သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားတွေနဲ့ တန်းတူဆက်ဆံရေးမူ ဦးသိန်းစိန်လက်တွေ့ကျင့်သုံး


သမ္မတဦးသိန်းစိန် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံနုတ်ဆက်စဉ်။ နေပြည်တော်၊ ဧပြီလ ၇ ရက်၊ ၂၀၁၂ ။
သမ္မတဦးသိန်းစိန် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံနုတ်ဆက်စဉ်။ နေပြည်တော်၊ ဧပြီလ ၇ ရက်၊ ၂၀၁၂ ။

လက်ရှိ မြန်မာအစိုးရဟာ တိုင်းရင်းသားတွေနဲ့ တန်းတူရည်တူ ဆက်ဆံရမယ် ဆိုတဲ့အချက်အပေါ် အခြေခံပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နေ တာကို တွေ့ရှိရတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး က ဒီကနေ့ ပြောလိုက်ပါတယ်။ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန် နဲ့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီးတဲ့နောက်ပိုင်းမှာ KNU တာဝန်ရှိသူတစ်ဦးက ပြောလိုက်တာပါ။ ဒါ့အပြင် တိုင်းရင်း သားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရဖို့ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြောဆိုချက်တွေနဲ့ ဆောင်ရွက်ချက် တွေဟာ တထပ်တည်းကျ တာကို တွေ့ရှိရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာခဲ့ပြီး ၁ နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်တဲ့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ သမ္မတ ဦးသိန်းစိန် တို့ စနေနေ့ မနက်က နေပြည်တော်မှာ တွေဆုံခဲ့ကြတာပါ။ ဒီတွေ့ဆုံမှုအတွင်း သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှုအပေါ် ကြိုဆိုတဲ့အကြောင်းနဲ့ တိုင်းရင်းသားတွေနဲ့ တန်းတူရည်တူ ဆက်ဆံပြီး ထာဝရငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းနေတဲ့အကြောင်းကို KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ရှင်းပြခဲ့တယ်လို့ KNU ကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ စောသာဒိုမူး က ပြောပြပါတယ်။

“ဆွေးနွေးသွားတဲ့အထဲမှာ ကျနော်တို့ နာလည်လိုက်တာက သူက တိုင်းရင်းသားတွေရဲ့ အပေါ်မှာ တန်းတူရည်တူ ဆက်ဆံရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖြစ်စေချင်တယ် ဆိုတဲ့ဟာကို ကျနော်တို့ တွေ့ရပါတယ်။ နောက်ပြီးတော့ ဒီ ငြိမ်းချမ်းရေး မရဘူးဆိုရင် ကျနော်တို့နိုင်ငံက ဘယ်လိုနည်းနဲ့မှ တိုးတက်ဖို့ဆိုတာ အများကြီးကို နှောင့်နှေးပြီးတော့ အခက်အခဲတွေ အများကြီး ကြုံရမယ်ဆိုတာလည်း သူ သဘောပေါက်ပါတယ်။ အဲဒါကြောင့် ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အပစ်အခတ် ရပ်စဲရေးကနေပြီးတော့ တခါတည်း ငြိမ်းချမ်းရေး ရတဲ့အထိ သွားဖို့ဆိုတဲ့ဟာကိုလည်း သူ သံန္နိဌာန်ချပြီး လုပ်သွားမယ်ဆိုတာကို သိရတဲ့အတွက် ကျနော်တို့ဘက်ကလည်း အလားတူပဲ တုံ့ပြန်ခဲ့ပါတယ်ခင်ဗျ။”

သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရှင်းလင်းချက်တွေနဲ့ပတ်သက်ပြီးတော့ သမ္မတကြီးဟာ တိုင်းပြည်အကျိုးကို လိုလားတယ်ဆိုတာ လက်ခံလို့ရပြီး သူ့ရဲ့ ပြောဆိုချက်တွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေဟာ ကိုက်ညီမှု ရှိတာကိုလည်း တွေ့ရတယ်လို့ KNU က အခုလို မှတ်ချက်ချခဲ့ပါတယ်။

“သမ္မတကြီးရဲ့ ပြောဆိုချက်တွေ၊ သူ့ရဲ့ ရှင်းလင်းချက်တွေက တကယ်ပဲ ဘာခေါ်မလဲ စစ်မှန် ရိုးသားတယ်၊ တကယ့်ကို လိုလိုလားလားနဲ့ တိုင်းပြည်အပေါ်မှာ စေတနာကောင်း ထားတယ်ဆိုတာကောင်း ထားတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ကျနော်တို့ လက်ခံပါတယ်၊ သူပြောထားတဲ့အဆင့်နဲ့ ဒီနေ့ ကြုံတွေ့နေရတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အနေအထားအရ ကတော့ သူပြောတာနဲ့ကတော့ တထက်တည်း ဖြစ်နေပါတယ်။ မနေ့ကလည်း ကျနော်တို့ရဲ့ ဆွေးနွေးပွဲတွေဟာ အများကြီးကို ပွင့်လင်းတယ်၊ မြင်သာတယ်၊ နောက်ပြီးတော့ တန်းတူရှိတယ်ဆိုတာကိုလည်း သမ္မတကြီးကို ကျနော် တင်ပြခဲ့ပါတယ်။ ဒါတွေက လုံး၀ တန်းတူဖြစ်တယ် ဆိုတဲ့အကြောင်းပေါ့နော်။”

KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် နဲ့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၆ ရက် သောကြာနေ့က မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး ငြိမ်းချမ်းရေးမှာ အဓိက ကျတဲ့ အချက် ၆ ချက်နဲ့ပတ်သက်ပြီး မှတ်တမ်းတင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ ဒီအချက်တွေထဲမှာ ကြောက်ရွံ့ မှုကင်းတဲ့ ပြည်သူလူထုရဲ့ ဘဝကို ဖန်တီးပေးဖို့နဲ့ လူထုကို အကျိုးရှိစေမယ့် ငြိမ်းချမ်းရေးမျိုးကို ဆက်လက် အကောင်အထည် ဖော်သွားဖို့တွေ ပါဝင်ပါတယ်။

အခုလို မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ KNU အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် KNU အနေနဲ့ အားရကျေနပ်မှု ရှိပြီး နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်းမှာ ပထမဆုံးအကြိမ် တန်းတူရည်တူ ဆွေးနွေးပြောဆိုတာမျိုးကို တွေ့ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့လည်း စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ရဖို့ကတော့ အဆင့်တွေ ကျန်သေးတယ်လို့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် စောသာဒိုမူး က ပြောပါတယ်။

“ငြိမ်းချမ်းရေး လို့တော့ ကျနော်တို့ မပြောချင်ပါဘူး။ ငြိမ်းချမ်းရေး ဆိုတာ အဆင့်တိုင်း တဆင့်စီ လှမ်းသွားဖို့လိုပါတယ်။ ကျနော်တို့ ငြိမ်းချမ်းတယ် ဆိုတာကတော့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကွာလိမ့်မယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ကတော့ တဆင့်ချင်းတဆင့်ချင်းနဲ့ လူထုတွေရဲ့ ပြဿနာတွေ ဖြေရှင်းရမယ်၊ တဘက်နဲ့တဘက် ရန်လိုတဲ့ အပြုအမူတွေ လျော့ပါးသွားမယ်။ နောက်ဆုံး တိုက်ခိုက်မှုတွေ လုံး၀ ရပ်သွားမယ်။ အဲဒါတွေကို တဆင့်စီ ကျနော်တို့ သွားဖို့ရှိပါတယ်။ ကျနော်တို့ ဒီလိုအဆင့်မျိုး တခါမှ မရောက်ဖူးတော့လည်း ကျနော်တို့ ဘယ်အဆင့်မှန်းတော့ ခန့်မှန်းလို့ မတတ်ဘူးပေါ့နော်။ တန်းတူရည်တူနဲ့ ဆွေးနွေးပိုင်ခွင့်သာ ကျနော်တို့ ၆၃ နှစ်မှာ ဒီတခါပဲ ရဖူးသေးတာကိုး။”

KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင် စောသာဒိုမူး ဖြစ်ပါတယ်။ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ညနေပိုင်းမှာ ရန်ကုန်ကို ပြန်လည် ထွက်ခွာခဲ့ကြပြီး တနင်္ဂနွေနေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထား သလို ရန်ကုန်မှာရှိတဲ့ ကရင်အသိုင်းအဝိုင်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် တနင်္လာနေ့မှာတော့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာရှိတဲ့ IDP ကရင်ဒုက္ခသည် ၂ ထောင်ကျော်ရဲ့ အခြေအနေတွေကိုလည်း သွားရောက် လေ့လာကြမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က အရာရှိတွေနဲ့ အင်္ဂါနေ့မနက်ပိုင်းမှာ ဆက်လက် တွေ့ဆုံဖို့ရှိပြီး အဲ့ဒီဒေသတွင်းမှာရှိတဲ့ အစိုးရတပ်တွေနဲ့ KNLA တပ်တွေရဲ့ လှုပ်ရှားမှု အခြေအနေတွေ အကြောင်း ဆွေးနွေး ပြောဆိုကြဖို့ရှိတယ်လို့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် စောသာဒိုမူး က ရှင်းပြခဲ့ပါတယ်။

KNU အဖွဲ့ဟာ မြန်မာအစိုးရ အဆက်ဆက်ကို ၆၃ နှစ်ကြာ တော်လှန်လာခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကပဲ ကရင်ပြည်နယ် ဘားအံမြို့မှာ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ပြည်နယ်အဆင့်နဲ့ တခါ - ပြည်ထောင်စုအဆင့် ဆက်လက်ဆွေးနွေးဖို့အတွက် တခါ ၂ ပိုင်းခွဲ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ယခင် KNU ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြနဲ့ အဲဒီအချိန်က မြန်မာဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန်တို့ဟာ ၂၀၀၄ ခုနှစ် ဇန်နဝါရီလဆန်းမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ရန်ကုန်မှာ တွေ့ဆုံတဲ့အထိ သမိုင်းဝင်ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ၂ ဘက်အကြား အပစ်အခတ် ရပ်စဲထားဖို့သာ ယာယီအားဖြင့် သဘောတူညီနိုင်ခဲ့ပြီး အခုလို လက်မှတ်ရေးထိုးနိုင်တဲ့အဆင့်အထိတော့ အောင်မြင်မှု မရှိခဲ့ပါဘူး။

လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ KNU နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ လက်မှတ်ရေးထိုးနိုင်ခဲ့တာကတော့ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ပထမဆုံးလည်းဖြစ်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG