သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပေါ်တာအဖြစ် သေသည်ထိ နှိပ်စက်ညှင်းပန်းအသုံးချခံ ပြစ်မှုဆိုင်ရာအကျဉ်းသားများ - အပိုင်း (၁)


တပ်မှူးတပ်သား ပြောစကား (၀၆၅)

အစိုးရစစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ အထမ်းသမား(ခေါ်)ပေါ်တာတွေအဖြစ် အသုံးပြုဖို့၊ အမျိုးသား အမျိုး သမီးမရွေး ဖမ်းဆီးပြီး ရှေ့တန်းစစ်မျက်နှာကို ပို့ခြင်း၊ အမျိုးသမီးတွေကို အဓမ္မပြူကျင့်ခြင်း၊ ပေါ်တာတွေကို သတ်ပစ်ခြင်း ဆိုတဲ့ အလေ့အထဟာ၊ မြန်မာ့တပ်မတော်ထဲမှာ ရာစုနှစ်တဝက်လောက် ကြာမြင့် လာပြီဖြစ်တဲ့ လုပ်ရိုးလုပ်စဉ် ပုံမှန်လုပ်ငန်းတွေ ဖြစ်နေပါတယ်။ ဒီလို ပြင်းပြင်းထန်ထန် လူ့အခွင့်အရေးချိုးဖေါက်နေမှုတွေ အပြင်၊ ဒီထက်ဆိုးဝါးတဲ့၊ အကျဉ်းထောင်တွေထဲက ပြစ်မှုဆိုင်ရာအကျဉ်းသားတွေကို၊ စစ်ဘက်စီမံကိန်းတွေနဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ သေသည်ထိ အစီအစဉ်ရှိရှိ စနစ်တကျ ညှင်းပန်းနှိပ်စက် အသုံးချနေတဲ့ ဖြစ်ရပ် တွေ ရှိနေတာကို၊ တပ်မှူးတပ်သားဟောင်းတွေနဲ့ ဦးရော်နီညိမ်းက မေးမြန်းဆွေးနွေး တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ကချင်ပြည်နယ်မှာ အစိုးရတပ်တွေက ကချင်လွတ်လပ်ရေးတပ်မတော် KIA (Kachin Idependence Army) အပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့ ဇွန်လ (၁၁) ရက်နေ့မှာ စတင်ခဲ့ ပြီးတဲ့နောက်၊ အင်းစိန်ထောင်ထဲက ပြစ်မှုဆိုင်ရာအကျဉ်းသားတွေကို ရာနဲ့ချီပြီး ခေါ်ထုတ်သွားခဲ့တာကို တွေ့ မြင်လိုက်ရတဲ့ မျက်မြင်သက်သေတွေ ရှိနေခဲ့ပါပြီ။ ဒီသီတင်းပတ်မှာ တင်ပြမယ့်၊ “စစ်ပေါ်တာအဖြစ် သေသည် ထိ နှိပ်စက်ညှင်းပန်း အသုံးချခံ ပြစ်မှုဆိုင်ရာအကျဉ်းသားများ - အပိုင်း (၁)” ခေါင်းစဉ်နဲ့ အကြောင်းအရာရဲ့ နောက်ခံအဖြစ်၊ ပြီးခဲ့တဲ့ ဇွန်လ (၁၆)ရက် နေ့က ဗီအိုအေဝိုင်းတော်သူ မသင်းသီရိ တင်ဆက်ခဲ့တဲ့ သတင်းထဲ ကနေ၊ အရင်ဆုံး ကောက်နှုတ်တင်ပြပါရစေ။

မျက်မြင်သက်သေ။ ။ ဒီနေ့မနက် (၈)နာရီခွဲလောက်က လာထုတ်သွားတယ်။ ဆယ်ဘီးကားကြီး နှစ်စီးနဲ့ အင်းစိန်ထောင်ကနေ အရှေ့ဘက်ကို မောင်းသွားတာတွေ့ရတယ်။ ကားပေါ်မှာ လုံခြုံရေးအတွက် လုံ ထိန်းတော်တော်များများ လိုက်သွားတာလည်း တွေ့ရတယ်။ မနေ့ကတုန်းက ညဘက်ထဲက ဒါတွေက အကုန် လုံး စီပြီးတော့၊ ကားပေါ်ကိုတင်ဖို့ အဆင့်သင့်ပဲလေ။ မနက်ကျတော့ ကားပေါ်အကုန်လုံး ဆွဲတင်ပြီးတော့၊ အိပ်ထောင်ဖွင့်တာနဲ့၊ ကားပေါ်တင်ပြီးတော့ တခါထဲကို မောင်းထွက်သွားကြတာ။

ဦးရော်နီညိမ်း။ ။ ဒီလို ရာနဲ့ချီပြီး အကျဉ်းသားတွေကို ခေါ်ထုတ်သွားပြီဆိုရင်၊ ဘာတွေဖြစ်လာတော့ မယ်ဆိုတာကိုလည်း၊ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း အငြိမ်းစားဗိုလ်ကြီးဦးဝင်းထိန်က ဗီအိုအေကို သုံး သပ်ပြခဲ့ပါတယ်။

ဗိုလ်ကြီးဝင်းထိန်။ ။ ဒီလိုအချိန်မှာတော့ အကျဉ်းသားတွေကို ကားတွေနဲ့ လာထုတ်သွားပြီ ဆိုရင် တော့၊ များသောအားဖြင့်၊ စစ်ပေါ်တာ ပါသွားဖို့များတယ်။ ဦးတို့ ထောင်ထဲမှာ အတွေ့အကြုံအရ ဆိုရင် တော့၊ စစ်ပေါ်တာ ပါသွားဖို့များတယ်။ အန်ကယ်က ထောင် ငါးထောင်မှာ နေခဲ့ရတော့၊ ဒီ စစ်ပေါ်တာခေါ် တော့မယ် ဆိုရင်၊ လွတ်ခါနီး (၁) နှစ် လောက်အလို၊ နောက်ပြီးတော့မှ ပြစ်ဒဏ်ကျထားတာလည်း (၄) နှစ်၊ (၅) နှစ်၊ (၃) နှစ် (၂) နှစ်၊ အဲဒီလို ပြစ်ဒဏ်တိုတဲ့ လူတွေကိုပဲ ခေါ်တယ်။ ပြစ်ဒဏ်ကြီးတဲ့လူတွေ မခေါ်ဘူး။ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပြောင်းမယ် ဆိုရင်၊ ညကတည်းက လာပြောထားပြီး၊ နောက်တနေ့ မနက်ခင်း မှာ၊ အေးအေးဆေးဆေး လာထုတ်သွားတာ။ အခုလို ကားတွေနဲ့လာထုတ်သွားတာ၊ ကမန်းကတန်းထုတ်သွား တာမျိုးဆိုရင်တော့၊ ဒါ စစ်ပေါ်တာဖြစ်ဖို့ကသေချာသလောက်ပဲ။

ဦးရော်နီညိမ်း။ ။ စစ်ပေါ်တာ အဆွဲခံကြရတဲ့ လူမသိသူမသိ မျက်နှာမွဲ ပြစ်မှုဆိုင်ရာအကျဉ်းသားတွေ ဟာ၊ ဥပဒေအရ တရားစီရင်ထားပြီးပြီဖြစ်တဲ့၊ မိမိတို့ကျခံကြရမယ့် ပြစ်ဒဏ်ထက် ပိုပြီး ကြမ်းတမ်းပြင်းထန်တဲ့ စစ်ဘက်ဆိုင်ရာလုပ်ငန်းတွေက အလုပ်ကြမ်းတွေ၊ ရှေ့တန်းစစ်မျက်နှာတွေမှာ ရက်ရက်စက်စက် ညှင်းပန်းနှိပ် စက်ပြီး၊ အသက်ဆုံးရှုံးသွားသည်အထိ ခိုင်းစေခြင်းခံကြရတာကိုလည်း၊ မသေလို့ ထောင်ထဲပြန်ရောက်လာသူ တွေဆီက ကြားသိရပုံကို၊ ဦးဝင်းထိန်က ပြောပြပါတယ်။

ဗိုလ်ကြီးဝင်းထိန်။ ။ ကိုယ်တိုင် အဲဒီပုဂ္ဂိုလ်မျိုး စစ်ပေါ်တာပါတဲ့လူနဲ့ တွေ့ခဲ့ဘူးတယ်။ အဲဒီစစ်ပေါ် တာတွေဟာ ရက်ရက်စက်စက် အခိုင်းခံရတယ်။ မိုင်းနင်းတယ် ဆိုလို့ရှိရင်၊ ခြေထောက်ပြတ်တယ်၊ လက်ပြတ် တယ်၊ အစာရေစာ ၀၀လင်လင် ကျွေးတာမျိုး မရှိဘူး၊ တရိစ္ဆာန်တွေလို ဆက်ဆံခံရတယ်။ တခါတလေကျ သေခါနီးအကျဉ်းသားတွေဆိုရင် သူတို့ (ခိုင်းတာတွေ မလုပ်နိုင်တော့သဖြင့်) သည်းမခံနိုင်တော့ပဲ၊ တမင်သက် သက် သတ်ပစ်လိုက်တာတွေ ရှိတယ်ဆိုတာ၊ ကြားခဲ့ဘူးတယ်။ နောက်တခါ အခုလိုဟာမျိုး၊ အန်ကယ့်အတွေ့ အကြုံအရဆိုရင်၊ လူ (၂၀၀) ခေါ်ထုတ်သွားပြီ ဆိုရင်၊ ဒီလူတွေကို ရှစ်လတနှစ် ခိုင်းပြီး၊ ပြန်လာရင်၊ လူ (၅၀) တောင် ပြန်ပါမလာတော့ဘူး။ ကျန်တဲ့ (၁၀၀) ကျော်လောက်က၊ ရှေ့တန်းမှာ သေကြေလက်ပြတ်ခြေထောက် ပြတ်၊ အသက်တွေဆုံးရှုံး။ အဲဒါတွေက အန်ကယ်ကိုယ်တိုင် အဲဒီပုဂ္ဂိုလ်တွေနဲ့ တွေ့လို့၊ ပြောနိုင်တာ။

ဦးရော်နီညိမ်း။ ။ အပြည်ပြည်ဆိုင်ရာလေဆိပ်ဆောက်လုပ်ရေးစီမံကိန်း ဆိုင်းဘုတ်တင်ပြီးမှ၊ လေ တပ်အခြေစိုက်စခန်းကြီး တည်ဆောက်ခဲ့တဲ့ စီမံကိန်းတခုမှာ၊ ဦးဝင်းထိန်ကြားသိခဲ့ရတာမျိုးတွေထက် မယုံနိုင် လောက်အောင် ပိုမိုဆိုးဝါးလှစွာ၊ တရိစ္ဆာန်တွေလို လူမဆန်အောင် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခိုင်းစေ ပြီးမှ၊ ပြစ်မှုဆိုင်ရာအကျဉ်းသားတွေကို အစီအစဉ်ရှိရှိ စနစ်တကျ နေ့စဉ် သတ်ပစ်နေတာကို၊ ကိုယ်တွေ့ကြုံခဲ့ရ သူ စစ်သည်ဟောင်း ဦးထွန်းလင်းရဲ့ ပြောစကားတွေကို ဆက်ပြီး တင်ဆက်သွားပါမယ်။

ဦးရော်နီညိမ်း။ ။ ၁၉၈၃ ခုနှစ်၊ ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်ကို မြောက်ကိုးရီးယားသူလျှိုတွေ ဗုံးခွဲ တိုက်ခိုက်ခဲ့စဉ်က၊ အဲဒီ ဗုံးခွဲတရားခံသူလျှိုတွေကို၊ လိုက်လံလက်ရဖမ်ဆီးခဲ့တာမှာ၊ ကိုယ်တိုင်ပါဝင်ခဲ့သူ တဦး ဖြစ်တဲ့၊ သန်လျင်မြို့ ခလရ(၉၀)က စစ်သည် ဦးထွန်းလင်းဟာ၊ နောက်ပိုင်းမှာ တပ်မတော်က ထွက်ခွာလာခဲ့ တဲ့ စစ်သည်ဟောင်းတဦး ဖြစ်လာခဲ့ပါတယ်။ သူဟာ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်ဆန်မြို့မှာရှိ တဲ့ ဆွေမျိုးသားချင်းတွေရှိရာကို သွားရောက်ခဲ့ပြီး၊ ခြံလုပ်ငန်းယာလုပ်ငန်းတွေနဲ့ ဘသဝစ်ထူထောင်ဖို့ ကြိုး ပမ်းနေတဲ့အချိန်မှာပဲ၊ သူ့ရဲ့ ပတ်ဝန်းကျင်က တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေနဲ့ပတ်သက်နေတဲ့ မတော်မတရား လုပ်မှုတွေ သူ့ရဲ့အတွေ့အကြုံတွေကို အခုလို စပြီး ပြောပါတယ်။

( ဗီအိုအေမှ ၂၀၁၀ နိုဝင်ဘာ (၂၆) နှင့် ၂၀၁၀ ဒီဇင်ဘာ (၃) တို့တွင် ထုတ်လွှင့်ခဲ့သည့် "တပ်မှူးတပ်သား ပြောစကား" - အမှတ်စဉ် (၀၃၆) နှင့် (၀၃၇) ၊ " မြန်မာ-မြောက်ကိုးရီးယားဆက်ဆံရေး နှင့် အာဗာနည်ဗိမ္မာန် တိုက်ခိုက်ခံရမှု" - အပိုင်း (၁) နှင့် (၂) တို့တွင်၊ ဦးထွန်းလင်း၏ ပြောစကားများကို ဖတ်ရှု / နားဆင် နိုင်ပါ သည်။)

ဦးထွန်းလင်း။ ။ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်ဆန်မြို့ပေါ့။ အဲဒီနမ့်ဆန်မြို့မှာ အမှတ်(၆)ရပ်ကွက်က ဆေးရုံနားမှာ ကျနော် နေခဲ့တယ်။ ကျနော်တို့ (၆)ရပ်ကွက်မှာ သင်္ချိုင်းတခုရှိတယ်။ ဒီမြို့မှာ သင်္ချိုင်းက (၆)ရပ်ကွက်မှာပဲ ရှိတယ်။ အဲဒီသင်္ချိုင်းမှာ အကျဉ်းသားအလောင်းတွေကို လာလာပြီးမြှုပ် တာပေါ့။ ကျင်းတကျင်းကို နှစ်လောင်းသုံး လောင်းထပ်ပြီး မြှုပ်နေတာ၊ နေ့စဉ်ရက်ဆက် ဖြစ်နေတော့၊ မြို့ လူထုက “ဒီလို လာလာမြှုပ်နေရင် ငါတို့မြို့ခံတွေကို မြှုပ်ဖို့နေရာရှိတော့မှာ မဟုတ်ဘူး၊ ဒါကို တားမှ ဖြစ်မယ်” ဆိုပြီး၊ နောက်ဆုံးမှာ တားယူခဲ့ရတာပေါ့။ (အကျဉ်းသား)အလောင်းတွေကို ဒီမှာ လာမမြှုပ်ဖို့၊တောထဲသွားမြှုပ် ကြဖို့၊ အဲဒီလို တားခဲ့ကြရတယ်။

ဦးရော်နီညိမ်း။ ။ အကျဉ်းသားဆိုတာကို ဘယ်လိုလုပ် အသေအချာ သိလဲခင်ဗျ။ အကျဉ်းသားဝတ်စုံ ဖြစ်တဲ့ အပေါ်အဖြူ အောက်အဖြူ သဘောမျိုးလား။ ဘယ်လိုလုပ်ပြီး ရပ်ကွက်လူထုက သတိထားမိလဲ ခင်ဗျ။ ဒီအလောင်းတွေဟာ အကျဉ်းသားတွေ ဆိုတာကို။

ဦးထွန်းလင်း။ ။ လာမြှုပ်တာက လယ်ထွန်စက်နောက်တွဲပေါ်မှာ တင်လာတယ်။ အလောင်းတွေကို ထော်လာ ဂျီနောက်တွဲနဲ့ အဲဒီလို တင်လာတယ်။ တချို့တွေဆို ဒီအတိုင်း ခြေကျဉ်းတွေ ဖြုတ်မရလို့၊ ဒီအတိုင်း ခြေကျဉ်းကြီးတန်းလန်းနဲ့ မြှုပ်တဲ့အလောင်းတွေတောင် တွေ့ရတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီအလောင်းတွေကို ဘယ်ဖွဲ့က သယ်လာတာလဲခင်ဗျ။ အကျဉ်းဦးစီးဌာနကလား။ ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းကလဲ ခင်ဗျ။

ဦးထွန်းလင်း။ ။ အကျဉ်းဦးစီးဌာနက သယ်တာ။ အကျဉ်းဦးစီးဌာနပိုင်လယ်ထွန်စက်တွေနောက်တွဲ တွေနဲ့ သယ်တာ။ မောင်းတဲ့လူကလည်း အကျဉ်းဦးစီးဌာန ယူနီဖေါင်းနဲ့ပဲ။

ဦးရော်နီညိမ်း။ ။ အကျဉ်းသားတွေ နေ့စဉ်သေဆုံးနေပြီးတော့၊ ဒီသင်္ချိုင်းထဲမှာ လာပြီး မြှုပ်နံှနေတဲ့ ကိစ္စဟာ၊ နမ့်ဆန်မြို့မှာ ရှိနေတဲ့ အုပ်ချုပ်မှုပိုင်းအာဏာပိုင်တွေနဲ့ ဘယ်လို ပတ်သက်မှုရှိလဲ၊ သို့မဟုတ် ဘယ် လို အဖွဲ့အစည်းတွေနဲ့၊ ဒီကိစ္စနဲ့ ဘယ်လို ဆက်နွယ်နေပါလဲ ခင်ဗျ။

ဦးထွန်းလင်း။ ။ အဲဒီ အကျဉ်းဦးစီးဌာန ကျောက်ထုတ်လုပ်ရေးစခန်းဆိုတာက၊ နမ့်ဆန်မြို့မှာ ရှိတဲ့ စစ်ဗျူဟာနဲ့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ထိုအချိန်က တိုင်းမှူးမှာ ကြည်း ၉၈၂၇ ဗိုလ်ချုပ်တင်ထွဋ် OTS 29) တို့က တိုက်ရိုက်ကြီးကြပ်ကွပ်ကဲတာ ခင်ဗျ။ အဲဒီမှာရှိတဲ့ ခလရ(၆၆)က တပ်ရင်းမှူးတို့၊ ဒီဗျူဟာမှူးတို့က ဒီ ကျောက်ထုတ်စခန်းကို အမြဲ လာနေကြတာ။ ရဟတ်ယာဉ်ပျက်ကျလို့သေသွားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ကိုယ်တိုင်လည်း လာသွားဘူးတယ်။ ဒီလေဆိပ်စီမံကိန်းအတွက် တွန်းပြီးလုပ်နေတဲ့ ကာလ ဖြစ်နေတာကိုး။

ဦးရော်နီညိမ်း။ ။ ကျောက်ထုတ်လုပ်ရေးစခန်းနဲ့ လေဆိပ်စီမံကိန်းနဲ့ တပ်မတော်နဲ့ ဘယ်လိုပတ်သက ်ဆက်နွယ်နေလဲဆိုတာ၊ နည်းနည်းရှင်းပြပေးပါဦး။

ဦးထွန်းလင်း။ ။ အဲဒီမှာဆိုင်းဘုတ်က ဘယ်လိုရေးထားလဲဆိုတော့၊ “နမ့်ဆန်မြို့ အပြည်ပြည်ဆိုင် ရာ လေဆိပ်စီမံကိန်း"၊ နောက်တခါ အဲဒီအောက်ကမှ “အကျဉ်းဦးစီးဌာန၊ ကျောက်ထုတ်လုပ်ရေးစခန်း” လို့ ရေးထားတယ်။ ဒါပေမဲ့ ဒီလေဆိပ်ကြီးပြီးသွားတဲ့ ၁၉၉၅ မှာကျတော့၊ အဲဒီလေဆိပ်ကြီးဟာ “နမ့်ဆန် လေတပ် စခန်းဌာနချုပ်” လို့ ဖြစ်သွားတာ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အပြည်ပြည်ဆိုင်ရာလေဆိပ်ကော မဟုတ်တော့ဘူးလား။

ဦးထွန်းလင်း။ ။ မဟုတ်တော့ဘူး ဗျ။ အဲဒီမှာ စပြီး ကျောက်ထုတ်တုန်းကတော့၊“နမ့်ဆန်မြို့အပြည် ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း” ဆိုပြီး၊ ကျောက်တွေထုတ်ခဲ့တာ။ လေဆိပ်ကြီးပြီးသွားတော့၊ လေတပ်က ဗိုလ် မှူးချုပ်ဘဋ္ဌေးချစ် (DSA 3) က ပထမဆုံးလာပြီးတာဝန်ကျတဲ့ လေတပ်စခန်းမှူးပေါ့။ “နမ့်ဆန် လေတပ်စခန်း ဌာနချုပ်”ကို သူနဲ့စပြီး ဖွင့်ခဲ့တာခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဦးထွန်းလင်းပြောတဲ့ ကျောက်ထုတ်စခန်းက အကျဉ်းသားတွေ နေ့စဉ်သေဆုံးနေ တဲ့ကိစ္စနဲ့ အခု လေဆိပ်လို့ နံမည်ပြပြီးတော့မှ လေတပ်စခန်းဌာနချုပ် တည်ဆောက်တာနဲ့၊ ဘယ်လိုပတ်သက် ဆက်နွယ်နေလဲ ခင်ဗျ။

ဦးထွန်းလင်း။ ။ စစ်တပ်က ဒီဥစ္စာကို လျှို့ဝှက်ပြီး လုပ်ခဲ့တာပေါ့ဗျာ။ ဒီအကျဉ်းသားတွေကို အသုံး ပြုပြီး၊ လေတပ်စခန်းတခု ဆောက်တာပေါ့။ ဒါကို ပထမပိုင်းမှာ ဖုံးဖုံးဖိဖိနဲ့လုပ်ပြီးတော့၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း ဆိုပြီး ခေါင်းစဉ်တပ်ထားပုံ ရပါတယ်။ ဒီစီမံကိန်းကိုက တော်တော်ကို ပြင်းပြင်းထန်ထန် နေ့ ရောညရော လုပ်တာလေ။ အဲဒီလိုလုပ်တာမှာ အကျဉ်းသားတွေကို အသုံးပြုပြီးလုပ်တော့၊ အကျဉ်းသားတွေ သေကုန်တာပေါ့။

ဦးရော်နီညိမ်း။ ။ ဘယ်လိုဖြစ်ပြီး သေကုန်တာလဲ။ ရာသီဥတုဒဏ် မခံနိုင်လို့လား။ အဟာရ မပြည့်လို့ လား။ အလုပ်တွေ အရမ်းလုပ်ရလို့လား။ ဘယ်လိုကြောင့် နေ့စဉ် နှစ်ဦးသုံးဦး အဲဒီလို တဖြုတ်ဖြုတ် ကွယ်လွန် နေကြရတာလဲ ခင်ဗျ။

ဦးထွန်းလင်း။ ။ ရာသီဥတုကြောင့်တော့ မဟုတ်ဘူး။ ဘာလဲဆိုတော့ အဟာရချို့တဲ့တာနဲ့ အလုပ် ကို လူတယောက် လုပ်နိုင်တဲ့ဝန်ထက်ကို ပိုပြီး ခိုင်းတာပေါ့။ နောက်တခါ ရိုက်နှက်နှိပ်စက်ညှင်းပန်းတာတွေ ခံကြရတာရယ်။ အဲဒါတွေကြောင့် သေကုန်ကြတာ။

ဦးရော်နီညိမ်း။ ။ ကျနော်တို့ နားလည်ထားတာက အကျဉ်းဦးစီးဌာနဆိုတာ ပြည်ထဲရေးဝန်ကြီးဌာန အောက်က၊ တပ်မတော်(လေ)က ကာကွယ်ရေးဝန်ကြီးဌာနအောက်က။ ဝန်ကြီးဌာနနှစ်ခု မတူဘူး။ တကယ် လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီလေတပ်စခန်းကို တည်ဆောက်ဖို့၊ အလုပ်သမားလိုချင်တယ် ဆိုရင်၊ တခြား နည်းနဲ့ ရှာရမယ်။ ဒါပေမဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဆက်ပြီး လုပ်လိုက်တဲ့ဟာမှာ၊ ဒီကျောက်ထုတ်စခန်းက နဂိုတုန်းကကော ဒီနေရာမှာ ရှိလား ခင်ဗျ။ ဒီ ဒီလေတပ်စခန်းကို မဆောက်ခင်က။

ဦးထွန်းလင်း။ ။ မရှိဘူး၊ မရှိဘူး ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အဲဒီ အကျဉ်းသားတွေက ဘယ်ကနေ ရောက်လာကြတာလဲ ခင်ဗျ။

ဦးထွန်းလင်း။ ။ အဲဒီ အကျဉ်းသားတွေကို နယ်ပေါင်းစုံကနေ ပို့တာပဲ။ ရန်ကုန်အင်းစိန်ထောင်က နေ ပို့တယ်။ မန္တလေး အုတ်ဖိုထောင်ကနေ ပို့တာရှိတယ်။ သာယာဝတီထောင်က ပို့တာရှိတယ်။ ကျနော်တို့နဲ့ သိကျွမ်းသွားတဲ့ ထောင်ဝင်စာ လာပို့နေကြတဲ့ မိသားစုတွေတောင် ရှိပါတယ်။ အဲဒါ ပဲခူးတိုင်းအနောက်ခြမ်း ရေကြည်ခြောက်ခမ်းလို့ ခေါ်ကြတဲ့ ရွာတွေကပေါ့။ ရွာလုံးကျွတ် သစ်ကိစ္စနဲ့ ထောင်ကျကြတာ။ အပက (၃) အမှုနဲ့ ထောင်ကျကြတဲ့သူတွေ။ သူတို့အုပ်စုတွေဆို အသေအပျောက် အများဆုံးပဲ။

ဦးရော်နီညိမ်း။ ။ ဘယ်လိုဖြစ်တာလဲခင်ဗျ။ နည်းနည်းပြောပြပေးပါဦး။ ဒီအတိုင်းဆို နမ့်ဆန်လေတပ် စခန်းဌာနချုပ် ဆိုတာ၊ လူ့အသက်တွေ များစွာနဲ့ ရင်းနှီးတည်ဆောက်ထားရတဲ့ သဘောဖြစ်နေတယ်။ ဒီဥစ္စာ က ရာဇဝင်လိုက်ကြည့်ရင် ဘယ်လိုရှိမယ်ဆိုတာ၊ သိချင်စရာဘဲလေ။

ဦးထွန်းလင်း။ ။ အဲဒီ ကျောက်ထုတ်လုပ်စခန်းရဲ့ ထောင်ပိုင်က ဦးစိုးအောင် တဲ့။ သူ့ ရာဇဝင်က သူက အကျဉ်းဦးစီးဌာနက မဟုတ်ဘူး။ သူက စစ်တပ်ကနေ အကျဉ်းဦးစီးဌာနကို ရောက်လာပြီးတော့၊ သူ့ကို တမင်တကာ စစ်တပ်ကနေ ရွေးပြီး ခေါ်လိုက်တဲ့ သဘောရှိပါလိမ့်မယ်။

ဦးရော်နီညိမ်း။ ။ အသွင်ပြောင်းဆိုတာက အဲဒီခေတ်မတိုင်ခင်ထဲက ရှိနေတာပဲ။ တပ်ကနေ အရပ် ဘက်ဝန်ကြီးဌာနတွေအောက်က ဦးစီးဌာနတွေ ကော်ပိုရေးရှင်းတွေကို လာနေကြတာပဲ။ ဦးစိုးအောင်က တပ် မတော်ကနေ ဘာအဆင့်နဲ့ လာခဲ့တာလဲ ခင်ဗျ။

ဦးထွန်းလင်း။ ။ တပ်မတော်(ကြည်း)ကနေ အရာခံဗိုလ်အဆင့်နဲ့ လာခဲ့တာပါ။ ကျနော်ဆိုလိုချင်တာ က၊ သူ့ကို ရွေးခေါ်တယ်ဆိုတာက၊ တခြား သူ့အဆင့်နဲ့ တူတဲ့ အကျဉ်းဦးစီးဌာနက ထောင်ပိုင်တွေ အများကြီး ရှိတယ်။ သူ့ကို ဘာကြောင့် ရွေးခေါ်လဲဆိုတော့၊ ဒီစီမံကိန်းကိစ္စမှာ အကျဉ်းသားတွေက အသေအပျောက်များ မယ်၊။ အကျဉ်းသားတယောက် သေသွားတယ်ဆိုရင်၊ စာရွက်ပေါ်ကစာရင်းထဲမှာက သေချင်မှသေတာ။အသေ မပြပဲ ထားတာတွေ ရှိတယ်။ ဥပမာ - အကျဉ်းသားတယောက် သေသွားတယ်၊ အဲဒီ အကျဉ်းသားဟာ နောက် သုံးလကြာရင် လွတ်တော့မယ့်သူဖြစ်တယ် ဆိုရင်၊ အဲဒီအကျဉ်းသားကို စာရွက်ပေါ်ကစာရင်းထဲမှာ အသေမပြ သေးဘူး၊ အရှင် ဆက်ပြထားတဲ့ အတွက် အဲဒီ အကျဉ်းသားအတွက် ရနေတဲ့ရိက္ခာကို သူက (ထောင်ပိုင်ဦးစိုး အောင်က) ထုတ်စားတယ်။ အဲဒီ အကျဉ်းသား ထုတ်လုပ်ရမယ့် ကျောက် (အချိုးအစား quota) ကို၊ ကျန်တဲ့ အကျဉ်းသားတွေက ထုတ်ပေးရတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီ အကျဉ်းသားက တကယ် မရှိတော့ဘူး။ ဆုံးသွားပြီပေါ့။

ဦးထွန်းလင်း။ ။ သေသွားပြီ။ နောက်သုံးလ ကျရင်၊ အဲဒီ အကျဉ်းသားကို ပြန်လွှတ်လိုက်ပြီဆိုပြီး၊ သူက စာရွက်ပေါ်က စာရင်းထဲမှာ “အလွတ်” ပြလိုက်တယ်။

ဦးရော်နီညိမ်း။ ။ ရှေ့သီတင်းပတ် စနေနေ့မနက်ခင်းနဲ့ညနေခင်းတွေမှာ “စစ်ပေါ်တာအဖြစ်သေသည် ထိ နှိပ်စက်ညှင်းပန်း အသုံးချခံ ပြစ်မှုဆိုင်ရာအကျဉ်းသားများ - အပိုင်း (၂)” ကို စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

မြန်မာ မြောက်ကိုးရီးယား ဆက်ဆံရေးနဲ့ အာဇာနည်ဗိမာန် တိုက်ခိုက်ခံရမှု အပိုင်း (၁)

XS
SM
MD
LG