တပ်မှူးတပ်သား ပြောစကား (၀၅၇)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဖြစ်လာချိန်မှာ၊ အမေရိကန် မြန်မာ၊ တပ်မတော်ချင်း ဆက်ဆံရေး အလား အလာတွေ နဲ့ ၁၉၈၀ခုနှစ်တွေမှာ၊ အမေရိကန်ပြည်ထောင်စုမှာ မြန်မာ့တပ်မတော်အရာရှိတွေ စစ်သင်တန်းတွေ လာရောက်တက်ခဲ့ကြတဲ့ အခြေ အနေတွေကို၊ ကိုယ်တိုင် အမေရိကားမှာ သင်တန်း လာတက်ဖူးသူ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ ဆွေးနွေးမေးမြန်းပြီး၊ ဦးရော်နီညိမ်းက ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ စီစဉ်တင်ဆက်ထားပါတယ်။
ဦးရော်နီညိမ်း။ ။ ၁၉၈၀ နှစ်တွေရဲ့ အစောပိုင်းကာလ သို့မဟုတ် ၁၉၈၀ နှောင်းပိုင်းကာလတွေမှာ၊ ဗိုလ်မှူး အပါအဝင် တပ်မတော်(ကြည်း) က၊ ထောက်လှမ်းရေးတင် မက၊ အမေရိကန်ပြည်ထောင်စုမှာ သွားတက်ခဲ့ရတဲ့ သင်တန်းတွေ အကြောင်းနဲ့ အမေရိကန် မြန်မာ၊ တပ်မတော် ချင်း အဲဒီအချိန်က ဆက်ဆံရေးအကြောင်းတွေကို သိမှီသလောက် ပြောပြပေးပါလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ၁၉၈၀ နောက်ပိုင်းမှာ တပ်မတော်(ကြည်း) အပိုင်းကတော့၊ Ranger Course (အမေရိကန်ကြည်းတပ် အထူး တပ်ဖွဲ့သင်တန်း) တို့၊ တပ်ရင်းမှူးသင်တန်းတို့ စေလွှတ်ခဲ့တာ သိပါတယ်။ ကျနော် မှတ်မိသမျှ ကျန်းမာရေးဝန်ကြီးလုပ်သွားတဲ့ ဗိုလ်ချုပ်ကက်စိန် တို့၊ ဒုတိယဗိုလ်ချုပ်ကြိးကျော်ဝင်းတို့၊ သူတို့တွေဟာ Ranger Course တက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပါ။ အခု ပြင်သစ်က လက်ရှိသံအမတ်ကြီးဗိုလ်မှူး ကြီးကျော်စွာမင်း (DSA 22) တို့ ပါတယ်။ ပို့ဆောင်ရေးဝန်ကြီး လုပ်သွားတဲ့ ဗိုလ်ချုပ်သိန်းဆွေ (မှည့်ကြီး)(DSA 13) နဲ့ ဝါရှင်တန်မှာ (အမေရိ ကန်ပြည်ထောင်စုဆိုင်ရာ) မြန်မာစစ်သံမှူး ဗိုလ်ချုပ် (ဗိုလ်မှူးချုပ်) စိုးဌေး (DSA 13) တို့ နှစ်ယောက်ကတော့၊ ၁၉၈၈မှာ အမေရိကန်မှာ တပ်ရင်း မှူး သင်တန်း သွားတက်ခဲ့ရတဲ့ နောက်ဆုံးသူတွေပါ။
(ဗိုလ်ချုပ်ကက်စိန် OTS 29 = ဒို့ဗမာအစည်းအရုံး ခေါင်းဆောင်တဦးဖြစ်သူ သခင်ဗဟုန်၏ သား။ ၁၉၇၆ နိုင်ငံတော်လုပ်ကြံမှုဖြင့် ကြိုးပေးကွပ် မျက်ခံခဲ့ရသော ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် ဗိုလ်သင်တန်းအပတ်စဉ်တူ၊ ၁၉၈၈ စစ်အာဏာသိမ်းတိုင်းမှူးများ နောက်ပိုင်း ဒုတိယအသုတ်တိုင်းမှူး များထဲမှ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့သူ)
(ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်း OTS 30 = ၁၉၉၇ တွင်၊ ၁၉၈၈စစ်အာဏာသိမ်းတိုင်းမှူးများအား ရာထူးများမှ ဖယ်ရှားပြီး၊ “နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ” အမည်နှင့် ၁၉၈၈ စစ်အာဏာသိမ်းနောက်ပိုင်း ဒုတိယအသုတ် တိုင်းမှူးများ မပါဝင်စေပဲ၊ တတိယအသုတ် တိုင်းမှူးများနှင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေက စစ်ကောင်စီအသစ်ကို ပြန်လည်ဖွဲ့စည်းသောအခါ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုုပ် (မြစ်ကြီးနား) တိုင်းမှူး အနေနှင့် စစ်ကောင်စီဝင် (၁၇) ဦးထဲမှ တစ်ဦး ဖြစ်ခဲ့သူ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ကစထ(၂)၏ ကစထမှူး၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်တို့ ဖြစ်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ်တွင် အနားပေးခြင်းခံရသူ)
(ဗိုလ်မှူးချုပ်စိုးဌေး (DSA 13) = အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာစစ်သံမှူးဖြစ်ခဲ့ပြီးနောက်၊ မလေးရှာနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး၊ ရုရှ သမ္မတနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဆက်ပြီးဖြစ်ခဲ့သူ၊ တပ်မတော်တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၁) (ကျောက်မဲ) (Military Operations Command – 1, Kyaukme) ၏ တပ်မမှူး ဖြစ်ခဲ့သူ၊ ယခု တပ်မတော်ပိုင် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လိမိတက် (Union of Myanmar Economic Holding Ltd.) တွင် အမှုဆောင် အရာရှိကြီး)
ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ကျနော်တို့ ထောက်လှမ်းရေးအပိုင်းနဲ့ ပြောရရင်တော့၊ ၁၉၈၃ ခုနှစ် ဒီဇင်ဘာမှာ ထောက်လှမ်းရေးကို အသစ် ပြန် ဖွဲ့ပါတယ်။
(၁၉၈၃ ခုနှစ် ဒီဇင်ဘာ ထောက်လှမ်းရေးကို အသစ်ပြန်လည်ဖွဲ့စည်းမှု = ၁၉၈၃ မေလတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တွဲဘက်အတွင်းရေး မှူး တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးဟောင်း မျက်မှန်ကြီး ဗိုလ်မှူးချုပ်ဟောင်းတင်ဦးကို ပါတီဥက္ကဌ ဦးနေဝင်းက ရာထူးမှ ထုတ်ပယ် သောအခါ၊ ထိုစဉ်က ထောက်လှမ်းရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးကံညွန့်ဦးဆောင်သော တပ်မတော်ထောက်လှမ်းရေးတဖွဲ့လုံးမှ ဗိုလ်မှူးနှင့် အထက်အရာရှိများအားလုံး တပ်မတော်မှ ထုတ်ပယ်ခံရပြီး၊ ဗိုလ်ကြီးနှင့်အောက် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရေးတပ်များသို့ ရွှေ့ပြောင်းခဲ့သည်။ တိုက်ခိုက်ရေးတပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုး(DSA 1) ကို တပ်မတော် ထောက်လှမ်းရေးညွှန်ကြားရေးမှူးခန့်အပ် ၍၊ ထောက်လှမ်းရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ၁၉၈၃ အောက်တိုဘာလတွင် မြောက်ကိုးရီးယားသူလျှိုများက ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တောင်ကိုးရီးယားသမ္မတချွန်ဒူးဝှမ်၏ အစိုးရဝန်ကြီးအဖွဲ့ ကို၊ ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ဗုံးခွဲတိုက်ခိုက်သောအခါ၊ ဗိုလ်မှူးကြီးအောင်ကိုးလည်း အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာစစ်သံမှူး အဖြစ် ဝါရှင်တန်ဒီစီသို့ ရွှေ့ပြောင်းခံခဲ့ရရာမှ၊ ၁၉၈၉တွင် အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ စက်မှုစီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့သည်။ ၁၉၈၃ ဒီဇင်ဘာလတွင်၊ ခြေမြန်တပ်မ (၄၄) လက် အောက်ခံ နည်းဗျူဟာ(၄၄၂)၏ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီးခင်ညွန့် (OTS 25) (Officiating Colonel တနှစ်အစမ်းခန့် ဗိုလ်မှူးကြီး) မှ တပ်မ တော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ဖြစ်လာခဲ့သည်။ ဦးနေဝင်း၏ အနီးကပ် လူယုံတော်အဖွဲ့ဖြစ်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟိုအ လုပ်အမှုဆောင်ကော်မီတီဝင် စက်မှု(၁)ဝန်ကြီးဌာန ဝန်ကြီး အငြိမ်းစားဗှိုလ်မှူးချုပ် ဦးတင့်ဆွေ၏ ထောက်ခံမှုဖြင့်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ် ဆင်ရေးအထူးအဖွဲ့(၂) ကစထမှူး ဗိုလ်ချုပ်ခင်မောင်ကျော် လက်အောက် စစ်ဦးစီးမှူး (ပထမတန်း) First Grade General Staff Officer (G1) လည်းဖြစ်ခဲ့သော ဒုဗိုလ်မှူးကြီးခင်ညွန့်အား၊ တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးအဖြစ် ဦးနေဝင်းမှ ခန့်အပ်ခဲ့သည်။ဒုဗိုလ်မှူးကြီးခင်ညွန့် သည် ဗှိုလ်မှူးချုပ်တင့်ဆွေ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်စဉ်၊ တိုင်းမှူး၏ ကိုယ်ရေးလုံခြုံရေးအရာရှိ ဖြစ်ခဲ့သည်။ ထိုစဉ်က ထောက် လှမ်းရေး ဗိုလ်ကြီးများအဆင့်နှင့် တပ်မတော်မှ အထုတ်မခံရပဲ၊ ယခု ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပါဝင်နေသူများမှာ၊ ဦးအောင်မင်း (DSA 13 ရထားပို့ဆောင်ရေးဝန်ကြီး၊ အငြိမ်းစား ဗိုလ်ချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တောင်ငူ) တိုင်းမှူး ဖြစ်ခဲ့သူ၊ ဦးတင်နိုင်သိန်း (DSA 17 အမျိုး သား စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးမှု ဝန်ကြီး နှင့် မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီး၊ အငြိမ်းစား ဗိုလ်မှူးချုပ်၊ တပ်မမှူး ဖြစ်ခဲ့သူ) နှင့် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း (DSA 16 လက်ရှိ ကာကွယ်ရေးဦးစီးချုပ် - ရေ) တို့ ဖြစ်ကြသည်။)
ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ၁၉၈၅ လောက်က စပြီး၊ အမေရိကန်က ကျနော်တို့အတွက် ထောက်လှမ်းရေးသင်တန်းတွေ ပေးပါတယ်။ ပထမ ဆုံး အမေရိကားမှာ ထောက်လှမ်းရေးသင်တန်း တက်ခဲ့သူတွေက အခု ထောင်ထဲမှာရှိတဲ့ ဗိုလ်မှူးချုပ်သန်းထွန်း (DSA 13) (စစ်အစိုးရ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတို့ အကြား ဆက်ဆံရေး အရာရှိ Liaison Officer အဖြစ် ဆောင်ရွက်ရသဖြင့်၊ တပ်ထဲတွင် NLD သန်းထွန်းဟု ခေါ်ကြသူ)၊ လေတပ်က ဗိုလ်မှူး (ဗိုလ်မှူးကြီး) ကိုကိုမောင် (DSA 19) (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဖြစ်ခဲ့သူ) တို့ပေါ့။ အထူး လုံခြုံရေးသင်တန်းကို အမေရိကန်မှာ သူတို့နှစ်ယောက် အရင်ဆုံး စပြီး တက်ခဲ့ရပါတယ်။ ဝါရှင်တန်ဒီစီမှာ သူတို့ လာတက်ရတဲ့ ထောက်လှမ်း ရေးနဲ့ ပတ်သက်တဲ့ အထူးလုံခြုံရေးသင်တန်း ဆိုတာ VIP Security Course (အလွန်အရေးကြီးပုဂ္ဂိုလ်များအတွက် လုံခြုံရေးသင်တန်း) ခေါ်ပါ တယ်။ နောက် Custom (အကောက်ခွန်ဦးစီးဌာန) ညွှန်ကြားရေးမှူးချုပ် လုပ်သွားခဲ့တဲ့ ဒုဗိုလ်မှူးကြီးထွန်းချွန် (OTS 37)၊ အမေရိကန်နိုင်ငံဆိုင် ရာ (မြန်မာ) သံအမတ်ကြီး ဗိုလ်မှူးကြီးတင်ဝင်း (OTS 35) တို့ က တဖွဲ့အနေနဲ့ သွားတက်ကြတယ် ဗျာ။
ဦးရော်နီညိမ်း။ ။ အလုပ်သမားဝန်ကြီး လုပ်သွားတဲ့ ဦးတင်ဝင်းလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အလုပ်သမားဝန်ကြီး ကော၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး ကော၊ လုပ်သွားခဲ့ပါတယ်။ နောက်ထပ် သွားတက်ကြတဲ့တဖွဲ့က ဗိုလ်မှူးကြီးလှမင်း(DSA 17) (ယခု ထောင်ဒဏ်နှစ်(၁၀)ကျော် ကျခံနေရသော မြန်မာစစ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Spokesperson ဖြစ်ခဲ့သူ၊ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးမောင်မောင်ကြီး၏ သား ဝါရှင်တန်ဒီစီမြို့တွင် မွေးဖွားခဲ့သူ)၊ ဗိုလ်ချုပ် (ဗိုလ်မှူး ချုပ်) သိန်းဆွေ (DSA 9 - လေ) (ယခု မြင်းခြံထောင်)၊ ဗိုလ်မှူးကြီးတင်ဦး (OTS 51)၊ လဝက (လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန) ညွှန်ကြား ရေးမှူးချုပ် လုပ်သွားတဲ့ ဗိုလ်မှူးကြီးညီပု (OTS 36) တို့ ဖြစ်ပါတယ်။ နောက်ဆုံး သွားတက်ခဲ့တာတော့ ၁၉၈၇ခုနှစ်မှာ သွားတက်ကြတဲ့ ကျနော် ပါတဲ့ အဖွဲ့ပါ။ ဗိုလ်မှူးချုပ်လှအောင် (DSA 15 အောင်စစ်သည်ဆုရသူ)၊ ဗိုလ်မှူး (ဒုဗိုလ်မှူးကြီး - ရေ) ငွေထွန်း (DSA 19 - ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ အင်္ဂလိပ်ဘာသာစကားပြန်)၊ ဗိုလ်မှူး (ဒုဗိုလ်မှူးကြီး) မျိုးအောင် (OTS 56)၊ အခု ထောင်ထဲမှာ ရှိကြတဲ့ ဗိုလ်မှူးကြီးတင်လှ(DSA 16) နဲ့ ဗိုလ်မှူးကြီးမောင်သန်း (OTS 51)၊ ကျနော်ပါ၊ စုစုပေါင်း ခြောက်ယောက်ပါ။ ထောက်လှမ်းရေးကချည့်ပဲ၊ တဖွဲ့ကို ခြောက်ယောက် ပတ် ဝန်းကျင်နဲ့ လေးငါးဖွဲ့၊ လူ နှစ်ဆယ်နဲ့ သုံးဆယ်ကြားမှာ၊ အမေရိကန်အစိုးရက ကျနော်တို့တွေကို ခေါ်ပြီး သင်တန်းပေးခဲ့တာတွေ ရှိပါတယ်။ ကျနော်တို့ ခေတ်တုန်းက။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ ဗိုလ်မှူးတို့ခေတ် မတိုင်ခင် (ဂျပန်နိုင်ငံ) အိုကီနာဝါကျွန်း (Okinawa Island) ပေါ်က အမေရိကန်စစ်စခန်းမှာ၊ ဦးလေးမောင် (ကွယ်လွန်သူ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် အမျိုးသားထောက်လှမ်းရေး National Itelligence Bureau NIB ၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့သူ အငြိမ်းစားဗိုလ်မှူးကြီးလေးမောင်) နဲ့ မျက်မှန်ကြီး ဗိုလ်မှူးချုပ်တင်ဦးတို့ နှစ်ယောက် (၁၉၆၂ မတိုင်မီ အရာရှိငယ် ဖြစ်စဉ်က) ထောက်လှမ်းရေးသင်တန်း သွားတက်ခဲ့တယ်။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ တပ်မတော်ထောက်လှမ်းရေးသင်တန်းကျောင်းမှာ၊ ကျနော် ကိုယ်တိုင်လည်း၊ ငါးနှစ်လောက် (ကျောင်းဆရာ) လုပ်ခဲ့တာပါ။ ဗိုလ်ချုပ်(ဗိုလ်မှူးချုပ်)တင်ဦးနဲ့ ဦးလေးမောင်တို့ သွားတဲ့အဖွဲ့မှာ ဗိုလ်မှူးကြီးကံညွန့် (နောင် တပ်မတော်ထောက် လှမ်းရေးည့န်ကြားရေးမှူး) က အကူထမင်းချက်ရဲဘော် (ထိုစဉ်က တပ်သားအဆင့် ကံညွန့်) အနေနဲ့ လိုက်ပါသွားခဲ့ပါတယ်။ (အမေရိကန်တွေ က) နှုတ်နဲ့ သင်ကြားပို့ချလိုက်တဲ့ သင်ခန်းစာတွေကို record ပြန်လုပ် မှတ်တမ်းပြန်လုပ်ပြီးတော့မှ၊ (မြန်မာနိုင်ငံက တပ်မတော်ထောက်လှမ်း ရေးသင်တန်းကျောင်း အတွက်) သင်ခန်းစာတွေ ပြန်ပြီး ပြုစုခဲ့ပါတယ်။ အမေရိကန်ထောက်လှမ်းရေးရဲ့ သင်ရိုးညွှန်းတန်းကို မြန်မာလို ဘာသာ ပြန်ပြီး၊ တပ်မတော်ထောက်လှမ်းရေးသင်တန်းကျောင်းမှာ သင်ကြားခဲ့ပါတယ်။ အဓိက (စစ်မြေပြင်) တိုက်ပွဲထောက်လှမ်းရေး (Combat Intelligence)နဲ့ တန်ပြန်ထောက်လှမ်းရေး (Counter Intelligence) ပါ။ syllabus(သင်ရိုးညွှန်းတန်း) တွေ အားလုံးက အမေရိကန်ထောက် လှမ်းရေးရဲ့ သင်ရိုးညွှန်းတန်းတွေက သင်ခန်းစာအားလုံး တွေပဲ ဖြစ်ပါတယ်။ ကျနော်တို့က အမေရိကန်ထောက်လှမ်းရေးကို အခြေခံထားတယ် ဆိုရင် မမှားပါဘူး ခင်ဗျ။
(မှတ်ချက်။ ။ အိုကီနာဝါကျွန်း အမေရိကန်စစ်စခန်းတွင် အမေရိကန်တို့က သင်ကြားပို့ချသမျှ၊ နားထောင်ရုံသာ နားထောင်ရပြီး၊ စာနှင့် လိုက် မှတ်ခွင့် မပြုသဖြင့်၊ နေ့စဉ် ဗိုလ်မှူးလေးမောင်နှင့် ဗိုလ်မှူးတင်ဦးတို့က သင်တန်းမှ ပြန်လာလာချင်း၊ သင်ကြားခဲ့သမျှ မြန်မာလို နှုတ်တိုက်ပြန်ချ ပေးသည်များကို အကူရဲဘော်ကံညွန့်က စာနှင့် လိုက်မှတ်ရပြီး၊ဤနည်းဖြင့် တပ်မတော်ထောက်လှမ်းရေးသင်တန်းကျောင်းမှ သင်ရိုးညွှန်းတန်း များကို ရေးဆွဲ ပြုစုခဲ့ရသည်ဟု၊ မျက်မှန်ကြီး ဗိုလ်မှူးချုပ်တင်ဦး အချိန်အခါက ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များမှ တပ်ထဲတွင် ဂုဏ်ယူပြောကြား လေ့ ရှိခဲ့သည်။)
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ မြန်မာ့တပ်မတော်တခုလုံးကလည်း၊ ဗိုလ်ချုပ်ကြီးတင်ဦး ပြောသွားတဲ့အတိုင်းဆိုရင်၊ တပ်ရင်းတပ်ဖွဲ့တွေ အားလုံး ရဲ့ ဖွဲ့စည်းပုံတွေကလည်း၊ Americanization (အမေရိကန်ကို အတုယူထားခြင်း) လုပ်ထားတာ။ အဲဒီတော့ မြန်မာ့တပ်မတော်နဲ့ အမေရိကန် တပ်မတော်တို့ဟာ၊ ရင်းရင်းနှီးနှီး ရှိခဲ့ကြတယ်။ ဗိုလ်မှူးတို့တွေက ထောက်လှမ်းရေးသင်တန်းတွေ သွားတက်ခဲ့သလို၊ တခြားသော တိုက်ခိုက် ရေး (infantry) တပ်တွေ စစ်လက်ရုံးတပ်တွေကလည်း (အမေရိကန်ပြည်ထောင်စုမှာ) သင်တန်းတွေ သွားတက်ခဲ့ကြပြီး၊ အခုအချိန်မှာ တပ်မ တော်ထဲမှာ ပထမတန်း (first line) စစ်ခေါင်းဆောင်တွေ (စစ်ရုံးချုပ်မှ အရာရှိကြီးများ)၊ ဒုတိယတန်း (second line) စစ်ခေါင်းဆောင်တွေ (တိုင်းမှူး၊ တပ်မ/စကခ တပ်မမှူး၊ ဒကစမှူး) ဖြစ်လာခဲ့သူတွေကို၊ ကျနော်တို့ကို နမူနာအားဖြင့် ညွှန်ပြလို့ ရမလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော် မြင်လိုက်ရသလောက်၊ ရေတပ်က (ဒုတိယ) ဗိုလ်ချုပ်ကြီးစိုးသိန်း (DSA 11 အောင်စစ်သည်ဆုရ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်ခဲ့သူ၊ ယခု စက်မှု(၂) ဝန်ကြီးဌာန ဝန်ကြီး) ဆိုရင်၊ အမေရိကန် ကျောင်းဆင်းပါပဲ။ (၁၉၈၀ ခုနှစ်များတွင် အမေရိ ကန် ရေတပ် စစ်တက္ကသိုလ် United States Naval Academy (Annapolis) တွင် ရေတပ်သင်တန်း တက်ရောက်ခဲ့ခြင်း ဆိုလိုပါသည်။) နာဂစ်မုန်တိုင်းကာလက မြန်မာနိုင်ငံကို အကူအညီပေးဖို့အတွက် (ရန်ကုန်မြို့မင်္ဂလာဒုံလေဆိပ်တွင်) ဗိုလ်ချုပ်ကြီးစိုးသိန်းကို လာပြီးတွေ့ခဲ့တဲ့ အမေရိကန် (ရေတပ်) ဗိုလ်ချုပ်ကြီးဆိုရင်၊ ဗိုလ်ချုပ်ကြီးစိုးသိန်းနဲ့ တကျောင်းထဲ ဆင်းကြတာပါ။ ဒီလို ရင်းနှီးမှုအတိုင်းအတာတွေ ရှိခဲ့ပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ အမေရိကန်စစ်ဌာနချုပ်ရဲ့ တပ်မှူးကြီး ရေတပ်ဗိုလ်ချူပ်ကြီး Timothy J. Keating (၂၀၀၉ တွင် အငြိမ်းစားယူခဲ့သူ Commander of East Asia & Pacific Command - Hawaii) ကို ပြောတာပါလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဟုတ်ပါတယ် ခင်ဗျ။ အမေရိကန်နဲ့ ပတ်သက်ပြီး ကျနော်ပြောချင်တာက၊ ကျနော် မြန်မာပြည်မှာ ရှိစဉ်က မူးယစ် ဆေးဝါး တိုင်းတာလေ့လာရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ၊ အမေရိကန်တွေနဲ့ ကျနော်တို့က ရဟတ်ယာဉ်တွေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းတွေကို သွားခဲ့ကြပါတယ်။ အခု ဒုတိယသမ္မတ ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးတင်အောင်မြင်ဦးက အဲဒီတုန်းက (အရှေ့မြောက် တိုင်းစစ်ဌာနချုပ်-လားရှိုး) တိုင်းမှူး ခင်ဗျ။ ကျနော်တို့နဲ့ ပါလာတဲ့ အမေရိကန်တွေကို သူတို့က အင်မတန်မှ ခင်ချင်တယ် မင်ချင်တယ်။ ကျနော် တို့နဲ့ ပါလာတဲ့ (အမေရိကန်) ပုဂ္ဂိုလ်တွေက အဆင့် ဒီလောက်မြင့်တဲ့သူတွေ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်လည်း အံ့အားသင့်ရတယ်။ ကျနော် က (တိုင်းမှူးကို) ပြောရတယ်။ “ဗိုလ်ချုပ်။ ဒါတွေက ဗိုလ်ချုပ်တို့ အဆင့်လောက် မရှိဘူး။ ကျနော်တို့ အဆင့်လောက်ပဲ ရှိတယ်” ဆိုတာကို ပြောရ တဲ့ အနေအထားမျိုး ရှိခဲ့တယ်။ ဗိုလ်ချုပ်တင်အောင်မြင်ဦး တို့က၊ အဲဒီ အချိန်ထဲက အမေရိကန်ကို ဖေါ်လံဖါးချင်နေတာ၊ ချဉ်းကပ်ချင်နေတာ။
ဦးရော်နီညိမ်း။ ။ နောက်ပိုင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သင်တန်းတွေ လွှတ်ခဲ့တဲ့ အချိန်ကိုကော၊ ဗိုလ်မှူး မှီလိုက်ပါသေးလား ခင်ဗျ။ ဗိုလ်မှူး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြောင်းရွှေ့တာဝန် မထမ်းဆောင်ခင် ပေါ့။ အဲဒါကို ကော၊ ဗိုလ်မှူး ဘယ်လို မြင်ပါသလဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်မှာ တရုတ်က ခေါ်တယ်။ အိန္ဒိယက ခေါ်တယ်။ ပါကစ္စတန်က ခေါ်ပါတယ်။ သူတို့ဆီမှာ စစ်သင်တန်း တွေ လာတက်ကြဖို့။ မြန်မာအစိုးရကလည်း ဒီနိုင်ငံ သုံးနိုင်ငံကို နိုင်ငံရေးကစားတဲ့ သဘောမျိုးပါ။ အိန္ဒိယက Staff College (စစ်ဦးစီးတက္က သိုလ်) ဆိုရင်၊ သွားတက်ကြတာ ဗိုလ်ချုပ်ဉာဏ်ဝင်း (DSA 15 နိုင်ငံခြားရေးဝန်ကြီးဟောင်း ယခု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်) တို့၊ အရင် NDC (National Defence College နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်) ကျောင်းအုပ်ကြီး ဗိုလ်ချုပ်မိုးဟိန်း (DSA 10) တို့ပါ။ သူတို့က အိန္ဒိယ စစ်တက္ကသိုလ်ဆင်းတွေ ပေါ့။
(ဗိုလ်ချုပ်မိုးဟိန်း = မြန်မာ့တပ်မတော် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် National Defence College NDC ကျောင်းအုပ်ကြီး ဖြစ်နေစဉ်၊ NDC တက်ခွင့်ရပြီး NDC မှ မဟာဝိဇ္ဖာ (ကာကွယ်ရေး) (Master of Arts – Defence) ဘွဲ့ရမှ၊ တပ်မမှူးတိုင်းမှူး ရာထူးတက်ပေးဖို့ စဉ်းစား သောစာရင်းတွင် ထည့်သွင်းမည် ဆိုသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တီထွင်သော စနစ်သစ်အရ၊ မြန်မာ့တပ်မတော် စစ်အရာရှိကြီးများ NDC တက်ခွင့်ရရေး နည်းမျိုးစုံ သုံးကြရာမှ ပေါ်ပေါက်ခဲ့သော ပြဿနာများကြောင့် ရာထူးမှ အနားပေးခံခဲ့ရသူ)
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဒါကလည်း ရာဂျစ်ဂန္ဓီ (၁၉၉၁ တွင် လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သော အိန္ဒိယဝန်ကြီးချုပ် Rajiv Ghandi) နောက် ပိုင်း၊ ၁၉၉၂ လောက်မှာ အိန္ဒိယရဲ့ အရှေ့မျှော် (အနောက်နိုင်ငံ မဟုတ်သောနိုင်ငံများ၊ အိန္ဒိယ ၏ အရှ့ဘက်ရှိ အာရှနိုင်ငံများနှင့် ဆက်ဆံမှု ကောင်းမွန်ရေး Look East ခေါ် အိန္ဒိယနိုင်ငံခြားရေးမူဝါဒ) ဆိုတဲ့ မူဝါဒ အရ၊ ကျနော်တို့ (မြန်မာ့တပ်မတော်အရာရှိများ) ကို ချဉ်းကပ်ပြီး သင်တန်းတွေ ပေးတာပါ။ ပါကစ္စတန်ကလည်း၊ ကျနော်တို့ကို သူတို့နိုင်ငံမှာ သင်တန်းလာတက်ဖို့ ပြောပါတယ်။ ကျနော်တို့ရဲ့ထောက်လှမ်းရေး mission (ကိုယ်စားလှယ်အဖွဲ့) တွေ သွားကြပါတယ်။ တရုတ်ကလည်း (မြန်မာနိုင်ငံကို) လက်နက်တွေရောင်းပြီးတော့မှ၊ သူတို့ဆီမှာ သင်တန်း တက်ဖို့ အပြိုင်အဆိုင် ခေါ်ကြပါတယ်။ အဲဒါကို အဲဒီအချိန်တုန်းက ကြုံခဲ့ဘူးပါတယ်။
ဦးရော်နီညိမ်း။ ။ အဲဒီအချိန်မှာ၊ အမေရိကန်တပ်မတော်နဲ့ကျတော့၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးကလွဲရင် ကျန်တာတွေ အကုန်အဆက်ပြတ် သွားတဲ့ သဘောလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်။ အမေရိကန်တပ်မတော် အနေနဲ့ကတော့ အခု အီဂျစ်တို့မှာလိုပေါ့။ (နိုင်ငံရေး ဘာဖြစ်နေနေ) မြန်မာ့ တပ်မတော်ကို (စစ်တပ်ချင်း) ဆက်ဆံရေးကို မဖြတ်စေချင်ဘူး။ ဆက်ဆံနေချင်တယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ နိုင်ငံရေးပေါ်လစီပေါ့။ (အမေရိကန် တပ်မတော်က) ကွန်ဂရက်လွှတ်တော်ကို မကျော်နိုင်တဲ့ အခါကျ တော့ အဲဒီအချိန်တုန်းက ကျနော်တို့နဲ့ (အမေရိကန်တပ်မတော်က) ဗြောင် မဆက်ဆံရဲပါဘူး။ မူးယစ်ဆေးဝါးနှိမ်နင်းရေးကိစ္စ ဆိုရင်လည်း၊ DEA (Drug Enforcement Agency အမေရိကန်တရားရေးဝန်ကြီးဌာနလက် အောက်ခံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအေဂျင်စီ) အမည်ခံပြီးတော့ ကျနော်တို့က ဆက်သွယ်ရတာပါ။ တကယ်တော့ DEA တင် မကပါဘူး။ နောက်မှာ သူတို့ရဲ့Administration (အမေရိကန်အစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်း) ပါနေတာပါ။ အားလုံးက အမေရိကန်နိုင်ငံရေးနဲ့ (အမေရိကန်) တပ်မတော်နဲ့ သွားပြီး ရောပြီးတော့ ကြည့်နေကြလို့၊ ဒီအဖြစ်ကို ခံနေကြရတဲ့ အနေအထားပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အမေရိကန်မှာ (မြန်မာ့တပ်မတော်က) သင်တန်းတွေတက်နေတာ၊ တိကနဲ ရပ်သွား တာ၊ ၁၉၈၈ ကလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ အမေရိကန်မှာ သွားတက်ရတဲ့ စစ်သင်တန်းဆိုတာ မရှိတော့ပါဘူး။ ဒါပေမယ့်၊ တခု ရှိတယ်။ အရပ်ဘက်က ဒေးဗစ်စတိုင်းဘတ် (David I. Steinberg, Professor of Asian Studies, Georgetown University ဂျော့ချ်တောင်းတက္ကသိုလ် အာရှရေးရာလေ့လာရေးဌာန ပါမောက္ခ) တို့ က၊ (ဝါရှင်တန်ဒီစီမှ John Hopkins University) ၏ SAIS (School of Advanced International Studies အဆင့် မြင့်နိုင်ငံတကာလေ့လာရေးတက္ကသိုလ်) မှာ လာပြီး သင်တန်းပေးနေတဲ့ သင်တန်းတွေမှာ၊ (မြန်မာနိုင်ငံ) နိုင်ငံခြားရေးဝန်ကြီးဌာနက ၁၉၈၈ မတိုင်ခင်ထဲက၊ သင်တန်းသား အရာရှိတွေ ပို့ဖူးတယ် ခင်ဗျ။ ၁၉၈၈ နောက်ပိုင်းမှာလည်း ဆက်ဆံမှု မပြတ်သွားအောင်ဆိုပြီး၊ သင်တန်းအပတ် တစ်ပတ်စဉ်ကို တစ်ယောက် သို့မဟုတ် နှစ်ယောက်ကို သူတို့ (အမေရိကန်ဘက်က) Master (မဟာဝိဇ္ဇာဘွဲ့) အတွက် SAIS ကို ခေါ်ပြီး၊ သင်တန်းပေးခဲ့တာတွေ ရှိတယ်။ အဲဒါက လွဲလို့၊ မြန်မာဘက်က အစိုးရအနေနဲ့ကော တပ်မတော်အနေနဲ့ကော၊ ဘာသင်တန်းမှ အမေရိကန်ပြည်ထောင်စုမှာ လာတက်တာ မရှိတော့ဘူး ခင်ဗျ။ SAIS က သင်တန်းကို မြန်မာနိုင်ငံ ခြားရေးဝန်ကြီးဌာနက လာတက်နေတာ၊ ခုထိ ရှိဦးမယ် ကျနော် ထင်တယ်။ ၁၉၈၈ နောက်ပိုင်း ပထမပိုင်းမှာ ပြတ်သွားသေးတယ်။ နောက်ပိုင်း မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက လာတက်နေတာ၊ ပြန်ရှိနေတဲ့ အနေအထား ရှိနေပါတယ်။
ဦးရော်နီညိမ်း။ ။ နိုင်ငံရေးအရ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ၊ တပ်မတော်ချင်း ဆက်ဆံရေး ပြန်သွားတော့မယ့် သဘော ကျနော်တို့ မြင်နေရပါ တယ်။ အခု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအောက်က၊ မြန်မာစာ သင်တဲ့ဌာနမှာ၊ အမေရိကန်တပ်မတော်အရာရှိတွေ ဒီနှစ်မှာ မြန်မာစာ သင်နေကြတာ အများကြီးပဲ။ မနှစ်ကထက် ပိုများလာတာကို တွေရလို့၊ ဘယ်လိုအခြေအနေ ဖြစ်လာမလဲဆိုတာ၊ ဗိုလ်မှူးကို မေးကြည့်တာပါ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော်တို့ရှိစဉ်က၊ သံအမတ်ကြီး ဦးလင်းမြိုင် (DSA 11 အငြိမ်းစားရေတပ်ဗိုလ်မှူးကြီး၊ အမေရိကန်ပြည်ထောင်စု ဆိုင်ရာသံအမတ်ကြီး အဆင့်ဖြင့် နောက်ဆုံး မြန်မာသံအမတ်ကြီး) ကိုယ်တိုင် ဒီကိစ္စတွေမျိုး တွေ အတွက်၊ ဟဝိုင်ရီ (Hawaii) Pacific Command က ရေတပ်ဗိုလ်ချူပ်ကြီးဘလဲ (Admiral Denis C. Blair, Commander of East Asia and Pacific Command အရှေ့ အာရှနဲ့ ပစိဖိတ်ဒေသ အမေရိကန်စစ်ဌာနချုပ်ရဲ့ တပ်မှူးကြီး)နဲ့ တွေ့ဆုံခဲ့တာ ရှိပါတယ်။ မြန်မာစစ်တပ်ကတော့ အမေရိကန်စစ်တပ်နဲ့ပေါင်းချင် နေတာ အမှန်ပါပဲ။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ပင်လျှင်၊ ‘ဝ’တပ်ဖွဲ့တွေနဲ့ တွေ့ဆုံစဉ်မှာ ငါတို့ အမေရိကန်နဲ့ အဆင်ပြေရင် မင်းတို့တော့ မလွယ် ဘူးလို့ ကြိမ်းဝါး ခဲ့ပါတယ်။ သူက အမေရိကန်ကို လိုလားတဲ့ ပုဂ္ဂိုလ်ပါ။ တချိန်တုန်းကတော့ ဗိုလ်ချုပ်ကြီးသန်းရွှေတုန်းက သူပဲ နိုင်ငံရေးသမား၊ သူပဲ စစ်ခေါင်းဆောင်လုပ်နေပြီးတော့ အမေရိကန်နဲ့ ပတ်သက်လို့လည်း အမေရိကန်မုန်းတီးရေးသမား ဖြစ်နေတော့၊ စစ်တပ်ဘက်ကကော နိုင်ငံရေးဘက်ကကော အမေရိကန်နဲ့ ချဉ်းကပ်ဖို့က ခက်ပါတယ်။ အမေရိကန်နဲ့ ဆက်ဆံမှ မြန်မာ့နိုင်ငံရေး အဆင်ပြေမယ် ဆိုတာ ကျနော်တို့ ကိုယ်တိုင် နားလည်ပေမယ့်၊ ဗိုလ်ချုပ်ကြီးသန်းရွှေလို လူမျိုး ရှိနေတဲ့အတွက်၊ အခက်အခဲအများကြီး ရှိနေပါတယ်။
(ရေတပ်ဗိုလ်ချုပ်ကြီး ဒဲနစ်(စ်)ဘလဲ Admiral Denis C Blair = အရှေ့အာရှနှင့် ပစိဖိတ်ဒေသ အမေရိကန်စစ်ဌာနချုပ်၏ တပ်မှူးကြီး အနေနှင့်၊ အရှေ့တီမောကို သိမ်းပိုက်ထားသော အင်ဒိုနီးရှားစစ်တပ်၏ ရက်စက်ကြမ်းကြုပ်မှုများကို ရပ်ဆိုင်းသွားစေရန်၊ အင်ဒိုနီးရှားကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်ကြီးဝီရန်တို (General Wiranto) ကို သတိပေးတားမြစ်ဖို့ ၁၉၉၉ တွင် သမ္မတကလင်တန်အစိုးရ၏ ညွှန်ကြားချက်ကို မလိုက်နာ သည့် အပြင်၊ ဗိုလ်ချုပ်ကြီးဝီရန်တိုအား စစ်ရေးအကူအညီပေးဖို့ပင် ကမ်းလှမ်းခဲ့သည် ဟူ၍ စွပ်စွဲခံရပြီး၊ ၂၀၀၂ တွင် အမေရိကန်ရေတပ်မှ အငြိမ်းစားယူခဲ့သူ။ CIA အပါ အဝင် အမေရိကန် ထောက်လှမ်းရေး (၁၉) ဖွဲ့ကို စုစည်းထားသော အမေရိကန် အမျိုးသားထောက်လှမ်းရေး ၏ ညွှန်ကြားရေးမှူး (DNI - Director of National Intelligence) ဖြစ်နေစဉ်၊ အမေရိကန်-ပြင်သစ် ထောက်လှမ်းရေး ဖလှယ်မှုဆိုင်ရာ သဘော တူစာချုပ်နှင့်ပတ်သက်ပြီး၊ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး အနေနှင့် ဆောင်ရွက်ချက်များအပေါ် မကျေနပ်သော သမ္မတအိုဘားမား က၊ ၂၀၁၀မေလတွင် ရေတပ်ဗိုလ်ချုပ်ကြီး ဒဲနစ်(စ်)ဘလဲ အား DNI အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး ရာထူးမှနှုတ်ထွက်ခိုင်းခဲ့သည်)
ဦးရော်နီညိမ်း။ ။ အမေရိကန်(တပ်မတော်)ဘက်က ပြန်ကြည့်တဲ့အခါမှာ၊ သူတို့ဘက်က ပြင်ဆင်နေတာ မှန်တယ်။ ခုလို မြန်မာစာသင်တန်း တွေ တက်နေကြတဲ့ ဟာမျိုးတွေပေါ့။ ဒါပေမယ့် ဗြုံးစားကြီးတော့ (စစ်တပ်ချင်း ဆက်ဆံရေး) လုပ်မှာ မဟုတ်ဘူး။ မြန်မာအစိုးရဘက်က ထူးခြား တဲ့ နိုင်ငံရေးအပြောင်းအလဲ မရှိပဲနဲ့တော့၊ သူတို့က လုပ်မှာ မဟုတ်ဘူး။ စစ်တပ်နဲ့ စစ်သားတွေ ဆိုတော့၊ ကြိုပြင်တဲ့အနေနဲ့ ဟိုဘက်မှာ (မြန်မာ နိုင်ငံမှာ) အပြောင်းအလဲ တစုံတရာ ဖြစ်လာရင်၊ ဟိုးတုန်းကလို သွားဖို့အတွက် ဆိုတာမျိုး၊ အမေရိကန်တပ်မတော်ဘက်က ကြိုတင် ပြင်ဆင် ထားတာလဲ ဖြစ်နိုင်တယ်။ ဒီအတိုင်းကတော့ ဗိုလ်မှူးပြောခဲ့သလို၊ အမေရိကန်တပ်မတော်က အမေရိကန်ကွန်ဂရက်လွှတ်တော်ကို မကျော်နိုင် ဘူး။ အမေရိကန်အစိုးရကို မကျော်နိုင်ဘူး။ အမေရိကန်အစိုးရပေါ်လစီက မြန်မာအစိုးရအပေါ် စီးပွားရေး အရတောင် ပိတ်ဆို့ထားတာဆိုတော့၊ စစ်ရေးအရ ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် အကယ်၍သာ တကယ့်ကို လွတ်လွတ်လပ်လပ် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဖြစ်မယ်၊ သူ့အပေါ်ကနေ တပ်နဲ့ပတ်သက်လို့ လွှတ်တော်ထဲမှာဖွဲ့ထားတဲ့ လုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီကလွဲလို့၊ ဘယ်သူ မှ မရှိပဲ၊ သူ့ဟာသူ လွတ်လပ်စွာ ရပ်တည်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်မယ်ဆိုရင်၊ အမေရိကန်တပ်မတော်နဲ့ ပြေလည်ပြီး သူတို့ တကယ်လိုလားနေတဲ့ အနေအထားကို ရောက်ဖို့၊ သူ့အနေနဲ့ ဘာလုပ်ဖို့လိုတယ်လို့၊ မြင်ဖို့ လိုတယ်လို့၊ ဗိုလ်မှူး ထင်သလဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နိုင်ငံရေးက နိုင်ငံရေး၊ စစ်ရေးက စစ်ရေးဆိုတာက၊ ကျနော်တို့ ရှိစဉ် ကတည်းကိုက အမေရိကန်နဲ့ တည်ဆောက် ခဲ့တဲ့ ဆက်ဆံရေးပါ။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သာ လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ မရှိပဲနဲ့၊ လုပ်လို့ရမယ်ဆိုရင်တော့၊ ကျိန်းသေတယ်၊ သူ သည် အမေရိကန်နဲ့ ဆက်ဆံရေးကို ကောင်းအောင်လုပ်မှာ သေချာပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ တပ်မတော်(ကြည်း)ရဲ့ အရာရှိဟောင်း တဦး၊ ထောက်လှမ်းရေးအရာရှိဟောင်းတဦးလည်း ဖြစ်ပြီးတော့၊ သံတမန်ဟောင်း တဦးလည်း ဖြစ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမှာ ထောက်လှမ်းရေးသင်တန်းလည်း တက်ခဲ့ဘူးသူ့ ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်ကို ဆက် သွယ်မေးမြန်းခဲ့တာပါ။ ကျနော် ရော်နီညိမ်းပါ။