ဆီးရီယားနိုင်ငံအတွက် ကုလသမဂ္ဂလေ့လာစောင့်ကြည်ရေးအဖွဲ့ကို ဦးဆောင်ဖို့ ခန့်အပ်ခံရတဲ့ နော်ဝေး ဗိုလ်ချုပ်ဟာ အခု အဲဒီလုပ်ငန်းတာဝန်ကို စတင်ယူလိုက်ပါပြီ။ ဆီးရီယားနိုင်ငံအတွင်း နှစ်ရှည်ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာပါဝင်တဲ့ အစုအဖွဲ့ အားလုံးအနေနဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ သူက တိုက်တွန်း လိုက် ပါတယ်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဆက်ထိန်းထားနိုင်ဖို့ သမတ ဘာရှားတပ်တွေရော၊ သူပုန်ဖက်က ပါ အပစ်အခတ်ရပ်စဲဖို့ သူက တိုက်တွန်းပါတယ်။ ဗိုလ်ချုပ် Robert Mood ဟာ အခု တနင်္ဂနွေနေ့က ဆီးရီယားမြို့တော် ဒမတ်စကတ်ကို ရောက်ရှိပါတယ်။ သူဟာ ကုလသမဂ္ဂရဲ့ ရှေ့ပြေး လက်နက်မဲ့တပ်ဖွဲ့ ၁၅ ဦးကို ဦးဆောင်ပြီးတော့ ဧပြီ ၁၂ ရက်နေ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေကို အကောင်အထည် ဖော်မှု ရှိမရှိ လိုက်လံ စစ်ဆေး စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဆီးရီးယားမှာ တိုက်ခိုက်မှုတွေက ဆက်ဖြစ်နေဆဲပါ။ ဒမတ်စကဒ် လေဆိပ်ကို ရောက်ရောက် ချင်းပဲ သတင်းထောက်တွေကို ပြောရာမှာတော့၊ နိုင်ငံတကာအထူးကိုယ်စားလှယ် ကိုဖီအာနန် ကြားဝင် စေ့စပ်ခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်နဲ့ ကုလသမဂ္ဂရဲ့ အပစ်အခတ်ရပ်ရေး အစီအစဉ်တွေ ပျက်ပြားမှု မဖြစ် အောင် ဆောင်ရွက်ကြမယ့် လေ့လာသူတွေကို ကူညီတဲ့အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံး အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ သူက မေတ္တာရပ်ခံခဲ့ပါတယ်။
ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့ဟာ ပြဿနာရပ်အားလုံးကိုတော့ ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့လည်း နော်ဝေး ဗိုလ်ချုပ် Robert Mood က ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးတွေ လုပ်ခဲ့ပေမဲ့လို့ သမတ ဘာရှားအယ်အာဆတ်ကို သစ္စာခံတဲ့ တပ်တွေဟာ တိုင်းပြည်တဝန်းက အတိုက်အခံနေရာတွေကို တိုက်ခိုက် နေဆဲဖြစ်ပါတယ်။ သူပုန်တွေဖက်က လည်း အစိုးရလုံခြုံရေးတပ်တွေကို ခြောင်းမြောင်း တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ တဖက်နဲ့တဖက် ဘယ်သူက ရန်စတယ်ဆိုပြီတော့လည်း အပြန်အလှန် စွပ်စွဲနေကြပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီးတော့ ဆီးရီယားအစိုးရတပ်တွေဟာ အရပ်သား တွေရှိရာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်ဆိုပြီး ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက အစိုးရကို အပြစ်တင်စွပ်စွဲပါတယ်။
တနင်္ဂနွေနေ့မှာပဲ နိုင်ငံတဝန်းအကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး လူ ၂၅ ဦးသတ်ဖြတ်ခံရတယ်လို့ တတ်ကြွလှုပ်ရှားသူ တွေက ပြောပါတယ် ။ နောက်ဆုံးအဖြစ်အပျက်တော့ ဆီးရီယားလုံခြုံရေးတပ်တွေဟာ Homs မြို့လယ်ခေါင်မှာ လူနှစ်ဦးနဲ့ အခြားအနီးအနားမှာ အရပ်သားတဦးတို့ကို တနင်္ဂနွေနေ့ က ပစ်သတ်ခဲ့ တယ်လို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုက ကြေညာပါတယ်။ ဆီးရီးယားမှာ အထိအခိုက် အသေအပျေက်တွေနဲ့ပတ်သက်လို့ အတိအကျတော့ သီးခြားအတည်ပြုလို့မရပါဘူး။