တပ်မှူးတပ်သား ပြောစကား (၀၆၆)
အစိုးရစစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ အထမ်းသမား(ခေါ်)ပေါ်တာတွေ အဖြစ် အသုံးပြုဖို့၊ အမျိုးသားအမျိုးသမီးမရွေး ဖမ်းဆီးပြီး ရှေ့တန်းစစ်မျက်နှာကိုပို့ခြင်း၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခြင်း၊ ပေါ်တာတွေကို သတ်ပစ်ခြင်းဆိုတဲ့ အလေ့အထဟာ မြန်မာ့တပ်မတော်ထဲမှာ ရာစုနှစ်တဝက်လောက် ကြာမြင့်လာပြီဖြစ်တဲ့ လုပ်ရိုးလုပ်စဉ် ပုံမှန်လုပ်ငန်းတွေ ဖြစ်နေပါတယ်။ ဒီလိုပြင်းပြင်းထန်ထန် လူ့အခွင့်အရေးချိုးဖောက်နေမှုတွေအပြင် ဒီထက်ဆိုးဝါးတာက အကျဉ်းထောင်တွေထဲက ပြစ်မှုဆိုင်ရာအကျဉ်းသားတွေကို စစ်ဘက်စီမံကိန်းတွေနဲ့ ရှေ့တန်း စစ်မျက်နှာတွေမှာ သေသည်ထိ အစီအစဉ်ရှိရှိ စနစ်တကျညှင်းပမ်းနှိပ်စက် အသုံးချနေတဲ့ဖြစ်ရပ်တွေ ရှိနေတာကို တပ်မှူးတပ်သားဟောင်းတွေနဲ့ ဦးရော်နီညိမ်းက မေးမြန်းဆွေးနွေးပြီး "စစ်ပေါ်တာအဖြစ် သေသည်ထိ နှိပ်စက်ညှင်းပမ်းအသုံးချခံ ပြစ်မှုဆိုင်ရာအကျဉ်းသားများ - အပိုင်း (၂)" အဖြစ် တင်ပြထားပါတယ်။
ဦးထွန်းလင်း။ ။ အဲဒီ ကျောက်ထုတ်စခန်းမှာ ထောင်ပိုင်က ပိုက်ဆံယူပြီးတော့ အလုပ်သက်သာတဲ့ နေရာမှာ ထားထားတဲ့ အကျဉ်းသားတွေ ရှိတယ်။ ဥပမာ၊ ကင်းသမားတို့ နောက်တန်းမှာ သန့်ရှင်းရေး လုပ်တဲ့လူတို့။ နောက်တခါ ထောင်ပိုင်ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ ရှိသေးတယ်။
ဘာလုပ်ငန်းတွေလဲ ဆိုတော့ ဗြုံး တောင်က ဗြုံးကျောက်တွေကို တူးပြီးတော့ အုတ်ရိုက်တာပေါ့နော်။ လက်ရိုက်အုတ်ခေါ်တဲ့ အုတ်ရိုက်တဲ့လုပ်ငန်း။ နောက်တခါ အကျဉ်းသားတွေထုတ်တဲ့ ကျောက်နဲ့ ထုံးဖုတ်တတ်တဲ့ လူတွေကို အကျဉ်းသားတွေထဲက ရွေးထုတ်လိုက်ပြီးတော့ ထုံးဖိုလုပ်ငန်းကိုလည်း သူက လုပ်တယ်။ နောက်တခါ အကျဉ်းသားတွေခေါ်ပြီး တောထဲမှာ ထင်းသွားခုတ်တယ်။ ရလာတဲ့ထင်းတွေကို ခုနက ထုံးဖုတ်တဲ့လုပ်ငန်းမှာ သုံးတယ်။ လေဆိပ်တည်တဲ့အခါကျတော့ ဘိလပ်မြေဖျော်တဲ့ စက်ရုံဆိုတာ ရှိတယ်။ ဘိလပ်မြေဖျော်တဲ့ စက်ကြီးရှိတယ်။ အဲဒီစက်ကြီး မှာ အကျဉ်းသားအယောက် (၅၀)ကို သူက သွားပို့ထားတယ်။ အဲဒီအတွက် ဒီအကျဉ်းသား (၅၀) ရဲ့ အလုပ်လုပ်လို့ ရရမယ့် နေ့စဉ် လုပ်အားခ အားလုံးကို ထောင်ပိုင်က ရတယ်။
နောက်တခါ အဲဒီစက်ရုံမှာ ဘိလပ်မြေအိတ်တွေကို ဖွင့်ဖောက်တဲ့အခါ အိတ်မပျက်မစီးအောင် ဖေါက်တဲ့ နည်းကို အကျဉ်းသားတွေကို သူက လေ့ကျင့် သင်ကြားပေးတယ်။ အကျဉ်းသားတွေက အဲဒီနည်းအတိုင်း လုပ်ရတယ်။ အဲဒီအိတ်တွေထဲမှာ ပါလာတဲ့ ဘိလပ်မြေ အခဲလေးတွေကိုလည်း သူက စုထားခိုင်းပြီး သိမ်းထားခိုင်းတယ်။ စခန်းကို ပြန်သယ်လာခိုင်းတယ်။ ပြီးတော့ ထောင်ပိုင်က အကုန်သိမ်းတယ်။ အဲဒီ ဘိလပ်မြေအိတ်ခွံတွေကို လေဆိပ်ကနေ လေလံဆွဲတယ်။ အဲဒီမှာ နမ့်ဆန် အမှတ် (၇၁) အုပ် လေတပ် စခန်းရဲ့ စခန်းမှူးရယ်၊ ခလရ (၆၆) ရဲ့ တပ်ရင်းမှူးရယ်၊ အရပ်ဘက်ဆောက် လုပ်ရေးကော်ပိုရေးရှင်းက ဒီလုပ်ငန်းခွင်ရဲ့တာဝန်ခံရယ်၊ သူတို့တွေကို (လေလံဝင်ဆွဲတဲ့သူတွေက) ရမယ့် အမြတ်ထဲက မျှပြီးတော့ ခွဲပေးရတယ်။ သူတို့တွေရဲ့ စီးပွားရေးပေါ့။
ခုနတုန်းက ထောင်ပိုင်ပိုက်ဆံယူထားပြီး အလုပ်သက်သာတဲ့နေရာမှာ ထားထားတဲ့သူတွေရယ်/ ထောင်ပိုင်ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေမှာ သွားလုပ်နေရတဲ့ အကျဉ်းသားတွေရယ်/ နောက်တခါ သေသွားတဲ့ အကျဉ်းသားတွေကို စာရင်းမှာအသေမပြဘဲ အရှင် ဆက်ပြထားတဲ့သူတွေရယ်/ အဲဒီ အကျဉ်းသားတွေရဲ့ လုပ်အားတွေအတွက်ပါ၊ ကျန်တဲ့ အကျဉ်သားတွေက ကိုယ်လုပ်ရမဲ့ အလုပ်ထက် နှစ်ဆ သုံးဆပိုများလာတဲ့ အလုပ်တွေကို ဝင်လုပ်နေရတယ်။
လူသုံးယောက်ကို ကျောက်တကျင်းနှုန်းနဲ့ ကျောက်ထုတ်ပေးရမယ်ဆိုတဲ့မူအရ စာရွက်ပေါ်မှာရှိတဲ့ ရှိသမျှ အင်အားတွေ အကျဉ်းသားတွေအားလုံး လုပ်ရမယ့် အလုပ်အချိုးအစားအတိုင်း ကျန်တဲ့လူတွေက၊ ကျောက်ထုတ်လုပ်နေရတော့ မတန်တဆ အလုပ်ဒဏ်ပိပြီး အဲဒါတွေကြောင့် သေတာတွေလည်း ပါတာပေါ့။
ဦးရော်နီညိမ်း။ ။ အဲဒီလောက် အသေအပျောက်တွေ များလာတဲ့အခါကျတော့ အကျဉ်းသားတွေရဲ့ မိသားစုတွေနဲ့ သက်ဆိုင်ရာတွေကလည်း ဒါတွေကို သိပြီးတော့ စစ်တပ်ကလုပ်နေတဲ့ (လေတပ်စခန်း တည်ဆောက် ရေး) စီမံကိန်းမှာ လာလုပ်ကြရလို့ အကျဉ်းသားတွေသေကုန်ကြတဲ့ကိစ္စကို အကျဉ်းဦးစီးဌာနက တုန့်ပြန်အရေးယူတာ မလုပ်ဘူးလား။ ဒီလောက် နေ့တိုင်း နှစ်ယောက်သုံးယောက် တဖြုတ်ဖြုတ်သေနေကြတဲ့ ကိစ္စကို အကျဉ်းသားတွေရဲ့ မိသားစုတွေကကော ဘာဖြစ်နေလဲဆိုတာ ဘာညာတွေ ဘာမှ မသိဘူးလား။
ဦးထွန်းလင်း။ ။ ဒါကြောင့်(မတန်တဆ အလုပ်ဒဏ်ပိလို့) သေတာတင်မဟုတ်ဘူး။ သူတို့က အကျဉ်းသားတွေကို ရိုက်လို့ နှက်လို့ သေတာတွေလည်း ရှိသေးတယ်။ သူတို့က နည်းမျိုးစုံနဲ့ အကျဉ်းသားတွေကို နှိပ်စက်တာဗျာ။ အဲဒီထဲမှာ ဆိုးတဲ့ ထောင်မှူးတယောက်ဆိုရင် စစ်တပ်ကလာတာပဲ။ လက်ထောက်ထောင်မှူး အောင်သူရ ဆိုတာပေါ့။ တော်တော်ကို ဆိုးတယ်။ အလုပ်မလုပ်နိုင်တော့လို့ သတိလစ်ပြီး လဲသွားတဲ့ အကျဉ်းသားကို ဘာလုပ်လဲဆိုတော့ သူက ဒီကောင် ဟန်ဆောင်တာ ဆိုပြီးတော့ တခါထဲခါချဉ်အုံကို သစ်ပင်ပေါ်ကသွားဖြုတ်လာပြီး အကျဉ်းသားရဲ့ဗိုက်ပေါ်ကိုတင် တုတ်နဲ့ ထိုးတယ်။ ခါချဉ်တွေက တကိုယ်လုံးပြန့်ပြီး ကိုက်ကုန်တော့တာပေါ့။ ဒါပေမဲ့ အဲဒီအကျဉ်းသား တကယ်ကို သတိမေ့နေတုန်းပဲ။ အဲဒီမှာ ဘာလုပ်လဲဆိုတော့ သစ်ရွက်ခြောက်တွေ ခြေထောက်ပေါ် တင်ပြီး မီးရှို့တယ်။ အဲဒီအခါကျတော့ အကျဉ်းသားက သတိရလာတယ်။ အလုပ် မလုပ်နိုင်တော့လို့ ဆိုပြီးတော့ အကျဉ်းသားကို ကန်ကျောက် ရိုက်နှက်ပြီး နောက်တန်းကို ပြန်ပို့ လိုက်တယ်။ ဒါပေမဲ့ အကျဉ်းသားက လမ်းမှာတင် သေသွားခဲ့တယ်။ အဲဒါမျိုးတွေလည်း ရှိတယ်။
ဦးရော်နီညိမ်း။ ။ အဲဒီလောက် ဖြစ်နေတာကို အပေါ်က သက်ဆိုင်ရာ အာဏာပိုင်တွေ ရဝတတို့၊ မဝတ တို့၊ စဝတ တို့၊ ပဝတ တို့တွေက မသိကြဘူးလား။ အဲဒီအချိန်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ အုပ်ချုပ်နေတဲ့ အချိန်ကြီးမှာ။
ဦးထွန်းလင်း။ ။ သူတို့က ဝေစားမျှစားက လွဲရင် ကျန်တဲ့ကိစ္စတွေ ဘာမှ ပြဿနာရှာဖို့ မရှိဘူးလေ။ လူကြီးတွေကလည်း ဒီကျောက်ထုတ်စခန်းကို ခဏခဏလာကြတယ်။ လာလို့ရှိရင် ထောင်ပိုင်က လူကြီးတွေကို ဝေစားမျှစား ခွဲတမ်းတွေ ပေးလိုက်တယ်ဆိုရင် အကုန်လုံး အိုကေ။ ကျန်တဲ့ဟာတွေ အကုန်လုံး ပြီးသွားတာပဲ။
ဦးရော်နီညိမ်း။ ။ လူကြီးတွေဆိုတာ ဘယ်သူတွေလဲ ခင်ဗျ။ စစ်တပ်ကလား ခင်ဗျ။
ဦးထွန်းလင်း။ ။ ဗျူဟာမှူး လာတယ်။ ဒုတိုင်းမှူး လာတယ်။ ပြည်ထဲရေး ဒုဝန်ကြီးလာတယ်။ နောက်တခါ အကျဉ်းဦးစီးဌာန ညွှန်ချုပ်တို့၊ ဒုညွှန်ချုပ်တို့၊ အဲဒါတွေ လာတယ်။
ဦးရော်နီညိမ်း။ ။ ကိုထွန်းလင်းက အဲဒါတွေ ဖြစ်ပျက်နေတဲ့ ကျောက်ထုတ်စခန်း အနီးတဝိုက်မှာ နေလို့၊ ဒါတွေ သိနေရတဲ့ အခါကျတော့ အဲဒီလောက် မတော်မတရားတွေ ဖြစ်ပြီး မသေသင့်ဘဲ သေနေကြရပြီးတော့ လူ့အခွင့်အရေးတွေလည်း ဆုံးရှုံး၊ အကျဉ်းသားမှာလည်း သူ့ရှိတဲ့ အခွင့်အရေးနဲ့ မနေရတဲ့အပြင် တခါထဲ လူတွေဟာ မသေသေအောင် ညှင်းပမ်းနှိပ်စက်ခံရ၊ မနိုင်ဝန် အလုပ်တွေ လုပ်ကြရပြီးတော့မှ ထောင်မှူးထောင်ပိုင်တွေရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေအတွက် လုပ်ပေးကြရရင်းနဲ့ သေကုန်ကြတာကို လာနေကြတဲ့ လူကြီးတွေက မသိကြဘူးလား။
ဦးထွန်းလင်း။ ။ သိတာပေါ့ဗျာ။ မသိဘဲနဲ့ ဘယ်ရှိပါ့မလဲ။ ဒါပေမဲ့ သူတို့ကလည်း ဒီခေတ်ဒီကာလ အဲဒီလိုပဲ လုပ်စားနေကြတာဆိုတော့ အကုန်လုံးက ဘယ်သူဘာပြောပြော ဘာမှ ပြောလို့ကို မရတော့ဘူး။ အရေးကြီးဆုံးက သတ်မှတ်ထားတဲ့အချိန်မှာ ဒီလုပ်ငန်း (လေတပ်စခန်းဌာနချုပ် တည်ဆောက်ရေး) ပြီးသွားဖို့ပဲ အဓိက။ အရင်တုန်းကလို ငွေဝယ်ကျွန်ခေတ် ဆိုရင်တော့ သူတို့ ဒီလို လုပ်မှာ မဟုတ်ဘူးပေါ့။ ကျွန်ဆိုတာ ဝယ်ရမယ် ဆိုရင် သူတို့ မွဲသွားမှာပေါ့။ အခုဟာက (အကျဉ်းသား တွေကို) လိုသလောက်ကို မှာလို့ ရတယ်လေ။ (အကျဉ်းသားတွေ) သေလဲ ကိစ္စမရှိဘူး။ သူတို့ကပြောတာ ရှင်းရှင်းလေး။ လူတယောက် သေသွားတာ ဘာမှ ပြဿနာ မရှိဘူးတဲ့။ ငါတို့က စာရွက်လေးပေါ်မှာ စာလေးရေးလိုက်ရင် ပြီးသွားတယ်တဲ့။ ဒီစခန်းထဲမှာ မွေးထားတဲ့ နွားတွေ ဘာတွေ သေသွားရင်ကမှ ပြဿနာရှိတယ် တဲ့။ အဲဒီလိုကို ပြောတာဗျာ။
ဦးရော်နီညိမ်း။ ။ အဲဒါက လေတပ်စခန်း ဆောက်လုပ်ရေးစီမံကိန်းဖြစ်နေတော့၊ အခု မတော်မတရား ကိစ္စတွေမှာ လေတပ်ရဲ့ ပါဝင်ပတ်သက်မှုကော ရှိလား ခင်ဗျ။
ဦးထွန်းလင်း။ ။ လေတပ်က ပါဝင်ပတ်သက်မှုတော့ မရှိဘူး။ ဒါပေမဲ့ အဲဒီအနားမှာ အမြောက်တပ် ရှိတယ်။ ဒီအမြောက်တပ်က အဲဒီကျောက်ထုတ်စခန်းအတွက် လုံခြုံရေးယူပေးတယ်။ အကျဉ်းဦးစီးဌာန ကျောက်ထုတ် တဲ့ ကျောက်တောင်ရဲ့ပတ်ဝန်းကျင်မှာ လုံခြုံရေးယူပေးတယ်။ အကျဉ်းသားတွေ ထွက်ပြေးတာကို သူတို့ကလည်း ဝိုင်းဖမ်းတယ်။ တခါက မိနေတဲ့ အကျဉ်းသားကို ဖမ်းလိုက်တယ်ပေါ့ဗျာ။ အဲဒါကို မဟုတ်ဘူး။ သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ မိနေပါပြီ။ ဘာလို့လဲဆိုတော့ အကျဉ်းသားက ခြေကျဉ်းကြီးနဲ့လေဗျာ။ အဲဒီတော့ ဒီ အကျဉ်းသားက ဘယ်ပြေးနိုင်မှာလဲ။ လူက အားကမရှိရတဲ့ကြားထဲ ခြေကျဉ်းကြီးတဘက်နဲ့။ အဲဒါကိုလိုက်ဖမ်းတော့ မိနေတဲ့ဥစ္စာကို၊ ပစ်သတ် ပစ်လိုက်တယ်။
ဦးရော်နီညိမ်း။ ။ အဲဒါက အမြောက်တပ်က လုပ်တာဆိုတော့ ကျောက်ထုတ်လုပ်ရေးစခန်းက ထောင်ပိုင် အရာခံဗိုလ်ကြီးအနေနဲ့က သူ့မှာ လုပ်အားတယောက် လျော့သွားတာ၊ ဘယ်လိုမှ ပြဿနာ မရှိဘူးလား။
ဦးထွန်းလင်း။ ။ မရှိဘူး။ ဒီအကျဉ်းသားတွေ အကျဉ်းဦးစီးဌာနကနေ လိုသလောက်သူမှာလို့ ရတယ်လေ။ နောက်တခါလဲ ထွက်ပြေးသွားတဲ့အကျဉ်းသားတယောက်ကို နမ့်ဆန်မြို့ရဲစခန်းက မိပြီးတော့ ကျောက်ထုတ် စခန်းကို သွားပြန်အပ်တယ်။ ရဲစခန်းမှူးက သွားပြန်အပ်တာကို ထောင်ပိုင်က ဘာလုပ်လဲ ဆိုတော့ တခါထဲ လက်ဝါးကပ်တိုင်လို ဥစ္စာမျိုးပေါ်မှာ ဒီအကျဉ်းသားကို ကိုယ်တုံးလုံး ချွတ်ပြီးတော့မှ ကြိုးနဲ့ချည်တယ်။ ကြိုးချည်ပြီးတော့မှ၊ ဒီစခန်းတခုလုံးက အိုးတွေ၊ သံစည်ပိုင်းတွေထဲမှာ စွန့်ထားတဲ့ မစင်တွေအပေါ့တွေအလေးတွေကို အကုန်လုံးကိုဖျော်။ ပြီးတော့ အကျဉ်းသားရဲ့ခေါင်းကနေလောင်း။ ရှမ်းပြည်က အေးရတဲ့အထဲ၊ ဘေးကနေ နှီးဖျာနဲ့ ဒီအကျဉ်းသားကို ယပ်ခပ်တဲ့ကောင်က ခပ်။ ရိုက်တဲ့ကောင်က ရိုက်။ အဲဒီလိုလုပ်တာ။ နောက်ဆုံးကျ အဲဒီအကျဉ်းသားဟာလည်း သုံးရက်လောက်နေတော့ သေသွားတာပါပဲ။
ဒါကအောက်က ကိုယ်တိုင်ကိုယ်ကျလုပ်တယ်ပေါ့။ အထက်က ကြီးကြပ်တဲ့ကောင်တွေကလည်း အားပေးအားမြှောက်လုပ်။ အထက်ကကောင်တွေက အောက်ကကောင်တွေဆီကနေ သူတို့စားရအောင် လုပ်ပေးနေရင် ပြီးရောပဲ။ အောက်ကဘာလုပ်လုပ်၊ မျက်စေ့ စုံမှိတ်ပြီး မသိချင်ယောင်ဆောင် နေကြတာပေါ့။
ဦးရော်နီညိမ်း။ ။ လူသားတွေ စိတ်ဓာတ်မှ ရှိသေးရဲ့လား။ အကုန်လုံး လူမဆန်တဲ့ အလုပ်တွေ လုပ်နေကြတာ။ လုပ်နေရတဲ့အပေါ်မှာ တကယ် ဘယ်လို ဖြစ်နေလဲ။ သူတို့တွေဟာ စိတ်လိုလက်ရ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီအလုပ်ကြီးကို နှစ်ခြိုက်အားရကျေနပ်ဝမ်းသာစွာနဲ့ လုပ်နေကြတဲ့သဘောလား။ မိုးလင်းလာလို့ တနေ့ရောက် လာရင် အကျဉ်းသားတွေကို ရိုက်မယ်နှက်မယ် သတ်ပစ်မယ်၊ ဒီဥစ္စာဟာ နေ့တိုင်းနေ့တဓူ၀ လုပ်နေတဲ့ကိစ္စမို့ ရိုးနေတဲ့အတွက် သူတို့ ဘယ်လိုမှ မနေတဲ့ သဘောလား။ ကျနော် နားမလည်နိုင်ဘူး။
ဦးထွန်းလင်း။ ။ သူတို့အတွက်ကတော့ used to (အကျင့်ပါ) ဖြစ်နေပြီဗျ။ လုပ်ရိုးလုပ်စဉ်ပဲ။ အကျဉ်းသားတင် မဟုတ်သေးဘူး။ ခုနကပြောတဲ့ စစ်တပ်က ပြောင်းလာတဲ့ ထောင်ပိုင်ဦးစိုးအောင်ဟာ ဘယ်လောက်ထိ ဆိုးလဲဆိုရင် သူ ကားမောင်းသွားတယ်ပေါ့ဗျာ။ သူ့နောက်က အရပ်သားကားတစီးက သူ့ကားကို ကျော်တက်သွားတယ်။ အဲဒါ ကျော်တက်ရပါ့မလား ဆိုပြီး နောက်ကနေ မမှီ မှီအောင် အတင်းလိုက်မောင်းတယ်၊။ အဲဒါ က နမ့်ဆန်မြို့နဲ့ မိုးနဲမြို့နဲ့ သွားတဲ့ကြားက လမ်းခလယ်မှာ ဟိုင်းဖတ်ဆိုတဲ့ ရွာကြီး ရှိတယ်ဗျာ။ အဲဒီရွာက “မြတ်ဟိန်း” ထမင်းဆိုင်မှာ ကားသမားက ထမင်းဝင် စားတော့ ထောင်ပိုင်က မှီသွားတယ်။ အဲဒါ သူ့ကားကို ကျော်တက်ရပါ့မလား ဆိုပြီး ထိုးမလို့ ကြိတ်မလို့ လုပ်တာ ဆိုင်ကလူတွေက ဝိုင်းဆွဲရတယ်ဗျာ။ ကဲ အဲဒါ ဘယ်လိုလုပ်မလဲ။
ဦးရော်နီညိမ်း။ ။ ဘုရင်စိတ် ပေါက်ကုန်တာကိုး။
ဦးထွန်းလင်း။ ။ စစ်တပ်ကဆိုရင် ဘာပဲလုပ်လုပ် အကုန်လုံး၊ ပြီးနေတာကိုးဗျ။
ဦးရော်နီညိမ်း။ ။ ပါလီမန်ဒီမိုကရေစီခေတ်၊ ၁၉၅၀ ခုနှစ်တွေရဲ့ နှောင်းပိုင်းတွေမှာ၊ ကျူးကျော်လာတဲ့ တရုတ်ဖြူကို မောင်းထုတ်တဲ့ စစ်ဆင်ရေးကြီးတွေမှာ၊ အထမ်းသမား ခေါ် ပေါ်တာတွေကို ဘယ်လိုနည်းနဲ့ ခေါ်ယူခဲ့သလဲ ဆိုတာကိုတော့ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သူ အငြိမ်း စားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက အခုလို ပြောခဲ့ဖူးပါတယ်။
ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အခုလို အဓမ္မလုပ်အားပေး ဆွဲတာ မရှိဘူး ဗျ။ ကျနော်တို့တုန်းက သွားတာက အဲဒီတုန်းက ပါလီမန်ဒီမိုကရေစီခေတ်က သူတို့ဖွဲ့ထားတဲ့ TUCB (Trade Unions Confederation of Burma မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်) တို့ ဘာတို့ရှိတယ်။ Trade Union (အလုပ်သမားသမဂ္ဂ)တွေ ရှိ တယ်။ အဲဒီတော့ သူတို့က နေပြီးတော့ သူတို့နည်းသူတို့ဟန်နဲ့ မြို့နယ်တွေ မြို့တွေမှာရှိတဲ့ Trade Unionနဲ့ ဆက်သွယ်ပြီးတော့ အလှည့်နဲ့ လုပ်အားပေးတာတွေ ရှိတယ်။
ပေးတဲ့အခါမှာ သူတို့ကိုလည်း ကျနော်တို့က သတ်မှတ်ထားတဲ့ရည်ရွယ်ချက်အတိုင်းပဲ၊ တစ်ယောက်ကို ဘယ်သူ့မှ နှစ်ပတ်ကျော်သုံးပတ်ကျော် မခိုင်းဘူး။ ဟိုကအသစ်ဝင်လာရင် သူတို့ကို လဲပေးလိုက်တယ်။ ပြီးတော့ သူတို့ရရမယ့်ငွေနဲ့ပတ်သက်တာအားလုံးလည်း အထောက်အပံ့အကုန်လုံး အပြည့်ပေးတဲ့အပြင် ရိက္ခာကိုက ကျနော်တို့နည်းတူလို ပေးတဲ့ရိက္ခာမျိုးဗျ။ အဲဒီတုန်း က ဘယ်လိုပဲပြောပြော၊ ဒီလို ပေါ်တာတွေ ယူပြီးလာရငြားသော်လည်းပဲ ဒီလူတွေကို ကျနော်တို့က စစ်တပ်က ချွေးတပ်ဆွဲတာ မဟုတ်ဘူးဗျ။ အဲဒီတော့၊ သိပ် ခြားနားတယ်။ အခုဟာက ဒီလို မဟုတ်ဘူး။ တခါထဲ ဟို ရုပ်ရှင်ရုံပိတ်ဆွဲ၊ ဟိုဟာပိတ် ဆွဲ၊ လမ်းပိတ်ဆွဲ။ အဲဒါတွေက မဟုတ်ဘူး။ ကျနော်တို့တုန်းက အဲဒီလိုကို မရှိဘူး။ အဲဒါမျိုး ကြားလည်း မကြားဖူးဘူး။
ကျနော်တို့ ပြောလိုက်တာက အဲ့ဒီမှာ သက်ဆိုင်ရာဒေသမှာ ရှိနေတဲ့ Trade Union ကို။ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကို။ ကျနော်တို့က သူတို့ Trade Union ကို တိုက်ရိုက်ပြော တာ မဟုတ်ဘူး။ အုပ်ချုပ်ရေးပိုင်းကို ကျုပ်တို့ ဒီ စစ်ဆင်ရေးခွင်အတွက် အထမ်းသမားနဲ့ ပတ်သက်လို့ တပ်ခွဲ တစ်ခွဲမှာ နှစ်ဆယ်၊ အစိတ်လိုတယ်။ ဒါကြောင့်မို့ အားလုံးပေါင်းရင်တော့ (၈၀)/(၁၀၀) မျှလိုတယ် ဆိုရင် ကျနော်တို့က သွားပြီးတော့ အိမ်တွေမှာ ဆွဲရတာ မဟုတ်ဘူးဗျ။ အဲဒီ အုပ်ချုပ်ရေးပိုင်းကို ပြောလိုက်ရင် အုပ်ချုပ်ရေးပိုင်းက လူက သူ Trade Union တို့ ဘာတို့နဲ့ စီစဉ်ပြီးတော့ သူတို့ဟာ သူတို့ voluntarily လာ တာဗျ။ War Office (စစ်ရုံးချုပ်) က ထုတ်ပြန်ထားတဲ့ WORKAI တို့ Order တို့က သူတို့နဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေက အပြည့်ဗျ။
နောက်တစ်ခုက သူတို့ကိုလည်း ကျနော်တို့က ကတိတစ်ခုပေးတာက ဥပမာ Phase One (စစ်ဆင်ရေးရဲ့ပထမအဆင့်)ပြီးရင် မင်းတို့ကို ပြန်ပို့မယ်၊ နောက်လူက Phase Two (စစ်ဆင်ရေးရဲ ့ဒုတိယအဆင့်)မှာ ဘယ်လောက် ရောက်လာမယ်။ အဲဒီတော့ သူတို့ ရောက်လာရင် မင်းတို့ Phase One ပြီးရင် ပြန်ကြ။ ဆိုတော့ သူတို့ကလည်း သူတို့ အသိက Phase One ပြီးရင် ပြန်ရမယ်ဆိုတာ သိတဲ့အတွက် သူတို့ကိုလည်း ကတိအတိုင်း ကျနော်တို့က ပြန်စေရတယ်။ မပြန်လို့လည်း မရဘူးဗျ။ မပြန်ရင် ခင်ဗျား Trade Unionက လွှတ်တော်တက်ပြီး အော်မှာ။ ခင်ဗျား ဒါ ဒီမိုကရေစီဗျ။ ပြည်သူလူထုရဲ့ အသံက အဓိက။ အဲဒီတော့ ကျနော်တို့အားလုံးက စစ်သည်တော်တွေ ဖြစ်ငြားသော်လည်းပဲ ကျနော်တို့ ကိုယ်တိုင် က ဗီဇ၊ မိဘဖြစ်လာခဲ့တဲ့ ပြည်သူပြည်သားရဲ့ သဘောသဘာဝကို ခန္ဓာကိုယ်ထဲမှာ၊ “ငါ” ပြည်သူ ပြည်သား၊ “ငါ” ပြည်သူပြည်သား၊ “ငါ” ပြည်သူပြည်သား၊ “ငါ” လူတန်းစားတစ်ရပ် မဟုတ်ဘူး၊ “ငါ” လူတန်းစားတစ်ရပ် မဟုတ်ဘူး ဆိုတာ၊ ရင်ထဲမှာ အစဉ်သိမ်းပိုက်ပြီးသား ဖြစ်ရမယ်ခင်ဗျ။
ဦးရော်နီညိမ်း။ ။ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦ ပြောကြားခဲ့တာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို မြန်မာ့တပ်မတော်က ကျူးလွန်နေမှုတွေဟာ ၁၉၆၀ ခုနှစ်တွေက စစ်ဆင်ရေးတွေမှာ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ တပ်မတော်ဟာ စစ်အောင်ဖို့ကိုသာ အဓိကထားပြီး စစ်ရေးအမြင်နဲ့ လုပ်ဆောင်ခဲ့သမျှတွေထဲက ပြည်သူလူထုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ကြတာမှာ တံခါးပိတ်ဝါဒကျင့်သုံးခဲ့တဲ့ ၁၉၆၂ ခုနှစ်ကစလို့၊ ပြင်ပကမ္ဘာနဲ့ထိတွေ့မှု နည်းပါးလှတဲ့အတွက် ဒါတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေလို့ အသေအချာ နားလည်သိရှိခြင်း မရှိတာကလဲ အကြောင်းရင်းတရပ် ဖြစ်နေပါတယ်။ စစ်ရေးအရ စစ်အောင်ဖို့သာ အဓိကဖြစ်တယ်လို့ ယူဆကြတာကြောင့် စစ်ဆင်ရေးအတွက် (လူထုကို) အထမ်းသမားပေါ်တာတွေအဖြစ် အတင်းအဓမ္မ ခေါ်ဆောင်သွားတာမျိုးဟာ အပြစ်မရှိဘူးလို့ ခံယူလာကြရာဂာနေ တစစ ရန်သူ့အပေါ် စစ်နိုင်ဖို့ ဘာပဲလုပ်လုပ် တရားတယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေနဲ့ ပိုမိုဆိုးဝါးလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ကျူးလွန်ခဲ့ကြတာ ဖြစ်ပြီးတော့၊ တပ်မတော်ထဲမှာ တပ်မတော်သားချင်းဖြစ်စေ၊ ပြည်သူလူထု အပေါ်မှာ ဖြစ်စေ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဖြစ်ပျက်ခဲ့သမျှ ဖြစ်ရပ်မှန်အတိုင်း အများပြည်သူ သိရှိထားခြင်းအားဖြင့် နောင် ဒါမျိုးတွေ မဖြစ်ပေါ်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရာမှာ အထောက်အကူ ဖြစ်ပါတယ်။
လက်ရှိ မြန်မာ့တပ်မတော်ရဲ့စစ်ခေါင်းဆောင် အသစ်တွေဟာ တရုတ်ဖြူကျူးကျော်မှုကို တွန်းလှန် တိုက်ထုတ်ခဲ့စဉ် ကာလက တပ်မတော်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုမျိုး ပြန်လည်ရရှိအောင် တပ်မတော်ထဲမှာ စိတ်ဓာတ်ရေးရာပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ကြရေးကို စဉ်းစားလာကြလာလေ မလား၊ မျှော်လင့်ရင်းနဲ့ပဲ ဒီသီတင်းပတ်အတွက် “တပ်မှူးတပ်သား ပြောစကား”အပတ်စဉ်ကဏ္ဍကို ဒီမှာတင်ပဲ ရပ်နား ခွင့်ပြုပါ။ ကျနော် ရော်နီညိမ်းပါ။