရှိတယ်။ အဲဒီမှာ ရငွေသုံးငွေဆိုတဲ့ စာရင်းတွေက အစစ်အမှန်က တစ်ခု၊ အတု က တစ်ခု၊ ဖြစ်နေတယ်။ အတုက ဘာလဲဆိုတော့ format (ပုံစံဇယား အသေချထားချက်) အရ လုပ်ရတဲ့ပုံစံ မျိုး။ တပ်မတော်က (အစိုးရဆီကငွေနဲ့) တရားဝင်ထောက်ပံ့တဲ့ စားရိတ်အရ လုပ်ထားတဲ့ စာရင်းက၊ အတုဖြစ် နေတယ်။ တကယ့်တကယ် on ground (လက်တွေ့အနေအထား) မှာ၊ (တရားမ၀င် ရှာထားသောငွေများနှင့်) သုံးနေတာကျတော့၊ အစစ်ပေါ့။ အဲဒီလိုမျိုး စာရင်းနှစ်ခု ထားရတာ ရှိတယ်။ ဒါ ကျနော် ဥပမာတစ်ခုကို ပြော ပြတာပါ။ တပ်မတော်ကြီးတစ်ခုလုံးမှာလည်း၊ အဲဒီလို စာရင်းတွေ နှစ်မျိုး၊ ရှိပါလိမ့်မယ်။ အဲဒါက သူ(ဗိုလ်ချုပ် မှူးကြီးသန်းရွှေ) တောက်လျှောက်သုံးလာခဲ့တဲ့ ဗိုလ်ချုပ်သိန်းဌေးကို၊ ဆက်သုံးရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ ဗိုလ်မှူးဟောင်းအောင်လင်းထွဋ် နှင့် ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း တို့ကို ဆက်သွယ်မေးမြန်းပြီး ဒီအစီအစဉ်ကို တင်ဆက်ခဲ့တာပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG