သုံးရလွယ်ကူစေသည့် Link များ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန် မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - အပိုင်း (၃)


တပ်မှူးတပ်သား ပြောစကား (၀၅၆)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဖြစ်လာခဲ့ပြီးတဲ့နောက်၊ အမေရိကန်-မြန်မာ တပ်မတော်ချင်း ဆက်ဆံရေး၊ အလားအလာတွေ ပြန်လည် ကောင်းမွန်လာဖို့၊ လက်ရှိ မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်တွေက လိုလားနေကြပါတယ်။ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်တို့ရဲ့ ဆက်ဆံရေးသမိုင်းကြောင်းတွေကို၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးနဲ့ အပြန်အလှန် ဆွေးနွေး မေးမြန်းပြီး၊ ဦးရော်နီညိမ်းက ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ စီစဉ်တင်ဆက်ထားပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး ။ ။နောက်တခုက ထူးထူးခြားခြားတက်ရတဲ့ သင်တန်းတခု ရှိသေးတယ်။ အဲဒါကတော့ စီနီယာ Captain (လုပ်သက်ရင့် ဗိုလ်ကြီး) တို့၊ Major (ဗိုလ်မှူး) တို့၊ များသောအားဖြင့် ဒုတပ်ရင်းမှူး ဖြစ်မယ့် သူတွေ။ အဲဒါတွေက Ranger Course (အမေရိကန်တပ်မတော် (ကြည်း) အထူးတပ်ဖွဲ့ သင်တန်း) သဘောမျိုး Commando Course (အသေခံတိုက် ခိုက်ရေးတပ်ဖွဲ့ သင်တန်း) ခေါ်တာပေါ့။ Commando Training ပေါ့။ အဲဒီသင်တန်းကိုလည်း တပ်မတော်မှာရှိတဲ့ အရာရှိ တော်တော်များများ သွာပြီး တက်ကြရသေးတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ (ဒုတိယ) ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ စစ်တက္ကသိုလ်ဗိုလ်သင်တန်းအပတ်စဉ်(၁) အတူ တူတက်ခဲ့ကြတဲ့၊ ၁၉၈၈ စစ်အာဏာသိမ်းတုန်းက (အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအနေနဲ့) ပါဝင်ခဲ့တဲ့ ကွယ်လွန်သူ (ဗိုလ်ချုပ်) ဗိုလ်မှူးကြီးဉာဏ်လင်းလည်း၊ ဒီမှာ လာပြီး Ranger Course တက်ခဲ့တယ်လို့၊ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ Ranger Course က တော်တော်လေးကို ခက်ခဲပင်ပန်းပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟုတ်တယ်၊ တော်တော်ပင်ပန်းတယ်။ ကျနော်နဲ့ အမှုတွဲ (ဗိုလ်ကြီးအုန်းကျော်မြင့်၏နိုင်ငံတော်လုပ်ကြံမှု အမှုတွဲ) တတွဲ ထဲဖြစ်တဲ့ ဗိုလ်မှူးကြီးလှဖေ (ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလှဖေ)၊ ခုတော့ ဆုံးသွားပြီ။ သူလည်း အဲဒီ့မှာ Ranger Course သွားတက်ပြီး၊ ပြန်လာတော့ ဒုတပ်ရင်းမှူး ဖြစ်တယ်၊ နောက်တော့ တပ်ရင်းမှူး ဖြစ်သွားတာပဲ။

ဦးရော်နီညိမ်း။ ။ မြောက်ပိုင်းတိုင်း တိုင်းမှူးလုပ်သွားတဲ့ ဗိုလ်မှူးကြီးလှဖေလား ခင်ဗျ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ ဗိုလ်တင်အောင်တို့ ဗိုလ်ထင်အောင်တို့။ တော်တော်များပါတယ်။ Ranger Course သွား တက်ပြီး၊ ပြန်လာကြတော့ တပ်တွေမှာ ဒုရင်းမှူးတို့ ရင်းမှူးတို့ ဖြစ်လာကြပါတယ်။ နောက် Armoured Car သံချပ်ကာကားတပ်က တယောက် နှစ်ယောက် ပါကြသေးတယ်။ မိုးဟိန်းတို့ ပေါ့။ တော်တော်များ တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်။ အဲဒီ အချိန်တုန်းက တပ်မတော်လေ့ကျင့်ရေးညွှန်ကြားရေးမှူးဟာ၊ ၂၀၀၉ ခု နှစ်က ကွယ်လွန်သွားခဲ့ တဲ့ ဗိုလ်မှူးချုပ်(ဟောင်း)မောင်မောင်။ အဲဒီတုန်းက ……

ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ ဗိုလ်ချုပ်မောင်မောင်ရယ်၊ ဗိုလ်ချုပ်အောင်ကြီးတို့ရယ်၊ ဗိုလ်ခင်ညို တို့လည်း ပါတယ် ခင်ဗျ။ ဗိုလ်ခင်ညိုကလည်း တော်တော်တက်ကြွတယ်။

(ဗိုလ်ခင်ညို = ၁၉၆၂ အာဏာသိမ်း တော်လှန်ရေးကောင်စီဝင်ဟောင်း၊ ၁၉၉၀ ရွေးကောက်ပွဲဝင် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၏ ပြည်ထောင်စုအမျိုးသားဒီမိုကရေစီပါတီUNDP ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်၊ ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးကြီးခင်ညို)

ဦးရော်နီညိမ်း ။ ။ ဒါပေမယ့်၊ DMT(Director of Directorate of Military Training - တပ်မတော်လေ့ကျင့်ရေးညွှန်ကြားရေးမှူး) က၊ ဗိုလ်ချုပ်မောင်မောင် ဖြစ်နေတဲ့အခါကျတော့၊ ဗိုလ်ချုပ်မောင်မောင်ကပဲ အမေရိကန်ပြည်ထောင်စုမှာ (တပ်မတော်အရာရှိတွေ) သွားရောက်ပြီး တော့ သင်တန်းတွေ တက်ဖို့ရာကို၊ သူ အများဆုံး စီစဉ်တယ်လို့၊ ကျနော်တို့ မှတ်သားထားဘူးပါတယ်။ (ဒု) ဗိုလ်မှူးကြီးသောင်းထိုက်တို့ (စာ ရေးဆရာ သောင်းထိုက်) ပေါ့။ သွားတက်ကြတာ။ အန်ကယ် ခုနပြောတဲ့ အမေရိကန်ပြည်ထောင်စုက တပ်မြို့တွေ၊ Fort Bening တို့၊ Fort Worth တို့၊ Fort Lauradale တို့မှာ သွားတက်ကြတာ၊ စပြီးတော့ တက်ကြတာဟာ တပ်မှူးငယ်သင်တန်းတွေ မဟုတ်ပဲ၊ တပ်မှူးကြီးအဆင့် သင်တန်းတွေမှာပဲ အများဆုံး လာတက်ရတယ်ဆိုတော့၊ ကျနော်တို့ ဒီမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နံမည်တူ (ဒုတိယ) ဗိုလ်မှူးကြီးသန်းရွှေ တယောက်၊ ဒီမှာ လာပြီး သင်တန်းတက်သွားခဲ့တာကို တွေ့ကြရပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟုတ်တယ်။ သူက နောက်တော့၊ ဗိုလ်သင်တန်းကျောင်း(OTS- Officers Training School) မှာ၊ ဒုကျောင်းအုပ် ကြီးတောင် လာဖြစ်သေးတယ်။

ဦးရော်နီညိမ်း။ ။ ဒါတွေက အမေရိကန်တပ်မတော်နဲ့ စပြီး ဆက်နွယ်ကူးလူးမှုရှိတာ။ နှစ်ကာလ အပိုင်းအခြားနဲ့ ပြန်ကြည့်တဲ့အခါမှာ၊ ၁၉၆၂ ခုနှစ်နောက်ပိုင်း၊ တပ်မတော်က မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့အချိန်မှာ၊ သမ္မတဂျွန်ဆင် လက်ထက်မှာ၊ ဗိုလ်ချုပ်ကြီးနေ၀င်း အမေရိကန် ပြည်ထောင်စုကို လာလည်ပါတယ်၊ ၁၉၆၆ ခုနှစ်မှာ။ အဲဒီမှာ သူနဲ့သမ္မတဂျွန်ဆင်ရဲ့ဆက်ဆံရေးဟာ မပြေလည်တဲ့အတွက်ကြောင့်၊ အဲဒီနောက် ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ အမေရိကန် တပ်မတော်တို့ရဲ့ ဆက်ဆံရေးဟာ၊ ဗိုလ်ချုပ်မောင်မောင်ရှိစဉ် အချိန်ကလောက်တော့ မကောင်းတော့ ဘူး။ ဒါပေမယ့် ကျနော်တို့ ဘာသွားတွေ့လဲဆိုတော့၊ အန်ကယ် တိုင်းမှူး၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေ တဲ့ အချိန်မှာ၊ စစ်အေးတိုက်ပွဲ (Cold War) ကာလ ဖြစ်တဲ့အတွက်ကြောင့်၊ အရှေ့အုပ်စု အနောက်အုပ်စု ဖြစ်နေတဲ့အချိန်မှာ၊ မြန်မာ့တပ်မတော် ဟာ ဘာပဲပြောပြော ကွန်မြူနစ်တွေကို တိုက်နေတဲ့အတွက်ကြောင့်၊ အမေရိကန်တပ်မတော်က မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးလမ်းကြောင်း တခုတော့ ထားထားတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့။ အန်ကယ် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဖြစ်လာခဲ့တဲ့ အချိန်လောက်က စပြီး၊ အမေရိကန်တပ်မတော်နဲ့ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးကို နည်းနည်းရှင်းပြပေးပါ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အမေရိကန်မှာ training (စစ်သင်တန်း) ယူတဲ့ကိစ္စ တော်တော်လေးပြတ်သွားတာက၊ ဒီလိုဗျ။ တကြိမ်မှာ၊ ဗိုလ်ချုပ် မောင်မောင်တို့ အမေရိကားကို သွားလည်တဲ့အချိန်မှာ၊ ဘယ်သူ့ကို ခေါင်းဆောင်တပ်ပြီး သွားကြသလဲ ဆိုတော့၊ ဗိုလ်ချုပ်ကြီးနေ၀င်းကို ဘိတ် တဲ့အနေနဲ့ သွားကြတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒါ ၁၉၆၂ ခုနှစ် မတိုင်ခင်ကလား ခင်ဗျ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ မတိုင်ခင်က မတိုင်ခင်က။ အဲဒီလို သွားကြတဲ့အခါကျတော့၊ ဟိုက (အမေရိကန်တပ်မတော်က) ဗိုလ်ချုပ်ကြီးနေ၀င်းကို သိပ်မသိကြဘူး။ သူတို့ များသောအားဖြင့် ရင်းရင်းနှီးနှီးဆက်ဆံဘူးတာက ဗိုလ်ချုပ်မောင်မောင်ကို ဆက်ဆံဘူးတယ်။ ဘယ်လိုဖြစ်လဲဆိုတော့၊ တချိန်မှာ Pentagon (အမေရိကန်စစ်ဌာနချုပ်) မှာ၊ သူတို့က ဧည့်ခံပွဲ တခုလုပ်တယ်။ ဗိုလ်ချုပ်မောင်မောင်က ဗိုလ်ချုပ်ကြီးနေ၀င်းကို ကြိုပြောမ ထားပဲနဲ့၊ ဟို(အမေရိကား) ရောက်တဲ့အခါကျတော့၊ In Order of Our Chief of Staff ဗိုလ်ချုပ်ကြီးနေ၀င်းကို ဂုဏ်ပြုတဲ့အနေနဲ့၊ ဧည့်ခံပွဲလေး တခု လုပ်လိုက်တယ်ပေါ့။ အဲဒီ အထိကတော့၊ အဘိုးကြီး(ဗိုလ်ချုပ်ကြီးနေ၀င်း)က စိတ်မဆိုးသေးဘူး။ ဧည့်ခံထမင်းစားပွဲ အပြီးမှာ၊ ဆုပေးပွဲလေး တခု ဆိုပြီး ပွဲကို ဆက်လိုက်တယ်။ ဂုဏ်ပြုပွဲလေးပေါ့။ အဲဒီ ဂုဏ်ပြုပွဲမှာ ဗိုလ်ချုပ်ကြီးနေ၀င်းကို The Order of Merit (အမေရိကန်စစ်ဘက် ဆိုင်ရာ ဂုဏ်ပြုဆုတံဆိပ်) ဆိုတာကို ပေးတယ်။ “ဒီဂုဏ်ပြုပွဲဟာ မြန်မာနိုင်ငံက ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းကို ရည်စူးပြီး ပေးတာပါ။ Military Order of Meritကို ပေးပါတယ်။ ဒါကို လက်ခံပါ” ဆိုပြီး ဖြစ်ရော။ အဲဒီမှာ၊ ဗိုလ်ချုပ်ကြီးနေ၀င်း တော်တော်လေး ခံစား သွားရတယ်။ သူ့ကို ဘာမှလဲ ကြို ပြောမထားပဲ၊ ဒီလိုခေါ်ပြီး လုပ်လိုက်တယ်လို့၊ ဗိုလ်ချုပ်ကြီးနေ၀င်းက တွက်လိုက်တယ်။ ဒါပေမယ့် ပွဲမပျက် အောင်တော့၊ သူက လက်ခံလိုက်တယ်။ သို့သော် ပြန်လာပြီးတဲ့အခါမှာ၊ ကျနော်တို့တတွေကို ပြောတဲ့သဘောက၊ “ဗိုလ်ချုပ်မောင်မောင်က ငါ့ကို လူလည်လုပ်တယ်” ဆိုတဲ့ အသံက ထွက်လာတယ်။ ပြဿနာတွေ ပေါ်တာပေါ့။ တော်တော်လေး ဒေါသပေါက်ကွဲတယ်။ အဲဒီအချိန်အခါ မှာ တပ်မတော်ထဲမှာ ထောက်လှမ်းရေးနဲ့ ပတ်သက်ပြီးတော့၊ သူ့ထောက်လှမ်းရေး ငါ့ထောက်လှမ်းရေး ဆိုပြီး၊ သုံးခု ဖြစ်လာတယ်။ ဗိုလ်ချုပ် ကြီးနေ၀င်းနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေးက၊ နှုတ်ခမ်းမွှေးကြီး ဗိုလ်လွင် (တပ်ထဲတွင် အဘလွင် ဟုလည်းခေါ်ကြသောကွယ်လွန်သူဗိုလ်မှူး ကြီးမောင်လွင်) ပေါ့။ ဗိုလ်ချုပ်မောင်မောင်ရဲ့ထောက်လှမ်းရေးက ဗိုလ်မြင့်ဆွေ (ထူးထရေဒင်းကုမ္ပဏီပိုင်ရှင် ဦးတေဇ၏ဖခင်၊ ဗိုလ်ချုပ်ကြီးတင်ဦး နှင့် ဂျပန်ခေတ် မင်္ဂလာဒုံဗိုလ်သင်တန်းအပတ်စဉ်(၃) အတူတက်ခဲ့သူ၊ တပ်ထဲတွင် ရှမ်းမြင့်ဆွေဟု လူသိများသူ၊ အငြိမ်းစားဒုဗိုလ်မှူးကြီးမြင့်ဆွေ) ။ နောက်တခါ ဗိုလ်ချုပ်အောင်ကြီးရဲ့ ထောက်လှမ်းရေးက မွှေးကြီး (ဒုဗိုလ်မှူးကြီး)လှမြင့်။ အဲဒီ ထောက်လှမ်းရေးသုံးဖွဲ့က ပြိုင်ကြရော။ ဗိုလ်ချုပ် မောင်မောင်က Training and Planning (တပ်မတော်လေ့ကျင့်ရေး နှင့်စီမံရေးညွှန်ကြားရေးမှူး) ဆိုတော့၊ ထောက်လှမ်းရေး သင်တန်းတွေ ခေါ်တယ်။ အဲဒီအချိန်မှာ ကျနော်က ရခိုင်မှာ တပ်ပေါင်းစုမှူးဖြစ်နေပြီ။ ကျနော့်အောက်က IO (Intelligence Officer စစ်မြေပြင်ထောက်လှမ်း ရေးအရာရှိ) ဗိုလ်ဝမ်းထွန်း (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ အာမခံကော်ပိုးရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး) ကို၊ ထောက်လှမ်းရေး သင်တန်းတက်ဖို့၊ ဗိုလ်ချုပ်မောင်မောင်တို့ဆီက by name (နံမည်အတိအကျ)နဲ့ ခေါ်တယ်။ အဲဒါနဲ့ သူ သင်တန်းသွားတက်ပြီး နှစ်လလောက် နေတော့၊ ပြန်ရောက်လာတယ်။ ကျနော်က ဘာတွေသင်ခဲ့ရလဲလို့ မေးတော့ “Very Sorry ပါပဲ ဗိုလ်မှူးရယ်၊ ကျနော်တို့ကို သင်လိုက်တဲ့ သင် တန်းနဲ့ပတ်သက်လို့ တခြားကို ဘာမှမပြောရဘူးလို့ မှာလိုက်ပါတယ်။ အဲဒီလောက်ပဲ ကျနော် ပြောပါရစေ” တဲ့။ ဒါနဲ့ ပြီးသွားရော။ ကျနော်က လည်း မမေးဘူး။ နောက်တော့ ဘာဖြစ်သလဲဆိုတော့၊ အဲဒီကိစ္စတွေ ပေါ်လာတဲ့အခါကျတော့၊ ဗိုလ်ချုပ်ကြီးနေ၀င်းက၊ ဒါတွေအားလုံး ဒီကောင် (ဗိုလ်ချုပ်မောင်မောင်) လုပ်တာ ဆိုပြီး၊ ဗိုလ်ချုပ်မောင်မောင်ရဲ့ int. (ထောက်လှမ်းရေး)တွေ အကုန်လုံးကို ဖြုတ်တာပဲ။ ကိုမြင့်ဆွေတို့တွေ အကုန်လုံး တတွဲကြီး ပါသွားတယ်။ နောက် ရောယောင်ပြီး ရိပ်ဖမ်းသံဖမ်းနဲ့ ပါသွားတာက၊ ဗိုလ်ချုပ်အောင်ကြီးဘက်က မွှေးကြီးတို့ ပါသွား တယ်။ အဲဒီမှာ(ဗိုလ်ချုပ်မောင်မောင်နှင့်ဗိုလ်ချုပ်အောင်ကြီးတို့၏ ထောက်လှမ်းရေး နှစ်ဖွဲ့ ကို) စပြီးတော့ ဖြိုလိုက်တာပဲ ခင်ဗျ။

(ဒုဗိုလ်မှူးကြီးလှမြင့် = nick name (နံမည်ပြောင်) မွှေးကြီးလှမြင့် အပြင်၊ အမေရိကန်ပြည်ထောင်စုတွင် စစ်သင်တန်း လာတက်စဉ်၊ ရေခန်း သွားသော ဘဲလ်အဲယားကား ရေတိုင်ကီထဲတွင် Cocacola အချိုရည်များထည့်ပြီး ကားမောင်းခဲ့သဖြင့်၊ ဘဲလ်အဲယားလှမြင့်ဟုလည်း တပ်ထဲ တွင် လူသိများခဲ့သူ။ ဗိုလ်ချုပ်အောင်ကြီး၏ထောက်လှမ်းရေး အုပ်စုဝင် ဖြစ်သော်လည်း၊ တပ်ထဲမှာ အပြီးအပိုင် ထုတ်ပစ်ခြင်း မခံရပဲ၊ ၁၉၆၂ မတ်လ(၁)ရက် စစ်အာဏာမသိမ်းမီ ညတွင်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်း အမိန့်အရ၊ မှော်ဘီသံချပ်ကာကားတပ်ရင်းဖြင့် ရန်ကုန် မြို့ အချက်အချာနေရာများသို့ လာရောက်နေရာယူခဲ့သော သံချပ်ကာ ကားတပ်ရင်းမှူး)

ဦးရော်နီညိမ်း။ ။ အဲဒါဆို မြန်မာ့တပ်မတော်ထဲမှာ အဲဒီအချိန်တုန်းက အမေရိကန်(တပ်မတော်)ကနေ၊ ခေါ်ယူသင်တန်းပေးတဲ့ ထောက်လှမ်း ရေးအဖွဲ့ဟာ သုံးဖွဲ့ကွဲနေပြီးတော့၊ အမေရိကန်တွေကလည်း သုံးဖွဲ့ အကွဲလိုက်ကိုခေါ်ပြီး သင်တန်းပေးတဲ့ သဘောလား ခင်ဗျ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အမှန်က ဗိုလ်ချုပ်အောင်ကြီးရဲ့ အဖွဲ့က သိပ်ပြီးတော့ မထင်ရှားဘူး။ လုပ်ရိုးလုပ်စဉ်မျိုးနဲ့ ခေါ်ပြီးတော့ (သင်တန်းပေး တဲ့) သဘောလောက်ပဲ။ ဒါပေမယ့် သိပ်ပြီးတော့ ပြင်းပြင်းထန်ထန် ထင်ရှားသွားတာကတော့ ဗိုလ်ချုပ်မောင်မောင်ရဲ့ အဖွဲ့။ ဒါ့အပြင် (မြန်မာ့) တပ်မတော်မှာ လက်နက်တွေတပ်ဆင်တာ (တိုက်ခိုက်ရေးတပ်များဖွဲ့စည်းပုံ) organization တွေက အစ၊ အခု လက်ရှိ ရှိနေတဲ့ ဖွဲ့စည်းပုံပေါ့။ ကျနော်တို့ ရှိစဉ် ကတည်းက၊ အားလုံးက Americanized Ord-bat (Order of Combat) (အမေရိကန်တပ်မတော်မှ တိုက်ခိုက်ရေးတပ်များ ဖွဲ့စည်းပုံကို အတုယူထားသော ဖွဲ့စည်းပုံ)နဲ့ တပ်ရင်းတွေ (တိုက်ခိုက်ရေးတပ်ရင်း) ကော၊ Artillery Unit (အမြောက်တပ်ဖွဲ့) တွေကော၊ အကုန် လုံးကို (အမေရိကန်တပ်မတော်အတိုင်း) ဖွဲ့ထားတာ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အန်ကယ်က၊ ပထမဆုံး တပ်မ(၇၇) စပြီး ဖွဲ့တာကို မှီလိုက်တာပဲ။ အဲဒါက ဒီက (အမေရိကန်တပ်မတော်က) 82nd Airborne Division, 101st Airborne Division အမှတ် (၈၂) လေကြောင်းချီတပ်မ၊ အမှတ် (၁၀၁) လေကြောင်းချီတပ်မတွေရဲ့ (ဖွဲ့ စည်းပုံ) အတိုင်း လိုက်လုပ်ခဲ့တာပဲ။

(တပ်မ (၇၇) = ၁၉၆၆ တွင်၊ မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးကြီး (ဗိုလ်မှူးချုပ်) တင့်ဆွေကို တပ်မမှူး အဖြစ်နှင့် ပထမ ဆုံး စတင်ဖွဲ့စည်းသော အမှတ် (၇၇) ခြေမြန်တပ်မ Light Infantry Division (77) – LID 77)

(Airborne Division လေကြောင်းချီတပ်မ = လေကြောင်းချီတပ်များကို ပေါ့ပေါ့ပါးပါး ဖြစ်နေစေရန်၊ လက်နက်မှလွဲ၍ ဘာမှ အပိုမပါစေပဲ စစ် မြေပြင်ရှိရာသို့ လေကြောင်းနှင့် အရောက်ပို့ပေးပြီး၊ နာရီအကန့်အသတ် ရက်အကန့်အသတ်နှင့်သာ ရန်သူကို တိုက်ခိုက်ချေမှုန်းစေကာ၊ သတ် မှတ်ချိန်တွင် လေကြောင်းချီတပ်များကို လေကြောင်းနှင့် ပြန်လည်ခေါ်ဆောင်၍ မိခင်တပ်များသို့ ပို့ဆောင် အနားပေးသည်။ မြန်မာ့တပ်မတော် တွင် စစ်တိုင်းများလက်အောက်ခံ နယ်မြေခံ အခြေစိုက် ခြေလျင်တပ်ရင်းမဟုတ်သော ခြေမြန်တပ်မလက်အောက်ခံ ခြေမြန်တပ်ရင်းများကို ယခင်က (၆)လအတွင်း၊ ရှေ့တန်းသို့ (၄)လ ပို့ လွှတ်ပြီး၊ နောက်တန်းတွင် (၁)လ နား၊ မွမ်းမံစစ်သင်တန်းများ (၁)လ ပြန်တက်၊ စနစ်ဖြင့်၊ အမေရိကန် Airborne Division မှ တပ်ရင်းများ ရှေ့တန်းထွက်ခြင်းနှင့် အနီးစပ်ဆုံး တူညီအောင် လုပ်ဆောင်ခဲ့သည်။)

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ (ခြေမြန်တပ်မလက်အောက်ခံ) တိုက်ခိုက်ရေးတပ်ရင်းတွေကို အင်အား (၇၇၇) ယောက် ရှိရမယ် ဆိုပြီး၊ ကျနော်တို့ဆီ က Division (ခြေမြန်တပ်မ) တွေကို ဖွဲ့လာခဲ့ပြီးတော့၊ အဲဒါတွေ ဖြစ်လာခဲ့တာပဲ။

(တိုက်ခိုက်ရေးတပ်ရင်း ဖွဲ့စည်းပုံ = ၁၉၆၆ ကာကွယ်ရေးဝန်ကြီးဌာန တိုက်ခိုက်ရေးတပ်ရင်းများ ဖွဲ့စည်းပုံ စာအမှတ် “ကဖ (၇၀)/ ဂ (၆၆)” အရ) တပ်ရင်း တရင်းတွင် အင်အား (၇၇၇) ယောက် ရှိရမည်ဟု ပါရှိသည်။)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာကော (အမေရိကန် မြန်မာ တပ်မတော်ချင်း ဆက်ဆံရေး) ဘယ်လို အနေအထားရှိလဲ ခင်ဗျ။ အန်ကယ် ဒုချုပ်(ကြည်း) ဖြစ်လာပြီးတဲ့ နောက်ပိုင်း။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ကျနော့်လက်ထက်မှာတော့၊ အမေရိကားကို သင်တန်းတက်ဖို့ မပို့နိုင်တော့ဘူး။ ဒါပေမယ့် တချိန်မှာ၊ အမေရိကန်သံအ မတ် မစ္စတာဘိုင်ရိတ် ထင်တယ်၊ သူတို့က (စစ်သင်တန်း)ကျောင်းကို ထပ်ပြီးလွှတ်ဖို့ ကိစ္စပေါ်ပြီး ပြောလာတော့၊ ကျနော့်ကို တာဝန်ကနေ (ကာ ကွယ်ရေးဦးစီးချုပ်အဖြစ်မှ) ရပ်စဲမခံရခင်၊ တကြိမ်နှစ်ကြိမ်မှာ ကျနော့်နည်း ကျနော့်ဟန်နဲ့ (သင်တန်းတက်မည့် အရာရှိများ) နှစ်ယောက် သုံး ယောက် ပို့လိုက်သေးတယ် ခင်ဗျ။ အဲဒါကို အဘိုးကြီး (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးနေ၀င်း)က၊ ဘ၀င်မကျ ဘူးလား၊ မပြောတတ်ဘူး။ ကျနော်က ဘာ့ကြောင့်ပို့ရသလဲ ဆိုတော့၊ သင်တန်းတွေက အသစ်တွေ သွားမတက်ရင်၊ ကျနော်တို့ ဟာ သူတို့ (အမေရိကန်တပ်မတော်)ပေးထားတဲ့လက်နက်တွေ၊ သူတို့ပေးထားတဲ့ နည်းစနစ်တွေ၊ အကုန် out ကုန်၊ အချိန်လွန်ခေတ်ဟောင်းတွေ ဖြစ်ကျန် ခဲ့မှာစိုးလို့၊ ပြန်ပြီးတော့ refresh(ပြန်လည်အားသစ်လောင်း)လုပ်တဲ့အနေနဲ့၊ အရာရှိတသုတ်ကို ကျနော်က ပို့မိတယ်။ ပို့တာလည်းပဲ သူ့သဘော တူညီချက် သွားယူပြီးမှ ဒီ concept (သဘောထားခံယူမှု) နဲ့ ပို့တာပဲ။ ဒါပေမယ်လို့၊ သူ ဘ၀င်ကျပုံတော့ မပေါ်ဘူး။

ဦးရော်နီညိမ်း။ ။ အန်ကယ်၊ အဲဒီတုန်းက သူက အမေရိကန်နဲ့ ခပ်ခွာခွာ နေပြချင်တဲ့ သဘောလား။ တကယ်တမ်းတော့ အဲဒီလို မဟုတ်ပဲနဲ့။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အမှန်ကတော့ နောက်ပိုင်းကျတော့၊ ခပ်ခွာခွာ နေတာတော့ မဟုတ်ဘူး။ နဲနဲလေးတော့ ပေါင်းဖို့သင်းဖို့ လိုတာ သူသိ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့၊ ကျနော်တို့တွေ အမေရိကန်သံရုံးမှာ သွားပြီး (တင်းနစ်) ကစားတာတို့ ဘာတို့ကို သူက ခွင့်ပြုတာတွေ ရှိလာပြီ ခင်ဗျ။ အဲဒီလိုတော့ ဖြစ်လာတယ်။ အရင်ကတော့ မသွားရဘူး၊ မတွေ့ ရဘူး၊ နှုတ်မဆက်ရဘူး၊ ဆိုတဲ့ဟာမျိုးတွေက များတယ်။ (အမေရိကန် တွေနဲ့) စစ်သားချင်းကတော့ ခင်ကြတာပေါ့ဗျာ။ ကျနော်တို့တွေ အမေရိကန်စစ်သံမှူးတွေနဲ့ ခင်တာပဲ။

ဦးရော်နီညိမ်း။ ။ ဒါဆို အန်ကယ့်လက်ထက်မှာ၊ အမေရိကန်တပ်မတော်နဲ့ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံကူးလူးမှု သိပ်ပြီး များများစားစား မရှိဘူးပေါ့။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ များများစားစား မရှိဘူး။ ပျောက်တိပျောက်ကျားပဲ။ အရေးကြီးတဲ့ course (သင်တန်း) လေး တွေကိုပဲ၊ လွှတ်နိုင်တယ်။ ဒါပေမယ်လို့ အရင်လို (ဗိုလ်မှူးချုပ်မောင်မောင်၊ မြန်မာ့တပ်မတော် စစ်ခေါင်းဆောင် တဦး ဖြစ်နေစဉ်၊ အမေရိကန်ပြည်ထောင်စုတွင် အားလုံးစား ရိတ်ငြိမ်း သွားရောက် သင်တန်းတက်ကြရသော အချိန်အခါလို) မဟုတ်တော့ဘူး။ သင်တန်းသွားတက်ရင်၊ ပိုက်ဆံ တော်တော်ပေးရတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ၁၉၈၀ နှစ်တွေ မှာတော့၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင် ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ အချိန်မှာ၊ အများကြီးပဲ သွား တက်ကြတယ်။ ကြည်း ကော၊ ရေ ကော၊ လေ ကော။ အဲဒီအခါကျတော့ အမေရိကန်တပ်မတော်က ကုန်ကျစားရိတ်အားလုံး သူတို့က ကျခံပါ မယ် ဆိုတာကို၊ အဲဒီတုန်းက မြန်မာ့တပ်မတော်က လက်မခံဘူး။ အဲ့ဒီအခါကျတော့၊ သင်တန်းစားရိတ်ကိုတော့ အမေရိကန်တပ်မတော်ဘက်က ကျခံမယ်။ နေစားရိတ် စားရိတ်တွေကိုတော့ မြန်မာ့တပ်မတော်ဘက်က ကျခံမယ်ဆိုတဲ့ အနေအထားနဲ့ သွားခဲ့ကြတာ၊ သင်တန်းတွေသွားတက် ကြတာ အများကြီးပဲ ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အင်္ဂလန်နဲ့က ကျနော်တို့ဆီက သင်တန်း သွားတက်တာတွေလည်း၊ နည်းနည်း ပြတ်သွားတယ်။ အင်္ဂလန်မှာ တော် တော်စောစောတုန်းက Sandhurst (ဗြိတိသျှတော်ဝင်စစ်တက္ကသိုလ်) တက်ခဲ့တာမျိုးတွေက၊ နည်းနည်း ပြတ်သွားတယ်။ နောက်ပိုင်းကျတော့ အင်္ဂလန်မှာ ကျနော်တို့ဆီက Staff College (စစ်ဦးစီးတက္ကသိုလ်) တွေ တက်ခွင့်ရတယ်။ Navy ကဆို Naval Gunnery Long Course (ရေတပ်အမြောက်သင်တန်းရှည်) ကိ၊ Naval Staff College (ရေတပ်စစ်ဦးစီးတက္ကသိုလ်) မှာ သွားတက်လို့ ရတယ်။ Air Force အတွက် က၊ Air Staff College (လေတပ်စစ်ဦးစီးတက္ကသိုလ်) မှာ သွားတက်လို့ ရတယ်။ အဲဒါတွေကို ကျနော်တို့ဆီက သုံးလေးယောက် သွားတက် ကြတာကို ကျနော် မှတ်မိတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ အန်ကယ် တိုင်းမှူး၊ ဒုချုပ်(ကြည်း)၊ ကာကွယ်ရေးဦးစီးချုပ်တွေ ဖြစ်လာတဲ့ ကာလတွေမှာ၊ လေတပ်အတွက် (အမေရိကန်လေတပ်သုံး) Bell 205, Bell 206 ရဟတ်ယာဉ်တွေကို၊ ‘မူးယစ်ဆေးဝါးထိန်းချုပ်ရေး’ နံမည်အောက်ကနေ၊ ရဲတပ်ဖွဲ့ နံမည်ခံနဲ့ ပို့ပြီးတော့မှ တပ်မတော် (လေ) က၊ သုံးတယ်လို့၊ ကျနော်တို့ မှတ်သားဘူးပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အဲဒီဟာကလည်း အလကားလောက်နီးနီး ရလိုက်တာပဲ။ အဲဒါ ဖြစ်တာ ဒီလိုဗျ။ ဗိုလ်လှဘုန်း လက်ထက်မှာ၊ သူက အဲဒါကို လုပ်ရမှာကိုင်ရမှာ ခက်မှာကို စိုးရွံ့တယ် ထင်ပါရဲ့။ သူက အဲဒါကို ချောင်ထိုးထားတယ်။

(ဗိုလ်လှဘုန်း = ၁၉၆၂ စစ်အာဏာသိမ်း တော်လှန်ရေးကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင် ဖြစ်ခဲ့သူ ကွယ် လွန်သူ အငြိမ်းစား ဗိုလ်မှူးကြီးလှဘုန်း)

ဦးရော်နီညိမ်း။ ။ သူက အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီးပဲ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟုတ်တယ်။ သူက နိုင်ငံခြားရေးဝန်ကြီး။ သူက ကုလသမဂ္ဂကို နှစ်ပတ်လည်ညီလာခံ သွားတက်တော့၊ ကာကွယ်ရေး ၀န်ကြီး ကျနော်က နိုင်ငံခြားရေးဝန်ကြီးဌာနကို တွဲပြီးတော့ ကိုင်ရတယ်။ အဲဒီမှာ အဲဒီ topic (အမေရိကန် Bell 205, Bell 206 ရဟတ်ယာဉ် များကိစ္စ) ကို၊ ကိုပြည်စိုး (ကွယ်လွန်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး၊ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ပြည် စိုး) က၊ ကျနော့်ဆီ ယူလာတယ်။ ကိုလှဘုန်း က လုပ်လို့ရမှာမဟုတ်ဘူးဆိုပြီး ထားထားတဲ့ဟာပေါ့၊ ကြာလည်းကြာနေပြီ။ ဒီဥစ္စာက (အမေရိ ကန်ဘက်က) တဂျီဂျီ ပြောနေတယ်။ အဲဒါကို မယူလိုက်ရင်လည်း ဆုံးသွားမယ်ပေါ့။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်၊ ယူလိုက်ရင် ကောင်းမယ် လို့၊ နိုင်ငံခြားရေးရုံးက ကျနော့်ကို ပြောတော့၊ အဲဒီ case ကို ကျနော်က ကောက်ယူလိုက်တယ်။ ကျနော်က ကာကွယ်ရေးဦးစီးချုပ်ဆိုတော့၊ ဒါ တွေကို လိုချင်တာပေါ့ ဗျာ။ ပြီးတော့ terms (စည်းမျဉ်းစည်းကမ်း) တွေလည်း ဘာမှ မပါဘူးလေ။ ဒါတွေက သုံးလို့ တည့်တယ်။ ပြီးတော့ Bell 205, Bell 206 တို့ဆိုတာ၊ very powerful ရဟတ်ယာဉ်တွေ လေ။ တော်တော်ကောင်းတဲ့ ဟာတွေ။ အဲဒါတွေကို ကျနော်က ယူချင်တော့၊ ဒီ case လေးကို ယူသွားပြီး၊ မပြောရဲ ပြောရဲနဲ့ပေါ့ ဗျာ၊ တနေ့ ဗိုလ်ချုပ်ကြီးနေ၀င်း (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ) atmosphere ကောင်းတုန်း (စိတ်လက်ကြည်သာနေတုန်း) ကျနော် သူ့ဆီ သွားပြီး “ဗိုလ်ချုပ်၊ (အမေရိကန်နဲ့) ကိစ္စတခုဟာ pending (ဆိုင်းငံ့) ဖြစ်ပြီးကျန်နေ တယ်” ပေါ့။ “အဲဒါတွေက ယူလို့လည်း ကောင်းတယ်” ပေါ့။ အဲဒီတော့ သူက ဖတ်ကြည့်တယ်။ ပြီးတော့ သူက တခွန်းပဲ ပြောတယ်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ အားလုံးကို ဒို့ ဘာမဆို လုပ်လို့ရမလား၊ အဲဒါက သိသိသာသာ ပြောဖို့လိုတယ်” လို့၊ သူက တခွန်းပဲပြောတယ်။ ကျနော်ကလည်း ရပါတယ်ပေါ့။ အဓိပ္ပါယ်ကတော့ဗျာ၊ ဘိန်းနှိမ်နင်းရေးအတွက် ဆိုပေမယ့်လည်း၊ ဒါတွေကို (ရဟတ်ယာဉ်တွေကို) အသုံးပြုမယ် (တပ်မတော်ရဲ့ စစ်ဆင်ရေးတွေမှာလည်း အသုံးပြုမယ်) ပေါ့ ဗျာ။ သူက အဲဒီပုံစံမျိုး ဖြစ်စေချင်တော့၊ ကျနော်ကလည်း ရပါတယ်လို့ ပြောပြီးတော့၊ အဲဒါနဲ့ (အမေ ရိကန်နှင့်ချုပ်ဆိုသော) စာချုပ်မှာ၊ ကျနော်တို့က ဘာထည့်ရေးလိုက်လည်း ဆိုတော့၊ ဘိန်းနှိမ်နင်းရေးအတွက် (ရဟတ်ယာဉ်များ) ပေးအပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး၊ G2G Government to Government (အစိုးရချင်း) အတွက် လက်ဆောင်ပေးလိုက်တယ် ဆိုတဲ့ clause (စာပိုဒ်) ကို၊ ကျနော်တို့က ထည့်လိုက်တယ်။ အဲဒီ clause ကို မင်းထည့်လိုက်လို့ သူ(ဗိုလ်ချုပ်ကြီးနေ၀င်း)က ပြောတော့၊ ကျနော်က သူ့ဆီက ပြန်လာ ပြီးတော့၊ အဲဒါကို ရေးထည့်လိုက်ပြီး၊ (အမေရိကန်ဘက်ကို) ပို့လိုက်ပြီးတော့ သိပ်မကြာဘူး၊ ဒီကောင်တွေ (ရဟတ်ယာဉ်တွေ) ချက်ချင်း ရောက် လာတယ် ခင်ဗျ။ အုပ်လိုက် အုပ်လိုက်၊ ရောက်လာတယ်။။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ နှစ်အုပ်လား၊ သုံးအုပ်လားပဲ၊ ရောက်လာကြပါတယ်။။

(အုပ် (squadron) = စစ်ဘက် လေယာဉ်/ရဟတ်ယာဉ် အရောင်းအ၀ယ် အပေးအယူတွင်၊ တအုပ် (one squadron) တွင် တိုက်ခိုက်ရေး (၁၀) စီး၊ အမောင်းသင်လေ့ကျင့်ရေး (၂) စီး၊ စုစုပေါင်း (၁၂) စီး ပါဝင်သည်။)

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ နောက်တခု ဖြစ်သေးတယ် ခင်ဗျ။ အဲဒါကလည်း ယူဖို့ သင့် မသင့်၊ အင်မတန် ဖြစ်ခဲ့ရတာပေါ့ ဗျာ။ ဗီယက်နမ်စစ်ပွဲက (၁၉၇၅ တွင်) ပြီးသွားရော။ မြောက်ဗီယက်နမ်က နိုင်သွားပြီးတော့။ အဲဒီစစ်အတွက် အမေရိကန်တွေက လက်နက်အသစ်တွေ အထူးသဖြင့် လေယာဉ်နဲ့ ပတ်သက်တာတွေကို၊ ထိုင်းမှာ သိမ်းထားတယ် ခင်ဗျ။ လိုရင် ထုတ်သုံးဖို့ ဆိုပြီး ထိုင်းမှာ သိမ်းထားတာတွေက ကျန်နေတယ် ခင်ဗျ။ အမေရိကန်တွေက အဲဒါတွေကို (အမေရိကားကို) ပြန်မယူချင် ပြန်မသယ်ချင်တော့ဘူး တဲ့။ အဲဒါတွေ ကျနော်တို့ကို ပေးမယ်ပေါ့၊ defer payment (ကာလရှည် အရစ်ကျငွေချေစနစ်) နဲ့ ပေါ့။ နောက်မှ ဖြည်းဖြည်းပေး၊ နောက်ပိုင်းကျ politically (နှစ်နိုင်ငံ နိုင်ငံရေး အရ) အဆင် ပြေသွားကြရင်လည်း၊ ဒါကို (မပေးရတော့ပဲ) ရမယ်ပေါ့ ဗျာ။ အဲဒီလို ပြောပြီးတော့၊ ဘာတွေပါလဲ ဆိုတော့ (တိုက်လေယာဉ်) Fighter 105 Tiger E ဆိုတာ ပါတယ်၊ နောက်ပြီးတော့ AV observation (ကင်းထောက်) လုပ်တဲ့ လေယာဉ်တွေ ပါတယ်။ တိုက်လေယာဉ်တွေ ကတော့ ယူသလောက် (အရေအတွက်) ကို ပေးမယ်ပေါ့။ သို့သော် အဖိုးအခကတော့၊ တစီးကို one million (အမေရိကန်ဒေါ်လာ တသန်း) ကျမယ် ပေါ့။ သဘောတူရင် ယူပါ လို့၊ (အမေရိကန်ဘက်က) ပြောတယ်။ အဲဒါကို ကျနော် ဗိုလ်ချုပ်ကြီးနေ၀င်းကို သွားတိုင်ပင်တော့ သူက ခါးခါးသည်း သည်း ငြင်းတယ် ဗျ။ ဒါကို မင်း မလုပ်နဲ့နော် တဲ့။ ကျနော့်ကို ပြင်းပြင်းထန်ထန် ပြောတယ်။ အဲဒါနဲ့ ကျနော် အဲဒီဟာကို drop (ရုပ်သိမ်း) လိုက်ရ တယ်။ ကျနော့် Chief of Staff ရုံး (ကာကွယ်ရေးဦးစီးချုပ်ရုံး) က၊ အရာရှိတွေကတော့ ယူချင်တာပေါ့ ဗျာ။ အမေရိကန်တွေ ပြန်သယ်သွားရမဲ့ အစား။ သူတို့ ဘာမှလည်း လုပ်တော့မှာမှ မဟုတ်တဲ့ အတူတ တော့၊ ကျနော်တို့က အသစ်ကျပ်ချွတ်တွေ (အလကားနီးပါးဈေးနဲ့) ရလိုက်မယ့် ဟာကို၊ ဆိုတဲ့ အမြင်လေးတွေနဲ့ပေါ့။ ဗိုလ်ချုပ်ကြီးနေ၀င်း argue (အကြောင်းပြ ငြင်းဆို) လုပ်တာကတော့ “ ဒီဟာတွေကို၊ ဒို့ယူလိုက်ရင်၊ အမေ ရိကန်တွေကို မှီခိုရမယ့်ဟာတွေ ဖြစ်ကုန်ပြီးတော့၊ နိုင်ငံခြားရေးမူဝါဒပိုင်း ဆိုင်ရာတွေမှာ၊ ပြဿနာတွေ ဖြစ်လာမယ်” လို့ ပြောရင်းနဲ့ “မယူနဲ့ကွာ။ မင်း သွားပြီး မရှုပ်နဲ့” တဲ့။ “မင်း အဲဒါကို သွား မစနဲ့” တဲ့။ ကျနော့်ကို အဲဒီလို ပြောတာနဲ့ ကျနော်လည်း ကောင်းပါပြီ ဆိုပြီး drop လုပ်ခဲ့ရတယ်။

ဦးရော်နီညိမ်း။ ။ သောတရှင်များခင်ဗျာ။ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန်-မြန်မာ တပ်မတော် နှစ်ရပ် ဆက်ဆံရေး အပိုင်း (၄)” ကို၊ နောက်သီတင်းပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်း၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီး တင်ဆက်ပေး သွားပါမယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG