တပ်မှူးတပ်သား ပြောစကား (၀၆၁)
လာမယ့် မေလ (၂၆) ရက်နေ့မှာ၊ မြန်မာအစိုးရသစ်ရဲ့ သမ္မတသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သမ္မတဖြစ်ပြီး ပထမဆုံးအကြိမ် သွားရောက်တော့မှာ ဖြစ်ပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးကို ဆွေမျိုးပေါက်ဖေါ် ဆက်ဆံရေးအဖြစ် နှစ်ဘက်လုံးက လူသိရှင်ကြား ပြောဆိုနေကြပေ မယ့်၊ ကန့်လန့်ကာ နောက်ကွယ်မှာ တဘက်နဲ့တဘက် မရိုးသားကြဘူးလို့၊ ထောက်လှမ်းရေးအရာရှိဟောင်း သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ပြောပြထားတာကို၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားပါတယ်
ဦးရော်နီညိမ်း ။ ။ ဦးအောင်လင်းထွဋ် ခင်ဗျား၊ တရုတ်နိုင်ငံကို မြန်မာနိုင်ငံက သမ္မတသစ် ဦးသိန်းစိန် မကြာခင်မှာ သွားတော့မယ်။ အရင်ကလည်း သူဟာ ၀န်ကြီးချုပ်ဘ၀နဲ့ ခဏခဏ သွားဘူးပါတယ်။ ကျနော်တို့ က ပြန်ကြည့်တဲ့အခါမှာ၊ တရုတ်-မြန်မာ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့နှစ်သုံးဆယ်အတွင်း၊ ၁၉၉၀ ရွေးကောက်ပွဲ မှာတုန်းကတော့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိသွားတာကို လာပြီးတော့ ပထမဆုံး အားပေးချီးကျူး စကားပြောခဲ့သူဟာ တရုတ်သံအမတ်ကြီး ဖြစ်တယ်ဆိုတာကို၊ မြန်မာ့နိုင်ငံရေးလောကတခုလုံးက ခုထက်ထိ မမေ့နိုင်ကြသေးဘူး။ အဲဒီအနေအထားကနေ ဘယ်လိုတွေ အပြောင်းအလဲတွေ ဆက်တိုက်ဆက်တိုက်၊ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဖြစ်လာခဲ့သလဲ ဆိုတာကို၊ ဗိုလ်မှူးက အဲဒီအချိန်က ကကလှမ်း (ကာကွယ်ရေး ၀န်ကြီးဌာန၊ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး) ကကကြည်း(ကာကွယ်ရေးဦးစီးချုပ်-ကြည်း ရုံး) မှာ ရှိနေခဲ့တာကြောင့်၊ အဲဒီအချိန်မှာ ဗိုလ်မှူးတို့ ဘယ်လိုမြင်လဲ ခင်ဗျ၊ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးကစား ကွက်ကို။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တရုတ်ကတော့ အဓိက ကတော့၊ စီးပွားရေးမျက်စေ့နဲ့ ကြည့်တာပါပဲ။ တကယ် ပဲ၊ ရွေးကောက်ပွဲမှာ နိုင်တဲ့ပါတီကို အာဏာလွှဲပေးမယ် ဆိုပြီးတော့မှ၊ ခေါင်းဆောင်လုပ်တဲ့ ဗိုလ်ချုပ်ကြီးစော မောင်ကိုယ်တိုင်က၊ ပြောခဲ့တာပဲ ဗျာ။ ကျနော် ဒီဘက်(၀ါရှင်တန်ဒီစီမှ မြန်မာသံရုံး) ရောက်တဲ့အခါမှာ၊ ၂၀၀၁ ခုနှစ်လောက်မှာ အဲဒီအချိန်က ဟူကျင်းတောင်က တရုတ်ဒုသမ္မတအနေနဲ့ အမေရိကားကို လာလည်တာ ရှိပါ တယ်။ သူ့တပည့်တွေနဲ့ ကျနော်တို့နဲ့ တွေ့တဲ့အခါမှာ၊ သူတို့သဘောထားတွေကို တီးခေါက်ကြည့်တဲ့အခါမှာ၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ၊ နိုင်ငံရေးတည်ငြိမ်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ စီးပွားရေးလုပ်ဖို့ပဲ စိတ်ဝင်စားတယ်။ မြန်မာနိုင်ငံမှာ ဘယ်အစိုးရပဲ တက်တက်၊ ဘယ်ပါတီပဲ တက်တက် တရုတ်က လက်ခံမယ်၊ လို့ပြောကြပါတယ်။ ကျနော်က မေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ ဘယ်လိုမြင်လဲလို့ ဆိုတဲ့ အခါကျတော့၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း သူတို့က အကောင်းမြင်ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ကို ဝေဖန်တာ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် တက်လာရင်လည်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နဲ့ လုပ်နိုင်ကိုင်နိုင်တယ် ဆိုတဲ့ အနေအထားမျိုးတွေ ပြောခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒုသမ္မတ ဟူကျင်းတောင်နဲ့ ပါ လာတဲ့ကိုယ်စားလှယ်အဖွဲ့နဲ့၊ ကျနော်တို့နဲ့ (မြန်မာ)သံအမတ်ကြီးအိမ်မှာ တခါ တွေ့ခဲ့ကြတာ ရှိပါတယ်။ နောက် တခါ ၀ါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးမှာ ထောက်လှမ်းရေးလို အဖွဲ့အစည်းမျိုး၊ ကျနော်တို့လို အဖွဲ့တွေ ရှိပါ တယ်။ သူတို့နဲ့ နှစ်ခါသုံးခါလောက် ဟော်တယ်တွေမှာ တွေ့ပြီး၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး စကားစမြည် ပြောခဲ့ ဘူးလို့၊ အခု ဒါကို ကျနော် ပြန်ပြောနိုင်တာပါ။
ဦးရော်နီညိမ်း ။ ။ နောက်တခုက ရေဒီယိုအင်တာဗျူးတခုမှာ ကျနော်တို့ကို ပြောပြဘူးတာ ရှိပါတယ်။ ၁၉၉၀ ကျော် လာတဲ့အခါမှာ၊ တကြိမ်တခါမှာ၊ ဗိုလ်မှူးတို့က ထိုင်ဝမ်ထောက်လှမ်းရေးအဖွဲ့ကို မိလိုက်တယ်။ နည်းနည်းနောနော ပိုက်ကွန်အဖွဲ့ကြီး မဟုတ်ဘူး။ ဒါပေမယ့်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့၊ ဘာမှ မလုပ်ပဲ ဒီအတိုင်းထားရတယ်၊ ဆိုတာ။ အဲဒါကို အခု နောက်တခေါက် ပြန်ပြီး ပြောပြပေးပါလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဟုတ်ပါတယ် ခင်ဗျ။ အဲဒါကလည်း၊ ခုနကကိစ္စတွေနဲ့ ပြန်ဆက်ပြီးပြောရရင်၊ ၁၉၉၀ ရွေးကောက်ပွဲနိုင်သူတွေကို အာဏာလွှဲမပေးတော့ဘူးဆိုတဲ့အချိန်အခါမှာ၊ တရုတ်က မြန်မာအစိုးရ အပေါ်မှာ၊ အခြေအနေ စောင့်ကြည့်တဲ့ အနေအထားမျိုးတွေ ရှိလာပါတယ်။ နောက်ပိုင်းမှာ၊ အားလုံးသိတဲ့အ တိုင်းပဲ ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာကတည်းကိုက၊ တရုတ်နဲ့ ပတ်သက်ပြီးတော့ရော အမေရိကန်နဲ့ ပတ် သက်ပြီးတော့ရော၊ သူက ကြွေးကြော်ခဲ့တာက၊ တရုတ်ဆိုရင်လည်း “ငါတို့ တရုတ်ကိုချစ်လို့ ပေါင်းနေတာ မဟုတ်ဘူး။ မလွှဲသာလို့ ပေါင်းနေတာကွ” ဆိုတာ ပါ။ အဲဒီလို ကြွေးကြော်သံမျိုးတွေ ရှိခဲ့ပါတယ်။ တရုတ်ဆန့် ကျင်ရေးပေါ့။ သူ ကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာ တပ်မမှူး (အမှတ် (၈၈) ခြေမြန်တပ်မ) ဖြစ်တဲ့အချိန်ထိ ကို၊ တရုတ်က ထောက်ခံနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီတပ်တွေနဲ့ တိုက်ခဲ့ရတာကိုး။ သူတင် မဟုတ်ပါဘူး။ ဗိုလ်ချုပ်ကြီးမောင်အေးရော၊ နှစ်ယောက်စလုံးပါ။
ဦးရော်နီညိမ်း ။ ။ အရှေ့မြောက်ခြမ်းတို့ အရှေ့ဘက်ခြမ်းတို့မှာ၊ တိုက်ပွဲတွေ ၀င်ခဲ့ဘူးတဲ့၊ မြန်မာ့တပ်မ တော်သား အကုန်လုံးမှာ၊ တရုတ်နဲ့ ပတ်သက်လို့၊ ဒီခံစားချက်မျိုး ရှိမယ် ထင်ပါတယ်။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ ဒီ ခံစားချက်တွေ ရှိပါတယ်။ (ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်ဖွဲ့များ ဖြစ်ခဲ့သည့် ‘၀’ တပ်၊ ကိုးကန့် တပ်များနှင့်) ငြိမ်းချမ်းရေးလုပ်ဖို့ ကိစ္စမှာလည်း၊ ဒီလိုပဲ၊ အဲဒီအချိန် တုန်းက ဗိုလ်ချုပ်စောမောင်တို့၊ ဗိုလ်ချုပ်ခင်ညွန့်တို့၊ သူတို့ ဦးနေ၀င်းကို ပြောပြီးတော့၊ ဦးနေ၀င်းဆီက green light ရလို့၊ သူတို့ ဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်လိုက်ကြတာကိုး။ အဲဒီလိုမျိုး အခြေခံစိတ်ဓါတ်ရှိတဲ့အတွက် ကြောင့်၊ ၁၉၉၄ခုနှစ်မှာ ဖြစ်ခဲ့တာတခုက၊ အဲဒီအချိန်က လားရှိုးထောက်လှမ်းရေး(၉) တပ်မှူးက၊ ဗိုလ်မှူးတင် မောင်ဋ္ဌေးပါ။ အဲဒီအချိန်မှာ လားရှိုးက AD ဂိတ်မှာ၊ တရုတ်လူမျိုးတယောက်ကို ဆက်သွယ်ရေးစက်တွေနဲ့ အတူ ဖမ်းမိလိုက်တာ ရှိပါတယ်။ သူလျှိုတွေသုံးတဲ့ ဆက်သွယ်ရေးစက်မျိုးနဲ့ ဖမ်းမိလိုက်တယ်။ အဲဒီတရုတ် ဟာ ဒီလို ပစ္စည်းတွေ ပါလာတယ်ဆိုပြီး၊ ကကလှမ်းကို သတင်းပို့တယ်၊ ရန်ကုန်ကို ပို့လိုက်ဆိုပြီး၊ ကကလှမ်း က ထောက်လှမ်းရေး(၉)ကို ညွှန်ကြားလိုက်ပါတယ်။ အဲဒီတရုတ်ကို ရန်ကုန် ရောက်တဲ့အခါ interrogation (စစ်ကြောရေး) လုပ်လိုက်တဲ့အခါ၊ သူတို့ဟာ ထိုင်ဝမ်ထောက်လှမ်းရေးရဲ့ spy ပေါ့ဗျာ၊ သူလျှိုတယောက်ဖြစ် ပြီးတော့၊ တရုတ်နိုင်ငံရဲ့သတင်းတွေကို ယူနေတဲ့ကောင်တွေ ဖြစ်ပါတယ်။ သူ့ကို ဆက်ပြီး ဖေါ်ထုတ်လိုက်တဲ့ အခါမှာ မန္တလေးမှာ ဆက်ဖမ်းလို့ ရတယ်။ လားရှိုးဘက်မှာ ဆက်ဖမ်းလို့ ရတယ်။ ဟိုဘက် ကွတ်ခိုင် ဘက်မှာ ဆက်ဖမ်းလို့ ရတယ်။ အားလုံးအတွဲလိုက် (၉) ယောက်လောက်၊ ကွန်ယက်တခု ပိုက်ကွန်တခုကို ကျနော်တို့ ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ အကြီးဆုံးကောင်က ရန်ကုန်ကဗျ။ အဲဒီအချိန်မှာ ဒီကောင်က၊ သမိုင်းလမ်းဆုံနားမှာ နေတယ်။ အယောင်ပြထားတာက၊ electronic ဆိုင်မျိုးကို၊ ဒီကောင်က ဖွင့်ထားတယ်။ ထိုင်ဝမ်ထောက်လှမ်း ရေးက ပေးထားတဲ့ သူ့ရဲ့အဆင့်က၊ Colonel ဖြစ်ပါတယ်။ သူ့နံမည် တရုတ်လိုတော့၊ ကျနော် မေ့နေပြီ။ မြန်မာနံမည်က ၀င်းနိုင်။ ဆိုတော့၊ ထိုင်ဝမ်ထောက်လှမ်းရေးရဲ့ ဗိုလ်မှူးကြီးဝင်းနိုင် ပေါ့။ အဲဒီအချိန်တုန်းက၊ သူက မကြာမကြာ ထိုင်ဝမ်နဲ့ သွားသွားလာလာ လုပ်နေတဲ့ လူပါ။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ဒီကိစ္စကို ဘယ်လို ဆက်ပြီး အရေးယူလဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ သူတို့က မြန်မာပြည်နဲ့ မြန်မာအစိုးရနဲ့ ပတ်သက်ပြီး၊ ဘာမှ သတင်း ထောက် လှမ်းတာ မရှိဘူး ခင်ဗျ။ အထူးသဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တ၀ိုက်က သတင်းတွေကို၊ ထိုင်ဝမ်ကို သူ တို့ ပြန်ပို့ပေးရတဲ့ အနေအထားမျိုး ရှိတယ်။ ဒီလို စစ်ကြောရရှိချက်တွေကို ကျနော်တို့က အထက်ကို တင်ပြ တယ်။ ဗိုလ်ချုပ်ခင်ညွန့်က ဗိုလ်ချုပ်ကြီးသန်းရွှေကို ဆက်ပြီး တင်ပြတယ်။ အဲဒီအခါကျ၊ ကျနော်တောင် အံ့သြ သွားတယ်။ ဘာဖြစ်လို့လဲ အံ့သြသွားလဲ ဆိုတော့၊ ကျနော်တို့ကို အများက ထင်ကြတယ်၊ ကျနော်တို့ကို တရုတ်ရဲ့တပည့် တရုတ်ရဲ့ သြဇာခံလို့၊ ပြောနေကြတာကိုး။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးသန်းရွှေဆီက မှတ် ချက်ကို ကျနော်တို့ ပြန်သိရတာက၊ သူပြောတာက “ဒီ ထိုင်ဝမ်ကောင်တွေက၊ ငါတို့ကို ဒုက္ခပေးတာ မဟုတ် ဘူး၊ သူတို့ကို ပြန်လွှတ်ပေးလိုက်၊ ပြီးတော့ သူတို့ရတဲ့ တရုတ် ပြည်မကြီးရဲ့ သတင်းကို၊ ငါတို့ကိုလည်း ပေး ခိုင်း” ဆိုပြီးတော့မှ၊ ကျနော်တို့ ထောက်လှမ်းရေးသဘောနဲ့ ပြောရင် double agent (နှစ်ဘက်ချွန်သူလျှို) လုပ်ခိုင်းတဲ့၊ မှတ်ချက်ကို ချခဲ့တယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ တရုတ်အစိုးရရဲ့ ထောက်လှမ်းရေး မဟုတ်တောင်မှ၊ သူတို့ကို သတင်းပေးနေ တဲ့ လူတွေ၊ မြန်မာပြည်ထဲမှာ အများကြီး ရှိနေတာပဲ။ ထိုင်ဝမ်ထောက်လှမ်းရေးအဖွဲ့ တဖွဲ့ကို၊ မြန်မာအစိုးရက မိသွားခဲ့တာ ကို၊ တရုတ်အစိုးရဘက်က တနည်းတနည်းနဲ့ မသိနိုင်ဘူးလား၊ မသိသွားဘူးလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မသိနိုင်ဘူး ခင်ဗျ။ ဒီကိစ္စက ကျနော်တို့ ကကလှမ်းမှာ၊ လူတိုင်း မသိဘူး ခင် ဗျ။ အဲဒီအချိန် အဲဒီအခါက ဒီကိစ္စကို လုပ်နေတဲ့သူ တယောက်နှစ်ယောက်လောက် သိတယ်ဗျာ။ မှတ်မှတ်ရရ ဗျာ၊ ကျနော်သတိ ထားမိတာက၊ အဲဒီအချိန်က Colonel (G.S.) စစ်ဦးစီးဗိုလ်မှူးကြီး(ကြည်း)က၊ အခု သမ္မတ ကြီးလုပ်နေတဲ့ ဦးသိန်းစိန် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ ဒါဆိုရင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ အဲဒီအချိန်က စစ်အစိုးရက၊ ထိုင်ဝမ် ထောက်လှမ်းရေးတွေကို ထပ်ဆင့် အသုံးချပြီး၊ တရုတ်ပြည် ယူနန်ပြည်နယ်ထဲမှာ တရုတ်အစိုးရ ဘာတွေလုပ် နေသလဲ ဆိုတာကို၊ ထပ်ဆင့်ထောက်လှမ်းနေတဲ့ အလုပ်ကို၊ ဗိုလ်မှူးတို့က လုပ်နေကြတဲ့ သဘောပေါ့။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ဒီလို ပြောလို့ မရဘူးလား။ မြန်မာအစိုးရနဲ့တရုတ်အစိုးရတို့က တကယ်တမ်း လည်ပင်းဖက် ပုခုံးဖက်ထားကြတာက၊ ဟန်ပြကောင်းရုံပဲ၊ တကယ်တမ်းက တယောက်နဲ့တယောက် သူ့အိပ် ထဲမှာ ဘာရှိလဲ၊ ကိုယ့်အိပ်ထဲမှာ ဘာရှိလဲ၊ ချောင်းနေကြတဲ့ သဘော၊ ရှိမနေဘူးလား။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန် အဲဒီအခါက၊ အဲဒီလို ရှိနေတာကတော့၊ အမှန်ပါပဲ ခင်ဗျ။ တရုတ်ကလည်း….
ဦးရော်နီညိမ်း ။ ။ အခုကော၊ ဒီအတိုင်းပဲ ဖြစ်မနေဘူးလား။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အခုလည်းပဲ ဒီအတိုင်း ဖြစ်တော့ဖြစ်တယ်၊ ဒါပေမယ့် မြန်မာအစိုးရက တရုတ် အစိုးရရဲ့ အောက်မှာ၊ အတော်လေးကို ခံနေရပြီ ခင်ဗျ။ တရုတ်ကို သွားသွားကစားရင်းနဲ့ မြန်မာက ခံနေရ တာ။ တရုတ်ကလည်း သူတို့ အကြောင်းကို သိသွားပြီလေဗျာ။
ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ခုနက ထိုင်ဝမ်ထောက်လှမ်းရေးတွေက၊ နောက်ဆုံး ဘယ်လို ဖြစ်သွားလဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နောက်ပိုင်း တောက်လျှောက်မှာ၊ အဲဒီ ၀င်းနိုင်ဆိုတဲ့ ပုဂ္ဂိုလ်ကို၊ အဲဒီအဲဒီအခါ တုန်းက တပ်မတော်ထောက်လှမ်းရေး အကူတပ်က၊ သူတို့က ထိန်းထားတယ် ခင်ဗျ။ ကျနော် အမေရိကားကို ထွက်လာတဲ့ အထိ၊ သူ့ရဲ့ ဖိုင်တွေရော၊ report (အစီရင်ခံစာ) တွေရော၊ ကျနော်တို့ (ကကလှမ်း) ရုံးမှာ ကျန်ခဲ့ ပါတယ်။
ဦးရော်နီညိမ်း ။ ။ လူတွေက ရော။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ လူတွေလည်း၊ နောက်ပိုင်းမှာ ဘယ်လိုဆက်ဖြစ်လဲ ကျနော် မပြောတတ်ဘူး။ ကျနော်တို့ အဖွဲ့တွေ ပြုတ်သွားပြီးတဲ့ နောက်ပိုင်းမှာပေါ့။
ဦးရော်နီညိမ်း ။ ။ အဲဒီလိုတော့ ဖြစ်ခဲ့တယ်ပေါ့။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီလို ဖြစ်ခဲ့တာကိုတော့၊ ကျနော်ကိုယ်တိုင် ဒီကိစ္စမှာ ကိုင်တွယ်ပါဝင်ခဲ့ရလို့၊ ကျနော် ပြောတာပါ။
ဦးရော်နီညိမ်း ။ ။ ဒါဆို တယောက်နဲ့တယောက် ဟန်ပြပြောနေသလို ဆွေမျိုးပေါက်ဖေါ် ရင်းနှီးချစ်ကြည် မှု မဟုတ်ပဲနဲ့၊ ဖြစ်နေကြတာပေါ့။ အဲဒီတော့ မြန်မာအစိုးရက ခံနေရတဲ့ ဘက်ကို၊ ဘယ်လို ရောက်လာလဲ ခင် ဗျ။ ကိုယ်က သွားပြီး ကစားပေမယ့်၊ တဖြည်းဖြည်း ကိုယ်က ခံလာရတဲ့ အနေအထားကို၊ ဘယ်လိုရောက်လာ ပါသလဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီလိုမျိုးတွေ တရုတ်ကို သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) က၊ သွားသွားလုပ် တယ် ခင်ဗျ။ အဲဒီအချိန် အဲဒီအခါတုန်းကတော့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်က သူ့ကိုယ်သူ ဟုတ်လှပြီ၊ လည်လှပြီလို့ ထင်နေတာပေါ့ ခင်ဗျာ။ အဲဒီလောက်အထိကို သူ့ကိုယ်သူ ဘ၀င်တွေမြင့်ခဲ့တဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ကလည်း အချဉ်တော့ မဟုတ်ဘူး။ မြန်မာပြည်မှာ အဲ့ဒီအချိန်က ဘာ income (၀င်ငွေ) မှ မရှိသေးဘူး။ မူးယစ်ဆေးဝါးပိုက်ဆံ (လက်နက်ကိုင် မူးယစ်ဆေးဝါးရာဇာများ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေအစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး၊ မူးယစ်ဆေးဝါးမှ ရရှိနေသောငွေများနှင့် ကုမ္ပဏီကြီးများ၊ ဘဏ်ကြီးများ၊ လေကြောင်းလိုင်းများ မြန်မာနိုင်ငံတွင် တရားဝင်ထူ ထောင်ကြပြီး၊ ငွေမည်းများကို ငွေဖြူအဖြစ် လျှော်ဖွပ်ကြ ရာမှ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရထံလည်း အခွန်ငွေ၊ ၄င်းတို့၏ လုပ်ငန်းလည်ပတ်ငွေများ အဖြစ် ၀င်လာ ကြသည့်၊ ငွေဖြူများ) ကို မှီခိုရတာ ရှိတယ်။ သစ်ရောင်းလို့ ရတာ ရှိတယ်။ ကျန်တဲ့ ငါးတို့ ရေထွက်ပစ္စည်းတို့ ရောင်းလို့ရတာတွေ ၀င်ငွေ နည်းနည်းပါးပါးပဲ ရှိတယ်။ အဲဒီအချိန်မှာမှ၊ ဗိုလ်ချုပ်ကြီးစောမောင်လက်ထက်က၊ စစ်ပစ္စည်းတွေ (အမေရိကန်ဒေါ်လာ) two billions (သန်းပေါင်းနှစ်ထောင်) ဖိုး ၀ယ်ထားခဲ့တာတွေကို၊ တရုတ် က အကြွေးတောင်းတယ် ခင်ဗျ။ အားလုံးကို မဆပ်ခိုင်းပေမယ့်၊ အတိုးကို ဆပ်ခိုင်းတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ အဲဒီအချိန်က အတိုးလည်း မပေးနိုင်ဘူး။ တရုတ်ဆိုတာကလည်း၊ စီးပွားရေးသမား ဆိုတော့၊ အတိုးတောင် မပေးနိုင်တဲ့ အခါကျတော့၊ ကဂျီကဂျောင် ကျရော ခင်ဗျ။ ပူညံပူညံ ဖြစ်တာတွေ၊ အဲဒီအချိန်က ရှိခဲ့ပါတယ်။ တရုတ်ဆီက စစ်ပစ္စည်း two billions ဖိုး ၀ယ်လိုက်တဲ့ ဟာတွေကလည်း၊ အစုတ်တွေချည့်ပဲ။ လေယာဉ်ပျံတွေကော၊ တင့်ကားတွေကော၊ တော်တော်အျားများက အစုတ်တွေချည့်ပါပဲ။
ဦးရော်နီညိမ်း ။ ။ မြန်မာပြည်ကို တရုတ်သမ္မတကျန်ဇီမင်း ရောက်လာခဲ့တယ်။ အဲဒီတုန်းက စပြီး၊ မြန်မာ အစိုးရနဲ့ တရုတ်အစိုးရတို့ သဘောတူညီမှုတွေ၊ MOU (memorandum of understanding - နားလည်မှုစာ ချွန်လွှာ) တွေ၊ အရေအတွက် တော်တော်များများ စပြီး၊ လက်မှတ်တွေ ထိုးလာခဲ့တယ်၊ ၁၉၈၈ ခုနှစ် နောက် ပိုင်းမှာ။ အဲဒါတွေလည်း ကျနော်တို့ တွေ့ခဲ့ရပါတယ်။ အဲဒီ အချိန်အခါရော၊ ဗိုလ်မှူးက မှီလိုက်လား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ အဲဒီဇာတ်လမ်းကို ကျနော်ပြောရရင်၊ ၁၉၉၆ခုနှစ်မှာ ဒီဇာတ် လမ်းက စခဲ့ပါတယ်။ ၁၉၉၆ ပြီးတော့ ၁၉၉၇မှာ၊ အမေရိကန်အပါအ၀င် အနောက်ဥရောပနိုင်ငံတွေ အပါအ ၀င်၊ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဖြစ်လာတာ ရှိတယ်။ နောက်တခု သတိထားမိပါလိမ့်မယ်။ အဲဒီ အချိန်ကျမှ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး၊ လူ့အခွင့်အရေးတို့၊ forced labor (အဓမ္မလုပ်အားပေးခိုင်းစေခြင်း) တို့၊ ကလေးစစ်သားကိစ္စတို့ ဆိုတာတွေ က၊ အဲဒီ ၂၀၀၀ ခုနှစ် မတိုင်ခင်လောက်အတွင်းမှာမှ ကုလသမဂ္ဂမှာ ပြဿနာတွေ ဖြစ်လာခဲ့ပါတယ်။ ဒါတွေ ဖြစ်လာတဲ့အခါကျတော့၊ အနောက်နိုင်ငံတွေထဲကလည်း သူ့ (ဗိုလ်ချုပ် မှူးကြီးသန်းရွှေ) ကို၊ ကယ်မယ့်လူ မရှိတော့ဘူး။ ဘာလို့လဲ ဆိုတော့၊ စီးပွားရေးပိတ်ဆို့တာတို့၊ ၀ိုင်းပြီး pressure (ဖိအား) ပေးတာ တို့တွေ ရှိလာပြီ။ အဲဒီအချိန်အခါမှာ၊ သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) တရုတ်ကို ပြေးပြီး ကပ်ရတဲ့၊ အနေအထားမျိုး ရောက်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ၊ အားလုံး သိကြပါတယ်၊ မြန်မာ နိုင်ငံကို ASEAN ထဲ ၀င်ဖို့ ဘာတို့ ကိစ္စတွေမှာ၊ တရုတ်ရဲ့ အကြံပေးချက်တွေလည်း တစိပ်တပိုင်း ပါပါတယ်။
ဦးရော်နီညိမ်း ။ ။ အဲဒီ ၁၉၉၇ ခုနှစ်နောက်ပိုင်း နိုင်ငံတကာက အနောက်အုပ်စုက၊ ပြင်းပြင်းထန်ထန် အရေးယူပိတ် ဆို့ဒဏ်ခတ်တာတွေ လုပ်လိုက်တဲ့အခါမှာ၊ တရုတ်ဘက်ကို ပိုပြီးရွေ့သွားတဲ့ တရုတ်ကို အား ကိုးလာရတဲ့ သဘောကို၊ စလာတာလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်အခါမှာ၊ ကျနော်တို့ အဖွဲ့ (ထောက်လှမ်းရေးအဖွဲ့) တွေ အနေနဲ့ သိ လိုက်ပြီ။ သူ ဒီလိုလုပ်နေရင်၊ အနောက်အုပ်စုကလည်း ဖိအားတွေ တောက်လျှောက်ပေးလာတဲ့ အခါမှာ၊ တရုတ်ဘက်ကို ရောက်သွားမယ် ဆိုတာ။ ဒါက မှန်ပါတယ်။
ဦးရော်နီညိမ်း ။ ။ အဲဒီအခါကျတော့၊ ဒီ အမေရိကန်တို့ တရုတ်တို့ အိန္ဒိယတို့ ကြားမှာ၊ အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်အစိုးရက၊ သွားသွားပြီး ကစားနေတာဟာ၊ နောက်ဆုံးရလဒ်က ဘယ်လို ဖြစ်လာလဲ ခင်ဗျ။ အခုလက်ရှိ စစ်ခေါင်းဆောင်တွေအတွက် ဘယ်လို သင်ခန်းစာယူစရာ ဖြစ်နေပါလဲ ခင်ဗျ။ အခု စစ်ခေါင်းဆောင်တွေက၊ ပြောမယ်ဆိုရင်တော့၊ အခုအချိန်ထိ နိုင်ငံရေးနဲ့ ပတ်သက်လို့ သံတမန် ရေးနဲ့ ပတ်သက်လို့၊ ရှေ့က လူဟောင်းတွေ လုပ်သွားသမျှ၊ သူတို့က ခံရမယ့် သဘောမှာ ရှိနေတယ်။ သူတို့ ကတော့ လောလောဆယ်မှာ၊ ပြစ်မျိုးမှည့်မထင် အနေအထားမှာပဲ ရှိသေးတယ်။ ဒါပေမယ့် အခု သူတို့ တချက် မှားသွားရင်တော့၊ ရှေ့ကလူတွေ လုပ်သွားတဲ့ဟာတွေက၊ သူတို့ရဲ့ အမှား ဖြစ်သွားမယ့် အနေအထား လည်း ရှိနေတယ်။ အဲဒီတော့ ဒါတွေကို ဗိုလ်မှူး ဘယ်လိုမြင်လဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ရှေ့က ဖြစ်ခဲ့တဲ့ ဥစ္စာတွေကို၊ အခု လက်ရှိစစ်ခေါင်းဆောင်တွေ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအ၀င်၊ ကျန်တဲ့ အောက်က စစ်ခေါင်းဆောင်တွေအနေနဲ့၊ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ ဗိုလ် ချုပ်ကြီးမောင်အေးတို့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့၊ နောက် ဗိုလ်ချုပ်ကြီးရွှေမန်းတို့ အဖွဲ့တွေ၊ ဘာတွေလုပ်ခဲ့ကြ တယ် ဆိုတာကို၊ သူတို့ ဂဃနဏ သိပုံ မပေါ်ပါဘူး။ တရုတ်နဲ့ပတ်သက်ပြီး ကျနော်ဆက်ပြောချင်တာက၊ ခုန ၂၀၀၁ ခုနှစ်မှာ ကိုရော်နီပြောတဲ့ တရုတ် သမ္မတ ကျန်ဇီမင်းက မြန်မာပြည်လာတယ်။ လာတဲ့အခါမှာ၊ ရေအား လျှပ်စစ်တို့ စီမံကိန်းတွေ အပြင်မှာ၊ တော်တော် များများ သူတို့ (စစ်အစိုးရ) လက်မှတ်ရေးထိုး ပေးလိုက်ရတာ တွေ ရှိတယ်။ ပထမ အမေရိကန်က ယူနိုကော်လ် (UNOCAL ရေနံကုမ္ပဏီ) တို့၊ ပြင်သစ်က တိုတယ်လ် (TOTAL ရေနံကုမ္ပဏီ) တို့က တူးလို့ရတဲ့ gas (သဘာဝဓါတ် ငွေ့)ကို ယိုးဒယားကို ရောင်းခဲ့တယ် ဗျာ။ ဒါတွေ ကနေ ပိုက်ဆံရတာကို မျှော်ကိုးပြီးတော့မှ၊ ကျန်ဇီမင်း လာတဲ့အချိန်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက၊ အဲဒီ အချိန်အခါကျမှ မြန်မာနိုင်ငံထဲမှာ စတင်ရတဲ့ အနေအထားမျိုး ရှိပါတယ်။
ဦးရော်နီညိမ်း ။ ။ လက်ရှိ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့၊ ထောက်လှမ်းရေးအရာရှိ ဟောင်း သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့၊ ဆက်သွယ်မေးမြန်းပြီး တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ ရှေ့သီတင်း ပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ဦးအောင်လင်းထွဋ်နဲ့ ပြောစကားတွေကို ဆက်ပြီး တင်ဆက်ပေးသွားပါမယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။