မြန်မာနိုင်ငံတွင်း အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးမယ့် ရင်းနှီးမြုပ်နှံမှုတွေကိုပဲ လိုလားတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁ ရက် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံထဲ မညီမျှမှုတွေ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေ ပိုဖြစ်စေမယ့် ရင်းနှီးမြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံတွင်း အထူးသဖြင့် လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်းမြင့်မားနေပြီး၊ ဒါဟာ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အခြေအနေတရပ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်းမှာ အဆင့်မြင့်ပညာရေးထက်ကို အခြေခံပညာရေးနဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ အခြေခံ ကျွမ်းကျင်မှုတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။ ဒီအတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ်တခုတည်းကို မကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းတာပါ။ မြန်မာလူငယ်တွေ အလုပ်အကိုင်တွေရရှိစေဖို့နဲ့ အခြေခံကျွမ်းကျင်မှုတွေ ရရှိစေမယ့် ရင်းနှီးမြုပ်နှံမှုကို လိုလားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။
အခု စီးပွားရေးဖော်ရမ်မှ ပြောတဲ့ မိန့်ခွန်းဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၄ နှစ်အတွင်း နိုင်ငံပြည်ပမှာ ပထမဆုံးအကြိမ် နိုင်ငံတကာပရိသတ်ကို ပြောဆိုခြင်းဖြစ်ပါတယ်။ နှစ်ရက်ကြာပြုလုပ်တဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာစီးပွားရေးဖော်ရမ်ကို တတ်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိစဉ်အတွင်း ဘန်ကောက်အနီး မြန်မာအလုပ်သမားတွေ အများစုရှိတဲ့ မဟာချိုင်အရပ်ကို နှစ်ကြိမ်သွားရောက်ခဲ့ပါတယ်။ ထိုင်း ဒုဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။
မနက်ဖြန်မှတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းမြန်မာနယ်စပ်က မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေ ရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ဖို့လည်း စီစဉ်ထားပါတယ်။