သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူနာမီသတိပေးချက် မြန်မာအာဏာပိုင် ရုပ်သိမ်း


အင်ဒိုနီးရှားနိုင်ငံ ဆူမတ်ထရာကျွန်းစုအနီး ပင်လယ်ပြင်မှာ ဗဟိုပြုလှုပ်ခပ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံအပါဝင် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်း တလျှောက်နိုင်ငံတွေမှာ ဆူနာမီလှိုင်း သတိပေးချက် ထုတ်ပြန်ထားရာမှာ အခု ပြန်လည်ရုပ်သိမ်းလိုက်ကြပါပြီ။ အခု ညပိုင်းမှာ ဆူနာမီလှိုင်း စိုးရိမ်ချက် ဘေးကင်း အေးချမ်းသွားပြီလို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ကြေညာတာပါ။ ကိုသားညွန့်ဦးက စုံစမ်း မေးမြန်း ထားပါတယ်။

ဆူမာထရာကျွန်းအနီး ပင်လယ်ပြင်မှာ ညနေ ၃ နာရီလောက်က ဗဟိုပြုလှုပ်ခတ်သွားတဲ့ ပြင်းအား ၈.၉ ငလျင်ကြောင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ် စတဲ့ မြန်မာ့ကမ်းရိုးတန်းဒေသတွေမှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့တာကို အခု ညပိုင်းမှာ ပြန်လည်ရုပ်သိမ်းလိုက်ပါပြီ။ အခု မြန်မာစံတော်ချိန် ၇ နာရီကစပြီး ဆူနာမီ သတိပေးချက်တွေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

“ဆူနာမီသတိပေးချက်ကို ရုပ်သိမ်းလိုက်ပါပြီ၊ ၇ နာရီ ထုတ်ပြန်ချက်မှာပါ။ မြန်မာ့ကမ်းရိုးတန်းကို မရောက်နိုင်ပါဘူးခင်ဗျာ။ အေးအေးချမ်းချမ်းဖြစ်သွားပါပြီ။”

၈.၉ ပြင်းအားငလျင်ပြီးတဲ့နောက် နောက်ဆက်တွဲငလျင်အချို့ ထပ်မံလှုပ်ခတ်ရာမှာ ၈.၂ ပြင်းအား ငလျင်ပါ ထပ်မံ လှုပ်ခတ်ပါတယ်။ ဒီအတွက်ကြောင့် ဆူနာမီသတိပေးချက်တွေ ထပ်မံပေါ်ထွက်ခဲ့ ပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှား ကမ်းရိုးတန်းတလျှောက် လှိုင်းကြီးလာတာ ကလွဲပြီး ဆူနာမီလှိုင်း လက္ခဏာ မတွေ့ရတော့ပါဘူး။ ဒါကြောင့်လည်း မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများက ဆူနာမီ သတိပေးချက်တွေကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

လှုပ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံတွင်းမှာ ထူးထူးခြားခြား ပျက်စီးဆုံးရှုံးမှုတွေ မကြားရသေးဘူးလို့ မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

“ကျနော့် ခန့်မှန်းချက်က မြန်မာပြည်မှာဖြစ်ရင် ၆ နာရီနဲ့ ၇ နာရီအကြားမှာ ဖြစ်ရမယ်။ အခုမေးတဲ့ အချိန်မှာ ၈ နာရီကျော်နေပြီ။ ဘာမှ သတင်းမကြားဘူးဆိုတော့ မဖြစ်တော့ဘူးလို့ ယူဆရပါတယ်။”

ကမ်းရိုးတန်းက ဧရာဝတီတိုင်းတို့ တနင်္သာရီတိုင်းတို့အခြေအနေ ဘာများကြားမိပါသလဲ။

“ဘာမှ ထိခိုက်မှုတော့ မကြားရဘူး။ ဒါပေမယ့် လူထုကတော့ စိုးရိမ်တာပေါ့။ တချိန်လုံးတော့ မေးနေကြတယ်။ ကျနော်လည်း သက်သာရာ သက်သာကြောင်းနဲ့ အမှန်အတိုင်း ကျနော် ပြောပြနေ ပါတယ်။ ကျနော်သိသလောက်တော့ ဘာမှ ထွေထွေထူးထူး မဖြစ်ဘူးလို့ ယူဆပါတယ်။”

ဒါပေမယ့် အင်ဒိုနီးရှားမှာတော့ aftershock က ၈.၂ လောက်အထိ ထပ်ဖြစ်တယ်ကြားရပါတယ်ခင်ဗျ။ အဲတော့ စိုးရိမ်ရတဲ့ အနေအထား ဘယ်လောက်ထိ ရှိသေးလဲ။

“မရှိပါဘူးဗျာ။ ဒါကတော့ ဖြစ်မှာပါ။ အင်ဒိုနီးရှားဆိုတာ Ring of Fire ပဲလေ။ Aftersock ဆိုတာတော့ အမြဲဖြစ်နေကြပဲ။ ဒါမယ့် တခုတော့ ရှိတာပေါ။့ Aftershock တွေက နဲနဲတော့ ပြင်းတာပေါ့။ ဒါကိုတော့ သတိထားမိပါတယ်။”

ငလျင်ကြောင့် ဆူနာမီလှိုင်းဖြစ်ပေါ်တာရှိပေမယ့် ပင်လယ်ပြင်ရေအနေအထားနဲ့ နှစ်နာရီအတွင်း ထူးခြားတဲ့ အခြေအနေမရှိတာကြောင့် ဆူနာမီသတိပေးချက်တွေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ပစိဖိတ်ဒေသဆိုင်ရာ ဆူနာမီစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ကမ်းရိုးတန်းသွား သင်္ဘောတွေ၊ ငါးဖမ်းလှေတွေအနေနဲ့ ပင်လယ်ပြင်တွင်း လှိုင်းကြီးမှု ကြောင့် နောက်နာရီအနည်းငယ်အထိ ပင်လယ်ပြင်မထွက်ဖို့တော့ သတိပေးထားပါတယ်။

XS
SM
MD
LG