သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်သန်းရွှေ နဲ့ ဒီကနေ့ တပ်မတော်


အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်သန်းရွှေ နဲ့ ဒီကနေ့ တပ်မတော်
အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်သန်းရွှေ နဲ့ ဒီကနေ့ တပ်မတော်

မြန်မာနိုင်ငံရဲ့ လက်ရှိစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို မှေးမိန်ပျောက်ကွယ် သွားအောင် လုပ်ဆောင်နေတာနဲ့ ပတ်သက် ပြီး၊ ခေတ်သစ် မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့၊ ရဲဘော်သုံးကျိပ်ဝင် အငြိမ်းစား ဗိုလ်မှူးချုပ်ကျော်ဇောအပါအဝင် တခြားတပ်မတော်အရာရှိ ဟောင်းတွေနဲ့ ဗီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းမေးမြန်းဆွေးနွေးထားတာကို၊ ဗီအိုအေ မြန်မာပိုင်းက မနှစ်က အာဇာနည်နေ့မှာ "မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း" ကဏ္ဍ ကနေ ထုတ်လွှင့်ခဲ့ပါတယ်။ ဒီနှစ် ဇူလိုင်လ(၁၉) ရက်နေ့မှာကျရောက်တဲ့ (၆၃)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်၊ ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍ မှာ၊ ဒီအစီအစဉ်ကို ပြန်ပြီး ထုတ်လွှင့်လိုက်ပါ တယ်။

ဦးရော်နီညိမ်း။ ။ မြန်မာ့လွတ်လပ်ရေးဗိသုကာနဲ့ မြန်မာ့တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်တွေဟာ ဒီကနေ့ မြန်မာနိုင် ်ငံမှာ အစီအစဉ်ရှိရှိနဲ့ မှေးမှိန်ပျောက်ကွယ်သွားအောင် လုပ်ဆောင်ခြင်း ခံနေကြရပါပြီ။ အထူးသဖြင့် ဒီကနေ့ မြန်မာ့တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်လိုအခန်းကဏ္ဍမှာ ထားရှိနေကြတယ်ဆိုတဲ့ အကြောင်းအရာကို ဗမာ့တပ်မတော် ရဲ့ ခေတ်ဦး၊ ခေတ်လယ်၊ လက်ရှိခေတ်တွေကိုဖြတ်သန်းခဲ့တဲ့ တပ်မတော်အရာရှိဟောင်းတွေနဲ့ ကျနော်ဆက်သွယ် ဆွေးနွေးထားပါတယ်။ ပထမဦးဆုံးတော့ ဗမာ့တပ်မတော်ကို စတင်တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဝင် အငြိမ်းစားဗိုလ်မှူးချုပ်ကျော်ဇောကို ကျနော် ဆက်သွယ်ခဲ့ပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းအပေါ် သူ့ရဲ့ သဘောထား၊ ယုံကြည်ချက်နဲ့ ထင်မြင်ချက်၊ အာဇာနည်နေ့ အပေါ်သူ့ရဲ့အမြင်တွေ ကို အသံဖိုင်နဲ့ ပေးပို့ထားပါတယ်။ အရင်ဆုံး ဗိုလ်ချုပ် ကျော်ဇော ပြောဆိုတာကို နားထောင်ကြရအောင်ပါ။

ဗိုလ်ချုပ်ကျော်ဇော။ ။ ကျနော့်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်လို့ ယုံကြည်ချက်တစ်ခု စွဲစွဲမြဲမြဲ ရှိနေပါတယ်။ အဲဒါကတော့ ဗိုလ်ချုပ်သာ မကျဆုံးရင် ဗမာပြည်မှာ စစ်အာ ဏာရှင်စနစ် မပေါ်ပေါက်နိုင်ဘူး။ ပြည်သူတွေလည်း ဒီလောက် ဆင်းရဲဒုက္ခရောက်မှာ မဟုတ် ဘူး။ ဒါကတော့ ကျနော့်ယုံကြည်ချက်ပါ။ ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးကို လက်နက်နဲ့ တိုက်ယူဖို့လိုတယ်လို့ သဘောပေါက်လာတော့ တခြား တိုင်းချစ်၊ ပြည်ချစ် ခေါင်းဆောင်များနဲ့ စုစည်းပြီး ဗမာ့တပ်မတော်ကို တည်ဆောက်ခဲ့တဲ့လူပါ။

ဦးရော်နီညိမ်း။ ။ ၁၉၄၅ ခုနှစ်မှာ ဗမာ့ကာကွယ်ရေးတပ်မတော် BDAက ဂျပန်ကို တော်လှန်ခဲ့တုန်းက၊ စပြီး တော်လှန်တိုက်ခိုက်ရမယ့် နေ့ မူလသတ်မှတ်တဲ့ ဧပြီ(၂)ရက်နေ့ အစား လုံခြုံရေး အခြေအနေအရ မတ်လ(၂၇)ရက်အဖြစ် ပြောင်းရွှေ့သတ်မှတ်ပေးဖို့ တော်လှန်ရေး စစ် တိုင်းကြီးအမှတ်(၄)ရဲ့တိုင်းမှူး အဲဒီအချိန်က ဗိုလ်မှူးကျော်ဇော တင်ပြခဲ့တာကို လက်ခံခဲ့တဲ့အထိ ဗိုလ်ချုပ်အောင်ဆန်းကလည်း ဗိုလ်ချုပ်ကျော် ဇောကို ယုံကြည်အားထားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားမှု၊ နိုင်ငံရေးယုံကြည်ချက်နဲ့ အရည်အချင်းတွေကို ဗိုလ်ချုပ်ကျော်ဇောက အခုလို ပြောပါတယ်။

ဗိုလ်ချုပ်ကျော်ဇော။ ။ ဗိုလ်ချုပ်ရဲ့စိတ်နေစိတ်ထားဟာ အလွန်ရိုးသားဖြောင့်မတ်ပြီး ဒီမိုကရေစီကိုလည်း ယုံကြည်သူဖြစ်ပါတယ်။ အရည်အချင်းအရလည်း တိုင်းပြည်ကို နှစ် အနည်းငယ်အတွင်းမှာ စည်းရုံးသိမ်းသွင်းနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ရဲ့ အခြေခံတိုင်း ချစ်ပြည်ချစ်စိတ်နဲ့ အရည်အချင်းတွေကို ယခုခေတ် တပ်မတော်သားများအပါအဝင် ဗမာပြည်သူအားလုံး လေ့လာအတုယူသင့်ပါတယ်။ ဒီ့အ တွက် အာဇာနည်နေ့အခမ်းအနားတွေကို ကောင်းကောင်းမွန်မွန်ကျင်းပပြီး လှုံ့ဆော်ပညာပေးသင့်ပါတယ်။

ဦးရော်နီညိမ်း။ ။ အာဇာနည်နေ့ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့ ဗိုလ်ချုပ်ကျော်ဇောရဲ့ပြောဆိုချက်ကို ကြားခဲ့ရတာပါ။ အဲဒီ နောက်မှာတော့ မြန်မာ့တပ်မတော်ရဲ့ ခေတ်လယ်လို့ပြောလို့ရတဲ့ ၁၉၆၀ခုနှစ်မှာ OTS အပတ်စဉ်(၂၆)ကနေ ဗိုလ်သင်တန်းဆင်း၊ တပ်မတော်အရာရှိဖြစ်လာပြီးတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ စစ်ဦးစီးမှူးပထမ တန်း G(1)အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးအေးမြင့်ကိုလည်း သူတို့ခေတ်က တပ်ထဲကအာဇာနည်နေ့အကြောင်း သိနိုင်ဖို့ ကျနော် ဆက်သွယ်မေး မြန်းခဲ့ပါတယ်။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ဪ ဗိုလ်ချုပ်က တို့တိုင်းပြည်ရဲ့ လွတ်လပ်ရေးဗိသုကာ၊ ဒါတင်မကဘူးလေ၊ တို့တပ်မတော်ရဲ့ ဖခင်ကြီးဆိုတော့ တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျဆုံးတဲ့နေ့ အာဇာနည်နေ့မှာတော့ တပ်တိုင်း၊ တပ်တိုင်းက ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ စစ်ရေးပြအခမ်းအနားတွေ ဘာတွေ လုပ်ကြတာပေါ့လေ။ နော်။ နောက်ပြီးတော့ တပ်ထဲ မှာ ဆွမ်းကျွေးတာတို့ ဒါတွေတော့ လုပ်ကြတာပါပဲ။ ထုံးစံကတော့။

ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ အဲဒီထုံးစံမျိုးက အခုမရှိတော့ဘူး ဖြစ်နေတယ်။ အဲဒီထုံးစံမျိုးကိုလည်း မလုပ်ရဘူးဆိုတဲ့ ညွှန်ကြားချက်တွေ၊ အမိန့်တွေနဲ့ ဖြစ်နေတဲ့အတွက်ကြောင့် မို့ အခုဟာထုံးစံဆိုတာ သူတို့အတွက် တအံ့တသြကြီး ဖြစ်နေတယ်။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ဟိုတုန်းကတော့ အာဇာနည်နေ့မှာ ဘာမလုပ်ရ၊ ညာမလုပ်ရ ဆိုတာမျိုး တပ်ထဲမှာ တစ်ခါမှ အထက်ဌာနချုပ်တွေက ညွှန်ကြားပြီး ပိတ်ပင်တာ မျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး၊ ကိုယ်တို့ခေတ်မှာတော့။ ဒီခေတ်မှာရှိတာကတော့ အတော်အံ့သြဖို့တော့ ကောင်းတယ်။ အဲ ဒီကောင်တွေသိဖို့ကောင်းတာက ဗိုလ်ချုပ်အောင်ဆန်းတည် ထောင်ခဲ့တဲ့ တပ်မတော်ရှိခဲ့လို့သာ သူတို့ ဒီကနေ့ ရာထူးစည်းစိမ်တွေ ရနေကြတာပဲ။ ဒါကိုမှ ကျေးစွပ်တဲ့သဘောတွေ ရောက်တာပေါ့လေ၊ ဒီဥစ္စာကတော့။

ဦးရော်နီညိမ်း။ ။နောက်ထပ် ကျနော်ဆက်သွယ်ခဲ့သူကတော့ မြန်မာ့တပ်မတော်ရဲ့ခေတ်လယ်အလွန် ၁၉၇၉ခုနှစ်မှာ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အမှတ်စဉ်(၂၀)က ကျောင်း ဆင်းခဲ့ပြီး ခြေလျင်တပ်မှာ တာဝန်ထမ်းဆောင်နေရာက၊ တပ်မတော်ထောက်လှမ်းရေးညွှန်ကြား ရေးမှူးရုံးမှာ စစ်ဦးစီးမှူး(ဒုတိယတန်း) အဖြစ်နဲ့ စစ်အစိုးရခေါင်းဆောင်တွေနဲ့ နီးနီးကပ် ကပ် တာဝန်ထမ်းဆောင်ဖူးပြီးတော့ ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာလည်း သံမှူးကြီးဖြစ်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ပါ။

ဦးအောင်လင်းထွဋ်။ ။ ကျနော် ၁၉၉၂ခုနှစ် မေလမှာ ကျနော် ဒီစစ်ရုံးကို စရောက်ပါတယ်။ ၁၉၉၂ ခုနှစ် ဧပြီလမှာ ဗိုလ်ချုပ်ကြီးသန်းရွှေ စပြီးတော့မှ အာဏာရယူပါတယ်။ သူ စရောက်ရောက်ချင်းပဲပေါ့လေ၊ နံပါတ်(၁)က သူတက်လာတဲ့အချိန်က စပြီးတော့မှ အမိန့်ပေးတာ၊ အဲဒါ က တပ်တွင်းအမိန့်ကော တစ်နိုင်ငံလုံးကို အမိန့်ပေးတာကတော့၊ ဓါတ်ပုံကိစ္စ ပေါ့လေ။ အရင်တုန်းက၊ ဒီ ဗိုလ်ချုပ်မှူးကြီးစောမောင်လက်ထက် တုန်းက ဒီ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်နေဝင်းပုံ နှစ်ပုံရဲ့အောက်မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ပုံကို ထားပါတယ် ခင် ဗျ။ ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာတဲ့ အချိန်အခါက စပြီးတော့မ၊ှ ဗိုလ်ချုပ်အောင်ဆန်းပုံလည်း မမြင်ချင်ဘူး။ ဗိုလ်ချုပ်နေဝင်းပုံလည်း မမြင်ချင်ဘူး။ ငါ့ပုံ တစ်ပုံတည်းပဲ ချိတ်ရမယ်၊ အ စည်းဝေးခန်းမတွေ၊ နိုင်ငံတော်အခမ်းအနားတွေမှာ သူ့ပုံတစ်ပုံတည်းကလွဲလို့ ဘယ်ပုံမှ မချိတ်ရဘူး ဆိုပြီးတော့မှ ညွှန်ကြားခဲ့ပါ တယ်။

ဦးရော်နီညိမ်း။ ။ နှုတ်မိန့်လား ၊ စာနဲ့လား ခင်ဗျ။

ဦးအောင်လင်းထွဋ်။ ။ စာနဲ့တော့ မဟုတ်ပါဘူး ခင်ဗျ။ နှုတ်မိန့်ပါပဲ။ ဒါကြောင့်မို့လည်း ရုံးတွေမှာ၊ ကျနော်တို့ သံရုံးတွေမှာ ပြန်ကြည့်တဲ့ အခါမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံက ကျနော်တို့ Store(ပစ္စည်းသိုလှောင်ခန်း)ထဲမှာ ရောက်နေတာကို သွားတွေ့ရပါတယ်။ နံပါတ်(၂)ကတော့ တပ်မတော်မှာ ကျနော်တို့ နေ့စဉ် တန်းစီပြီးတော့မှ အလေးပြုတဲ့အခါမှာ၊ တန်းစီကွင်းမှာပေါ့လေ။ ပုံမှန်အလေးပြုတဲ့အခါတိုင်း ယခင်အချိန်က ဗိုလ်ချုပ်ကြီးစောမောင်လက်ထက်အထိကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသောရဲဘော်အပေါင်းအား အလေးပြု ဆိုပြီးတော့မှ အလေးပြုရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတက်လာတဲ့ နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ရှေ့ကစကားလုံးကို ဖြုတ်ခိုင်းပါ တယ်။ ဒါလည်း နှုတ်မိန့်ပါပဲ။ နောက်ပိုင်းမှာ ကျနော်တို့က ကျဆုံးလေပြီးသောရဲဘော်အပေါင်းအား အလေးပြုဆိုတဲ့ စကားအတိုင်းပဲ ရှေ့က နေပြီးတော့ တိုင်ပေးရတာ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒါတွေက အဲလိုဖြစ်ရတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက်တစ်ယောက်ကို မလိုလားတဲ့ သဘောတစ်ခု သက်သက်ပဲလား။

ဦးအောင်လင်းထွဋ်။ ။ လူအများကတော့ ထင်ကြတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို မှေးမှိန်အောင်လုပ်တယ် ဆိုပြီး တော့မှ အများက ထင်ကြပါလိမ့်မယ်။ တကယ်တော့ အဲဒါတစ်ခုတည်းတော့ မဟုတ်ပါဘူး ခင်ဗျ။ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ ပင်ကိုယ်စိတ်ဓာတ်ကိုက၊ သူသည် မြန်မာနိုင်ငံရဲ့ စတုတ္ထနိုင် ငံတော်ကို ထူထောင်တဲ့သူ ဆိုပြီးတော့မှ သူ့ကိုယ်သူ ခံယူထား တဲ့လူမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း တွေ့ပါလိမ့်မယ်၊ ဘုရင့်နောင်ပုံတို့ အလောင်းဘုရားပုံတို့ ရုပ်တုတွေပေါ့ လေ၊ ရှောက်ထုပြီးတော့မှ သူသာလျှင် စတုတ္ထမြောက်မြန်မာနိုင်ငံကို ထူထောင်တဲ့သူဆိုပြီးတော့မှ ဗိုလ်ချုပ်အောင်ဆန်းကိုပစ်ပယ်ပြီးတော့မှ၊ ဗိုလ်ချုပ်အောင်ဆန်းထက် သူက ပိုပြီး တော့မှ တော်တယ်၊ သူပိုပြီးတော့ လုပ်နိုင်တယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဒါပေမယ့် သမိုင်းမှာ ကျနော်တို့သင်ကြားခဲ့ဘူးတာ သူလည်း သင်ကြားခဲ့ဘူးမှာပါပဲ။ ပထမမြန်မာနိုင်ငံတော် က အနော်ရထာ၊ ဒုတိယမြန်မာနိုင်ငံ တော်က ဘုရင့်နောင်၊ တတိယမြန်မာနိုင်ငံတော်က အလောင်းဘုရား၊ နောက် ဗြိတိသျှနဲ့ဂျပန်လက် အောက်ကလွတ်ပြီး လွတ်လပ်ရေးရအောင်လုပ်ဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင် ဆန်းကို စတုတ္ထမြန်မာနိုင်ငံ၊ ခေတ်သစ် မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့သူလို့ ကျနော်တို့အားလုံး သိနားလည်ခဲ့တယ်။ အဲဒီတော့ စတုတ္ထမြန်မာနိုင်ငံတော်ကို သူထူထောင်တယ် လို့ အထင်ရောက်နေအောင် ဘယ်လိုအကြောင်းအချက်တွေက သူ့အတွက် စေ့ဆော်ပေးနေတယ်လို့ ယူဆပါသလဲ ခင်ဗျ။

ဦးအောင်လင်းထွဋ်။ ။ စစ်ရုံးမှာ ကျနော်တာဝန်ထမ်းဆောင်တဲ့ အချိန်အခါတစ်ခုအတွင်းမှာတော့၊ ဝန်ကြီးတစ်ယောက်က ကျနော့်ကို ပြန်ပြောခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမြင်ပေါ့လေ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်လိုမြင်သလဲဆိုတော့ “ဒီငတိ”သာ၊ ဒီ”ငတိ”ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကို ဆိုလိုတာပါ။

ဦးရော်နီညိမ်း။ ။ သူက အဲဒီစကား သုံးသလား။ ဗိုလ်ချုပ်အောင်ဆန်းကို ..

ဦးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ “ငတိ”ဆိုတဲ့ စကားသုံးတာပါ။ ဒီငတိသာ ဆက်ရှိနေလို့ရှိရင် အခု ငါလုပ်နေသလောက် သူ လုပ်နိုင်မှာ မဟုတ်ပါဘူးဆိုတဲ့ လေသံမျိုး ပြောခဲ့ဖူးတာကို ဝန်ကြီးတစ်ယောက်ဆီက တဆင့် ကျနော် ပြန်ပြီးတော့မှ ကြားခဲ့ဖူးပါတယ် ခင်ဗျ။ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ ဒီမိုကရေစီစကားမပြောတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းပင်လျှင် ဗိုလ်ချုပ်အောင်ဆန်းကို ပစ်ပယ်ခဲ့ခြင်းမရှိပါဘူး။ ဗိုလ်ချုပ်နေဝင်းလက်ထက်တုန်းက ကျနော်တို့ငယ်စဉ်တစ်လျှောက်မှာ စစ်တပ်မှာကော အရပ်ဖက်ရုံးတွေမှာကော၊ ဒီလို အာဇာနည်နေ့ တိုင်းမှာ သံဃာတော်တွေကို တပ်တိုင်းက ဆွမ်းကြွေးပြီးတော့အမျှပေးဝေရတဲ့ အစဉ်အလာ ရှိခဲ့ဖူးပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း လုပ်ခဲ့ဖူးပါ တယ်။ ယနေ့ခေတ် ယနေ့အခါပေါ့ လေ၊ ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာပြီးကတည်းက၊ အဲဒါတွေဟာ မလုပ်ရဘူးဆိုတဲ့ နှုတ်မိန့်အရ အလိုလို ပျောက်သွားရခြင်းဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေကို ပစ္စည်းအဟောင်းတွေထားတဲ့ စတိုခန်းတွေထဲမှာ ပစ်ထားတာတွေ့ရလို့ နောက် ထပ်စိတ်မကောင်းဖြစ်ခဲ့ရသူတစ်ဦး က တော့ ၁၉၉၀နှစ်တွေမှာ စစ်တက္ကသိုလ်ဗိုလ်သင်တန်းတက်ခဲ့ပြီးတော့၊ မကြာသေးခင် နှစ်အနည်းငယ်ကမှ တပ်မတော်ကထွက်ခွါလာခဲ့သူ လူငယ်အရာရှိဟောင်းတစ်ဦးပါ။ သူဟာ အာ ဇာနည်ဗိမာန်ကိုလည်း နှစ်စဉ် သွားရောက် အလေးပြုနေပြီးတော့ သူ့ရဲ့ခံစားချက်နဲ့ နိုင်ငံရေးအမြင်တွေကိုလည်း ညီတိုးငြိမ်းဆိုတဲ့ နာမည်နဲ့ မြန်မာဘလောဂ့်တစ်ချို့မှာ ရေးသားနေပါ တယ်။ သူ့ကိုလည်း ကျနော် ဆက်သွယ်ဆွေးနွေးထားပါတယ်။

ကိုညီတိုးငြိမ်း။ ။ကျနော်တပ်ထဲမဝင်ခင်ကတည်းက ငယ်စဉ်ဘဝကတည်းက ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့အထ္ထုပတ္တိကို ဖတ်ရှု လေးစားအားကျခဲ့လို့ တပ်ထဲဝင်ခဲ့တာပါ။ တပ်မတော်ထဲရောက်တော့ စစ်တက္ကသိုလ်ကို ရောက်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ တိမ်မြုပ်အောင်လုပ်နေတာ တွေ့ရတော့ စိတ်မကောင်းဘူးဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဘယ်လိုများတွေ့ရလို့ လဲခင်ဗျ၊ လက်တွေ့နမူနာတစ်ခု ပြောပြပေးပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့အခန်းကဏ္ဍကို တိမ်မြုပ်အောင် လုပ်နေတာကို၊ လက် တွေ့ကြုံခဲ့ရတဲ့ ဥပမာလေးတစ်ခု ပြောပြပါဦး။

ကိုညီတိုးငြိမ်း။ ။ ဥပမာ ကျနော်တို့ဗိုလ်လောင်းအဆောင်တွေမှာ စတိုးခန်းကြီးတွေ ရှိတယ်ခင်ဗျ။ ဗိုလ်လောင်းပစ္စည်းအဟောင်းအမျဉ်း တွေထားတဲ့ စတိုးခန်းကြီးတွေမှာ၊ ပစ္စည်းအဟောင်းပုံတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ တွေ့ခဲ့တဲ့နေ့ကစပြီး ကျနော်စိတ်မကောင်းဖြစ်မိ တာပါ။ အမှန်တကယ်က ဒါတွေကို အထင်ကရ အဆောက်အအုံကြီးတွေလို နေရာမျိုးမှာ တခမ်းတနား ချိတ်ဆွဲထားသင့်တဲ့ ကျနော်တို့ခေါင်းဆောင်ရဲ့ပုံကို ပစ္စည်းအဟောင်းပုံထဲမှာ တွေ့ရတဲ့အခါ၊ စပြီး ခံစားရတာပေါ့။ ကျနော်တို့ ခြေလျင်တပ်တွေမှာလည်း ချိတ်ခွင့်မရှိတော့ဘူးလေ၊ ဘယ်သူမှလည်း မချိတ်ကြတော့ဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဗိုလ်ကြီး စစ်တက္ကသိုလ်တက်ခဲ့တုန်းက ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံဟာ စစ်တက္ကသိုလ်မှာ မချိတ်ရတော့ ဘူးဆိုတဲ့အမိန့် ထုတ်ထားပြီးပြီလား ခင်ဗျ။

ကိုညီတိုးငြိမ်း။ ။ ဒီပုံကို ချိတ်ပါဆိုပြီးတော့ ပုံတစ်ပုံ အစားထိုးခိုင်းတော့ လက်ဟောင်းပုံကို ဖြုတ်ချရမယ် ဆိုတာကို အားလုံးသိကြတယ်လေ။

ဦးရော်နီညိမ်း။ ။ စစ်တက္ကသိုလ်မှာ ဒါဆို ဗိုလ်ချုပ်အောင်ဆန်းပုံ တစ်ပုံမှ ဘယ်မှာမှ ချိတ်ဆွဲထားတာ မရှိတော့ဘူးလားခင်ဗျ။

ကိုညီတိုးငြိမ်း။ ။ မတွေ့ဘူးခင်ဗျ၊ မတွေ့ဘူး၊ “အောင်ဆန်းခန်းမ”ဆိုတဲ့ ဆိုင်းဘုတ်တောင်မှ ယိုယွင်းပျက်စီးပြီးတော့ ရေညှိတက် စုတ် ပြတ်နေပြီ။ အလေးထား မထား ဆို တာ ဒါကိုကြည့်ရင် သိနိုင်တယ်။ ကြေးရုပ်တောင်မှ တူးဖယ်မရလို့ ဖြစ်ပါလိမ့်မယ်၊ အခုတော့ ရှိမရှိ မသိ ဘူး။ ကျနော်တို့တုန်းကတော့ ကြေးရုပ်ရှိသေးတယ်။ ကျနော်တို့ကတော့ အမြဲသွားပြီး သန့်ရှင်းရေးလုပ်ပါတယ်။ ကျနော်တို့ ဖခင်ဗိုလ်ချုပ်၊ တပ်မတော်ရဲ့ ဗိုလ်ချုပ်၊ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်၊ ဘယ်သူမှ အလေးမပြုလျှင်နေ၊ ကျနော်တို့ကတော့ အလေးပြု မယ်။ ကျနော်တို့ကတော့ ဘယ်တော့မှလည်း မေ့ပျောက်မှာ မဟုတ်ဘူး။

ဦးရော်နီညိမ်း။ ။ အခု ဗိုလ်ကြီး တပ်မတော်ကနေ ထွက်ပြီးတဲ့နောက်မှာ၊ အာဇာနည်ဗိမာန်ကို မှန်မှန်သွားပြီးတော့ နှစ်စဉ်နှစ်တိုင်း အလေးပြုတယ်လို့ ကျနော်တို့ သိရပါတယ်။

ကိုညီတိုးငြိမ်း။ ။အဓိက ကတော့ သားစဉ်မြေးဆက် ဂုဏ်ယူလေးစား စံထားအပ်တဲ့ ကျနော်တို့ ဖခင်ကြီးရဲ့ သမိုင်းကြောင်း မမေ့ ပျောက်စေချင်တာရယ်၊ သူ့ရဲ့စိတ်ဓာတ်တွေ၊ သူ့ရဲ့ တိုင်းပြည်အပေါ် ဖြစ်စေချင်တဲ့ စေတနာတွေကို ကျနော်တို့ ခေတ်အဆက်ဆက် မျိုးဆက် သစ်တွေကို လက်ဆင့်ကမ်းရယူနိုင်တဲ့ အစဉ်အလာတွေပေါ်အောင်၊ နောက်ပြီးတော့ အထိမ်းအမှတ်ဆိုတာ နှစ်စဉ်နှစ်တိုင်း အခါမပြတ်လုပ် သင့်တယ်လေ။ ကျနော်က တပ်ထဲမှာတုန်းကတော့ အာဇာနည်ကုန်းကို တစ်ခေါက်မှ မရောက်ဖူးပါဘူး။ ရန်ကုန်ဆိုတာကို မလာနိုင်ဘူးလေ။ မနှစ်က အာဇာနည်ကုန်းကို ကျနော် သွားအလေးပြုတယ်၊ မနက်ဖြန်လည်း ကျနော်သွားမှာပါ၊ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်သွားမှာပါ၊ သွားအလေး ပြုမယ်၊ ဖြစ်အောင်ပြု မယ်၊ ဘယ်လောက်ပဲ တားဆီးကန့်သတ်ပါစေ။

ဦးရော်နီညိမ်း။ ။ မြန်မာ့လွတ်လပ်ရေးဗိသုကာနဲ့ မြန်မာ့တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ဒီကနေ့ ဗမာ့တပ်မတော်ထဲမှာ ဘယ်လိုပင် သေးသိမ်မှေးမှိန်အောင် အစီ အစဉ်ရှိရှိ စနစ်တကျ လုပ်ဆောင်နေပေမယ့်လည်း ညီတိုးငြိမ်းလို လူငယ်တပ်မတော်သားတွေ မြန်မာ့တပ်မတော်ထဲမှာ အများအပြား ရှိနေသေးကြောင်း တင်ပြရင်းနဲ့ ဒီမှာတင်ပဲ ရပ် နားခွင့်ပြုပါခင်ဗျား။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG