သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ပါကစ္စတန် အိန္ဒိယ ထောက်လှမ်းရေးတပ်ဖွဲ့များ၊ ဦးခွန်ဆာ နှင့် အမေရိကန်ပြည်ထောင်စု - အပိုင်း (၂)


တပ်မှူးတပ်သား ပြောစကား (၀၆၀)

အမေရိကန်က အလိုရှိခဲ့တဲ့ ဦးခွန်ဆာကို မြန်မာနိုင်ငံမှာ တရားဝင် လက်ခံထားခဲ့စဉ်က အခြေအနေနဲ့၊ အမေရိ ကန်က အလိုရှိခဲ့တဲ့ ဘင်လာဒင်၊ ပါကစ္စတန်နိုင်ငံထဲမှာ တရားမဝင်နေထိုင်ခဲ့ပုံတွေကို၊ နှိုင်းယှဉ်ပြီး၊ ထောက် လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်းက မေးမြန်းဆွေးနွေးထားတာ ကို၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ စီစဉ် တင်ဆက်လိုက်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတုန်း အနေအထားကရော ဘယ်လိုရှိလဲ။ အမေရိကန်အစိုးရရဲ့ ဘယ်လိုဖိအားတွေ ပေးတာ ကို ခံခဲ့ရလဲ။ ဦးခွန်ဆာနဲ့ ပတ်သက်ပြီးတော့။ ဗိုလ်မှူးတို့ဘက်က သူ့ကို ဟိုရွှေ့ဒီပြောင်း ဘယ်လိုတွေ လုပ်ခဲ့ရလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဦးခွန်ဆာနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက ဆုငွေတွေ ထုတ်ထားတဲ့အခါ ကျတော့၊ အမေရိကန်အစိုးရကနေ သူ့ကို တောင်းတာပြုတာတွေ ရှိပါတယ်။ ကျနော်တို့ကလည်း ကတိကဝတ် အရ ဦးခွန်ဆာကို မပေးချင်ဘူး။ အဲဒီလို မပေးချင်တဲ့အခါကျတော့၊ ဦးခွန်ဆာကို ကျနော်တို့ ဝှက်ထားရတဲ့ အနေအထားမျိုး ရှိပါတယ်။ ဦးခွန်ဆာကို ဟိုမိန်းကနေ တိတ်တိတ်လေး တပ်မတော်လေယာဉ်ပျံနဲ့ ခေါ်လာခဲ့ ရပါတယ်။ ဘယ်မှာဆင်းလဲဆိုတော့၊ မှော်ဘီမှာ ဆင်းရပါတယ်။ အဲဒီတုန်းက ဗိုလ်ချုပ်ကျော်ဝင်း (ကကလှမ်း ဒုတိယညွှန်ကြားရေးမှူး) ကိုယ်တိုင်ပဲ၊ ခေါ်လာခဲ့ရပါတယ်။ ဆင်းကြိုတဲ့အထဲမှာ ကျနော်တို့လည်း ပါပါတယ်။ ပထမ အင်လျားလမ်းက တပ်မတော်ဧည့်ဂေဟာတွေ အမှတ် (၁၄) အင်းလျားလမ်းတို့၊ အမှတ်(၂၀) အင်းလျား လမ်းတို့၊ အနောက်နားက အိမ်တလုံးမှာ ဦးခွန်ဆာကို ထားပါတယ်။ အဲဒီ တပ်မတော်ဧည့်ဂေဟာတွေရဲ့ နောက်နားမှာ၊ တချိန်က နံမည်ကြီးသူဋ္ဌေး ရှော်ဖီပိုင်တဲ့အိမ်ကို၊ စစ်တပ်ကသိမ်းထားတဲ့ အိမ်တလုံး ရှိပါတယ်။ အဲဒီအိမ်မှာ ဦးခွန်ဆာကို တိတ်တိတ်လေး ထားထားတယ်။ အဲဒီအိမ်ဟာ အဲဒီအချိန်တုန်းက၊ အမေရိကန်သံရုံး ရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးဆိုင်ရာအရာရှိနေတဲ့ အိမ်နဲ့ဆိုရင်၊ နှစ်အိမ်သုံးအိမ်ကျော်မှာ ရှိပါတယ်။ အဲဒီလမ်း ကလည်း၊ အမေရိကန်သံရုံးက အရာရှိတွေ ဝင်လိုက်ထွက်လိုက်နဲ့ သွားလာနေကြတဲ့ လမ်းပါ။ အဲဒီသဘောမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ အမေရိကန်အရာရှိတွေဘက်က ဒါကို တကယ်ပဲ မသိဘူးလို့ ထင်လား။ သူတို့မှာလဲ သူတို့အဖွဲ့တွေ ရှိနေတာပဲ။ ဒါမှမဟုတ် မသိချင်ယောင်ပဲ ဆောင်နေတာလား။ ဒါမှမဟုတ် နောက်ပိုင်းမှာ၊ ဗိုလ်မှူးတို့နဲ့ ဘယ်လို အပေးအယူလုပ်ချင်လို့ ဒါကို သူတို့က ဒီဥစ္စာကို ဒီအတိုင်း ထားထားတာလား။ ဘယ်လို မြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော့်အမြင်ကတော့ သူတို့ တကယ်ပဲ မသိတာ ခင်ဗျ။ ရန်ကုန်မှာရှိတဲ့ အမေ ရိကန် DEA (Drug Enforcement Agency အမေရိကန်တရားရေးဝန်ကြီးဌာန လက်အောက်ခံ၊ မူးယစ်ဆေး ဝါးထိန်းချုပ်ရေးအေဂျင်စီ) အပိုင်းကလည်း၊ လူ နှစ်ယောက်သုံးယောက်ပဲ ရှိတယ်။ သူတို့က မူးယစ်ဆေးဝါး ဆိုင်ရာကိစ္စတွေကိုပဲ စိတ်ဝင်စားပြီးတော့၊ ထောက်လှမ်းရေးအပိုင်းမှာ သူတို့က အားနည်းပါတယ်။ ဒါကလည်း တကြောင်းပါ။ နောက်တခုကလည်း၊ ခွန်ဆာကြီးကို ဒီမှာထားတယ်ဆိုတာ၊ ကျနော်တို့ ထောက်လှမ်းရေး (ကကလှမ်း)ထဲမှာတောင်၊ လူတိုင်း မသိပါဘူး။ ကျနော် သိတယ်ဗျာ။ ဗိုလ်မှူးချုပ်ကျော်သိမ်း သိတယ်။ ဗိုလ်မှူး ကြီးစန်းပွင့် သိတယ်။ နောက် ဗိုလ်ချုပ်ကျော်ဝင်း သိတယ်။ ဒီလောက်ပဲ၊ ကျနော်တို့က အကန့်စနစ် (compartment system) နဲ့၊ အသိပေးထားတာပါ။ ပြီးတော့၊ အဲဒီအိမ်မှာ ဦးခွန်ဆာကို သွားထားတဲ့အခါမှာ လည်း၊ အိမ်ကိုစောင့်နေကြတဲ့ ရဲဘော်တွေတောင်၊ သူ့ကို ဦးခွန်ဆာမှန်း မသိ ကြပါဘူး။ ဘယ်လောက်ထိ မသိကြလဲဆိုရင်၊ အဲဒီအချိန်တုန်းက ခွန်ဆာကြီးက သူ ရွှေတိဂုံဘုရားကို သွားချင်တယ် ဆိုတဲ့အခါကျတော့၊ ကျနော်ကိုယ်တိုင် ရွှေတိဂုံဘုရားကို လိုက်ပို့ခဲ့ရတယ်။ လိုက်ပို့တဲ့အခါကျတော့၊ ခွန်ဆာကြီးကို ကျနော်တို့ ဘာ လုပ်ပေးလဲဆိုတော့၊ နေကာမျက်မှန် တပ်ပေးတယ်။ ပြီးတော့ ဦးထုပ် ဆောင်းပေးလိုက်တယ် ဗျာ။ ဘုရားပေါ် ကလူတွေတောင်မှ ခွန်ဆာဆိုတာ၊ ဘယ်သူမှ မသိကြပါဘူး။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ ဘင်လာဒင် (ပါကစ္စတန်မှာ) မရှိဘူး ရှိတယ်၊ မသိဘူး သိတယ်၊ ဖြစ်နေတဲ့ ကိစ္စမှာ၊ ပါကစ္စတန်အစိုးရအနေနဲ့ သိကောင်းမှ သိမယ်။ ပါကစ္စတန်တပ်မတော်ကရော၊ ဘယ်လို အနေအ ထားရှိသလဲ။ ISI နဲ့ ပါကစ္စတန်တပ်မတော်ရဲ့ ဆက်ဆံရေးအနေအထားကရော၊ ဗိုလ်မှူးတို့ရှိစဉ်က ဘယ်လို မြင်ထားပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဒါမျိုးကိစ္စတွေကို ISI က၊ ပါကစ္စတန်တပ်မတော်ကို အသိပေးမယ့် အနေအ ထားမျိုး ရှိမယ်မထင်ဘူး ခင်ဗျ။ ပါကစ္စတန်တပ်မတော်ကလည်း ကျနော်တို့လိုပဲ ISI ပါကစ္စတန်ထောက်လှမ်း ရေးအပေါ်မှာတော့ သိပ်ပြီးတော့ ကျေနပ်မယ့်အနေအထားမျိုး ရှိပုံ မပေါ်ဘူး။ ကျနော်တို့တုန်းကလည်း၊ ကျနော်တို့ လုပ်နေကိုင်နေတာ အားလုံးက စစ်တပ်ပိုင်းက လူတွေကို လျှို့ဝှက်ကိစ္စတွေမှာ၊ အသိပေးလေ့ပေး ထလည်း မရှိဘူး။ ဗိုလ်ချုပ်ကြီးသန်းရွှေ ဗိုလ်ချုပ်ကြီးမောင်အေးတို့ လောက်ပဲ၊ သိချင်သိမယ်၊ ကျန်တဲ့အောက် က ဗိုလ်ချုပ်ကြီးတွေတောင်မှ သိခွင့် မရှိဘူး၊ သိလည်း မသိရဘူး ဆိုတဲ့အနေအထားမျိုးတွေ ရှိပါတယ်။ ထောက်လှမ်းရေးစကားနဲ့ပြောရရင်၊ need to know အသိ ပေးသင့်တဲ့သူကိုပဲ အသိပေးတဲ့စနစ်၊ compartment system အကန့်စနစ်နဲ့ပဲ၊ သွားပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့ (ဘင်လာဒင်ကို) စစ်တပ်ရှိတဲ့မြို့ကြီးမှာ၊ သွားပြီးထားထားတာကို၊ ပါကစ္စတန် အစိုးရလည်း မသိနိုင်ဘူး၊ ပါကစ္စတန်စစ်တပ်လည်း မသိနိုင်ဘူး၊ ပါကစ္စတန် ထောက်လှမ်းရေးကတော့ သိကို သိရမယ်၊ ဆိုတဲ့ အနေအထားမျိုးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ ပါကစ္စတန်အစိုးရပိုင်းက ထိပ်ပိုင်းကိုတော့ အသိပေးရလိမ့် မယ် ထင်တယ် ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့၊ ထောက်လှမ်းရေးဆိုတာက သူ့တသီးတခြားတော့ နေလို့ မရ ဘူး၊ ကျနော် ပြောနေသလို၊ ထောက်လှမ်းရေးဆိုတာက ကပ်ပါးပိုးပါ။ (အစိုးရအဖွဲ့ထဲက) အကြီးဆုံးလူတွေက မသိပဲ နေလို့ မရပါဘူး။ စစ်တပ်အပိုင်းကတော့ မသိဘူး ဆိုတာ ဖြစ်နိုင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အမေရိကန်အစိုးရက ပါကစ္စတန်စစ်တပ်အတွက်ရော၊ ISA အတွက်ပါ သုံးစွဲလာခဲ့တာ ဘီလျံ (၂၀)၊ အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်သောင်း ကျော်နေပြီ။ အဲဒီလောက်ကို ရှိနေပြီ။ အခု နောက် ထပ် ပါကစ္စတန်ကို မထောက်ပံ့ဖို့ဆိုပြီး၊ အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်တွေလည်း၊ စပြီး ကန့်ကွက် လာတာကို တွေ့နေရပါတယ်။ ဘင်ဘာဒင်ကို (ISI က) ဝှက်ထားရတာမှာ၊ မသိအောင်လုပ်ထားရတဲ့ တခြား အကြောင်းတွေလည်း အများကြီး ရှိမယ်။ အဲဒီလိုမျိုးတွေ ပတ်သက်ဆက်နွယ်ရှုပ်ထွေးနေတဲ့အတွက်၊ (ပါကစ္စ တန်အစိုးရနဲ့ စစ်တပ်) တကယ်ပဲ မသိနိုင် တာ၊ ဖြစ်နိုင်ပါ သလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော့်အမြင်ကို ပြောရရင်တော့၊ (ပါကစ္စတန်အစိုးရရဲ့) အပေါ်ဆုံးကနေ ပေါ်လစီတွေကို ကိုင်ထားတဲ့သူတွေက မသိဘူးဆိုတာတော့၊ မဖြစ်နိုင်ပါဘူး ခင်ဗျ။ ISI နဲ့ ပတ်သက်ပြီးပြောရ ရင်၊ ISI အကြီးအကဲက ဒီကိစ္စကို သူ မသိပဲ မနေနိုင်ပါဘူး။ ကျနော်ပြောနိုင်တာ တခုကတော့ ပါကစ္စတန်နဲ့ အမေရိကန်ရဲ့ဆက်ဆံရေး ဟာ၊ 9/11 (၂၀၀၁ စက်တင်ဘာ (၁၁)၊ အမေရိကန်မြေပေါ်တွင် နယူးယောက် ကုန်သွယ်ရေးမျှော်စင်ညီနောင်နှင့် ဝါရှင်တန်ဒီစီ ပင်တဂွန်စစ်ဌာနချုပ်တို့ကို၊ Osama Bin Laden ၏ Al Qaida အကြမ်းဘက်အဖွဲ့က အပိုင်စီးလာသော လေယာဉ်ကြီးများနဲ့ အသေခံတိုက်ခိုက်ခဲ့မှု) ပြီးတော့မှ တရင်း တနှီးရှိလာခဲ့တာပါ။ အရင်တုန်းက ပါကစ္စတန်နဲ့အမေရိကန်ရဲ့ဆက်ဆံရေးဟာ၊ သိပ်အကောင်းလှကြီး မဟုတ် ပါဘူး။ ပါကစ္စတန်နဲ့ တရုတ်နဲ့က ပိုပြီးတော့မှနီးစပ်ခဲ့တဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ ပါကစ္စတန်ထောက်လှမ်း ရေးအနေနဲ့ အမေရိကန်ပေါ်မှာ ယုံကြည်မှု အပြည့်အဝရှိလိမ့်မယ်လို့ ကျနော်မထင်ပါဘူး။ အမေရိကန်ကို ပါကစ္စတန်က ပေးကျွေးတာလေးတွေလည်း၊ ပေးကျွေးလိမ့်မယ်။ တဘက်ကလည်း၊ လှည့်စားတဲ့အနေနဲ့၊ ဘင် လာဒင်ကိုရော အမေရိကန်ကိုရော၊ ဟိုဘက်ကော ဒီဘက်ကော၊ သူတို့ balance လုပ်ပြီးတော့မှ၊ အမေရိကန် ဆီကလည်း ရသလောက်ယူမယ်၊ ဘင်လာဒင်ကိုလည်း “မင်း အရမ်းမလုပ်နဲ့” ဆိုပြီးတော့လည်း၊ ပါကစ္စတန် က ထိန်းထားမယ် ဗျာ။ ဒီအပေါ်မှာ ကစားသွားတယ်လို့ပဲ၊ ကျနော် မြင်ပါတယ်။ အမေရိကန်အနေနဲ့လည်း အခြေအနေတခုကြောင့်သာ၊ ပါကစ္စတန်ကို ပုံအောပေးပြီးမှသာ၊ လိုချင်တာကို ရအောင်ယူနေကြရတာကိုး။ ဒါကိုလည်း ပါကစ္စတန်ထောက်လှမ်းရေးက သိတာပဲ။ တချိန်မှာ အမေရိကန်ဟာ သူတို့အပေါ် သဘောထား မှန်မှန် ထားမှာ မဟုတ်ဘူးဆိုတာ၊ သူတို့က တွက်မှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့၊ အတိတ်က ဖြစ်စဉ်တွေက ရှိခဲ့ဘူးတာကိုး။ ဒီအပေါ်မှာ မူတည်ပြီးတော့မှ၊ ပါကစ္စတန်ထောက်လှမ်းရေးက အမေရိကန်ဆီက၊ သူတို့ ရတာ ယူမယ်၊ ဒီဘက်က ဘင်လာဒင်ကိုလည်း “မင်း သိပ်ကြီးကြီးမားမားတွေ မလုပ်နဲ့” ဆိုပြီး၊ ထိန်းမယ်။ နှစ်ဘက် ကို balance လုပ်တဲ့ အနေအထားမျိုးပါပဲ ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ အမေရိကန်ပြည်ထောင်စုက ဦးခွန်ဆာကို အမေရိကန်ဒေါ်လာ (၅)သန်း ဆုငွေထုတ် ထားတဲ့ ကြားထဲကနေ၊ မြန်မာနိုင်ငံမှာ ဦးခွန်ဆာကို လက်ခံထားခဲ့တဲ့ အခြေအနေနဲ့၊ အဲဒီလက်ခံထားမှုကို ဖြစ်ပေါ်စေခဲ့တဲ့ နောက်ကြောင်းဖြစ်ရပ်လေးတွေကို နည်းနည်းရှင်းပြပေးပါလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၈၈ အရေးအခင်း ဖြစ်တဲ့အခါမှာ၊ ရှမ်းပြည်မြောက်ပိုင်း လားရှိုးပတ်ဝန်းကျင် မှာ အဲဒီအချိန်တုန်းက ဗမာပြည်ကွန်မြူနစ်ပါတီတပ်တွေရဲ့ အန္တရာယ်ရန်က အင်မတန် များပါတယ် ခင်ဗျ။ တပ်မတော် အနေ နဲ့ မြို့ရွာတွေကို အကာအကွယ်ပေးဖို့၊ လုံလောက်တဲ့တပ်တွေ မရှိပါဘူး။ အဲဒီအချိန်မှာ နားလည်မှုတခုအနေနဲ့၊ ဦးခွန် ဆာရဲ့တပ်တွေက၊ လားရှိုးပတ်ဝန်းကျင်လုံခြုံရေး၊ ဗကပတွေ ဝင်မလာအောင်၊ တာဝန်ယူပေးတယ်ဆိုတဲ့ အနေအ ထားမျိုး နောက်ကြောင်းလေးတွေ ရှိခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီ မတိုင်ခင်တုန်းကရော၊ ဦးခွန်ဆာရဲ့ မောင်ထိုင်း army (MTA – Mong Thai Army) ဘယ်လိုပေါ်ပေါက်လာပြီးတော့၊ မြန်မာ့တပ်မတော်နဲ့ ဘယ်လို စတင်ပြီးတော့၊ ဆက်နွယ် မှုတွေ ရှိခဲ့ပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဦးခွန်ဆာရဲ့ မောင်ထိုင်း army ကို၊ ဦးနေဝင်းလက်ထက်တုန်းက၊ သူတို့ကို ဦးတည်ရန် သူ အဓိကရန်သူအနေနဲ့၊ သတ်မှတ်ထားခြင်း မရှိခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင်၊ ဦးခွန်ဆာ ရဲ့တပ်တွေက မြန်မာ့တပ်မတော်ကို အန္တရာယ်မပေးဘူး ဒါကြောင့် သူတို့ကိုရှာပြီးတော့မှ တိုက်တဲ့ အနေအ ထားမျိုး မရှိခဲ့ပါဘူး ခင်ဗျ။ နားလည်မှု တခုလို့ပဲ ပြောရမှာပါဘဲ။ ကျနော်တင်ပြရရင်၊ ဦးခွန်ဆာဟာ မြန်မာ ပြည်မှာ အခု နံမည်ကြီးနေတဲ့ ထွန်းမြင့်နိုင် ခေါ် Steven Law ရဲ့ အဖေ၊ ဘိန်းရာဇာ လော်စစ်ဟန်ရဲ့ တပည့် တယောက်ပါပဲ။ တချိန်တုန်းက လော်စစ်ဟန် တန်ခိုးကြီးထွားနေတဲ့ အချိန်မှာ၊ ဦးခွန်ဆာတို့က လော်စစ်ဟန် ရဲ့ တပည့်တယောက်အနေနဲ့၊ နေခဲ့ရာကနေ၊ လော်စစ်ဟန် လက်နက်ချခဲ့ပြီးတဲ့ နောက်ပိုင်းမှာ၊ ဦးခွန်ဆာက မောင်ထိုင်း army ဆိုတဲ့ လက်နက်ကိုင်တပ်ကို တည်ထောင်လာခဲ့သူ တယောက်ဖြစ်ပါတယ်။ သူဟာ ရှမ်း တရုတ်နွယ်ဘွား တယောက်ပါ။ နောက်ပိုင်းမှာ တရုတ်ဖြူကူမင်တန်လက်ကျန် အဖွဲ့တွေနဲ့ ပေါင်းပြီးတော့မှ၊ သူ့ရဲ့တပ်ကို ပီပီပြင်ပြင်ထူထောင်လာခဲ့တဲ့ အနေအထားမျိုးပါ။ သူ့ရဲ့ စစ်ဦးစီးချုပ်က ကျန်စုရှင်ပါ။ ကျန်စုရှင် က တချိန်က ထိုင်ဝမ်တရုတ်ဖြူထောက်လှမ်းရေး အကြီးအကဲ တယောက်ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ဦးခွန်ဆာဟာ ၁၉၈၈ မတိုင်ခင်တုန်းက မြန်မာ့တပ်မတော်ရဲ့ ရန်သူမဟုတ်ပဲ နဲ့၊ တချိန်က ဦးလော်စစ်ဟန်ရဲ့ ရှမ်းပြည်ကာကွယ်ရေးတပ်တွေကို ဖွဲ့ထားခွင့်ပြုခဲ့သလိုမျိုး၊ နောက်ပိုင်း ဦး လော်စစ်ဟန်ကို ဖမ်းပြီးတဲ့ နောက်မှတော့၊ တခါ ဦးခွန်ဆာနဲ့ အဆင်ပြေပြေ ရှိလာခဲ့တယ်ပေါ့။ ၁၉၈၈ မတိုင် ခင်မှာ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဆင်ပြေပြေရှိလာခဲ့တယ် ဆိုတာက၊ ဦးနေဝင်းလက်ထက်မှာ တခါ၊ ဦးခွန် ဆာကို ဖမ်းမိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တောင်ကြီးစဝ်စံထွန်းဆေးရုံမှာရှိတဲ့ ရုရှလူမျိုးဆရာဝန်နှစ်ယောက် ကို၊ ဦးခွန်ဆာရဲ့ အဖွဲ့တွေက ဖမ်းသွားပြီး၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး၊ ဒီ ရုရှဆရာဝန်နှစ်ယောက်နဲ့၊ ဦးခွန်ဆာ နဲ့ကို အလဲအလှယ် လုပ်ပေးလိုက်ရပါတယ်။ ဦးခွန်ဆာဟာ ကျနော်တို့စစ်တပ်နဲ့ အဓိကရန်သူ မဟုတ်ပေမယ့်၊ မိတ်ဆွေသူငယ်ချင်းတော့ မဟုတ်ပါဘူး ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ သူ့အကျိုးကိုယ့်အကျိုးနဲ့ ဆက်ဆံခဲ့တဲ့ အနေအထားမျိုးတော့ ရှိခဲ့မှာပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ တခါတလေကျရင် ခွန်ဆာက၊ စစ်တပ်ရဲ့အကျိုးပေါ့ ဗျာ။ ကွန်မြူနစ် ဘာညာကို သူက နည်းနည်းပါးပါး တိုက်ပေးခဲ့တာတွေ ရှိပါတယ် ခင်ဗျ။ ကျနော်တို့ဘက်ကလည်း ဦးခွန်ဆာကတော့ ကျနော်တို့ကို ရန်ပြုမယ့်သူ အန္တရာယ်ပေးမယ့်သူ မဟုတ်ဘူးလို့ မှတ်ယူပြီး၊ ဦးခွန်ဆာအဖွဲ့ တွေကို လိုက်ပြီး ချေမှူန်းခဲ့တာမျိုးက တော်တော်ရှားပါတယ် ခင်ဗျ။ ၁၉၈၈ မတိုင်ခင်ပေါ့။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ ၁၉၈၈ နောက်ပိုင်းမှာ၊ ဦးခွန်ဆာရဲ့ မောင်ထိုင်း army (MTA) နဲ့၊ မြန်မာ့တပ် မတော်နဲ့ အထူးသဖြင့် ဗိုလ်မှူးတို့ရဲ့ ထောက်လှမ်းရေး အဖွဲ့တွေနဲ့၊ ဘယ်လို့ ဆက်ပြီး စခန်းသွားခဲ့ကြပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အားလုံး မှတ်မိကြပါလိမ့်မယ်။ ၁၉၈၉ ခုနှစ် လောက်ကျတော့၊ ကိုးကန့်တို့ “ဝ” တို့က အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တာတွေ ရှိခဲ့ပါတယ်။ ဦးခွန်ဆာကလည်း၊ ကိုးကန့်တို့ “ဝ” တို့လိုပဲ ငြိမ်းချမ်း ရေးယူချင်တယ် လို့၊ ကျနော်တို့ကို ကမ်းလှမ်းခဲ့ဘူးတာ ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ သူ့ဘက်ကလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်။ သူ့ဘက်က ကမ်းလှမ်းခဲ့တာပါ။ သို့သော် အဲဒီအချိန်က အမေရိ ကန်က ဦးခွန်ဆာကို ဝရမ်းထုတ်ထားတယ်၊ ကမ္ဘာ့ရဲ့ opium war lord (ဘိန်းစစ်ဘုရင်) အနေနဲ့ ဆုငွေထုတ် ထားတဲ့အခါကျတော့၊ ကျနော်တို့ စစ်အစိုးရအနေနဲ့ ဦးခွန်ဆာနဲ့ ငြိမ်းချမ်းရေးယူဖို့ လက်ခံခဲ့မယ်ဆိုရင်၊ ကမ္ဘာ့ မူးယစ်ဆေးဝါး ခေါင်းဆောင်ကို လက်ခံလိုက်သလို ဖြစ်မယ်၊ အထူးသဖြင့် အမေရိကန်နဲ့ မသင့်မမြတ်ဖြစ်မှာ စိုးတဲ့အတွက်၊ ဦးခွန်ဆာရဲ့ ကမ်းလှမ်းမှုကို၊ အဲဒီအချိန်က စစ်အစိုးရက လက်မခံခဲ့ပါဘူး။

ဦးရော်နီညိမ်း ။ ။ ဦးခွန်ဆာက လက်နက်ကို ကိုင်ထားပြီးတော့၊ ငြိမ်းချမ်းရေးယူမယ် ဆိုပြီး၊ ကိုးကန့်တို့ “ဝ” တို့ ပအို့ဝ် တို့လိုပဲ၊ သူက ကမ်းလှမ်းခဲ့တာလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်။ အဲဒီဥစ္စာက သူ လက်နက်မချခင် အထိ၊ သူ့ရဲ့ လက်အောက်ခံ MTA ရဲ့ အောက်က ရှမ်းခေါင်းဆောင်တွေပင်လျှင်၊ ကိုးကန့်တို့ “ဝ” တို့လိုပဲ (သူတို့ခေါင်းဆောင် ဦးခွန်ဆာ ဟာ) ငြိမ်းချမ်းရေး ယူလိမ့်မယ်လို့၊ ထင်ခဲ့ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ သူ့ဘက်က ငြိမ်းချမ်းရေးကမ်းလှမ်းပေမယ့်၊ ကိုယ့်ဘက်က လက်မခံနိုင် ဖြစ် နေတဲ့ အချိန်မှာ၊ နောက် ဘယ်လိုဖြစ်ပြီး၊ ဦးခွန်ဆာက လက်နက်ချတဲ့ အခြေအနေကို၊ ဆိုက်ရောက်သွားတာ လဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒါနဲ့ ပတ်သက်ပြီး ပြောရရင်၊ မူးယစ်ဆေးဝါးနဲ့ အဲဒီအချိန် အဲဒီအခါက၊ (အာ ဏာသိမ်း စစ်အစိုးရ) နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့) ရဲ့ နိုင်ငံခြားငွေလိုအပ်နေတာ နဲ့၊ သွားပြီးဆက်စပ်နေတာကို ပြောရမှာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ မြန်မာ ပါကစ္စတန် အိန္ဒိယ ထောက်လှမ်းရေး တပ်ဖွဲ့များ၊ ဦးခွန်ဆာနှင့် အမေရိကန်ပြည် ထောင်စု - အပိုင်း (၃) ကို၊ ရှေ့သီတင်းပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ၊ “တပ်မှူးတပ်သား ပြော စကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီး တင်ဆက်ပေးသွားပါမယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG