သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးကလင်တန် အိန္ဒိယခေါင်းဆောင်တွေနဲ့ တွေ့ဆုံ


အိန္ဒိယနိုင်ငံကို သုံးရက်ကြာခရီးရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ အိန္ဒိယဝန်ကြီးချုပ် Manmohan Singh ၊ အနိုင်ရညွန့်ပေါင်းခေါင်းဆောင် Sonia Gandhi တို့နဲ့ တနင်းလာနေ့မှာ တွေ့ဆုံခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအနေဲ့ အီရန်ကနေ ရေနံတင်ပို့မှုတွေကို ဖြတ်တောက်ဖို့နဲ့၊ ရေနံအတွက် ဈေးကွက်တွင်း အီရန်မဟုတ်တဲ့ အခြားနေရာတွေကနေ မှာယူဖို့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်က အိန္ဒိယခေါင်းဆောင်တွေကို တိုက်တွန်းဖို့ရှိပါတယ်။ အီရန်ရဲ့ နူကလီယားအစီအစဉ်ရပ်တန့်အောင် နိုင်ငံတကာက ဖိအားပေးဆောင်ရွက်နေတဲ့ အစိတ်အပိုင်းတရပ်အနေနဲ့၊ အခုလို အီရန်ရေနံတွေ အိန္ဒိယက လက်မခံဖို့ တိုက်တွန်းတာဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Mr.Singh နဲ့မတွေ့ခင်ကတော့ လက်ရှိအိန္ဒိယအနေနဲ့ အီရန်ရေနံတွေကို မှာယူမှု လျှော့ချနေတာကို နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် ဒီထက် ပြင်းပြင်းထန်ထန်လုပ်ဖို့ အမေရိကန်ဖက်က မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီးကလင်တန်ဟာ Ms.Gandhi နဲ့တော့ သူမနေအိမ်မှာ သီးခြားတွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင့် နောက်လ ဝါရှင်တန်မှာလုပ်မယ့် အမေရိကန်-အိန္ဒိယ မဟာဗျူဟာဆွေးနွေးပွဲအတွက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဖို့ စီစဉ်ထားပါတယ်။

တနင်းလာနေ့နှောင်ပိုင်းမှာတော့ အနောက်Bengal ပြည်နယ်မြို့တော် ကာလကတ္တားကို သွားရောက်ပြီးအ ဲဒီမှာ ပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee နဲ့ တွေ့ဆုံပါတယ်။ ကာလကတ္တားမှာလုပ်တဲ့ ဆွေးနွေးပွဲအတွင်းမှာတော့ အိန္ဒိယနိုင်ငံတွင်း တိုက်ခိုက်မှုတွေမှာ အပြစ်တင်ခံနေရတဲ့ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဖြစ်သူကို ပါကစ္စတန်အနေနဲ့ အရေးယူကိုင်တွယ်ဖို့ လိုလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရင် ကလင်တန်က ပြောပါတယ်။ Hafiz Mohammad Saeed ကို ဖမ်းဆီးအရေးယူဖို့ အမေရိကန်နဲ့ အိန္ဒိယတို့က တောင်းဆိုနေပေမယ့်၊ ပါကစ္စတန်ဖက်က ဘာမှာ အရေးယူဆောင်ရွက်ပေးတာမျိုးမရှိဘူးလို့ ကာလတ္တကားမြို့မှာ တနင်းလာနေ့ကလုပ်တဲ့ ဆွေးနွေးပွဲတခုအတွင်းမှာ နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ပြောဆိုသွားတာပါ။ Saeed ဟာ ပါကစ္စတန်အခြေစိုက် Lashkar-e-Taiba ကို တည်ထောင်သူဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ၂၀၀၈ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ မွန်ဘိုင်းတိုက်ခိုက်မှုကို ကြံစည်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့ဖြစ်တယ်လို့ စွတ်စွဲခံထားရပါတယ်။ အဲဒီတုန်းက အမေရိကန်လူမျိုး ၆ ဦးအပါအဝင် လူပေါင်း ၁၆၆ ဦး သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် အယ်ကိုင်ဒါး အကြီးအကဲ Ayman al-Zawahiri ဟာလည်း ပါကစ္စတန်နိုင်ငံတွင်းမှာ ရှိမယ်လို့ အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ယူဆထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ကတော့ မြန်မာနိုင်ငံတွင်း စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေချိန်မှာ၊ မြန်မာပြည်သူတွေအတွက် အကူအညီပေးသွားဖို့ အိန္ဒိယနိုင်ငံက အခိုင်အမာရပ်တည်နေတယ်ဆိုပြီးတော့လည်း အိန္ဒိယရဲ့ မြန်မာအပေါ် မူဝါဒကို ချီးကျူးပြောဆိုသွားပါတယ်။

XS
SM
MD
LG