သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရကြောင့် အရပ်သား ၂၇ ဦးသေဆုံး


Syria နိုင်ငံ Hama မြို့မှာ အစိုးရတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လူ(၁၂)ဦးမကသေဆုံးပြီး ကုလသမဂ္ဂရဲ့ စောင့်ကြည့်အကဲခတ်အဖွဲ့ငယ် တဖွဲ့ကတော့ အစိုးရနဲ့ အတိုက်အခံအဖွဲ့တွေအကြား ယိုင်နဲ့နဲ့ အပစ်အခတ်ရပ်ဆဲရေးကို ဆက်လက်စောင့်ကြည့်နေပါတယ်။ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေ အခြေစိုက်တဲ့နေရာဖြစ်တဲ့ နိုင်ငံအလယ်ပိုင်း Hama မြို့က ရပ်ကွက်တခုကို အစိုးရတပ်ဖွဲ့တွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အခွင့်အရေးတောင်းဆိုတဲ့ အဖွဲ့တွေက ပြောပါတယ်။

နိုင်ငံမြောက်ပိုင်းက Idlib ခရိုင်က ဘတ်စကားမှတ်တိုင်တခုကို ပစ်ခတ်ခဲ့လို့ သေဆုံးသွားရသူ (၄)ဦး အပါအဝင် အစိုးရတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ ဆီးရီယား နိုင်ငံတလွှားမှာ လူ (၇)ဦးမက သေဆုံးခဲ့ရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဗုဒ္ဓဟူးနေ့အစောပိုင်းက ပြောကြပါတယ်။

ဆီးရီယား အစိုးရရဲ့ SANA သတင်းဌာနကတော့ တူရကီနိုင်ငံကနေ လက်နက်ကိုင်စစ်သွေးကြွတွေ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားတာကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက တားဆီးလိုက်ပြီး၊ Idlib ခရိုင် မှာ အကြမ်းဖက်သမားတဦးကို ပစ်သတ်လိုက်တယ်လို့ ဖော်ပြပါတယ်။

အဲဒီသတင်းက ဘတ်စကားမှတ်တိုင်မှာ လူတွေပစ်သတ်ခံရတဲ့ ကိစ္စကိုပဲ ပြောတာလားတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ကုလသမဂ္ဂရဲ့ စောင့်ကြည့်အကဲခတ်အဖွဲ့ ဆီးရီယားနိုင်ငံမှာ စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွတ်နေချိန်မှာပဲ အခုလို ဖြစ်ပျက်နေတာပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကတော့ စောင့်ကြည့် အကဲခတ်အဖွဲ့ကို လူအင်အား (၃၀၀) အထိ တိုးချဲ့ထားရှိဖို့ ခွင့်ပြုလိုက်ထားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG