ယီမင်နိုင်ငံ ဆာနာ (Sana'a) မြို့တော်က သမ္မတ အိမ်တော်ဝင်း အတွင်းကို လက်နက်ကြီးနဲ့ တိုက်ခိုက်မှုကြောင့် ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ ဒါပေမဲ့ ယီမင်သမ္မတ အနေနဲ့ မကြာခင် အချိန်အတွင်းမှာ တနိုင်ငံလုံးကို မိန့်ခွန်းပြောဆိုဖို့ ရှိတယ်လို့ ယီမင် တာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း မစ္စတာ ဆာလေး သေဆုံးသွားတယ်လို့ အတိုက်အခံ ရုပ်သံဌာနက လွှင့်ထုတ်ခဲ့ပြီး မကြာခင်မှာပဲ သမ္မတဟာ နိုင်ငံတော်ကို မိန့်ခွန်းပြောမယ်ဆိုပြီး အာဏာပိုင်တွေက ကြေညာသွားခဲ့တာပါ။
အခု သောကြာနေ့အတွင်း တိုက်ခိုက်မှုမှာပဲ ယီမင်ဝန်ကြီးချုပ် အလီ မိုဟာမက် မူဂျာဝါ (Ali Mohammed Mujawar) အပါအ၀င် အဆင့်မြင့် အရာရှိ အချို့လည်း ဒဏ်ရာရခဲ့ပါတယ်။ သမ္မတ ဆာလေးဟာ သမ္မတ အိမ်တော်ဝင်းအတွင်း ဘာသာရေး ၀တ်ပြုကျောင်းထဲမှာ ဘုရားဝတ်ပြုနေစဉ် ဒုံးကျည်နဲ့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ အတိုက်အခံ ရုပ်သံဌာနရဲ့ သတင်းကို ကိုးကားပြီး အနောက်နိုင်ငံ မီဒီယာတွေမှာ ဖော်ပြပါတယ်။
သောကြာနေ့ အစောပိုင်းမှာတော့ သမ္မတ ဆာလေးရဲ့  တပ်တွေနဲ့ အတိုက်အခံ မျိုးနွယ်စုခေါင်းဆောင် ရှိတ်ခ် ဆာဒက်ခ် အယ်လ်အာမာ (Sheik Sadeq al-Ahmar) ကို သစ္စာခံတဲ့ တပ်တွေအကြား တိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့ပြီး မြို့တော်မှာရှိတဲ့ အတိုက်အခံ ရုပ်သံလွှင့်ဌာန ပျက်စီးသွားခဲ့ပါတယ်။