သုံးရလွယ်ကူစေသည့် Link များ

အင်ဒိုနီးရှားနိုင်ငံ ဆူမာထရားကျွန်းအနီး ပင်လယ်ပြင်ကို ဗဟိုပြုတဲ့ ၈.၉ ပြင်းအားငလျှင်ဟာ မြန်မာနို်င်ငံအပါအ၀င် ဒေသတွင်း နိုင်ငံတွေအတော်များများကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ ငလျှင်ပြင်းအားကြောင့် မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်းနိုင်ငံတွေက ကမ်းရိုးတန်းဒေသတွေကို ဆူနာမီသတိပေးချက်ထုတ်ပြန်ထားပါတယ်။ ဆူနာမီ သတိပေးချက်နဲ့အတူ မြန်မာနိုင်ငံအတွက် ဘယ်လို သတိထားသင့်သလဲ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

မြန်မာစံတော်ချိန် ညနေ ၃နာရီမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့အပါအ၀င် မြို့အတော်များများမှာ ငလျှင်လှုပ်ခတ်တာ ခံစားရပြီး အပျက်အစီးတွေ ရှိမရှိကိုတော့ အခုအချိန်အထိ အတည်မပြုနိုင်သေးပါဘူး။ နေပြည်တော်က မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာန တာဝန်ရှိသူတဦးကတော့ ရန်ကုန်နဲ့ ထောင့်တစ်ရာကျော်ဝေးတဲ့နေရာမှာ အင်ဒိုနီးရှား ပင်လယ်ပြင်ကို ဗဟိုပြုပြီးတော့ ၈.၉ ပြင်းအားနဲ့လှုပ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

“ရန်ကုန် မန္တလေး စခန်းတွေ လှမ်းမေးပါတယ်ခင်ဗျ၊ အင်ဒိုနီးရှား ဆူမာထရာဘက်မှာပါ၊ ကမ္ဘာအေး မြေငလျင်စခန်းနဲ့ဆိုရင် မိုင် ၁,၁၀၀ ကျော်ဝေးပါတယ်ခင်ဗျ။ ပြင်းအား ၈.၉ ပါ။ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီ အဲဒီဘက်မှာ လှုပ်တာကို ခံစားရတယ်ခင်ဗျ။”

ငလျှင်ဟာ မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်းက နိုင်ငံအတော်များများကို လှုပ်ခတ်သွားစေပါတယ်။ စင်ကာပူရောက် မြန်မာတဦးကလည်း စင်ကာပူနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အတွေ့အကြုံကို ပြောပါတယ်။

“လှုပ်တာ နှစ်မိနစ်လောက် ကြာမယ်ထင်တယ်၊ တော်တော်နဲ့မရပ်ဘူး။ အရမ်း ပြင်းပြင်းထန်ထန်မျိုးကြီးတော့ မလှုပ်ဘူး။ မှန်တွေ ဘာတွေလည်း ပြင်းပြင်းထန်ထန် လှုပ်တဲ့အသံမကြားရဘူး။ ဒါပေမယ့် ယိမ်းနေတာပေါ့။ ယိမ်းနေတော့ နှစ်မိနစ်လောက် လှုပ်တာနဲ့ အခြေအနေ မဟန်ဘူးဆိုပြီးတော့ ပြေးဆင်းကြတာ။ ပထမတုန်းကတော့ စောင့်နေကြသေးတယ်။”

ငလျင်ကြောင့် အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်း နိုင်ငံအတော်များများမှာ ဆူနာမီ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံကဆိုရင် ချီဒုဘာ ကျွန်းစု၊ ပြင်ခရိုင်၊ စစ်တွေ၊ မြိတ်၊ ရန်ကုန်တို့အတွက် ဆူနာမီသတိပေးချက်ကို ဒေသတွင်း ဆူနာမီစောင့်ကြည့်ရေး ကွန်ယက်က သတိပေးထားပါတယ်။ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနကလည်း အလားတူ သတိပေးချက် ထုတ်ပြန်နေပါတယ်။

“ဆူနာမီရေလှိုင်း ဖြစ်နိုင်တဲ့ အင်အားပမာဏဖြစ်ပါသဖြင့် နောက်နှစ်နာရီအတွင်း မြန်မာ့ကမ်းရိုးတန်းကို ရောက်ရှိနိုင်ပါကြောင်း အသင့်ကြိုတင် ပြင်ဆင်နိုင်ပါရန် အချိန်နဲ့တပြေးညီ ကျနော်တို့ ထပ်ပြီး ထုတ်ပြန်ပါမယ်”

ဘယ်နေရာတွေကို အဓိက ထားရမလဲ၊ ဘယ်နေရာတွေ ၀င်နိုင်မလဲ။

“ကမ်းရိုးတန်းပေါ့ခင်ဗျ၊ ဧရာဝတီ၊ ရခိုင်၊ တနင်္သာရီတိုင်း၊ ရန်ကုန် ကျနော်တို့ အကုန်ထိုးထားပါတယ်။ သတိပေးချက်တွေ အမြန်ဆုံး ထုတ်ပြန်နေပါတယ်။”

အခုလို ဆူနာမီ သတိပေးချက်နဲ့အတူပဲ အကယ်၍ ဆူနာမီလှိုင်းကြောင့် ဘေးဒုက္ခတခုခု ဖြစ်ခဲ့လို့ရှိရင် ကူညီနိုင်အောင်လို့ ဆိုပြီးတော့ တခြား လူမှုအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ကလည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ ရှိနေပြီလို့ သိရပါတယ်။ မိုးလေ၀သနဲ့ ဇလဗေဒဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာထွန်းလွင်ကလည်း မြန်မာနိုင်ငံကမ်းရိုးတန်းကို ဆူနာမီလှိုင်းတွေ ရိုက်ခတ်လာနိုင်တဲ့ အခြေအနေ တွက်ဆထားပါတယ်။

“လှုပ်တဲ့နေရာကတော့ အင်ဒိုနီးရှား၊ ဘန်ဒါ အာချေးရဲ့ အနောက်တောင်ဖက် ၂၆၈ မိုင်အကွာ ပင်လယ်ပြင် ရေအောက်မှာ လှုပ်တာ ဖြစ်ပါတယ်။ ဆူနာမီ warning ထုတ်ထားတဲ့အတွက် ဆူနာမီလှိုင်းတွေ မြန်မာနိုင်ငံကို လာနိုင်တယ်လို့ ယူဆပါတယ်။ အခြေခံအားဖြင့် သိရမယ့် အချက်ကတော့ ပြီးခဲ့တဲ့ ၂၀၀၄ တုန်းက လာတာ သုံးနာရီခွဲ ကြာပါတယ်။ ဒါကြောင့် ဒီမှာလည်း လာမယ်ဆိုရင် သုံးနာရီ ပတ်ဝန်းကျင်လောက် ကျနော်တို့ မှန်းထားပါတယ်

“၃နာရီ ၈မိနစ်က လှုပ်တဲ့အတွက် ၆နာရိ ၈မိနစ် အကြမ်းဖျဉ်းအားဖြင့်တော့ ရောက်နိုင်တယ်။ ဒီတော့ ၅ နာရီ လောက်ကတည်းက ကမ်းရိုးတန်းနေတဲ့သူတွေ သတိဝိရိယနဲ့ ပင်လယ်ပြင်ကို စောင့်ကြည့်ဖို့ လိုပါတယ်

“ဖြစ်တတ်တဲ့ သင်္ကေတလေးတွေ အရေးကြီးပါတယ်။ တကယ်လို့ ဆူနာမီရေလှိုင်း လာခဲ့မယ်ဆိုရင် ပထမဦးဆုံး ကြုံတွေ့ရမှာက ရေကျ သွားပါတယ်။ ရေကျသွားပြီး လှိုင်းတွေဝင်လာရင် အသံတွေ အော်လာပါတယ်။ အဲဒီအခါမှာ ကမ်းရိုးတန်းမှာ လူတွေ ဘယ်သူမှ မနေသင့်ပါဘူး။ အနည်းဆုံး ၃၅ ပေမြင့်တဲ့ အမြင့်တခုကို ရောက်အောင် ပြောင်းရွှေ့နေသင့်တယ်လို့ အကြံလေးပေးပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံမှာဆိုရင် ဘယ်နေရာတွေ အဓိက ရိုက်ခတ်နိုင်လဲခင်ဗျ။

“အရင်ပြီးခဲ့တုန်းကတော့ တနင်္သာရီတိုင်းထဲဝင်တယ်။ မြစ်ဝကျွန်းပေါ်လည်းဝင်တယ်။ ရခိုင်လည်း ၀င်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်တုန်းက အဲဒီဒေသအနီးကို ဗဟိုပြုပြီး လှုပ်ခဲ့တဲ့ ပြင်းအားကြီး ငလျင်ကြောင့် ဆူနာမီလှိုင်းတွေ ဖြစ်ခဲ့ပြီး အင်ဒိုနီးရှား အာချေးဒေသမှာ အတော်လေး အပြင်းအထန် ပျက်စီးမှုတွေ ကြုံခဲ့ပါတယ်။ တခြား ဒေသတွင်းကဆိုရင်တော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဆူနာမီကြောင့် ကြီးမားတဲ့ အပျက်အစီးတွေ ရှိခဲ့ပါတယ်။ အခုလည်းပဲ ၂၀၀၄ ခုနှစ်က ဆူနာမီအကြီးအကျယ်ကြုံခဲ့ရတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း။ ဖူးကတ်။ ဖန်င အဲဒီဒေသတွေမှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်နေတာကြောင့် ဒေသခံတွေ ထိတ်လန့်တကြီး ကုန်းတွင်းပိုင်းကို ပြောင်းရွှေ့နေကြပါတယ်။

အခုလို ဆူနာမီသတိပေးချက် ထုတ်ပြန်နေတာကြောင့် ၂၀၀၄ ခုနှစ်တုန်းက ဆူနာမီဒဏ် အကြီးအကျယ် ခံခဲ့ရတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ နောက်ထပ် ဆူနာမီဖြစ်လာနိုင်မယ့်အပေါ် စိုးရိမ်ချက်တွေနဲ့အတူ ကြိုတင် ပြင်ဆင်မှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေနဲပပတ်သက်လို့ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးကက်အနီး ကျွန်းတခုပေါ်မှာ ရောက်နေတဲ့ မြန်မာလူမျိုး ကိုမင်းဒင်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဖူးကက်ရဲ့ ကျွန်းလေးဘေးနားမှာ ကျနော် ရောက်နေပါတယ်။ တောင်ကုန်းတကုန်းပေါ်မှာ ကျနော် ရောက်နေတယ်။ ဒီနေ့လည် လေးနာရီခွဲလောက်က စပြီးတော့ အရေးပေါ်အခြေအနေကြေညာတယ်။ ကမ်းစပ်တွေမှာရှိတဲ့ အထူးသဖြင့် ပါတောင်ကမ်းခြေမှာရှိတဲ့ ကုန်တိုက်တွေထဲကလူတွေ၊ လမ်းမတွေပေါ်ကလူတွေ၊ ကမ်းနားမှာရှိတဲ့ဈေးဆိုင်တွေ အားလုံးပိတ်ပြီးတော့ အနီးအနားမှာရှိတဲ့ တောင်ကုန်းတွေပေါ်ကို တက်ပြီးတော့ ရှောင်နေတယ်။ ဆိုင်တွေကတော့ အဲဒီမှာ အားလုံး ပိတ်ထားတယ်။ ကမ်းခြေနဲ့နီးတဲ့နေရာတွေမှာတော့ လူတွေက သူ့ကားတွေ၊ ဆံပလောတွေနဲ့ စားစရာသောက်စရာတွေ၊ အဝတ်တွေတင်ပြီးတော့ မိသားစုတွေ သွားကြတယ်။ တချို့ ကျန်နေခဲ့တဲ့ လူစောင့်တွေကလည်း ရေကို မျှော်ကြည့်နေတယ်။ ကမ်းစပ်က ရေတွေ နောက်ကို ဆုတ်သွားပလားပေါ့နော်။ ဆုတ်သွားမယ့် အခြေအနေကို ကြည့်နေကြတယ်။ မြို့မှာတော့ ကြက်ခြေနီတွေတို့ တခြား ဒီဘက်က ပြည်သူ့စစ်ခေါ်မလား အဲဒီအဖွဲ့အကြီးတွေကတော့ အဆင်သင့် အနေအထား ရှိနေတယ်ဗျ။

ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့နေရာတွေကတော့ တော်တော်တော့ခြောက်ကပ်နေပြီ။ ကမ်းစပ်ကနေ ကားမောင်းလာတာ လမ်းပေါ်မှာ ကားမရှိတော့ဘူး။ လောလောဆယ်အခြေအနေက ရေတော့ တက်သံမကြားသေးဘူး။”

ဖူးကက်ကျွန်းမှာရောက်နေတဲ့ ကိုမင်းဒင် ပြောပြခဲ့တာပါ။ အခုနောက်ဆုံးရတဲ့ သတင်းအရတော့ နောက်ထပ် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာလည်းပဲ ရုပ်မြင်သံကြားနဲ့ သတင်းအစီအစဉ်တွေက ဆူနာမီသတိပေးချက်တွေ ထုတ်လွှင့်ပေးနေကြပါတယ်။

XS
SM
MD
LG