သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပစောင့်ကြည့်သူနှင့် မီဒီယာတွေ မဲရုံနားကပ်ခွင့်မရ


နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊(VOA-မြန်မာ)
နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊(VOA-မြန်မာ)

ဧပြီလ ၁ ရက်နေ့ လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပဖို့ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ရမယ်ဆိုတာကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒီကနေ့ ထပ်မံ အာမခံလိုက်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာ လေ့လာအကဲခတ်ရေးအဖွဲ့တွေကတော့ - ဒီကြားဖြတ် ရွေးကောက်ပွဲကို လေ့လာရမယ့်နေရာမှာ အကန့်အသတ်တွေ ရှိနေတဲ့အတွက် တကယ်တမ်း လွတ်လပ် ပွင့်လင်းပြီး တရားမျှတပါ့မလားဆိုတာ စိုးရိမ်စိတ် ရှိနေကြပုံ ပေါ်ပါတယ်။

ဒီကနေ့ မြန်မာအစိုးရ နိုင်ငံခြားရေးရုံးမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံတကာလေ့လာရေး အကဲခတ်အဖွဲ့တွေကို ရှင်းလင်းပြောကြားတဲ့ပွဲမှာ ဒီကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အဓိက ဘာတွေ ရှင်းလင်းခဲ့သလဲဆိုတာကို ရန်ကုန်မှာ ရောက်နေပြီး ဒီရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံပြောပြထားပါတယ်။

ကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ခင်ဗျား။ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရှင်းလင်းသွားတာ ကတော့ ကျနော်တို့ သတင်းမီဒီယာသမားတွေကို ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေနဲ့ အတော်လေးကို ဆင်တူပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကို ဘယ်လို လေ့လာစောင့်ကြည့်လို့ ရတယ်၊ ဘာတွေအကန့်အသတ်ရှိတယ်၊ ဘာတွေလုပ်ခွင့်ရှိတယ် စသည်အားဖြင့် တော်တော်လေးတော့ ပြည့်ပြည့်စုံစုံ သူပြောသွားပါတယ်။ သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ် သွားနိုင်တယ် အတားအဆီး အကန့်အသတ် မရှိဘူး။ ကျနော်တို့ တီဗွီ ရုပ်မြင်သံကြားပေါ့လေ ရိုက်လို့ရတယ်။ သတင်းပို့လို့ရတယ်။ အဲဒါတွေကို သူပြောပါတယ်။

တကယ်လို့ လေ့လာစောင့်ကြည့်သူတွေက အကူအညီတောင်းမယ်ဆိုရင်လည်း နိုင်ငံခြားရေး ဝန်ကြီး ဋ္ဌာနက အပြည့်အ၀ အကူအညီပေးမယ်လို့ သူပြောပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ ကန့်သတ်ချက်တွေကို သူဖတ်ပြပါတယ်။ တခါ ဒီလေ့လာစောင့်ကြည့်သူတွေအတွက် Code of Contents လို့ခေါ်တဲ့ စာအုပ်ငယ်ကိုလည်း ဝေတာကို တွေ့ရပါတယ်ခင်ဗျ။

နန္ဒာချမ်း။ ။ ဒါဆိုရင် ဒီနိုင်ငံတကာကနေ ရောက်ရှိနေတဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့တွေကရော အဓိက စိုးရိမ်မှု ဘာတွေရှိသလဲရှင့်၊ ဘာဖြစ်မလဲရှင့်။

ကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ နိုင်ငံခြားရေး ဝန်ကြီး ရှင်းလင်းအပြီးမှာ သူက လေ့လာစောင့်ကြည့်သူတွေကို မေးခွန်းမေးခွင့်ပေးပါတယ်။ မီဒီယာသမားတွေကိုတော့ မေးခွန်းမေးခွင့် မပြုပါဘူး။ ဆိုတော့- လေ့လာစောင့်ကြည့်သူတွေ မေးတဲ့ အထဲမှာ သူတို့ မေးခွန်းတွေ အပေါ်မှာ ကျနော် ခန့်မှန်းကြည့်ရသလောက်ကတော့ အဓိက စိုးရိမ်နေကြပုံရတဲ့ အချက်က ဒီရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲရုံတွေ မဖွင့်ခင်- မဲပေးတဲ့ အချိန်၊ မဲပေးပြီးလို့ မဲတွေရေတွက်တဲ့အချိန်- အဲဒီ တချိန်လုံးမှာ လေ့လာစောင့်ကြည့်သူတွေရော မီဒီယာ သမားတွေရော မဲရုံအတွင်းကို ဝင်ပြီး လေ့လာလို့ မရဘူး၊ သတင်းယူလို့ မရဘူး။ မဲရုံအပြင် ကိုက် ၅၀၀ အကွာကနေပဲ ကျနော်တို့ သတင်းယူလို့ ရမယ်၊ လေ့လာလို့ ရမယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။

အဓိက ကတော့ လေ့လာစောင့်ကြည့်သူတွေ အနေနဲ့က မဲရုံထဲကို ဝင်ပြီးတော့ သူတို့ လေ့လာခွင့် မရဘူးဆိုရင် မဲပုံးတွေ သေသေချာချာ ပိတ်ထားသလား၊ မဲပုံးတွေက အလွတ်တွေ ဖြစ်ရဲ့လား၊ အထဲမှာ မဲတွေ ရှိနေလား စသည်အားဖြင့် စစ်ခွင့်မရှိဘူး။ မဲရေတွက်တဲ့ အခါမှာလည်းပဲ သူတို့ မဲရေတွက်တာကို ဝင်ကြည့်ခွင့်မရှိဘူးဆိုရင် ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတော့ ပွင့်လင်းမြင်သာတဲ့၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလား။ ဖြစ်လာနိုင်ဖို့အတွက်က အဲဒီလို ကန့်သတ်ချက်က ဘယ်လောက်ထိ အတားအဆီး ရှိနေသလဲ ဆိုတဲ့အပေါ်မှာတော့ အဓိက စိုးရိမ်ချက် ဖြစ်ပုံရပါတယ် ခင်ဗျ။

နန္ဒာချမ်း။ ။ ဟုတ်ကဲ့ရှင့်။ ဒါဆိုရင် လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ပေါ့လေ လက်ရှိ အခြေအနေက ဘယ်လောက်အထိ စိုးရိမ်စရာ ဖြစ်နေတယ်လို့ တခြား ပြည်တွင်းမှာ ရှိနေတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကရော ပြောလဲရှင့်။

ကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့၊ ပြောတာရှိပါတယ်။ ကျနော် ဒီကနေ့ ညနေပိုင်းမှာပဲ ဒီ ရန်ကုန်မြို့က ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ရဲ့ ရုံးခန်းကို ရောက်ပြီးတော့ သူတို့အဖွဲ့က သီးခြား လွတ်လပ်တဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးကွန်ယက်ဖွဲ့ပြီးတော့ ဒီမဲဆန္ဒနယ် အသီးသီးမှာ လေ့လာစောင့်ကြည့်တာတွေ လုပ်ပါတယ်။ အဲဒီကနေ သတင်းအချက်အလက်တွေ စုဆောင်းပြီးတော့ ဒါတွေကို စာရင်းပြုစုမယ်။ ပြီးတဲ့အခါကျရင် ဒီရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဆီကိုလည်း သူတို့ ရထားသလောက် အချက်အလက်တွေနဲ့ သူတို့ ပေးပို့မယ် စသည်အားဖြင့် သူတို့ ပြောပါတယ်။ ကျနော် ဒီအဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကိုကြီးကို ကိုယ်တိုင် တွေ့ဆုံပြီးတော့ မေးတဲ့အခါမှာ ခုန ပြောတဲ့ကန့်သတ်ချက်ပေါ့နော်- မဲရုံအတွင်းကို ဝင်ပြီးတော့ လေ့လာခွင့်မရတဲ့ ကန့်သတ်ချက်က လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ဘယ်လောက်အထိ စိုးရိမ်စရာကောင်းလဲ-ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကိုကိုကြီးက ကျနော့်ကို အခုလို ပြောပြပါတယ် ခင်ဗျ။

ကိုကိုကြီး ။ ။"နိုင်ငံတကာ စောင့်ကြည့်သူတွေကို ခွင့်ပြုတယ်ဆိုတဲ့အခါမှာ ဟို “ပေးကားပေး၏ မရ" တော့- မဖြစ်သင့်ဘူး။ တကယ်ကို သူတို့က သေသေချာချာပေါ့လေ- အချက်အလက်တွေကို ရှာဖွေ စုဆောင်းနိုင်တဲ့ အခွင့်အလမ်းမျိုး၊ လေ့လာနိုင်တဲ့ အခွင့်အလမ်းမျိုးတော့ ပေးသင့်တယ်လို့ ကျနော် မြင်တယ်လေ။ အခု ခွင့်ပြုတဲ့အချိန် ကိုယ်နှိုက်က ပြောရရင် အရမ်းကို နည်းလွန်းတယ်။ တကယ့် တကယ်က ရွေးကောက်ပွဲ အကြိုကာလ လေ့လာဖို့ဆိုရင် တလလောက် ကျနော်တို့ အနည်းဆုံး အချိန်ယူဖို့ လိုတယ်။ အခုဟာ ကျနော်တို့ဟာ မဲစာရင်းထဲမှာ ထည့်သွင်းထားတဲ့ လူအရေအတွက်တွေ ကိုယ်နှိုက်က ကျနော်တို့ အငြင်းပွားစရာ အများကြီး ရှိနေတာ။ ဆိုတော့- အခု ရွေးကောက်ပွဲစောင့်ကြည့်ဖို့ အတွက် နိုင်ငံတကာက လေ့လာသူတွေကို ခွင့်ပြုတယ်ဆိုရင်လည်းပဲ သူတို့အနေနဲ့ ဒါ နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီပေါ့လေ- လွတ်လွတ်လပ်လပ် လေ့လာစောင့်ကြည့်သင့်တဲ့ အခွင့်အလမ်းတွေတော့ ရသင့်တယ်လို့ ကျနော် မြင်တယ်လေ။

ကျော်ကျော်သိန်း။ ။ အဲဒါကတော့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကိုကြီးပါ။ သူတို့က အချက်အလက်တွေ စုဆောင်းတဲ့နေရာမှာ အခုချိန်ထိ သူတို့ဆီကို မဲဆန္ဒနယ် အသီး သီးကနေ အချက်အလက်တွေ ဝင်နေပါတယ်။ အဲဒါတွေကို သူတို့ ပြုစုနေပါတယ်။ အဲဒီ သိထားပြီးသမျှ အချက်အလက်တွေကနေပြီးတော့ အခု ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေဟာ ဘယ်လိုမျိုးပုံစံကို ဦးတည်နေသလဲ ဆိုတဲ့ မေးခွန်းပေါ်မှာတော့ ကိုကိုကြီးက အခုလိုမျိုး ဖြေပါတယ် ခင်ဗျ။

ကိုကိုကြီး။ ။ ကျနော်တို့ဆီကို တဦးချင်းကရော အစုအဖွဲ့အလိုက်ရော မဲဆန္ဒနယ်တွေကနေ လှမ်းပို့တဲ့ သတင်း အချက်အလက်တွေ ရှိတယ်။ ဆိုတော့ ကျနော်တို့ အဲဒီ သတင်းအချက်အလက်တွေကို စုဆောင်း ပြီးတော့ ကျနော်တို့ ဒီ မနက်ဖြန်ဆိုရင်ပဲ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဆီကို ကျနော်တို့ရဲ့ သဘော ထားတွေပေါ့လေ ပေးပို့ဖို့ အစီအစဉ်ရှိတယ်။ လောလောဆယ်မှာတော့ ချို့ယွင်းချက်တွေ တွေ့နေတာတော့ အများကြီးပဲ။

သို့သော် ဒါတွေအားလုံးကို ကျနော်တို့က တရားဝင် အစီရင်ခံစာ ထုတ်တဲ့အခါကျတော့ ကျနော်တို့ လိုအပ်တာတွေ ထောက်ပြပြီးတော့ ကျနော်တို့ တင်ပြဆွေးနွေးသွားဖို့ ရှိပါတယ်။

ကျော်ကျော်သိန်း။ ။ အဲဒါကတော့ ရန်ကုန်မြို့မှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးကို ကျနော် တွေ့ဆုံမေးမြန်းခဲ့တာပါ။ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ၂ ရက်ပဲ လိုတော့တဲ့ အချိန်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲဆွယ်စည်းရုံး ဆိုင်ရာပြဿနာတွေ၊ မဲဆန္ဒရှင် စာရင်းဆိုင်ရာ ပြဿနာတွေ- ဒါတွေကတော့ အခုချိန်ထိ ကျနော်တို့ ကြားနေရတုန်းပါပဲ။ မနက်ဖြန်မှာလည်းပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်း အတွင်းမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သတင်းစာ ရှင်းလင်းပွဲတခု လုပ်ဖို့ရှိတယ်လို့ ကျနော်တို့ သိထားရပါတယ် ခင်ဗျာ။

XS
SM
MD
LG