သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်သုံးရပ် ကော်မတီ၊ ကော်မရှင်တွေ ပြည်ထောင်စုအဆင့် မရှိ


(AP Photo/Khin Maung Win)
(AP Photo/Khin Maung Win)

မြန်မာနိုင်ငံထဲက လွှတ်တော်သုံးရပ်စလုံးမှာ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မရှိဘူးလို့ ဖွဲ့စည်းပုံအခြေခံဆိုင်ရာဥပဒေခုံရုံ က မတ်လ (၂၈) ရက်နေ့မှာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ ဒီ ကော်မတီတွေနဲ့ ကော်မရှင်တွေကို အခုလို ပြည်ထောင်စုအဆင့်မရှိဘူးဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် လွှတ်တော်ရေးရာလုပ်ငန်းတွေမှာ အခက်အခဲ တချို့ရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

လွှတ်တော်သုံးရပ်စလုံးမှာ ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့ကော်မရှင်တွေဟာ လွှတ်တော်ရဲ့ ကော်မတီ၊ ကော်မရှင်အဖွဲ့တွေသာဖြစ်ပြီး ဖွဲစည်းပုံအခြေခံဥပဒေ ပြဌာန်းချက်နဲ့ ညီညွတ်ခြင်းမရှိလို့ ပြည်ထောင်စုအဆင့်ရှိတဲ့ အဖွဲ့တွေမဟုတ်ဘူးလို့ မတ်လ (၂၈) ရက်နေ့ မနက်မှာ ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ နိုင်ငံတော်သမ္မတရုံး ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဖွဲ့စည်းပုံခုံရုံးကို စစ်ဆေးပေးဖို့ တင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရေးရာကော်မတီတွေ၊ ကော်မရှင်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်နဲ့အညီ ဖွဲ့ထားတာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“ပြည်ထောင်စုအဆင့် ဟုတ်မဟုတ်ဆိုတဲ့ ပြဿနာဟာ ဘာနဲ့ဆိုင်လဲဆိုရင် ဖွဲ့စည်းပြီးသားဖွဲ့စည်းပုံမှာ ပါတာ ရှိပါတယ်။ အကုန်လုံးက ပြည်ထောင်စုအဆင့်လို့ သတ်မှတ်ထားခဲ့ပါတယ်။ ဖွ့ဲစည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေအကုန်လုံးဟာ ပြည်ထောင်စုအဆင့်လို့ သတ်မှတ် ခဲ့ပါတယ်။ အဲဒီ ဥပဒေဟာလည်း ပြဌာန်းထားပြီးသားမို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သုံးခုမှာ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေဟာ ပြည်ထောင်စုအဆင့်ဆိုတဲ့ ဝေါဟာရကို သုံးကြပါတယ်။ အဲဒီမှာ အစိုးရအဖွဲ့ကနေ ပြည်ထောင်စုအဆင့်ဆိုတာ-ဘာလဲလို့- တင်တဲ့အခါမှာ အခုလို ဒီအမည်နဲ့ ပတ်သက်လို့ အငြင်းအခုန်လေးတွေကို ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက အဆုံးအဖြတ်ပေးတဲ့အခါမှာ လွှတ်တော်မှာဖွဲ့စည်းတဲ့ ရေးရာကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ သူတို့က သုံးသပ်ချက်ပေးတာ ဖြစ်ပါတယ်။”

အထူးသဖြင့်ကတော့ နိုင်ငံတော်သမ္မတက တိုက်ရိုက်ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတွေကလွဲလို့ ကျန်တဲ့ အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ သတ်မှတ်လိုက်တဲ့ ဆုံးဖြတ်ချက် တခု ဖြစ်တယ်လို့လည်း ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်အဖွဲ့ထဲက ဥပဒေပညာရှင် ဦသန်းမောင်က ပြောပါတယ်။

“နိုင်ငံတော်သမ္မတရဲ့ အစိုးရအဖွဲ့ကနေ ဥပဒေအရ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကလွဲလို့ ကျန်တာတွေက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမဟုတ်ဘူးလို့ အဓိပ္ပာယ်ကောက်လိုက်တဲ့ သဘောပေါ့။ ဒါပေမဲ့ ကျနော်တို့ရဲ့ လွှတ်တော်ပိုင်းနဲ့ဆိုင်တဲ့ တာဝန်တွေကတော့ ပြည်ထောင်စု အဆင့် အဖွ့ဲအစည်းလို့ သတ်မှတ်သည်ဖြစ်စေ၊ မသတ်မှတ်သည်ဖြစ်စေ- ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေရေးရာအလုပ်တွေ၊ လိုအပ်ရင် အရေးပေါ်ကိစ္စတွေ၊ ထူးခြားတဲ့ကိစ္စတွေ၊ ဒါတွေကိုတော့ ကျနော်တို့က ဆက်လက်ဆောင်ရွက်သွားမှာပေါ့နော်။

အမှန်ပြောမယ်၊ အခြေခံဥပဒေကနေ ပေးထားတဲ့ ပုဒ်မတွေအရ ကျနော်တို့က ဖွဲစည်းလာကြတာ ပေါ့နော်။ ဒါတွေကလည်း ရှင်းရှင်းပြောရရင် လွှတ်တော်ရဲ့ များပြားလှတဲ့တာဝန်တွေကို တတ်သိနားလည်တဲ့ သူတွေကို ဖိတ်ခေါ်ထည့်သွင်းပြီးတော့ လုပ်ကြရတယ်၊ ရှိသမျှ အင်အားတွေနဲ့ ဝိုင်းပြီးတွန်းရတဲ့ စံနစ်တခုကို ဖော်ဆောင်နေရတာ။ အဲဒီတော့ လက်တွေ့လုပ်ရတဲ့ နေရာမှာ အခက်အခဲလေးတွေတော့ တွေ့လာကြရပါတယ်။”

ဒါကတော့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်ထဲက ဥပဒေပညာရှင် ဦးသန်းမောင် ပြောပြခဲ့တာပါရှင်။

အခုလို ဒီကော်မတီတွေနဲ့ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် မရှိဘူးတော့ဘူးလို့ သတ်မှတ်လိုက်တဲ့ အတွက် အစိုးရလုပ်ငန်းတွေကို စောင့်ကြပ်တည့်မတ်ပေးရေးကိစ္စတွေမှာ အစိုးရဘက်က အဆင့်မတူဘူး ဆိုပြီး ကန့်သတ်ချက်တွေ ရှိလာနိုင်သလို ကော်မတီတွေရဲ့ လုပ်ငန်းတွေကိုလည်း အစိုးရက ထိန်းချုပ်ချင်တဲ့ သဘောကြောင့် ဖြစ်နိုင်တယ်လို့လည်း ဒေါက်တာအေးမောင်က သုံးသပ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ဥပဒေအရ အတည်ဖြစ်ပြီး ပြန်လည် တင်သွင်းခွင့်လည်း မရှိတော့ပါဘူး။ ဒါပေမဲ့ ဒေါက်တာအေးမောင်ကတော့ ဒီလို ဆုံးဖြတ်ချက်တွေကြောင့် ကိုယ်စားလှယ်တွေရော ပြည်သူလူထု အားလုံးဟာ ဖွဲ့စည်းပုံအခြေခံနဲ့အတူ တည်ဆဲ ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ လိုနေပြီလို့လည်း ဒေါက်တာအေးမောင်က မြင်ပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကဏ္ဍတွေကို ထိန်းချုပ်ချင်တဲ့သဘောလည်း ဖြစ်လာနိုင်ပါတယ်။ ခုနလို ကော်မတီတွေရဲ့လုပ်ငန်းအပေါ်မှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေက ငြင်းဆိုခွင့် ရှိနိုင်အောင်လည်းပဲ ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။ ဆိုတော့ ဒါတွေရဲ့အကျိုးဆက်တွေက တော့ဖြင့် ကျနော်ထင်ပါတယ်။ ကျနော်တို့ခန့်မှန်းမရတဲ့အထိကို ဖြစ်သွားနိုင်ပါတယ်။

ပြည်ထောင်စုအဆင့်မရှိဘူးဆိုရင် ပထမဆုံးအဆင့်က ချိုးနှိမ်လိုက်တာပေါ့။ ဂုဏ်သိက္ခာအားဖြင့် ဥပမာအားဖြင့် လွှတ်တော်က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဟာ ပြည်ထောင်စုအဆင့် မဟုတ်တော့ဘူးလို့ ချိုးနှိမ်တဲ့သဘော ဖြစ်သွားတာပေါ့။ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်က တည့်မတ်ပေးဖို့ ကြိုးစားရမှာဗျ။ ကျနော်တို့ ပြည်သူ့ကိုယ်စားလေ၊ မည်သူ့မျက်နှာမှ မထောက်နိုင်ဘူး။ ကျနော်တို့ဟာဖွဲ့စည်းပုံအခြေခံရဲ့ ပုဒ်မတခုချင်းကို ပြန်လည် စိစစ်ဖို့ လိုရင် စိစစ်ရမှာပဲ။ အဲဒီလိုပဲ တည်ဆဲဥပဒေတွေအပေါ်မှာလည်း ပြန်လုပ်ကြရမှာပဲ။ ပြည်သူကို အကျိူးပြုတယ်ဆိုရင် ဆက်တည်မြဲရမှာပေါ့နော်။ အကျိူးမပြုဘူးဆိုတဲ့ ပုဒ်မတခုချင်း၊ ကဏ္ဍတခုချင်းကို ပြန်သုံးသပ်ဖို့ လိုပါလိမ့်မယ်။”

ပြည်သူ့လွှတ်တော်မှာ ရေးရာကော်မတီ (၂၄) ခုနဲ့ ကော်မရှင်တခု ဖွဲ့ထားတာရှိပြီး အမျိုးသား လွှတ်တော်မှာ ရေးရာကော်မတီ (၁၅) ခုနဲ့ ကော်မရှင်တစ်ခု ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော် မှာတော့ ပူးပေါင်းကော်မတီဆိုပြီး ပြန်လည်ဖွဲ့စည်းထားတာတွေ ရှိပါတယ်။ အခု လွှတ်တော်တွေ ရပ်နားထားတယ်ဆိုပေမယ့် ဧပြီလကုန်ပိုင်းပြန်စတဲ့အခါ ဒီပြည်ထောင်စုအဆင့်ရှိ မရှိဆိုတဲ့ သတ်မှတ်ချက်ကိစ္စကို ပြန်လည် ဆွေးနွေးတင်ပြလာတာတွေရှိမယ်လ့ိုလည်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

XS
SM
MD
LG