သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ပါကစ္စတန် အိန္ဒိယ ထောက်လှမ်းရေးတပ်ဖွဲ့များ၊ ဦးခွန်ဆာ နှင့် အမေရိကန်ပြည်ထောင်စု - အပိုင်း (၁)


တပ်မှူးတပ်သား ပြောစကား (၀၅၉)

အိုဆာမာ ဘင်လာဒင် (Osama Bin Laden)၊ ပါကစ္စတန်မှာ နေထိုင်နေခဲ့တာကို မသိလိုက်ပါဘူးလို့၊ ပြောဆို ထားတဲ့ ပါကစ္စတန် ထောက်လှမ်းရေး Inter-Services Intelligence (ISI) နဲ့ မြန်မာ့တပ်မတော်ထောက်လှမ်း ရေး (DDSI) တို့ရဲ့ ဆက်ဆံရေး နဲ့၊ အမေရိကန်က အလိုရှိခဲ့တဲ့ ဦးခွန်ဆာကို မြန်မာနိုင်ငံမှာ တရားဝင်လက်ခံ ထားခဲ့စဉ်က အခြေအနေနဲ့၊ အမေရိကန်က အလိုရှိခဲ့တဲ့ ဘင်လာဒင်၊ ပါကစ္စတန်နိုင်ငံထဲမှာ တရားမဝင် နေ ထိုင်ခဲ့ပုံတွေကို၊ နှိုင်းယှဉ်ပြီး၊ ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီ ညိမ်းက မေးမြန်းဆွေးနွေးထားတာ ကို၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ စီစဉ် တင ဆက်လိုက်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အခု ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့အစည်း (ISI) က၊ အိုဆာမာ ဘင်လာဒင်၊ သူတို့ရဲ့ မြို့တော် အစ္စလမ္မဘတ် (Islamabad) နဲ့ (၃၅) မိုင်အကွာက၊ တောင်ပေါ်အပန်းဖြေမြို့ တပ်မြို့လည်း ဖြစ်တဲ့၊ ကျနော်တို့ဆီက မေမြို့၊ ကလောမြို့၊ ဗထူးမြို့တို့လို တပ်မြို့ အဘတ်ဒဘဒ် (Abbottabad) မြို့မှာ၊ ပါကစ္စတန် စစ်တက္ကသိုလ် နဲ့ (၁)မိုင် မပြည့်တဲ့နေရာမှာ ရှိနေတဲ့၊ ဒီလောက်ကြီးမားတဲ့ အိမ်ခြံဝင်းကြီးထဲမှာ၊ နေနေတာကို မသိလိုက်ပါဘူးလို့ ပြောနေတယ်။ အဲဒါနဲ့ပတ်သက်လို့ အမေရိကန်အစိုးရက၊ ISI ကို အယုံအကြည်မရှိဘူးဆို တဲ့ အနေအထားကိုလည်း၊ အခုလုပ်ခဲ့တဲ့ ဘင်လာဒင်ကို ဖမ်းဆီးသုတ်သင်တဲ့ စစ်ဆင်ရေးကို ကြည့်တဲ့အခါ မှာ၊ ကျနော်တို့က တွေ့နေရပါတယ်။ အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံကရော၊ ဒီ ပါကစ္စတန်ထောက်လှမ်းရေး (ISI)နဲ့၊ ပတ်သက်ဆက်နွယ်ခဲ့ဘူးတာ ရှိသလားဆိုတာကို၊ စိတ်ဝင်စားလာပါတယ်။ ISI နဲ့ မြန်မာ့တပ်မတော်ရဲ့ ထောက်လှမ်းရေးနဲ့ ဘယ်လိုများ ပတ်သက်ဆက်နွယ်မှုများ ရှိခဲ့ပါသလဲ၊ ဗိုလ်မှူး သိမှီသလောက်၊ ပြောပြပေးပါ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ့််။ ။ ၁၉၉၃၊ ၉၄ ခုနှစ် လောက်က ပေါ့လေ။ အဲဒီအချိန်တုန်းက၊ ကျနော်ကိုယ်တိုင် ကကလှမ်း (ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး Directorate of Defence Services Intelligence – DDSI) မှာ၊ ရှိနေတဲ့ အချိန်အခါမှာ ဒုညွှန်မှူး ဗိုလ်ချုပ်ကျော်ဝင်းနဲ့အတူ၊ ကျနော်နဲ့ တခြားအရာရှိကြီး တယောက်နှစ်ယောက်တို့ ပါတဲ့အဖွဲ့က၊ ရန်ုကုန်မှာ၊ ပါကစ္စတန် ထောက်လှမ်းရေး က အဆင့်မြင့်ပုဂ္ဂိုလ်တဦးနဲ့၊ နှစ်ကြိမ် သုံးကြိမ်လောက် တွေ့ဆုံခဲ့ဘူးတဲ့၊ အနေအထားမျိုး ရှိခဲ့ဘူးပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။

ဗိုလ်မှူးအောင်လင်းထွဋ့််။ ။ တွေ့ဆုံခဲ့တဲ့ အချိန်အခါမှာ၊ ပထမတကြိမ်အနေနဲ့ မိတ်ဆက်တဲ့အနေနဲ့ ကျနော် တို့ တွေ့ကြပါတယ်။ ဒုတိယအကြိမ်တွေတဲ့ အခါမှာတော့၊ ပါကစ္စတန်က ထောက်လှမ်းရေး-ထောက်လှမ်းရေး ချင်း၊ သူတို့ ပူးပေါင်းဆောင်ရွက်ဖို့ အနေအထားကို၊ ကမ်းလှမ်းလာတာတွေ ရှိပါတယ်။ အဓိက ကတော့၊ အဲဒီ အချိန်က ပါကစ္စတန် ထောက်လှမ်းရေးအနေနဲ့၊ သူတို့ လိုချင်တာက၊ အိန္ဒိယနဲ့ မြန်မာနယ်စပ် border တ လျှောက်မှာ ရှိတဲ့၊ အိန္ဒိယရဲ့ သတင်းတွေ လိုချင်တယ်။ အိန္ဒိယရဲ့ အတွင်းသတင်းတွေ၊ ထောက်လှမ်းရေး သတင်းတွေ လိုချင်တယ်။ အိန္ဒိယတပ် သတင်းတွေ လိုချင်ပါတယ်။ အဲဒီ လိုချင်တာတွေနဲ့ ပတ်သက်ပြီးတော့၊ အဲဒီအချိန်တုန်းက ပါကစ္စတန်ထောက်လှမ်းရေးက ကျနော်တို့ကို ကမ်းလှမ်းတာက၊ နယ်စပ်ဒေသမှာ equipment ပေါ့လေ။ ဆက်သွယ်ရေး equipment တွေနဲ့၊ ပတ်သက်ပြီးတော့ ပါကစ္စတန်ကနေ ပြီးတော့၊ မြန်မာပြည်ထောက်လှမ်းရေးကနေ ကျွမ်းကျင်စွာ ကိုင်နိုင်ဖို့အတွက်၊ သူတို့ သင်တန်းတွေ ခေါ်ပေးမယ်၊ အဲဒါ ကို တကြိမ် offer လုပ်ခဲ့ဘူးပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။

ဗိုလ်မှူးအောင်လင်းထွဋ့််။ ။ အဲဒီလို offer လုပ်ပေမယ့်၊ ကျနော်တို့က နားထောင်ခဲ့တယ်ပေါ့ ဗျာ။ ပြီးတော့ အထက်လူကြီးဆွေဆီ ပြန်ပြီး တင်ပြခဲ့ပါတယ်။ သူတို့ကို ပြန်ပြီး အကြောင်းပြန်ကြား ခဲ့ရတာကတော့၊ သူတို့ offer လုပ်တဲ့ ကိစ္စ၊ စက်တွေယူဖို့ offer လုပ်တဲ့ကိစ္စကိုတော့၊ ကျနော်တို့က လက်မခံခဲ့ပါဘူး။

ဦးရော်နီညိမ်း ။ ။ စက်တွေဆိုတာ ဆက်သွယ်ရေးစက်တွေကို ပြောတာလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ့်် ။ ။ မှန်ပါတယ် ခင်ဗျ။ ဆက်သွယ်ရေးစက်တွေပါ။ စက်တွေကို လက်မခံခဲ့ပါဘူး။ ဒါပေမယ့် တပ်မတော်ထောက်လှမ်းရေးက၊ အရာရှိငယ်တွေ short course ရက်တိုသင်တန်းလေးကိုတော့၊ ပါကစ္စတန်မှာ သွားတက်ခြင်းနဲ့၊ ကျနော်တို့က ပါကစ္စတန်နဲ့မြန်မာ ထောက်လှမ်းရေးချင်း အဆက်အသွယ်ယူခဲ့ တယ်။ သတင်းဖလှယ်တဲ့ အဆင့်မှာတော့၊ အိန္ဒိယထောက်လှမ်းရေးသတင်းတွေ သူတို့ မေးတာ ရှိတယ်ဗျာ။ အိန္ဒိယ-မြန်မာနယ်စပ်မှာ နေထိုင်နေကြတဲ့၊ နာဂတို့ ကသည်းတို့နဲ့ ပတ်သက်တာတွေ မေးတာတွေ၊ ရှိတယ်။ သတင်းဖလှယ်တယ်ဆိုတဲ့ နေရာမှာ၊ ပါကစ္စတန်ထောက်လှမ်းနဲ့ ဒီလိုမျိုး ဆွေးနွေးခဲ့မှုတွေတော့ ရှိခဲ့ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ အဲဒီတော့၊ ISI ဘက်က ကျတော့၊ ဗိုလ်မှူးတို့ကို ဘာသတင်းတွေများ ပြန်ပေး ခဲ့ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ့်် ။ ။ ကျနော်သိသလောက်၊ ISI ဘက်က ပြန်ပေးတာကတော့၊ အိန္ဒိယက မြန်မာ ပြည်အပေါ်ထားတဲ့ သဘောထားတွေ၊ ဒီသတင်းမျိုးတွေ ပေးခဲ့တာတွေ ရှိတယ်။ နောက်တခုက ကျနော်တော့၊ အဲဒီအချိန်မှာ မြန်မာပြည်မှာ မရှိတော့ဘူး ခင်ဗျ။ ဒီသံရုံးကို (ဝါရှင်တန်ဒီစီမှ မြန်မာသံရုံးကို) ရောက်လာတဲ့ အချိန် ပေါ့လေ။ ကျနော် မြန်မာပြည်ထဲက ပြန်ကြားတာက၊ အဲဒီ အချိန်တုန်းက၊ အားလုံးကြားမှာ အထင်ကရ ဖြစ်ခဲ့တာ တခု ရှိပါတယ်။ ပါကစ္စတန် အဏုမြူသိပ္ပံပညာရှင် နှစ်ယောက်၊ မြန်မာပြည်ထဲကို ရောက်လာတယ် ဆိုတဲ့ သတင်း၊ ဖြစ်ခဲ့ဘူးတာ ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။

ဗိုလ်မှူးအောင်လင်းထွဋ့်် ။ ။ ဒီသတင်းက၊ ကျနော်တို့ အထဲမှာ အချင်းချင်း သိသလောက်ကတော့၊ ရောက် လာတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဗိုလ်မှူးကြီးလှမင်း (စစ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိ သူ၊ တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးမှ အရာရှိကြီး) တို့ ကိုယ်တိုင်၊ ဗြောင်ပဲ ငြင်းခိုင်းခဲ့လို့၊ press မှာ၊ သတင်းစာရှင်းလင်းပွဲမှာ၊ ငြင်းခဲ့တဲ့ အနေအထားမျိုးတွေ ရှိခဲ့ပါတယ်။ အဲဒီသတင်းကတော့၊ အဲဒီ အချိန်တုန်းက တော်တော်လေး ပေါ်ပြူလာ ဖြစ်ခဲ့ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဒီသတင်းနဲ့ ပတ်သက်ပြီးတော့၊ ဗီအိုအေ မြန်မာပိုင်းအစီအစဉ်၊ ၂၀၀၉ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့၊ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ၊ မခင်မမမျိုး ပြောပြသွားတာကို၊ နောက်ခံအနေနဲ့ တင်ပြပါရ စေ။ မခင်မမမျိုးဟာ၊ ဗြိတိန်နိုင်ငံ အဘာဒင်းတက္ကသိုလ် (Abaden University) ဘုရင့်ကောလိပ် (King’s College) ကနေ၊ စစ်မဟာဗျူဟာလေ့လာရေး (Military Strategy Studies) ဘာသာရပ်နဲ့၊ မဟာဝိဇ္ဖာဘွဲ့ကို၊ ရရှိထားသူပါ။

မခင်မမမျိုး။ ။ ဒီ ပါကစ္စတန် scientist (သိပ္ပံပညာရှင်)နှစ်ယောက်ကိစ္စမှာ ကျတော့၊ ၂၀၀၁ ခုနှစ် နှစ်ကုန် ပိုင်းမှာ၊ terrorist connection (အကြမ်းဘက်သမား နှင့် အဆက်အသွယ်ရှိမှု) ပိုင်းနဲ့ ပတ်သက်ပြီး၊ သံသယ ဖြစ်ဖွယ် တရားခံတွေအနေနဲ့၊ CIA (Central Intelligence Agency အမေရိကန်ဗဟိုထောက်လှမ်းရေးအေ ဂျင်စီ) ကနေ၊ တောင်းဆိုလာတဲ့ အချိန်ကျမှ၊ ဒီလူတွေဟာ မြန်မာနိုင်ငံမှာ ရှိနေတယ်ဆိုတဲ့ ကိစ္စကို၊ ပါကစ္စတန် နိုင်ငံက ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ အဲဒါတွေက အထောက်အထားတွေက၊ ဘယ်လိုရှိလဲ မသိဘူး။

မခင်မမမျိုး။ ။ အဲဒီဥစ္စာကျတော့ ကမ္ဘာ့လုံခြုံရေးနဲ့ပတ်သက်တဲ့ ထောက်လှမ်းရေး မှတ်တမ်းတွေ ရှိနေပါ တယ်။ နောက်ပြီးတော့၊ ကမ္ဘာ့လုံခြုံရေးရာပိုင်းတွေကို၊ လေ့လာဆန်းစစ်တဲ့ ပညာရှင်တွေရဲ့ academic (ပညာရပ်ဆိုင်ရာ) သီးသန့်စာတမ်းတွေမှာ ရှိနေပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒါတွေကို၊ သက်ဆိုင်ရာတွေက အများပြည်သူ မီဒီယာတွေကို ကျတော့၊ ဒီသတင်းကို ထုတ်မပေးဘူးလား။

မခင်မမမျိုး။ ။ အများပြည်သူ မီဒီယာတွေ အတွက်ကျတော့၊ သူတို့က online ပေါ်မှာ တင်ထားတာတွေ ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့ ပါကစ္စတန်ပညာရှင် နှစ်ယောက်ကတော့၊ မြန်မာပြည်မှာ မရှိတော့ဘူးပေါ့။

မခင်မမမျိုး။ ။ မြန်မာနိုင်ငံမှာ ရှိကြောင်း မရှိကြောင်းကို၊ ငြင်းဆိုထားမှုတွေ အငြင်းပွားမှုတွေ၊ ထပ်ပြီး မရှိပါဘူး။ မှတ်တမ်းတွေထဲမှာ မတွေ့ရပါဘူး။

ဦးရော်နီညိမ်း ။ ။ အဲတော့၊ အဲဒါတွေ ဖြစ်တဲ့အချိန်မှာ၊ အိန္ဒိယရဲ့ Look East (အရှေ့မျှော်) ဆိုတဲ့ ဝါဒ အရ၊ အရင်တုန်းက မြန်မာ့ဒီမိုကရေစီရေးကို အားပေးနေတဲ့ အိန္ဒိယနိုင်ငံဟာ၊ မြန်မာစစ်အစိုးရနဲ့ အဆင်ပြေ အောင် သွားမယ် ဆိုတဲ့ နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲလိုက်တဲ့ အချိန်မှာ၊ ပါကစ္စတန် ထောက်လှမ်းရေး (ISI) နဲ့ ဒီလိုမျိုး အဆက်အဆံတွေ ရှိနေတာလား၊ ဒါမှမဟုတ် အဲဒီ မြန်မာပြည်အပေါ်မှာ Look Eastကို၊ မကျင့်သုံးခင်က၊ ဒီလိုမျိုး ရှိနေတဲ့ အခြေအနေလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ့်် ။ ။ တပြိုင်ထဲပါပဲ ခင်ဗျ။ ကျနော် ရှင်းပြရရင်၊ အဲဒီ ၁၉၉၃-၉၄ လောက်မှာ၊ အိန္ဒိယဘက်က အခေါ် နာဂသောင်းကျန်းသူပေါ့ ဗျာ။ ဒီ နာဂသောင်းကျန်းသူတွေကို၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ရှိတဲ့၊ စစ်တကောင်း (Chittagaung) တောင်တန်းပေါ်မှာ၊ သူတို့ (အိန္ဒိယ၏ ဆန့်ကျင်ဘက်အဖွဲ့ အစည်းများ) က၊ သင်တန်းပေးလေ့ ရှိပါတယ်။ တခါ သင်တန်းပေးရင်၊ စုစုပေါင်း လေးရာငါးရာလောက်၊ သင်တန်းသားတွေ လာပြီး သင်တန်းတက် ကြပါတယ်။ ကျနော်တို့သိသလောက်၊ အဓိက ကတော့ ပါကစ္စတန် တို့ ကျန်တဲ့ အိန္ဒိယကိုဆန့်ကျင်တဲ့နိုင်ငံတွေကနေ ထောက်ပံ့ပြီးတော့မှ၊ ဒီ သင်တန်းကို၊ ပေးပါတယ် ခင်ဗျ။ သင်တန်းပေးတယ်ဆိုတာ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ပေးတာပေါ့ ခင်ဗျာ။ သင်တန်းပြီးတာနဲ့ အဲဒီအဖွဲ့တွေ (အိန္ဒိယမှ ခွဲထွက်ရေးနာဂသူပုန်များ) မြန်မာနယ်စပ်နဲ့ အိန္ဒိယနယ်စပ်နဲ့ကို ဝင်လိုက်ထွက်လိုက်လုပ်ပြီးတော့မှ၊ နာဂနယ်မြေကို ပြန်ရတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒီသတင်းကို အိန္ဒိယကလည်း ရတာတွေ ရှိတဲ့အခါကျ တော့၊ အိန္ဒိယထောက်လှမ်းရေးကလည်း အရှေ့မျှော် ဆိုတဲ့နေရာမှာ၊ ဒီဘက်ဒေသ မြန်မာပြည်နဲ့ (စီးပွားရေး) လမ်းကြောင်းကို ဖွင့်ဖို့အတွက်၊ ကသည်းတို့ နာဂတို့ သူပုန်တွေကို ရှင်းပစ်ဖို့ လိုတယ်ဆိုတဲ့၊ အနေအထားတွေ ဖြစ်လာပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။

ဗိုလ်မှူးအောင်လင်းထွဋ့်် ။ ။ ဒီ့အတွက်ကြောင့်လည်း အိန္ဒိယက ဒေါ်လာ သန်း(၁၀၀)လောက် အကုန်အကျ ခံပြီးတော့မှ၊ မိုးရေး-တမူး ကားလမ်းကို ဖေါက်ပေးခဲ့ပါတယ်။ အဲဒီ နာဂသူပုန်တွေကို လေ့ကျင့်ပေးတဲ့နေရာ မှာ၊ ဘယ်သူတွေက လက်နက်တွေ ထောက်ပံ့ပေးသလဲ ဆိုတော့၊ ရတဲ့ ပိုက်ဆံတွေနဲ့၊ အဲဒီတုန်းက ကမ္ဘောဒီး ယားနယ်စပ် တလျှောက်မှာ၊ လက်နက်မှောင်ခိုတွေ ရှိပါတယ်။ အဲဒီ မှောင်ခိုက လက်နက်တွေကို၊ ကျနော်တို့ မြန်မာနိုင်ငံထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက၊ carry လုပ်ပေးခဲ့တယ်လို့ အိန္ဒိယထောက်လှမ်းရေး က သတင်းရခဲ့တာတွေ ရှိပါတယ်။ ဒါကြောင့်မို့ အဲဒီအချိန်တုန်းက အိန္ဒိယထောက်လှမ်းရေးက ဒုတိယဗိုလ်မှူး ကြီး Great Wall၊ မြန်မာပြည်ဖွား၊ မြန်မာနံမည်က မျိုးမြင်၊့ မြန်မာလို ကောင်းကောင်း ပြောတတ်တဲ့သူနဲ့ ကျနော်တို့ ဆက်သွယ်ခဲ့တယ်။ မရှေးမနှောင်းမှာပဲ အဲဒီနှစ်တွေ အတွင်းမှာပဲ၊ ခုနက ပြောခဲ့တယ့်၊ ပါကစ္စတန် ထောက်လှမ်းရေးနဲ့လည်း ကျနော်တို့ တွေ့တယ်။ အိန္ဒိယထောက်လှမ်းရေးနဲ့လည်း တွေ့တယ်၊ ဆိုတဲ့၊ မြန်မာ ထောက်လှမ်းရေးအနေနဲ့၊ မြန်မာတပ် စစ်ခေါင်းဆောင်များ အနေနဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ကို ကစားတဲ့ အနေ အထားမျိုးတွေ၊ လုပ်ခဲ့ဘူးတာ ရှိပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ ပါကစ္စတန်ကနေ ဘိတ်ကြားလို့ ထောက်လှမ်းရေး mission (ကိုယ်စားလှယ် အဖွဲ့) တွေ သွားခဲ့တယ်လို့လည်း၊ သတင်းတွေ ကျနော်တို့ ကြားသိဘူးပါတယ်။ အဲဒါ မြန်မာပြည်က ဘယ်အ ချိန်လောက်က ဘယ်သူတွေက၊ ပါကစ္စတန်ထောက်လှမ်းရေး (ISI) ဆီကို၊ သွားခဲ့တာလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ့်် ။ ။ ကျနော် သိရသလောက်၊ ကျနော်တို့ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကျော် ဝင်းပေါ့။ အဲဒီအချိန်တုန်းကတော့ ဗိုလ်မှူးကြီးကျော်ဝင်းပေါ့။ သူ ခေါင်းဆောင်ပြီးတော့ သွားပါတယ်။ ကျနော် တို့ဆီက ထောက်လှမ်းရေးအကူတပ်က သိပ္ပံဌာနက အရာရှိတချို့နဲ့၊ တခြားအရာရှိ အကြီးအငယ် တချို့ ပါ သွားခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ ဗိုလ်မှူးတို့ ထိတွေ့ဆက်ဆံဘူးတဲ့ အမြင်အရ၊ ပါကစ္စတန်ထောက်လှမ်းရေး (ISI) ဟာ၊ ထောက်လှမ်းရေးမျက်စေ့ချင်းနဲ့ ကြည့်လို့ရှိရင်၊ ခပ်ညံ့ညံ့ ထဲကလား၊ အလယ်အလတ် ကလား၊ ဒါမှမဟုတ် အစ္စရေးလ်က မော့ဆက် (Mossad) တို့လို ထိပ်ကပြေးနေတဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ့်် ။ ။ ပါကစ္စတန်ထောက်လှမ်းရေးက ကျနော်တို့ သိသလောက်၊ ခပ်ညံ့ညံ့ ထောက် လှမ်းရေး တော့ မဟုတ်ဘူးခင်ဗျ။ အစ္စရေးလ် မော့ဆက်လောက်နီးပါး သူတို့လည်း ထဲထဲဝင်ဝင်နဲ့ ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ရှိတဲ့ အနေအထားမျိုးပါ။ အခု ဖြစ်တဲ့ဖြစ်စဉ်၊ ဘင်လာဒင်ကိစ္စမှာ ဆိုရင်၊ ကျနော့်အမြင်အရ ပြော ရင်တော့၊ ထောက်လှမ်းရေး ဆိုတာက၊ မသိဘူးဆိုတာ သိပ်မဖြစ်နိုင်ပါဘူး ခင်ဗျ။ ကျနော်တို့ နိုင်ငံနဲ့လည်း ယှဉ်ပြောလို့ ရပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ အခု သူတို့က ဘင်လာဒင် သူတို့မေးဖျားအောက်မှာ လာခိုနေတာကို၊ သူတို့ မသိလိုက်ပါဘူးလို့၊ အဲဒီလိုမျိုး ပြောတဲ့ဟာမှာ၊ ဗိုလ်မှူးတို့နဲ့ သူတို့နဲ့ ဆက်ဆံမှု အတွေ့အကြုံအရ၊ ဗိုလ်မှူးအနေ နဲ့ သုံးသပ်ကြည့်မယ် ဆိုရင်၊ သိလျှက်သားနဲ့ မသိဘူးလို့ ပြောတဲ့ အကြောင်းအရာမှာ၊ သူတို့ ကိုယ်တိုင်က ဘင်လာဒင်ကို ဖမ်းမပေးချင်တာ (သို့မဟုတ်) ဘင်လာဒင် ရှိနေတဲ့နေရာကို သတင်း မပေးချင်တာက၊ ဘင်လာဒင် တခုခုဖြစ်သွားရင် အစ္စလမ် တလောကလုံးနဲ့ အစ္စလမ်နိုင်ငံတွေ မူဆလင်ကမ္ဘာကြီးနဲ့ ပါကစ္စတန်နဲ့ ပြဿနာတက်မှာ စိုးလို့လား။ ဒါမှမဟုတ် ဘင်လာဒင်ဆီကနေ တစုံတရာ အကျိုးရရှိနေလို့လား၊ ဗိုလ်မှူးအနေ နဲ့ ဘယ်လိုသုံးသပ်ပြီး မြင်ကြည့်လို့ ရလဲခင်ဗျ။ ဒါက ကျနော်တို့ မြန်မာနိုင်ငံနဲ့ မဆိုင်ဘူးပေါ့။ သို့သော်လည်းပဲ ထောက်လှမ်းရေးမျက်စေ့ချင်းနဲ့ ကြည့်မယ်ဆိုရင်၊ ဗိုလ်မှူး ဘယ်လိုမြင်လဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ့်် ။ ။ ထောက်လှမ်းရေးမျက်စေ့နဲ့ ကျနော် ပြောရရင်၊ ပါကစ္စတန်နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအမြင်အရ ကြည့်မယ် ဆိုရင်၊ ပါကစ္စတန်ထောက်လှမ်းရေးအနေနဲ့ ဘင်လာဒင်ကို၊ အမေရိကန် လက်ကို အပ်ဖို့ ဆိုတာမှာ၊ မအပ်လိုဘူး ဆိုတဲ့ အနေအထားမျိုးက၊ ခုန ဦးရော်နီ ပြောသလို၊ ပါကစ္စတန်ဟာ မူဆလင်နိုင်ငံ တနိုင်ငံ ဖြစ်နေတာရယ်၊ သူ့နိုင်ငံမှာ၊ အကြမ်းဘက်အဖွဲ့တွေက သောင်းကျန်းနေတဲ့ အနေအ ထား မျိုးတွေ ရှိနေတာရယ်၊ တချိန်တုန်းကလည်း ကျနော် သိရသလောက်က၊ ဘင်လာဒင်ရဲ့ အဖွဲ့ရော၊ (အာဖဂန်နစ္စတန်က) တာလီဘန်အဖွဲ့တွေကို ရော၊ ပါကစ္စတန်ထောက်လှမ်းရေးက ထိန်းထားပြီး၊ handle လုပ်ထားတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ အခုလည်း ကျနော့်အမြင် ပြောရရင်၊ ခွန်ဆာကြီးလို ပေါ့ဗျာ၊ “ခင်ဗျား အေးအေးဆေးဆေးနေ၊ ဘာမှ မလှုပ်ရှားနဲ့။ အသာလေး ငြိမ်ငြိမ်နေ” ဆိုတဲ့ အနေအထားမျိုးနဲ့၊ အနီးကပ် ဆွဲထားပြီးတော့မှ၊ (ပါကစ္စတန်ထောက်လှမ်းရေးက ဘင်လာဒင်ကို) ခေါ်ထားတယ်လို့၊ ကျနော် ထင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ မြန်မာ ပါကစ္စတန် အိန္ဒိယ ထောက်လှမ်းရေး တပ်ဖွဲ့များ၊ ဦးခွန်ဆာ နှင့် အမေရိကန် ပြည်ထောင်စု - အပိုင်း (၂) ကို၊ ရှေ့သီတင်းပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ၊ ဆက်ပြီး တင်ဆက် ပေးသွားပါမယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG