သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၉၈၈ နောက်ပိုင်း တရုတ် - မြန်မာ ဆက်ဆံရေး ကစားပွဲ - အပိုင်း (၂)


တပ်မှူးတပ်သား ပြောစကား (၀၆၂)

မြန်မာအစိုးရသစ်ရဲ့ သမ္မတသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သမ္မတ ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် သုံးရက်ကြာခရီး သွားရောက်ခဲ့ပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးကို ဆွေမျိုး ပေါက်ဖေါ်ဆက်ဆံရေးအဖြစ် နှစ်ဘက်လုံးက လူသိရှင်ကြားပြောဆိုနေကြပေမယ့်၊ ကန့်လန့်ကာ နောက်ကွယ် မှာ တဘက်နဲ့တဘက် မရိုးသားကြဘူးလို့၊ ထောက်လှမ်းရေးအရာရှိဟောင်း သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ပြောပြထားတာကို၊ ဒီသီတင်းပတ်ရဲ့“တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ “၁၉၈၈ နောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး ကစားပွဲ - အပိုင်း (၂) ခေါင်းစဉ်နဲ့ ဦးရော်နီညိမ်းက စီစဉ်တင်ဆက် ထားပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တရုတ်ကလည်း ဘယ်လောက်အထိ တွက်လဲဆိုတော့၊ သူရဲ့ ယူနန်ပြည်နယ် (Yunan Province) ပေါ့ဗျာ။ ယူနန်ပြည်နယ်ဆိုတာ တရုတ်ပြည်ထဲမှာ အကြီးကြီးလည်း အကြီးကြီးပါ။ အရေး ကြီးတဲ့ ပြည်နယ်တခုပါ။ ယူနန်ပြည်နယ်ဆိုတာ ပင်လယ်ထွက်ပေါက် မရှိပါဘူး။ အဲဒီထွက်ပေါက်ကို အိန္ဒိယ သမုဒ္ဒရာကနေ ထွက်ဖို့ အတွက်ကို ၂၀၀၁ခုနှစ်မှာ၊ မြန်မာအစိုးရဆီကနေ ဧရာဝတီမြစ်ကို ငှားပါတယ်။ ဧရာ၀ တီမြစ်ထဲမှာ တရုတ်ရဲ့သင်္ဘောတွေကို တရုတ်အလံထူပြီး သွားလာခွင့်ပေးဖို့ဆိုပြီး ငှားပါတယ်။ ဗန်းမော်မှာ ရေနက်ဆိပ်ကမ်းကို တရုတ်က ဆောက်ပေးမယ်၊ ဗန်းမော်ကနေ တရုတ်နယ်စပ်အထိ ကားလမ်းကို တရုတ်က အကုန်အကျခံပြီး ဖေါက်ပေးမယ်၊ ဧရာဝတီမြစ်ထဲမှာ မဲခေါင်မြစ်လိုပဲ သင်္ဘောသွားလာလို့ ကောင်းအောင် ကျောက်ဆောင်တွေကို သူတို့ ရှင်းပေးမယ်၊ ဆိုတဲ့ project အကြီးကြီးကို သူတို့ တင်ခဲ့ပါတယ်။ ဒါကိုလည်း မြန်မာအစိုးရက မူအားဖြင့် သဘောတူတယ်။ တရုတ်ရဲ့သင်္ဘောတွေကို ဧရာဝတီမြစ်ထဲမှာ သွားလာခွင့်ပေး မယ်လို့၊ မြန်မာအစိုးရက ပြောပြီးသားပါ။ ၂၀၀၁ခုနှစ်မှာ၊ တရုတ်သမ္မတကျန်ဇီမင်း မြန်မာနိုင်ငံကို လာတဲ့အခါ မှာလည်း၊ ဒီprojectကို၊ (သမ္မတကျန်ဇီမင်းနဲ့) ဗိုလ်ချုပ်ကြီးသန်းရွှေတို့ရဲ့ ရှေ့မှောက်မှာ၊ သက်ဆိုင်ရာ တရုတ် - မြန်မာ အရာရှိတွေ လက်မှတ်ထိုးကြဖို့ဆိုတာကို၊ အားလုံး ပြင်ဆင်ထားပြီးတဲ့ အချိန်အခါကျမှ၊ တရက်အလို ကျမှ၊ ဒီဥစ္စာကို သဘောမတူဘူး ဆိုပြီးတော့မှ၊ ကောက်လုပ်လိုက်တယ်။ သမ္မတကျန်ဇီမင်း တော်တော်ဒေါသ ဖြစ်သွားတာပေါ့ ဗျာ။

ဦးရော်နီညိမ်း ။ ။ ဘယ်သူက လုပ်လိုက်တာလဲ၊ သဘောမတူဘူး ဆိုပြီးတော့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသန်းရွှေပဲ အမိန့်ပေးလိုက်တာ ခင်ဗျ။ ဒီကိစ္စကို နိုင်ငံခြားရေးဝန် ကြီး ဦးဝင်းအောင်က သွားပြီးသတင်းပို့တဲ့အခါမှာ၊ ဗိုလ်ချုပ်ကြီးသန်းရွှေက ဒီဥစ္စာကိုတော့ ငါ သဘောမတူနိုင် ဘူးလို့၊ ပြောလိုက်တာ။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ဒီလောက်ကြီး တရုတ်ကိုလိုက်လျောရမယ့်ကိစ္စကို မလိုက်လျောနိုင်ဘူးဆိုတဲ့ သဘော ပေါ့။ ခုနပြောသလို တရုတ်တပည့်ချည့်ပဲ ခံနေတယ် ဆိုတဲ့နေရာမှာ၊ နည်းနည်းမာမာတင်းတင်းတော့ တရုတ်ကို ပြန်လုပ်တဲ့ သဘောလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူး ကိုရော်နီ။ အဲဒီအချိန်အခါမှာ ခင်ဗျား သတိထားမိလိမ့်မယ်။ (အမေ ရိကန်မှာ) ကလင်တန် (သမ္မတ Bill Clinton) အစိုးရပြောင်းပြီးတော့၊ ဘွတ်(ရှ်) (သမ္မတ George W. Bush) အစိုးရ တက်တော့မယ်။ အဲဒီအချိန်မှာ ကျနော်တို့က ဒီမှာ (ဝါရှင်တန်ဒီစီ) ရောက်နေပြီ။ ကျနော်တို့ကိုလည်း (ဗိုလ်ချုပ်မှူးကြီးသန်းရွှေက) green light ပေးထားတာက၊ ဘွတ်(ရှ်) အစိုးရကို lobby လုပ်ဖို့ပေါ့ဗျာ။ ငွေကုန် ကြေးကျ အတော်ကို အကုန်ခံပြီးတော့ DCI လို lobby ကုမ္ပဏီကို ငှားပြီးလုပ်ကြတဲ့ အချိန်ကျတော့၊ ထင်ကြ တာက၊ အမေရိကန်နဲ့ အဆင်ပြေလိမ့်မယ်လို့ သူတို့ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ )ထင်ကြတယ် ခင်ဗျ။

(DCI Group = အမေရိကန် Republican Party ကို ထောက်ခံသည့် lobby အုပ်စု ဖြစ်သည်။ မည်သူမဆို မိမိတို့ အကျိုးစီးပွားအတွက် အမေရိကန်အစိုးရထဲမှ အရာရာကို အဆုံးအဖြတ်များပေးသည့် အရာရှိကြီးများ ကို မိမိတို့ကိုယ်စား စည်းရုံးပေးရန် ကြားပွဲစား lobby ကုမ္ပဏီများကို တရားဝင်ငှားရမ်းနိုင်သောကြောင့်၊ ၂၀၀၂ ခုနှစ်တွင်၊ မြန်မာစစ်အစိုးရသည် DCI Group ကို ငှားရမ်းခဲ့ပါသည်။ သမ္မတ George W. Bush ၏ ဒုသမ္မတ Dick Chaney နှင့် ပတ်သက်နေသည့် DCI သည်၊ မြန်မာစစ်အစိုးရ၏ ငှားရမ်းခံရမှုကြောင့် နံမည် ပျက်သွားခဲ့ပါသည်။ မြန်မာစစ်အစိုးရ၏ မြန်မာနိုင်ငံတွင် “ဘိန်းကုန်ကူးမှုပပျောက်ရေးလုပ်ငန်း” ကြိုးပမ်းချက် ကို ချီးကျူးသည့် သတင်းထုတ်ပြန်ချက်များကို DCI မှ ရေးသားဖြန့်ေ၀ ပေးခဲ့ပါသည်။ မြန်မာစစ်တပ်မှ တိုင်း ရင်းသားဒေသများတွင် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်ခွင့် နှင့် အခြား အနိုင်ကျင့်နှိပ်စက်ညှင်းပန်းခြင်း များကို ခွင့်ပြုထားသည့်ကိစ္စများတွင်၊ မြန်မာစစ်အစိုးရ ပါဝင်ပတ်သက်နေသည်ဟု သမ္မတ George W. Bush အစိုးရက လူသိရှင်ကြားပြောကြားနေခြင်းကို ပယ်ချသည့် ကြေညာချက်များကို DCI မှ ရေးသားဖြန့် ဝေပေးခဲ့ပါသည်။ ထိုသို့ မြန်မာစစ်အစိုးရအတွက် lobby လုပ်ပေးခဲ့ခြင်းများအတွက် ၂၀၀၂ နှင့် ၂၀၀၃ ခုနှစ် တို့တွင် DCI သည်၊ မြန်မာစစ်အစိုးရထံမှ အမေရိကန်ဒေါ်လာ ၃၄၈၀၀၀ ရရှိခဲ့သည်ဟု၊ ၂၀၀၈ အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလအတွင်း သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ ထို့ကြောင့် DCI ကို စတင် တည်ထောင်သူများထဲမှ တဦးဖြစ်သူ Dough Davenport နှင့် DCI ၏ CEO အမှုဆောင် အရာရှိကြီး Douglas Goodyear တို့ နှစ်ဦးမှာ၊၂၀၀၈ သမ္မတရွေးကောက်ပွဲတွင်၊ Republican Party သမ္မတလောင်း John McCain ၏ စည်းရုံးရေးမှူးများ အဖြစ် ခန့်အပ်ခံထားရပြီးမှ၊ နှုတ်ထွက်ပေးခဲ့ရပါသည်။ DCI ၏ ဖေါက် သည်များစာရင်းကို Wikipedia website တွင် "Aqua Science, AT&T, Avue Technologies, Coca- Cola, Exxon Mobil, General Motors Corporation, Google, Intel, McDonalds, Merck, Microsoft, the Myanmar junta, NAQ, PhRMA, Qualcomm, and Freddie Mac" ဟု ဖေါ်ပြထားပါသည်။

Ref: DCI Group: Controversies: Myanmar Representation <http://en.wikipedia.org/wiki/DCI_Group>)

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ခုနက တရုတ်ရဲ့ကဏ္ဍကို ပြန်ပြီးပြောရရင်၊ အမေရိကန်နဲ့ အဆင်ပြေသွားလို့ ရှိရင်၊ ခုနက တရုတ်ကို သွားပြီးတော့ အရမ်းကို ဒီလိုမျိုး အလျှော့ပေး လိုက်လျောရတာတွေကို၊ လျှော့ချနိုင် လိမ့်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့လား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒါလည်း ပါပါတယ် ခင်ဗျ။ အမေရိကန်နဲ့ အဆင်ပြေလို့ရှိရင်၊ တရုတ်ကို သိပ် ပြီး ဂရုစိုက်စရာ မလိုဘူးပေါ့ ဗျာ။ သဘောကတော့ အမေရိကန်ရယ် တရုတ်ရယ် အိန္ဒိယရယ် အဲဒီနိုင်ငံကြီး တွေကြားမှာ နိုင်ငံရေးကစားမယ်ဆိုတဲ့ အကွက်ကို သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) ထွင်တာပါပဲ။

ဦးရော်နီညိမ်း ။ ။ ဒါပေမယ့်၊ ၂၀၀၃ ခုနှစ် ဒီပဲယင်းကိစ္စ ဖြစ်သွားတဲ့အခါမှာတော့၊ သူ့ကစားကွက်က ပျက် မသွားဘူးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ ၂၀၀၃ ခုနှစ် ဒီပဲယင်းကိစ္စ ဖြစ်သွားတဲ့အခါမှာ၊ အားလုံးသိ တဲ့အတိုင်း တကမ္ဘာလုံးရဲ့ဝိုင်းပြီးတော့ အဆူခံအဆဲခံဘဝနဲ့ ဘယ်သူကမှ (မြန်မာစစ်အစိုးရကို) အယုံအကြည် မရှိဘူးဆိုတဲ့ အနေအထားမျိုးတွေ ASEAN အပါအဝင်မှာ အားလုံး ဖြစ်ကြတဲ့အခါမှာ၊ အရင်ဆုံး တရုတ်ဆီကို သွားပြီးတော့ သူတို့ (မြန်မာစစ်အစိုးရ) ဘက်ကို ရပ်ပေးဖို့ဆိုပြီး၊ ဒူးထောက်ခဲ့ရတဲ့ အနေအထားမျိုးက ၂၀၀၃ ခုနှစ် ဒီပဲယင်းကိစ္စ ပြီးကတည်းက ဖြစ်လာခဲ့တယ်လို့၊ ဆိုရမှာပဲ။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့ ဒီပဲယင်းကိစ္စရဲ့ရလဒ်ကို ပြန်ကြည့်ရင်၊ အဲဒီတုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အာဏာရှင်ဟောင်းတွေအတွက်က အပေါင်း ဖြစ်မလာဘူး။ သူတို့မှာ အနှုတ်ပဲ ဖြစ်သွားတာပဲ။ ဒီပဲယင်းကိစ္စကနေ စပြီးတော့၊ တရုတ်ဘက်ကို ပိုပိုပြီး သွားသွားပြီး အရှုံးပေးနေရတယ့် အနေအထားမျိုးကို ရောက်လာတာဟာ၊ အခုအချိန်အထိပဲလို့ ပြောရမှာပေါ့။ အဲဒီတော့ သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၊ တရုတ်ပြည်ကို သမ္မတအနေနဲ့ သွားတဲ့အခါမှာလဲ၊ ဘာတွေများ ထပ်ပြီး အလျှော့ပေးလာခဲ့ရမယ် လို့၊ ဗိုလ်မှူး မြင်ပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မကြာသေးခင်ကပဲ တရုတ်က စစ်ရေးခေါင်းဆောင်နဲ့ နိုင်ငံရေးခေါင်းဆောင် တွေ၊ မြန်မာပြည်ကို လာလည်သွားတာ ရှိပါတယ်။ တရုတ်က အဓိက မြန်မာပြည်ရဲ့နိုင်ငံရေးတည်ငြိမ်မှုကို လိုချင်ပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုဆိုတဲ့ နေရမှာ၊ အထူးသဖြင့် နယ်စပ်ဒေသမှာ တည်ငြိမ်ဖို့အတွက်ကို (မြန် မာအစိုးရအနေနဲ့) ကိုးကန့်တွေ “ဝ” တွေနဲ့ စစ်မဖြစ်ဖို့ကိစ္စ၊ အေးအေးချမ်းချမ်းဖြေရှင်းဖို့ ကိစ္စတွေကို၊ တရုတ် က အတော်လေး အလေးအနက်ထားတဲ့ အနေအထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ တခါဖြစ်ခဲ့ပြီးပြီ မဟုတ်လား။ တရုတ်ကနေ နယ်စပ်ဒေသတွေက တရုတ်သွေးပါနေတဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး၊ အကြမ်းမဘက်ဖို့ဆိုပြီး၊ လာပြီး မေတ္တာရပ်ခံတဲ့သဘောမျိုး ပြောပြီးတဲ့ နောက်မှာတောင်မှပဲ၊ ၂၀၀၉ခုနှစ်က ကိုးကန့်တွေနဲ့ ဖြစ်လိုက်တာ၊ မြန်မာပြည်ထဲကနေ တရုတ်ပြည်ထဲ တခါမှ မပြေးဘူးတဲ့ ဒုက္ခသည်တွေ သုံးသောင်းလောက် ပြေးသွားခဲ့ကြရတယ်။ အဲဒါတွေ ဖြစ်လာတဲ့အခါမှာ၊ တရုတ် ဘက်က မြန်မာအစိုးရကို ဘယ်လို ထိတွေ့အရေးယူဆောင်ရွက်နေတဲ့ သဘောရှိလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီကိုးကန့်ကိစ္စ မဖြစ်ခင်၊ ၂၀၀၈ခုနှစ် နှစ်ကုန်ပိုင်းမှာ၊ တရုတ်နိုင်ငံခြားရေးဝန် ကြီး မြန်မာနိုင်ငံကို လာပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့အဖွဲ့နဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေ ခေါင်းဆောင်တဲ့ အဖွဲ့နဲ့၊ အစည်းအဝေးခန်းမှာ တွေ့ကြပါတယ်။ အဲဒီအစည်းအဝေးခန်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စလေးတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ၂၀၀၇ခုနှစ် သံဃာ့အရေးအခင်း၊ နောက်မကြာခင်မှာပဲ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့၊ ကုလသမဂ္ဂကိုယ်တိုင်ကပင် ကြေညာချက်ထုတ်ပြီး မြန်မာအစိုးရကို ပြောရဆိုရတဲ့ အနေအထားတွေ ရှိခဲ့ပါတယ်။ တရုတ်လည်း "ငပွကြီးမြန်မာစစ်အစိုးရ"ကို လိုက်ပြီး အကာအကွယ်ပေးနေရ တော့၊ မျက်နှာပူပုံပေါ်ပါတယ်။ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာချက်အတိုင်း၊ လိုက်နာဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင် ပြောတဲ့အခါမှာ၊ ဗိုလ်ချုပ်ကြီးသန်းရွှေက သူ့ကို အဲဒီလို ပြောရပါ့မလားဆိုပြီး၊ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးကို လုံးဝစကားပြန်မပြောတော့ဘူးလို့၊ ကျနော်တို့ သိရပါတယ်။ ဒီအစည်းအဝေးက နည်းနည်း ဆူဆူပူပူလေး အနေအထားမျိုး ဖြစ်သွားတယ်။ အဲဒီနောက်ပိုင်း အဲဒီအစည်းအဝေးရဲ့နောက်မှာ၊ ၂၀၀၉ခုနှစ် က ကိုးကန့်အရေးအခင်းက ဖြစ်လာခဲ့တယ်။ “မလုပ်ပါနဲ့” လို့၊ တရုတ်က မေတ္တာရပ်ခံနေတဲ့ ကြားထဲက၊ ဒီလို လုပ်လိုက်တဲ့အခါမှာ၊ ခုန ကိုရော်နီပြောတဲ့ ဖြစ်စဉ်တွေ ဖြစ်လာခဲ့တာပေါ့ ဗျာ။ ဒီအပေါ်မှာ တရုတ်က အခုချိန် ထိ သံသယက ရှိနေတယ်။ မြန်မာအစိုးရကို မယုံဘူး။ မယုံလို့လဲ၊ အခု ထပ်ခါထပ်ခါ လာပြီးတော့၊ သတိပေး နေတဲ့ အနေအထားမျိုးရှိနေတယ်လို့၊ ကျနော်တို့ ပြောလို့ရတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ အဲဒီတုန်းက ကိုးကန့်အရေးအခင်း ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ၊ စစ်ခေါင်းဆောင်အနေနဲ့ဆို ညှိကွပ် (တပ်မတော် ကြည်း-ရေ-လေ ညှိနှိုင်းကွပ်ကဲရေးမှူး) ဗိုလ်ချုပ်ကြီးသူရရွှေမန်း တရုတ်ပြည်ကို သွားခဲ့ တယ်။ မကြာဘူး။ (ဒုတိယ) ဗိုလ်ချုပ်မှူးကြီးမောင်အေးပါ တရုတ်ပြည်ကို သွားတယ်။ ဒီလောက်တောင် စိပ်စိပ် ကလေး တရုတ်ပြည်ကို သွားနေခဲ့ရတာ၊ ကိုးကန့်အရေးအခင်းနဲ့ ဘယ်လို ဆက်နွယ်နေလို့လဲ။ နောက်တခု သတိထားမိတာက၊ သူတို့တွေ အဲဒီလိုတွေ သွားပြီးတော့မှ၊ တရုတ်နဲ့သဘောတူစာချုပ်တွေ နားလည်မှုစာချွန် လွှာ (MOU – Memorandum of Understanding) တွေ၊ မြန်မာပြည်မှာ တရုတ်က စီးပွားရေးလုပ်မယ့်ကိစ္စ တွေ အများကြီးကို၊ မြန်မာဘက်က လက်မှတ်ထိုးပေးခဲ့ရတာတွေ ရှိတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ။ ကိုးကန့်ကိစ္စ ဖြစ်တဲ့အခါကျတော့၊ ချက်ချင်းဆိုသလိုပဲ၊ ဗိုလ် ချုပ်ကြီးရွှေမန်းက သွားပြီးရှင်းပြတာ။ တရုတ်ခေါင်းဆောင်တွေက တော်တော်ဒေါသဖြစ်တယ်။ ဗိုလ်ချုပ်ကြီး ရွှေမန်းသွားတာ နိုင်ငံတော်အဆင့်ခေါင်းဆောင် တယောက်အနေနဲ့ သွားတာပဲဗျာ။ ဒါပေမယ့်၊ တရုတ်ဘက်က “မင်းထက်ကြီးတဲ့ကောင် လာခဲ့” ဆိုတဲ့ပုံစံမျိုး ပြောပြီးနှင်ထုတ်လိုက်တယ်။ အဲဒီမှာ ရက်ပိုင်းအတွင်းမှာပဲ၊ ဗိုလ် ချုပ်ကြီးမောင်အေး တရုတ်ပြည်ကို သွားရတယ်။ အားလုံး သတိထားမိပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီးမောင်အေး တရုတ်ပြည်ရောက်တဲ့အချိန်မှာမှ၊ တရုတ်က လိုချင်နေတဲ့ ကျောက်ဖြူကနေ တရုတ်ပြည် (ယူနန်ပြည်နယ်) ထဲကို ရေနံပိုက်လိုင်း သွယ်ယူခွင့်၊ တရုတ်ကို ဓါတ်ငွေ့ရောင်းဖို့၊ အခု နံမည်ကြီးနေတဲ့ ဧရာဝတီမြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း၊ ဒါတွေ တော်တော်များများ စီမံကိန်း ခြေက်ခု ခုနစ်ခုလောက်ကို၊ ဗိုလ်ချုပ်ကြီးမောင်အေးက အဲဒီမှာ MOU တွေ၊ လက်မှတ်ထိုးပေးခဲ့ရတယ်။

ဦးရော်နီညိမ်း ။ ။ အခု ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန် တရုတ်ပြည်ကို သွားတဲ့အခါမှာကော၊ နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်သေးလဲ။ တယောက်နဲ့တယောက်ကလည်း ရိုးရိုးသားသားမဟုတ်ဘူး၊ တရုတ် ကလည်း မြန်မာကို အမြတ်ထုတ်ဖို့ ကြည့်နေတာ၊ မြန်မာကလည်း မီးနဲ့ကစားသလို တရုတ်ကို သွားပြီးတော့ အမေရိကန်နဲ့ ကစားပြလိုက်၊ အိန္ဒိယနဲ့ ကစားပြလိုက် လုပ်နေတဲ့ဟာမှာ၊ သူတို့ပြောနေသလို တကယ်တမ်း ချစ်ခင်ရင်းနှီးတဲ့ ဆွေမျိုးပေါက်ဖေါ် ဆက်ဆံရေး မဟုတ်ပဲနဲ့၊ တယောက်နဲ့တယောက် အလစ်ချောင်းနေကြတဲ့ မိတ်ဆွေလိုလို ရန်သူလိုလို၊ ရန်သူမကျမိတ်ဆွေမကျတဲ့ အဲဒီကြားထဲက ဆက်ဆံရေးမျိုးဖြစ်နေတဲ့ အနေအ ထားဟာ၊ ဘယ်အထိ ပေါက်ကွဲသွားနိုင်သလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ တရုတ်ကလည်း၊ နယ်စပ်မှာရှိတဲ့ “ဝ” တို့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေတို့ကို သူတို့ရဲ့လက်နက်တခုလို ကိုင်ထားတာပဲ။ တရုတ်က စိုးရိမ်နေတာက မြန်မာပြည်ထဲက တရုတ်လူမျိုးတွေ၊ တရုတ်ရဲ့ရင်းနှီးမြှုပ်နံှထားတဲ့ အကျိုးစီးပွား တွေကိုပါ။ ဒါတွေကို မြန်မာအစိုးရအနေနဲ့ အကာအကွယ်ပေးဖို့ဆိုတဲ့ အာမခံချက်က၊ တရုတ်က အလိုချင်ဆုံး ပါ။ (တစ်) အဲဒီအာမခံချက်ကို အခုသွားတဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်က မဖြစ်မနေ ပေးခဲ့ရမှာပါ။ (နှစ်) က နယ်စပ် ဒေသကိစ္စ။ အခု တရုတ်စစ်ကော်မရှင်ရဲ့ ဒုဥက္ကဌ ရောက်လာပြီးတဲ့နောက်၊ တရုတ်-မြန်မာနယ်စပ်မှာ ရှိတဲ့ နှစ်နိုင်ငံစစ်တပ်တွေ အောက်ခြေက တပ်တွေမှာ၊ အပြန်အလှန် အစည်းအဝေးလုပ်ကြဖို့ အဆက်အသွယ်လုပ် ကြဖို့ ဆိုတာတွေကို၊ မြန်မာဘက်က သဘောတူပေးခဲ့ရတာတွေ ရှိပါတယ်။ အခု ဒါကို ထပ်ပြီး သဘောတူခဲ့ရ မှာပါ။ အရင်တုန်းက ဒါမျိုးတွေက မရှိခဲ့ဘူး။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ အခု ပြည်သူလူထုဘက်က အပိုင်းကို ပြန်ကြည့်ကြရအောင်။ ရှေ့ကနေပြီး တော့မှ တိုင်းပြည်ကိုအုပ်ချုပ်နေကြတဲ့ ဒီပုဂ္ဂိုလ်တွေက၊ အခုလို မီးနဲ့ကစားသလို၊ တရုတ်နဲ့သွားသွားပြီးကစား တဲ့အခါ၊ ဟိုဟာဖြစ်လိုက် ဒီဟာဖြစ်လိုက်၊ ကိုယ့်ထက်အားကြီးတဲ့လူနဲ့ သွားကစားတိုင်းမှာ ကိုယ့်မှာက အရှုံးပဲ ပြပြလာ။ တရုတ်က မြန်မာပြည်ထဲမှာ နိုင်ငံရေးစီးပွားရေးကို လာပြီးတဖြည်းဖြည်းချုပ်ကိုင်လာ။ အဲဒီတော့ လူထုရဲ့ဒေါသက၊ မြန်မာအစိုးရအပြင် တရုတ်ဘက်ကို လှည့်မသွားနိုင်ဘူးလား။ အဲဒီအခါကျရင် မြန်မာအစိုးရ က ဘယ်လိုထိန်းမလဲ။ အခု နေရာတကာမှာ တရုတ်ကို အကုန်ဦးစားပေးနေရတယ်။ သွားပြီး မီးနဲ့ကစားတိုင်း၊ မနိုင်တဲ့ ဇာတ်လမ်းတွေက ဖြစ်ဖြစ်လာနေတော့၊ အဲဒီအခြေအနေမျိုးမှာ၊ ပြည်သူလူထုရဲ့ အနေအထားက ဘယ်လို ဖြစ်မလဲ။ တရုတ်နဲ့ ပတ်သက်ပြီးတော့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ပြောရရင်တော့၊ တရုတ်လို အမေရိကန်လို အိန္ဒိယလို အင်အားကြီးနိုင်ငံကြီး တွေကို၊ သွားသွားပြီးတော့ နိုင်ငံရေးကစားနေတာက၊ ခုချိန်ထိ ဗိုလ်ချုပ်ကြီးသန်းရွှေပဲ ဒါတွေ လုပ်နေတာ။ သူ့ကိုယ်သူ လည်လှပြီ၊ နိုင်ငံရေး နားလည်လှပြီ ထင်နေတာ။ ဟိုလူတွေက ပိုပြီး လည်တယ်၊ သူ့ထက်ပိုပြီး ပညာရှိတယ်။ အခုအတိုင်း ဆက်သွားရင်၊ မြန်မာပြည်က စစ်ခေါင်းဆောင်တွေကို ပြန်ကြည့်လိုက်ပါ။ သူတို့ကို တရုတ်အပါအဝင် ဘယ်နိုင်ငံကမှ အယုံအကြည် မရှိပါဘူး။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ မြန်မာပြည်က စစ်ခေါင်းဆောင်အဟောင်းတွေရဲ့ အဆက်ဆက် ဖြစ်လာခဲ့တာ တွေမှာ၊ အခု စစ်ခေါင်းဆောင်အသစ်တွေ၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က စလို့ အောက်ကိုကြည့်လိုက်ရင်၊ သူတို့တွေက အသစ်တွေပဲ။ သူတို့တွေက ဒါတွေကို ရှေ့ကဆိုးမွေတွေကို၊ သူတို့က ဖယ်ရှားပြီးတော့၊ သူတို့ လက်ထက်မှာ တကယ့် အမှန်အကန်ဖြစ်အောင်၊ တိုင်းပြည်မှာ အေးချမ်းသာယာငြိမ်းချမ်းတဲ့ အပြောင်းအလဲ ဖြစ်အောင်၊ အခုလို တရုတ်ကို သွားပြီး ကစားလိုက် အမေရိကန်ကို ဟိုလိုလှည့်လိုက် ဒီလိုပတ်လိုက်၊ တခါ အိန္ဒိယကိုပါ ကစားကြည့်လိုက်၊ အဲဒါမျိုးတွေ မလုပ်ပဲနဲ့၊ တကယ့်ကို သမာသမတ် လူရိုသေရှင်ရိုသေ အုပ်ချုပ် ရေးစနစ်မျိုး မြန်မာပြည်မှာရှိလာအောင်၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဦးစီးတဲ့ အခု စစ်ခေါင်းဆောင်တွေက၊ မလုပ်နိုင်ဘူးလား။ လုပ်ဖို့ မစဉ်းစားသင့်ဘူးလား။ သူတို့က အခုအချိန်မှာ သန့်ရှင်းနေကြသေးတယ်။ ဗိုလ်မှူး ဘယ်လိုမြင်လဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အများကြီး လုပ်နိုင်ပါတယ်။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တို့ဆိုရင်၊ တိတိပပ လက်ညှိုးထိုးပြီးတော့မှ ပြောစရာအပြစ်တစုံတရာ မရှိသေးပါဘူး။ လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် အများ ကြီးလုပ်နိုင်တဲ့အနေ အထားမျိုးတွေ ရှိပါတယ်။ သူတို့ကိုယ်တိုင်၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကိုယ်တိုင်၊ တရုတ်ကို လက်ခံချင်တဲ့လူမျိုး မဟုတ်ဘူး။ အားလုံးသိတဲ့အတိုင်း တရုတ်က မြန်မာပြည်မှာ လူမျိုးရော စာပေ ယဉ်ကျေးမှုကော၊ အကုန် လွှမ်းလာပြီ ခင်ဗျ။ အဲဒါတွေကို လူထုက မခံနိုင်တဲ့အခါမှာ ၁၉၆၇ ခုနှစ်ကဖြစ်တဲ့ တရုတ်-မြန်မာအရေးအခင်းထက် ကြီးတဲ့၊ အရေးအခင်းမျိုးကြီး မဖြစ်ဘူးလို့၊ မပြောနိုင်ဘူး။

ဦးရော်နီညိမ်း ။ ။ လူထုတင် မကဘူး။ ဒီအခု စစ်ခေါင်းဆောင်တွေထဲ မှာလည်း ဒါကို မကြိုက်တဲ့လူတွေ ရှိနေမှာပဲ။ တရုတ်က မြန်မာပြည်ကို ခွစီးလာနေတယ်လို့ မြင်နေတဲ့လူတွေ ရှိနေမှာပဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အားလုံး ဗျ။ အားလုံးပဲ။ ကျနော်သိသလောက် တပ်ထဲမှာက ကျနော်တို့ ရှိစဉ် ကတည်းက၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အပါအဝင်၊ ရဲဘော်လေးအထိ မေးကြည့်ပါ။ တရုတ်ကို ကြိုက်လား လို့ မေးရင်၊ ဘယ်သူမှ မကြိုက်ပါဘူး။ ရှမ်းပြည်နယ်မှာ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် အစပ်တွေမှာ၊ တရုတ် ရဲ့ပယောဂကြောင့်၊ တရုတ်ရဲ့(ဗမာပြည်ကွန်မြူနစ်ပါတီတပ်တွေကို) အားပေးမှုကြောင့်၊ စစ်သည်အများအပြား ကျဆုံးခဲ့ရတာတွေ ရှိခဲ့ပါတယ်။ တပ်မတော်သားတွေအနေနဲ့ တရုတ်အပေါ်မှာ အထင်လည်း မကြီးဘူး။ အခု ဒါ၊ အမေရိကန်ကို ကိုလိုနီလက်သစ် ဘာညာပြောနေတာ။ တကယ်တော့ ကိုလိုနီလုပ်နေတာက တရုတ်နိုင်ငံ ဖြစ်ပါတယ် ခင်ဗျ။ တရုတ်နဲ့ ပတ်သက်ပြီးတော့ ၊ မြန်မာစစ်တပ်ထဲမှာ ဒီလိုပဲ ခံယူထားကြတာပါ ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ လက်ရှိ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့၊ ထောက်လှမ်းရေးအရာရှိ ဟောင်း သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့၊ ဆက်သွယ်မေးမြန်းပြီး တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG