သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော် ဗုံးကွဲမှုကြောင့် ဒေသခံများ စိုးရိမ်လာ


နေပြည်တော် ဗုံးကွဲမှုကြောင့် ဒေသခံများ စိုးရိမ်လာ
နေပြည်တော် ဗုံးကွဲမှုကြောင့် ဒေသခံများ စိုးရိမ်လာ

မြန်မာအစိုးရရုံးစိုက်တဲ့ နေပြည်တော်က မြို့မဈေးမှာ မနေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့လို့ အနည်းဆုံး လူ ၃ ဦး ထက်မနည်း ဒဏ်ရာရသွားသလို နေပြည်တော်မှာလည်း လုံခြုံရေးတွေ ပိုတင်းကြပ်ထားပါတယ်။ ပျဉ်းမနားဒေသကို အစိုးရရုံးစိုက်ရာနေရာအဖြစ် ပြောင်းလိုက်ပြီးတဲ့နောက်ပိုင်း အခုလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာတဲ့အပေါ် ဒေသခံတွေကလည်း စိုးရိမ်မှု ကြီးလာပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မနေ့ ဇွန်လ ၁၀ ရက်၊ သောကြာနေ့ည ၉ နာရီ နောက်ပိုင်း နေပြည်တော်က မြို့မဈေးရဲ့ သန့်စင်ခန်း အတွင်း ဗုံးပေါက်ကွဲခဲ့လို့ အနည်းဆုံး ၃ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ နေပြည်တော်မြို့ခံက ပြောပါတယ်။

“ည ၉ နာရီခွဲလောက်မှာ အများသုံး သန့်စင်ခန်းမှာ ဗုံးပေါက်တာဗျ။ အိမ်သာရဲ့အမိုးပွင့်သွားတာ။ အဲဒီနေရာက ချောင်လည်း တော်တော်ကျတယ်ဗျ။ အဲဒီအတွက် လူကတော့ သိပ်မထိဘူး။ ထိတဲ့ သူတွေကတော့ ကုတင် ၁ ထောင်မှာ တင်ထားတယ်လို့ သိရတယ်ဗျ။ ထိခိုက်ဒဏ်ရာရတာတော့ ၃ ယောက်ပဲ။ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၁ ယောက်ရယ်ပဲ။ အမျိုးသားတယောက်ကတော့ ခေါင်းမှာ အုတ်ခဲတွေကျတဲ့ ဒဏ်ရာတော့ရှိတယ်။ နောက်တယောက်က ခါးတို့ ခြေထောက်တို့မှာ ရှိတယ်။ အမျိုးသမီးတယောက်ကလည်း ခေါင်းမှာပဲ အုတ်ခဲတွေ ဘာတွေ ကျလာတာရှိတယ်”

အခုဗုံးပေါက်ကွဲတဲ့ မြို့မဈေးဟာ နေပြည်တော်အတွက် အချက်အချာကျတဲ့ ဈေးတခုလည်း ဖြစ်ပြီး ညနေပိုင်း ဖွင့်တဲ့ဈေးလည်းဖြစ်ပါတယ်။ အစိုးရရုံးစိုက်ရာ မြို့မို့ ရုံးဆင်းချိန် ဈေးအရောင်းဝယ်နဲ့ စည်ကားသလို ဝန်ထမ်းအိမ်ရာတွေနဲ့လည်း သိပ်မဝေးပါဘူး။ ဒါပမေယ့် ဗုံးပေါက်ကွဲတာဟာ ည ၉ နာရီ ကျော်မို့ ဈေးကွဲချိန်ဖြစ်နေတဲ့အတွက် ထိခိုက်ဒဏ်ရာရမှု သိပ်မရှိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

နေပြည်တော်မှာတော့ ဒီဗုံးပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်း မြိုတွင်း ဧည့်စာရင်းစစ်တာ၊ မြို့ဝင်မြို့ထွက် ဂိတ်တွေမှာ စစ်ဆေးမှု ပိုတင်းကြပ်တာတွေအပြင် နေပြည်တော်အတွင်းက လမ်းဘေးတွေမှာ ရဲကားတွေ လုံခြုံရေးကားတွေရပ်ပြီး စောင့်ကြည့်စစ်ဆေးတာတွေရှိတယ်လို့ ပြောပါတယ်။

“နေပြည်တော်အတွင်းမှာတော့ ကားလမ်းတွေမှာတော့ အတားအဆီးတွေတော့ လုပ်နေတာတွေ ရှိတယ်။ အဝေးပြေးလမ်းမတွေပေါ်မှာတော့ အစောင့်တွေ ရှိနေတယ်။ ရဲတွေချထားတာတွေ ရှိနေတယ်။ လမ်းဆုံတွေမှာ အဓိကထားတာများတယ်။ ဈေးကိုတော့ ပုံမှန်တော့ဖွင့်ပေးထားတယ်။ ဒါပေမဲ့ အစောင့်အရှောက်တွေတော့ တော်တော်များရှိတယ်။ သူတို့ကတော့ နေပြည်တော်မှာရှိတဲ့ ဝန်ထမ်းတွေ အဓိကဈေးဝယ်တဲ့နေရာလို့ပဲ ပြောရမှာပဲ။ အခုနေရာက နေပြည်တော်အတွင်းမှာရှိတဲ့ ရုံးတွေနဲ့လည်း အကုန်လုံးနီးတယ်။ ဒီဈေးက ၈ နာရီလောက် အထိကတော့ တော်တော်ကို စည်တယ်ဗျ။ အခုပေါက်တဲ့အချိန်ကတော့ တော်တော်ကို လူကွဲသွားပီလို့ ပြောရမယ်”

နေပြည်တော်မြို့ခံပါ။ အခုဆိုရင် နေပြည်တော်မှာ ဗုံးပေါက်ကွဲမှုဖြစ်တာ ဒါ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကလည်း နေပြည်တော် တပ်ကုန်းအနားက ဆင်သေဘူတာအနီး ရထား ပေါ်ဗုံးပေါက်ကွဲလို့ အနည်းဆုံး လူ၂ ဦးသေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရတာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီကတည်းကစလို့ နေပြည်တော်နဲ့အနီးနားက မြို့တွေအတွင်း လုံခြုံရေးတွေဟာ အရင်ကထက် ပို တင်းကြပ်ထားတာပါ။ အထူးသဖြင့်ကတော့ အစိုးရရုံးစိုက်ရာ နေရာဖြစ်လာပြီးကတည်းက ပစ်မှတ် တခု ဖြစ်လာတယ်ဆိုတဲ့ အမြင်တွေနဲ့အတူ ဒေသခံတွေက စိုးရိမ်မှုတွေကြီးလာတယ်လို့ ပျဉ်းမနားမြို့ခံတဦးက ပြောပါတယ်။

“ကျနော်တို့ဒေသဟာ ပစ်မှတ်ဖြစ်လာတယ်ပေါ့ဗျာ။ အရင်တုန်းက မဖြစ်ဘဲနဲ့ အစိုးရရုံးစိုက်တဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့် ပစ်မှတ်ဖြစ်လာတာ။ အဲဒါကို ကျနော်တို့က စိုးရိမ်တယ်။ နောက်တခုကတော့ ကျနော်တို့ဒေသက ရှမ်းပြည်နယ်ရော၊ နောက်ပြီးတော့ ပင်လောင်းဘက်ကထွက်လို့ရှိရင် ပအိုဝ်းနယ် ပေါ့ဗျာ။ အရှေ့တောင်ပိုင်းရောက်သွားလို့ရှိရင်လည်း ကရင်နီနယ်နဲ့စပ်နေပြန်တယ်ဗျ။ ဟိုဘက်မှာ ကရင်ပေါ့ဗျာ။ အဲဒီတော့ တိုင်းရင်းသားဒေသတွေနဲ့ အကုန်ဆက်နေတာကို။ ကျနော်တို့နဲ့ တိုင်းရင်းသားတွေနဲ့ ပဲခူးကနယ်ခံတွေနဲ့ တိုင်းရင်းသားတွေနဲ့ဆက်ဆံရေးက အင်မတန် နွေးထွေးခဲ့တာဗျ။ ဒီကနေ့ကာလမှာ အစိုးရဘက်က အကြမ်းပတမ်း လုပ်တာတွေများတော့ တန်ပြန်လိုက်တဲ့ကိစ္စတွေ ဖြစ်နိုင်တာပေါ့။ အဲဒီလို တန်ပြန်တာက ကျနော်တို့ဆီမှာ လာပြီးတော့ တလျှောက်လုံး နွေးထွေးစွာနဲ့ ဆက်ဆံလာခဲ့တဲ့ဆက်ဆံရေးကို ထိခိုက်သွားနိုင်တယ်။ အဲဒီလို မဖြစ်စေချင်တာပေါ့ဗျာ။ အဲဒါမျိုးဖြစ်မှာ စိုးရိမ်တာပေါ့”

ပျဉ်းမနားဒေသခံတဦးရဲ့ အမြင်ပါရှင်။ နေပြည်တော်က ဆင်သေဘူတာအနီးအရောက် ရထားပေါ်မှာ ဗုံးပေါက်ကွဲတာဟာ KNU ကရင်အမျိူးသားအစည်းရုံးအဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လိူ့ မြန်မာအစိုးရထုတ် သတင်းစာတွေမှာ ဖော်ပြရေးသားခဲ့ပေမယ့် ဒီကိစ္စကို KNU အဖွဲ့ကတော့ ငြင်းဆိုထားပါတယ်။

XS
SM
MD
LG