သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေရှည်တည်တံ့မယ့် မြန်မာ့ပြုပြင်ပြောင်းလဲရေး ဂျာမဏီထောက်ခံမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (ဧပြီလ ၂၉၊ ၂၀၁၂။)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (ဧပြီလ ၂၉၊ ၂၀၁၂။)

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle က ဂျာမဏီနိုင်ငံအနေနဲ့ မြန်မာ့ပြုပြင် ပြောင်းလဲရေးကို အားပေးထောက်ခံသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့ကတွေ့ဆုံစဉ် ကတိပြုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ နောက် ကြောင်းပြန်လှည့်မှာမဟုတ်ဘူးလို့တော့ ပြောလို့မရနိုင်သေးဘူးလို့ ယူဆတဲ့အကြောင်းပြောဆိုလိုက်ပါတယ်။

ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ မနေ့က တနင်္ဂနွေနေ့မှာ ရန်ကုန်မြို့ကို ခရီး ရောက်မဆိုက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Guido Westerwelle ဟာ အီးယူ ဥရောပ သမဂ္ဂက မြန်မာ အပေါ်ပိတ်ဆို့မှုတွေ တနှစ်ဆိုင်းငံ့ပေးဖို့ ဆုံဖြတ်းပြီး တဲ့နောက်၊ ၂၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ ကိုပထမဆုံး လာရောက်တဲ့ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျာမဏီနိုင်ငံရဲ့ မြန်မာ နိုင်ငံအပေါ်ရပ်တည်ချက်နဲ့ ပတ်သက်ပြီးအခုလိုပြောဆိုလိုက်ပါတယ်။

“ကျနော်တို့အနေနဲ့ ရေရှည်တည်တံ့မယ့် ပြုပြင်ပြောင်းလဲရေးကို ထောက်ခံအားပေးလိုပါတယ်။ ပြုပြင် ပြောင်းလဲရေး ရေရှည်ခိုင်မြဲမယ်လို့တော့ ဘယ်သူကမှ အာမခံလို့မရတာကို ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ရေရှည်တည်မြဲစေချင်တာက တော့ ကျနော်တို့ရဲ့အဓိကအမှာစကားဘဲဖြစ်ပါတယ်။ ဂျာမဏီနိုင်ငံဟာ မြန်မာ ပြည်သူတွေကိုထောက်ခံပြီး အတူတကွ ရပ်တည်ဖို့ အဆင်သင့်ပါဘဲ။ ပြည်သူလူထုနဲ့ ဒီမိုကရေစီ ရေရှည် တည်တံ့မယ့်နည်းလမ်းတွေ၊ လွတ်လပ်မှုနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ထောက်ခံပံ့ပိုးပေးဖို့ ဆန္ဒရှိ ပါတယ်။”

မြန်မာအစိုးရက နိုင်ငံရေးနဲ့ စီးပွားရေးတင်းကြပ်မှုတွေကို အထိုက်အလျောက် လျှော့ပေးလိုက်တဲ့အတွက် အသိအမှတ် ပြုတဲ့အနေနဲ့ အထောက်အပံ့နဲ့ ရင်နှီးမြှုပ်နှံမှု နယ်ပယ်ကိုသာ အများအားဖြင့် ရည်ရွယ် အဓိက ထားပြီး EU ဥရောပ သမဂ္ဂရဲ့ ပိတ်ဆို့မှုကို တနှစ်ဆိုင်းငံ့ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြုပြင် ပြောင်းလဲ ရေး တိုးတက်မှုမရှိဘူးဆိုရင်တော့ အချိန်မရွေး ပိတ်ဆို့မှုနဲ့ ပြန်အရေးယူနိုင်အောင် လမ်းဖွင့်ထားဆဲ ဖြစ်ပါ တယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရေရှည်ခံဖို့ အာမခံချက်ရှိမရှိဆိုတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

“စစ်တပ်အပါအဝင် လက်ရှိအာဏာရ ပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးက ဒီလုပ်ငန်းစဉ်ရဲ့ နောက်ကွယ်မှာ အခိုင်အမာရှိနေတဲ့ အချိန်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ နောက်ကြောင်း ပြန်မလှည့်ဘူးလို့ အသေအချာ ပြောဖို့မဖြစ်နိုင်သေးဘူးလို့ ယူဆပါတယ်။”

EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံဖွံ့ဖြိုးမှုအတွက် ဒီနှစ်အတွင်း ဒေါ်လာသန်း ၂၀၀ နဲ့ ညီမျှတဲ့ ယူရိုသန်း ၁၅၀ ထောက်ပံ့ ဖို့ကမ်းလှမ်းထားပါပြီ။ ၁၉၉၆ ခုနှစ်က ပိတ်ဆို့အရေးယူခဲ့ပြီးနောက်ပိုင်း အခုပိတ်ဆို့မှု ဆိုင်းငံ့တဲ့ ကာလအထိ မြန်မာနိုင်ငံ အတွက် အီးယူက ယူရိုသန်း ၂၀၀ နီးပါးသာ ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ အခုလို ပိတ်ဆို့မှုဆိုင်းငံ့လိုက်တဲ့အတွက် ဥရောပနိုင်ငံတွေ မြန်မာနိုင်ငံမှာ ပြန်လည်ရင်းနှီးးမြှုပ်နှံဖို့ အခွင့်အလမ်း ပွင့်သွားပြီဖြစ်ပေမဲ့ သတိနဲ့ စွန့်စား လုပ်ကိုင်ရမယ့် အခြေအနေရှိနေဆဲဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။

“အမျိုးသားလွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတရပ်ကို အတည်ပြုလိုက်ပြီ်လို့ ကျမနားလည်ထား ပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေ ကျမတို့လက်ထဲရောက်သေးဘူးဆိုတော့ ဘာတွေပါသလဲဆိုတာ တိတိကျကျမ သိရသေးပါဘူး။ ဒီရင်းနှီးမြှုပ်နှံမှုဥပဒေဟာ မှန်ကန်စွာရေးဆွဲအတည်ပြုထားတဲ့ ဥပဒေမျိုးလားဆိုတဲ့ ကိစ္စတခုတည်း မဟုတ်ပါဘူး။ ဥပဒေစိုးမိုးမှုရှိရဲ့လား ဆိုတာက ပိုအရေးကြီးပါတယ်။ ဘယ်ဥပဒေဘဲဖြစ်ဖြစ် လွတ်လပ်၊ မျှတတဲ့တရားရေးစံနစ်နဲ့ ကြီးကြပ်ကွပ်ကဲမှု မရှိဘူးဆိုရင် ဥပဒေရှိလည်း ဘာမှ အသုံးတည့်မှ မဟုတ်ပါဘူး။”

ဧည့်သည် ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက်တာပါ။

ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ ဒီနေ့ တနင်္လာနေ့မှာ နေပြည်တော်ကိုသွားရောက်ပြီး သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် တခြားတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG