ဇွန်လ ၄၊ ၂၀၁၁။ ဒီမိုကရေစီစနစ် အထူးသဖြင့် ပါတီစုံဒီမိုကရေစီစနစ်တရပ်မှာ နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဍဟာ အင်မတန်အရေးပါ ပါတယ်။ မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု စတင်နေပြီလို့ အာဏာပိုင်တွေက ပြောထားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲအတွက် အလျင်အမြန်ဖွဲ့စည်းခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းအတော်ကြာ နိုင်ငံရေးလှုပ်ရှားခွင့်တွေကို ပိတ်ပင်ထားတာမို့၊ နိုင်ငံရေးပါတီတွေ စတင်ဖွဲ့စည်းတဲ့အခါမှာ အခက်အခဲတွေ မရင့်ကျက်မှုတွေနဲ့ အကန့်အသတ်တွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။
အခုတော့ လက်ရှိမြန်မာနိုင်ငံမှာ အစိုးရသစ်နဲ့ လွှတ်တော်တွေ ခေါ်ယူဖွဲ့စည်းနိုင်ခဲ့ပါပြီ။ ဒါကြောင့် အခုလက်ရှိအခြေအနေအောက်မှာ နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ လွတ်လွတ်လပ်လပ်နဲ့ နိုင်ငံရေးလှုပ်ရှားခွင့်တွေရှိပါသလဲ။ နိုင်ငံရေးပါတီတွေအနေနဲ့ ကြုံနေရတဲ့ အဓိက ပြဿနာရပ်တွေက ဘာဖြစ်မလဲ စသဖြင့် အခုတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥပဒေမူကြမ်းဆိုင်ရာကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုက ဒေါက်တာမြတ်ဥာဏစိုးနဲ့၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးမျိုးညွန့်တို့က ပင်တိုင်ဆွေးနွေး ဖြေကြားထားပါတယ်။