သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အမတ် အငြိမ်းစားဗိုလ်ကြီးဦးဝင်းထိန်၏ လွှတ်တော်တက်ရေး မတက်ရေး သဘောထားနှင့် မြန်မာနိုင်ငံအနာဂတ်ကာကွယ်ရေး မဟာဗျူဟာအမြင်


တပ်မှူးတပ်သား ပြောစကား (၁၀၉)

ပြီးခဲ့တဲ့ ၂၀၁၂ ဧပြီ (၁) ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ မိတ္ထီလာမြို့နယ်မဲဆန္ဒနယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အငြိမ်းစား ဗိုလ်ကြီးဦးဝင်းထိန်ရဲ့ လွှတ်တော်တက်ရေး ပြင် ဆင်မှု၊ အနာဂတ် ကာကွယ်ရေးမဟာဗျူဟာ အမြင်နဲ့ ကျမ်းသစ္စာ စကားလုံး အသုံးအနှုံး သဘောထားတွေကို၊ ဆက်သွယ်မေးမြန်းပြီး၊ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား “ကဏ္ဍမှာ၊ ဦးရော်နီညိမ်း က တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ လာမယ့် ဧပြီ (၂၃)ရက်နေ့ တနင်္လာနေ့မှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ရွေးကောက်ခံ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေရဲ့ ကိုယ်စား လှယ်တွေ၊ လွှတ်တော် တက်ရေး မတက်ရေး အခုအခါမှာ ဆိုင်းငံ့ဖြစ်နေတဲ့ကိစ္စကို ခဏထားပြီးတော့၊ အကယ်၍ တက်ဖြစ်ခဲ့ရင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေ တစ်ဦးချင်း အနေနဲ့ လွှတ်တော်မှာ ဘာတွေ တင်ပြဆွေးနွေးဖို့ရှိပါသလဲ၊ ဒါမှမဟုတ် အကုန်လုံးစုပေါင်းပြီးတော့ လွှတ်တော်မှာ တင်မယ့် agenda (ကျကျနနပြင်ဆင်ထားသော အစီအစဉ်) တစ်ခုခုများ ရှိပါသလား။

ဦးဝင်းထိန် ။ ။ အခုအထိတော့ ဒါကို ကျနော်တို့ ပြောလို့ရမှာ မဟုတ်သေးဘူး။ ဘာ့ကြောင့်လဲဆိုတော့ မနေ့ကနဲ့ ဒီကနေ့မှာ ကျနော်တို့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ခံကိုယ်စားလှယ်များ)တွေက work shop (အလုပ်ရုံဆွေးနွေးပွဲ) သဘောမျိုးနဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကို ကြေကြေလည် လည် ဆွေးနွေးကြတာရယ်၊ အဲဒီအခြေခံဥပဒေထဲက ဒီမိုကရေစီနဲ့ မကိုက်ညီတာတွေကို ဖေါ်ထုတ်ပြီးတော့ မှ ဘယ်လိုကိုင်တွယ်ကြမယ်ဆို တာတွေရယ်၊ နောက်တစ်ခုက လွှတ်တော်နဲ့ ပတ်သက်ပြီးတော့ ဥပဒေ (ကြမ်း)တွေ တင်သွင်းတဲ့အခါမှာ ဘယ်လို အဆိုတင်သွင်းမယ်၊ ဘယ်လို ဖြေရှင်းကြတယ်၊ ဘယ်လို ဆုံးဖြတ်ချက်ချကြတယ်၊ အဲဒါတွေပဲ ကျနော်တို့ဆွေးနွေးတာ ဆိုတော့ particular program/particular proposal (အတိအကျအစီအစဉ်/အတိအကျအဆိုတင်သွင်းမှု) တွေ လုပ် တာ၊ ကျနော်တို့မှာ မရှိသေးဘူး။

ဦးရော်နီညိမ်း ။ ။ အခုလာမယ့် ဧပြီ(၂၃)ရက်နေ့မှာ ပြန်စမယ့် လွှတ်တော်အစည်းအဝေးဟာလည်း ငါးရက်ပဲ ကြာမယ်ဆိုတော့၊ ဒါက သင်္ကြန်ရုံးပိတ်ရက်တွေ ခံသွားလို့ အရင်အစည်းအဝေးရက်တွေက မပြီး မပြတ်သေးတာတွေ ကျန် နေတဲ့ကိစ္စတွေကို ဦးစားပေး ဆွေးနွေးမှာဆိုတော့၊ ဦးဝင်းထိန်တို့ရဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အနေနဲ့ ကိုယ့် agenda ရှိတောင်မှ၊ အခုတခေါက်မှာ တင်ဖို့ မရည်ရွယ်သေးဘူးလို့၊ မှန်းဆရ ပါတယ်။ ဒီနှစ်ထဲမှာ နောက်ထပ်လည်း (ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ရဲ့) စတုတ္ထ/ပဉ္စမ/ဆဌမ အစည်းအဝေးတွေ ပေါ်ပေါက်ဖို့လည်းရှိပါတယ်။ အဲဒီ အခါကျရင်ကော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘာတွေ တင်ပြဆွေးနွေးဖို့ရှိသလဲဆိုတာ၊ ပြောနိုင်သလောက် ပြောပြပေးပါဦး ခင်ဗျာ။

ဦးဝင်းထိန် ။ ။ အခုအထိတော့ လွတ်တော်မှာ ဘယ်လိုတွေ အဆိုတင်သွင်းကြမယ်ဆိုတာကို၊ ကျနော် တို့ မဆွေးနွေးကြသေးပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ချမှတ်ထားတဲ့ တတိယရည်မှန်းချက်က ၂၀၀၈ ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေမှာ အနာဂတ်ဒီမိုကရေစီနိုင်ငံအနေနဲ့ မဆီလျော်တဲ့ အချက် အလက်တွေကို ပြုပြင်ရေးဆိုတာ ပါတယ်။ အဲဒီတော့ ဒီအချက်တွေနဲ့ပတ်သက်ပြီး ပြပြင်ရေးလုပ်မယ့် ကိစ္စတွေထဲမှာ ချက်ချင်းလုပ်လို့ ရတာတွေရှိသလို၊ ရေရှည်မှာ သည်းခံစိတ်ရှည်စွာနဲ့ လုပ်ရမယ့် အလုပ်တွေ ရှိပါတယ်။ အဲဒီအလုပ်တွေနဲ့ပတ်သက်ပြီး သတ်သတ်မှတ် မှတ်ဆွေးနွေးပြီးတော့မှ လုပ်စရာတွေ ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ မိတ္ထီလာမြို့နယ်ကို ကိုယ်စားပြုပြီး ရွေးချယ်ခံထားရတဲ့ ဦးဝင်းထိန်အနေနဲ့ကော၊ ကိုယ့် မြို့နယ် မိတ္ထီလာမြို့နယ်အတွက် အလိုအပ်ဆုံးဆိုပြီးတော့ ကဏ္ဍတစ်ခုအနေနဲ့ ဦးဝင်းထိန် မြင်ထားတာ ဘယ်လိုရှိပါသလဲ၊ ဥပမာ စိုက်ပျိုးရေးကဏ္ဍလား၊ ဒါမှမဟုတ် ပညာရေးလား ကျန်းမာရေးလား စသည်ဖြင့် ကိုယ်မြင်ထားတဲ့ ကဏ္ဍတစ်ခု ကို ပြောပြပါလား။

ဦးဝင်းထိန် ။ ။ ကျနော်ကတော့ ပညာရေးနဲ့ ကျန်းမာရေးကို ပိုပြီးတော့ အားသန်တယ်။ သို့သော်လည်း မိတ္ထီလာက တချို့ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးကြည့်တဲ့အခါကျတော့၊ သူတို့က မိတ္ထီလာကန်ကြီးကို ဆယ်ချင်နေ ကြတယ်။ မိတ္ထီလာကန်မှာ ထူးခြားချက်က တောင်ကန်နဲ့ မြောက်ကန် ဆိုပြီးတော့ ရှိတယ်။ မြောက်ကန်ဟာ မိုးတွင်းမှာ ရေဝင်လာရင် ရေ နောက်တယ်။ တောင်ကန်ကတော့ ရေဝင်လာပြီး ရေနောက်ပေမယ့် တစ် ရက်နှစ်ရက်နဲ့ ပြန်ပြီးကြည်သွားတယ်။ ကြည်သွားရတဲ့အဓိကအကြောင်းအချက်က မိတ္ထီလာတောင်ကန် ရဲ့ရေအောက်မှာရှိတဲ့ မြေမာတွေရဲ့ မြေသားတွေ ဓါတ်သဘာဝဖွဲ့စည်းပုံအရ ရေကိုကြည်စေတယ်ပေါ့။ အထူးသဖြင့် ကျောက်ချဉ်ဓါတ်ပါတဲ့အတွက်ကြောင့်။ အဲဒါကြောင့်သာလျှင် တောင်ကန်က ကြည်လင်နေ တယ်။ အဲဒီတော့ မိတ္ထီလာမြို့သူမြို့သား တချို့တွေ အားသန်နေသလို၊ မိတ္ထီလာကန်ကို ဆယ်ချင်တယ်ဆို ရင်၊ တောင်ကန်ရဲ့ရေအောက်က မြေကြီးတွေကိုပါ ဖေါ်ထုတ်ဖယ်ရှားပြီးတော့မှ တောင်ကန်ရဲ့အနေအထား ကို ချဲ့ရမယ့်သဘောရှိတယ်။ အဲဒီလိုချဲ့တဲ့အခါမှာ၊ တောင်ကန်ရဲ့ မြေအနေအထားကို နှောက်ယှက် သလိုဖြစ်တဲ့အတွက် ecologically သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှုအရ ရေကိုကြည်စေတဲ့ ဓါတ်သဘာဝတွေ ပျက်သွားနိုင်သလားဆိုတာ၊ ကျနော် သံသယ ရှိမိတယ်။ နောက်တစ်ခုက ဒီကိစ္စမျိုးဟာ အင်မတန်ကြီးကျယ်တဲ့ အတွက် မိတ္ထီလာက အာဏာပိုင်တွေနဲ့တင် လုပ်လို့ရမယ် မထင်ဘူး။ မိတ္ထီလာ ကန် က ကမ္ဘာမှလည်း အထိုက်အလျောက် အရေးပါတဲ့ heritage (သမိုင်းဝင်အမွေအနှစ်) တဲ့အတွက်ကြောင့်မို့ လို့ ကမ္ဘာအရပ်ရပ်အသီးသီးက ကူညီ ချင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီမှ ဖြစ် မှာဖြစ်တဲ့အတွက်ကြောင့်၊ ကျနော်တို့အင်အားနဲ့တင် လုပ်လို့ကတော့ မပြည့်စုံဘူး၊ သေသေချာချာ နှစ်ပေါင်း များစွာ လေ့လာပြီးတော့မှ လုပ်သင့်လုပ်ထိုက်သလားဆိုတာ ဆုံးဖြတ်ရမယ်။ ပြီးတော့မှ ဘဏ္ဍာငွေကြေး ရှာရမယ်၊ အဲဒါပြီးမှ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို နိုင်ငံတကာအထောက်အကူနဲ့လုပ်မှ ဖြစ်မယ်လို့ ကျနော် ယူဆတယ်။

ဦးရော်နီညိမ်း ။ ။ နောက်တစ်ခုက အခု သမ္မတဦးသိန်းစိန်ရဲ့နိုင်ငံရေးအကြံပေးခေါင်းဆောင်ဖြစ်တဲ့ ဦးကိုကိုလှိုင် လိုပဲ၊ ဦးဝင်းထိန်သည်လည်း ဦးဝင်းထိန်အချိန်အခါက ကာကွယ်ရေးဝန်ကြီးဌာနမှာ၊ နိုင်ငံ တကာရေးရာတွေနဲ့ပတ်သက်ပြီး သုတေသနလုပ်ရတဲ့ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့၊ ကျနော် တို့နိုင်ငံနဲ့ပတ်သက်ပြီးတော့ ကာကွယ်ရေးအမြင်အရ နိုင်ငံတကာနဲ့ဆက်စပ်ပြီးတော့ ဘယ်လိုများ မြင်ထား တာရှိပါသလဲ။ အဲဒီတုံးကတော့ ဦးဝင်းထိန်က အရှေ့ ဥရောပနိုင်ငံတွေကို အထူးပြုလေ့လာခဲ့တယ်လို့ သိရှိ ရပါတယ်။ အခုကော ဘယ်လိုတွေများ မြင်ထားပါသလဲ ခင်ဗျ။

ဦးဝင်းထိန် ။ ။ ကျနော်တို့ (ကာကွယ်ရေးဝန်ကြီးဌာနမှာ) ရှိတုံးကတော့၊ ၁၉၇၀ ကျော်ခုနှစ်တွေတုံးက အဲဒီတုံးက ရှိခဲ့တဲ့ မဟာဗျူဟာအမြင် (strategic outlook) က၊ သိပ်သိသာတယ်။ ကျနော်တို့ရဲ့ potential enemy နောင်အနာဂတ်မှာ နိုင်ငံတကာရန်သူဖြစ်လာဖို့ အလားအလာရှိတဲ့နိုင်ငံဟာ ဘယ်သူဖြစ်နိုင်ခြေရှိလဲ ဆိုတဲ့ အယူအဆရှိတယ်။ ဘယ်သူလဲ ဆိုတာတော့ ပြောစရာမလိုပါဘူး။ သို့သော်လည်း အခုနောက်ပိုင်း မှာ နိုင်ငံတကာဆက်ဆံရေးတွေ ပြောင်းလဲလာတဲ့အတွက်ကြောင့်မို့လို့၊ အခု မြန်မာပြည်နဲ့ပတ်သက်လို့ ကာကွယ်ရေးကိစ္စတွေမှာ မဟာဗျူဟာအမြင်တွေ ပြောင်းလာတာနဲ့ပတ်သက်လို့ ကျနော်တို့က အခု (၂၁)ရာ စုမှာ မဟာဗျူဟာအတွေးအခေါ် strategic outlook က၊ အများကြီး ပြောင်းလဲဖို့လိုတယ်။ နောက်တစ်ချက် က နိုင်ငံတကာမှာ ဖြစ်ခဲ့တဲ့ အနေအထားတွေအရဆိုရင်၊ လွန်ခဲ့တဲ့ နှစ်(၂၀)လောက်က ကူဝိတ်ကို အီရတ် က ဝင်တိုက်လိုက်တဲ့အတွက်ကြောင့်၊ ကမ္ဘာ့နိုင်ငံအသီးသီးက လက်မခံတဲ့အခါမှာ၊ အီရတ်ကို အရေးယူတဲ့ ဟာမျိုးတွေ ရှိတယ်။ အလားတူပဲ အခု ဆီးရီးယားမှာ ပြဿနာဖြစ်နေတဲ့ကိစ္စမှာ၊ သူတို့ချင်းရဲ့ Arab League (အာရပ်အဖွဲ့ချုပ်) ကကော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကကော လိုအပ်သလိုအရေးယူတဲ့ အတွက် ကြောင့်၊ နိုင်ငံတစ်နိုင်ငံကို တခြားနိုင်ငံကြီးတစ်နိုင်ငံက ဗိုလ်ကျမယ် စိုးမိုးမယ် ကျူးကျော်မယ် ဆို တာမျိုးဟာ အင်မတန်ကို ခက်ခဲတဲ့ကိစ္စဖြစ်သွားပြီ။ အဲဒီလိုအနေအထားမှာ ကျနော်တို့ဟာ ကိုယ့်နိုင်ငံရဲ့ အင်မတန်ရှားပါးတဲ့ သယံဇာတ တွေ သုံးပြီးတော့ ကာကွယ်ရေးကဏ္ဍကို ကြီးထွားအောင် လုပ်သင့်သလား မလုပ်သင့်ဘူးလား၊ ဆိုတာ ပြန်စဉ်းစားရမှာ တစ်ခုရှိတယ်။ နောက်တစ်ခုက ကျနော်တို့ရဲ့ မဟာဗျူဟာ အမြင်အရဆိုရင် နိုင်ငံတကာက ကျနော်တို့ကို ရန်ပြုနိုင်တဲ့အနေအထားက ဘယ်လောက်ထိ အရေးပါသလဲ အရေးမပါဘူးလဲ၊ အဲဒါတွေကို ချင့်ချိန်ပြီးတော့မှ အခု (၂၁)ရာစု အတွက် မြန်မာနိုင်ငံအတွက် သင့်တော်တဲ့ မဟာဗျူဟာအမြင်ကို ပြုစုဖို့ လိုပါတယ်။ အဲဒါက အတွေ့အကြုံရှိတဲ့သူတွေ အမြော်အမြင်ရှိတဲ့ သူတွေ၊ ချင့် ချိန်ပြီးမှ ဆွေးနွေးငြင်းခုန်ကြပြီးတော့မှ နိုင်ငံအတွက် သင့်တော်တဲ့ (ကာကွယ်ရေး ဆိုင်ရာ) သဘောထား ကို ဖေါ်ထုတ်ရမှာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ နော်ကတစ်ခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံတကာ ရေးရာတွေကို ဆောင်ရွက်ခဲ့ရတဲ့ပုဂ္ဂိုလ်အနေနဲ့လည်း ဦးဝင်းထိန်ရဲ့ အမြင်ကို ကျနော် တို့ သိချင်တာ တစ်ခုရှိပါတယ်။ အခုအခါမှာ တပ်မတော်အစိုးရကနေ အရပ်သားအစိုးရ ဖြစ်လာတယ်။ လက်ရှိအစိုးရကလည်း အပြောင်းအလဲတွေ လုပ်လာတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပြောင်း လဲလာတယ်၊ အဲဒီလို ပြောင်းလဲလာတဲ့ နိုင်ငံရေးအခင်းအကျင်းမျိုး ကျနော်တို့တိုင်းပြည်အပေါ် ကျရောက် လာတာကို၊ ဘယ်လိုမြင်နေရလဲဆိုတော့၊ ဒီဒေသအတွင်းမှာ တရုတ်နဲ့ balance (အင်အားချိန်ခွင်လျှာညှိမှု) လုပ်ဖို့အတွက် အနောက်နိုင်ငံတွေအတွက် ကြည့်မယ်ဆိုရင်၊ ကျနော်တို့ တိုင်းပြည်က ရှေ့တန်းထိပ်တန်း ကို ရောက်လာတဲ့နိုင်ငံ ဖြစ်နေပါတယ်။ အခု ကျနော်တိုင်းပြည်ဟာ balanceလုပ်တာ ခံရပေမယ့်၊ ဒါက ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိတယ် ဆိုတဲ့ အမြင်မျိုးနဲ့ ဒါကို လက်ခံနေကြတာလား ဒါမှမဟုတ် balance အလုပ်ခံရတာမှာ သူတို့နှစ်ဘက် balance ညီသွားပေမယ့်လည်း၊ တဘက်ကတော့ သူတို့ အသာစီးရထား ရာကနေ၊ ညီသွားတကာ သူ့တို့ဘက်က ဆုတ်ယုတ်သွားတာမျိုး ဖြစ်နေတော့၊ သူ့ရဲ့မကျေနပ်မှုက ကျနော် တို့တိုင်းပြည်အပေါ်ကျရောက်လာမယ့် အန္တရာယ်မျိုးကော မရှိဘူးလား။ တရုတ်နဲ့ ပတ်သက်လို့ အဲဒီကိစ္စ ကိုကော ဘယ်လိုများ မြင်ပါသလဲ ခင်ဗျ။

ဦးဝင်းထိန် ။ ။ တရုတ်နဲ့ပတ်သက်လို့ကတော့၊ နဝတခေတ် အေးချမ်းဖွံ့ဖြိုးရေးအစိုးရခေတ်တွေမှာ၊ သူ တို့ရဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ရပ်တည်ရေးတွေအတွက် သူတို့ရဲ့ survival အတွက်၊ တရုတ်နဲ့ ရုရှကို အရမ်းပူးပေါင်းခဲ့ရ တယ်၊ တရုတ်နဲ့ ရုရှဆီက သူတို့ပစ္စည်းတွေ ဝယ်ရတယ်။ အဒီလို လုပ်ခြင်းအားဖြင့် မြန် မာနိုင်ငံဟာ တရုတ်နဲ့ရုရှနိုင်ငံ တွေအတွက် အဓိကကျတဲ့နိုင်ငံတစ်ခု ဖြစ်လာတယ်။ အခုကျတော့ ကျနော် တို့ဆီမှာ ဗိုလ်ချုပ်ကြီးတွေပါတဲ့ အရပ်သားအစိုးရအဖြစ်တော့ ပြောင်းလာပြီ။ အဲဒီလိုပြောင်းလာတော့၊ ပြည် တွင်းမှာ တရုတ်နဲ့ပတ်သက်လို့ ပြည်သူလူထုရဲ့ခံစားချက်ကို သူတို့လည်း အထိုက်အလျောက်သိလာကြပြီ လို့၊ ကျနော်တို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့၊ တလောက ဧရာဝတီမြစ်ဆုံမှာ ရေကာတာဆောက် မယ့်စီမံကိန်းကို သမ္မတဦးးသိန်းစိန်အမိန့်နဲ့ ရပ်လိုက်တဲ့ကိစ္စဟာ၊ ပြည်သူလူထုရဲ့ဆန္ဒကို အထိုက် အလျောက် လိုက်လျောတယ်လို့ ယူဆရတယ်။ အဲဒီလို ယူဆတဲ့အပေါ်မှာ၊ မူတည်ပြီးတော့မှ တရုတ်ပြည် က မြန်မာပြည်ကို ဘယ်လို သဘောထားမလဲ။ တရုတ်ပြည်ဟာ မြန်မာပြည်အတွက် အလွန်အရေးပါတဲ့ မဟာဗျူာမြောက် မဟာမိတ်ဆိုပြီး လူသိရှင်ကြား ကြေညာသွားတာ ရှိတယ်။ သို့သော် အဲဒီလို လူသိရှင် ကြား ကြေညာသွားတာရဲ့နောက်ကွယ်မှာ တကယ့်အနှစ်သာရက ဘယ်လောက်ရှိလဲဆိုတာတော့၊ ကျနော် တို့ မှန်းဆလို့ မရဘူး။ နောက်တစ်ချက်က အိန္ဒိယနိုင်ငံရဲ့အရေးပါမှုကိုပါ ထည့်သွင်းစဉ်းစားတဲ့အခါ၊ တရုတ် ရဲ့ မြန်မာနိုင်ငံကို လွှမ်းမိုးမှုတွေကြောင့်၊ အိန္ဒိယကလည်း မြန်မာနိုင်ငံက အထိုက်အလျောက် ဝင်ချင်နေ တယ်။ အဲဒီလို ဖြစ်နေတာမှာ၊ တရုတ်နဲ့ အိန္ဒိယကြားမှာ၊ လိုသလို ထိန်းညှိပြီး၊ မြန်မာနိုင်ငံ ရပ်တည်နိုင်အေင် ကြိုးစားနေတယ်လို့ ကျနော်ထင်တယ်။ ဒါကြောင့် နောင်လာမယ့် ဒီမိုကရေစီအစိုးရခေတ်မှာ တရုတ်နဲ့သော် လည်းကောင်း၊ အိန္ဒိယနဲ့သော်လည်းကောင်း၊ တခြားနိုင်ငံ တွေနဲ့သော်လည်းကောင်း၊ အိမ်နီးနားချင်းနိုင်ငံ တွနဲ့ ရေရှည်ကိုမျှော်မှန်းပြီးတော့မှ သူတို့နဲ့မိတ်ဆွေဖြစ်တဲ့ အနေအထားမျိုးကို တည်ဆောက်ရမယ်။ အထူး သဖြင့် တရုတ်ပြည်ဟာ ထာဝရနယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံဖြစ်တာ ကြောင့်မို့လို့ ဒီနိုင်ငံကို ကျနော်တို့ က အလေးထားပြီး ဆက်ဆံရမယ်။ သို့သော်လည်း တစ်ခုရှိတာက၊ အရင့်အရင်က အလွန်အကျွံ (တရုတ်နိုင်ငံကို မှီခိုအားထားခဲ့မှုများ)ကိစ္စေတွေကိုတော့၊ ပြန်လည်သုံးသပ်ရလိမ့်မယ်လို့ ကျနော် ယူဆ ပါတယ်။

ဦးရော်နီညိမ်း ။ ။ နောက်ဆုံးသိချင်တာ တစ်ခု မေးချင်ပါတယ်။ လာမယ့် ဧပြီ(၂၃)ရက်နေ့မှာ NLD အနေနဲ့ လွှတ်တော်တက်ရေး မတက်ရေး လိပ်ခဲတင်းလင်းဖြစ်နေတဲ့ကိစ္စပါ။ “ကာကွယ်စောင့်ရှောက်” နဲ့ “လေးစားလိုက်နာ” ဆိုတဲ့ စကားရပ်နှစ်ခုကြားမှာ ညှိနှိုင်းမရ ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့၊ ဦးဝင်းထိန်ရဲ့ ကိုယ်ပိုင်အမြင်ကို သိချင်ပါတယ်။

ဦးဝင်းထိန် ။ ။ ကျနော့်ရဲ့ ကိုယ်ပိုင်အမြင်အရ ဒီကိစ္စကို ကျနော် စိတ်မချမ်းသာဘူး။ ဘာ့ကြောင့်လဲ ဆို ရင်၊ ကျနော်တို့ပါတီဟာ အရင်တုံးက တရားမဝင်ပါတီကနေ တရားဝင်ပါတီ ဖြစ်အောင်လို့ မှတ်ပုံတင် မယ်၊ ရွေးကောက်ပွဲဝင်မယ် ဆိုပြီး ဖြစ်လာအောင်က၊ သူတို့က ရွေးကောက်ပွဲဥပဒေတွေကို ပြင်ပေးတယ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတာအစား လေးစားလိုက်နာပါမယ်လို့ (နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် ပါဝင်သောစကားရပ်ကို) ပြင်ပေးတယ်။ အဲဒီလိုဆိုတော့ ဒီပြင် ဆင်မှုတွေကို လွှတ်တော်ကလည်း automatically ဆက်လုပ်သွားရမယ်။ အလိုအလျောက် ပြင်သွားရမယ်။ ဒါပေမဲ့ ဆက်မလုပ်ကြပဲ၊ ပစ်ထားလိုက်ကြပြီးတော့မှ၊ အခု ကျနော်တို့ ပါတီ ရွေးကောက်ခံကြရတော့မှ၊ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ အမတ်အသစ်တွေက ကျမ်းသစ္စာကျိန်းဆို ရမယ်လို့၊ သူတို့က တောင်းဆိုလာတဲ့အခါမှာ၊ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင်၊ ဒါဟာ အင်မတန် စိတ်ပျက် စရာကောင်းတဲ့ အလားအလာပဲ။ အစကတည်းက ပြင်နိုင်တဲ့အနေအထား ပြင်နိုင်တဲ့အချိန်ရှိရဲ့သားနဲ့ မပြင် ခဲ့ဘူး။ အခု ကျနော်တို့ပါတီက လွှတ်တော်ကို စပြီးဝင်တဲ့အခါမှာ၊ ဒါလေးတစ်ခုထဲနဲ့ အထစ်အငေါ့ဖြစ် ရတာ၊ တော်တော် စိတ်မချမ်းမသာဖြစ်ရတဲ့ကိစ္စပါ။ သို့သော်လည်းပဲ ကျနော်တို့က ရပ်တည်ချက်က ခိုင်ခိုင် မာမာရှိထားပြီးသားမို့၊ ဒီပြဿနာဟာ မကြာခင်မှာ ကျော်လွှားနိုင်လိမ့်မယ်လို့၊ ကျနော် ယူဆပါတယ်။

ဦးရော်နီညိမ်း ။ ။ တချို့ကလည်း ပြောကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ထဲ ရောက်သွားတဲ့အခါ၊ အခြေခံဥပဒေကို ပြင်ဆင်နိုင်တဲ့အခါမှာ၊ ဒီအခြေခံဥပဒေဟာ ကိုယ့်စိတ်ကြိုက်ဖြစ် လာပြီဆိုရင်၊ ဒါဟာ ကာကွယ် စောင့်ရှောက်ရတော့မယ် ဆိုတော့၊ ကာကွယ်စောင့်ရှောက်တယ် ဆိုတာ ဟာ ယေဘုယျအားဖြင့် အမြဲသွားနေတဲ့ကိစ္စ ဖြစ်တာမို့၊ ဒါက နိုင်ငံတကာထုံးတမ်းစဉ်လာလည်း ဖြစ်နေ တာကြောင့်၊ ကာကွယ်စောင့်ရှောက်ပါမည်လို့၊ ကျမ်းသစ္စာကျိန်ဆိုတာက ဘာမှ မထိခိုက်ဘူးလို့ မြင်ကြတဲ့ အမြင်တွေလည်း ရှိပါတယ်။ ဒီအပေါ်မှာကော ဘယ်လိုယူဆပါသလဲ ခင်ဗျ။ ကိုယ်ကနေပြီးတော့ ဒီအခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲလို့ ရသွားပြီဆိုရင်၊ ဒီအခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်ရတော့မှာပဲဖြစ် တယ်လို့၊ ပြောကြတဲ့ အနေထားတွေလည်း ရှိနေပါတယ်။

ဦးဝင်းထိန် ။ ။ ဒါက နောင်မှ ဖြစ်လာမယ့် အနေအထားတွေပေါ့လေ။ သို့သော်လည်း လောလောဆယ် မှာ ကျနော်တို့ရဲ့ ရပ်တည်ချက်က မူလကတည်းက ဒီအပေါ်မှာပဲ ရပ်တည်ခဲ့တာမို့လို့၊ လွှတ်တော်ကို ဝင်တဲ့ အခါ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ၊ မူလရပ်တည်ချက်အတိုင်းပဲ ချဉ်းကပ်ပြီး ရပ်တည်ဖို့ဆိုတာ၊ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်တယ်။ ကျနော်တို့ရဲ့မူလည်း ဖြစ်တာပေါ့။ ဒါနဲ့ပတ်သက်လို့ ကျနော့်မှာ ဘာမှဝေဖန်စရာ မရှိပါဘူး။ သို့သော်လည်းပဲ ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့၊ နောင်မှာ အများကြီးသွားစရာ ရှိသေးတယ်။ အများကြီး စိတ်ရှည်ရှည်နဲ့ ကျနော်တို့မှာ လုပ်စရာရှိသေးတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ပါတီဟာ နှစ်ပေါင်း (၂၃)နှစ်ကျော် ကျော် အလူးလူးအလဲလဲနဲ့ခံလာရပြီး၊ အခုမှ နာလံထခါစ ဖြစ်တဲ့အတွက်ကြောင့်၊ နောင်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေထဲက နောင်အနာဂတ် ဒီမိုကရေစီနိုင်ငံနဲ့ မညီတဲ့ကိစ္စတွေ၊ကို ပြင်မယ်ဆိုတာက၊ တော်တော်ကို စိတ်ရှည်ရှည်နဲ့ နှစ်ပရိစ္ဆေဒ အကြာ ကြီး အချိန်ယူရဦးမယ်လို့၊ ယူဆတဲ့အတွက်ကြောင့်မို့လို့၊ အခု ကာကွယ်စောင့်ရှောက်မယ်/လေးစားလိုက်နာ မယ်ဆိုတဲ့ ကိစ္စမှာ၊ ကျနော်တို့ရဲ့မူဝါဒအနနဲ့ပဲ ကျနော်တို့ ရပ်တည်မယ်။ နောင်တချိန်မှာ ကာကွယ်စောင့်ရှောက်ရမယ့် အခြေအနေပေါ်ပေါက်လာရင်၊ ကျနော်တို့က ပြုပြင်ဖို့ရာ ဝန်မလေးဘူးလို့၊ ကျနော်ပြောချင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ၂၀၁၂ ဧပြီ (၁) ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မိတ္ထီလာ မြို့နယ် မဲဆန္ဒနယ်ကနေ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အငြိမ်းစား ဗိုလ်ကြီးဦးဝင်းထိန်ကို ဆက်သွယ်မေးမြန်းတင်ဆက်ခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG