၁၉၇၆ခုနှစ်က ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေါင်းဆောင်တွေကို လုပ်ကြံရန်ကြံစည်မှုမှာ ပါဝင်ခဲ့သူ၊ OTS ဗိုလ်သင်တန်းအပတ်စဉ်(၃၀)က ဗိုလ်ကြီးဟောင်းဦးစိန်သောင်းက ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဘာကြောင့် ဒီအကြံအစည်မှာ လူငယ်တပ်မတော်အ ရာရှိတွေ ပါဝင်ခဲ့ကြသလဲဆိုတာကို ပြန်လည်သုံးသပ် ပြောပြထားပါတယ်။ “မကောင်းတဲ့ခေါင်းဆောင်ကို ဖယ်ရှားရုံနဲ့ တိုင်းပြည်ကောင်းအောင်လုပ်နိုင်သလား” ခေါင်းစဉ်နဲ့ ဆွေးနွေး တင်ပြချက် (တတိယပိုင်း)ကို ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ဦးရော်နီညိမ်း။ ။ ကိုယ်ယုံကြည်ကိုးစားအထင်ကြီးလို့ဝင်ခဲ့တဲ့ တပ်မတော်ဆိုတဲ့အဖွဲ့အစည်းထဲကို ရောက်ခဲ့ပြီးတဲ့နောက် တပ်မတော် ရဲ့ စွမ်းရည်သုံးရပ်ဖြစ်တဲ့ တိုက်ခိုက်ရေး စည်းရုံးရေး အုပ်ချုပ်ရေးစွမ်းရည်တွေနဲ့ ပြည့်စုံသူလို့ သတ်မှတ်ခြင်းခံခဲ့ရသူတစ်ဦးကတော့ ၁၉၆၄ ခုနှစ် OTSဗိုလ်သင်တန်းအပတ်စဉ်(၃၀)ရဲ့ အကောင်းဆုံးဗိုလ်လောင်းဆုရ ဗိုလ်ကြီးဟောင်းဦးစိန်သောင်းပါ။ ဦးစိန်သောင်းတို့နဲ့ သိပ်မကွာ ဘဲ နှစ်လလောက်စောပြီး ဗိုလ်သင်တန်းဆင်းခဲ့သူကတော့ OTSအပတ်စဉ်(၂၉)က ဗိုလ်ကြီးအုန်းကျော်မြင့်ပါ။ ၁၉၇၆ခုနှစ်မှာ ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့စည်းရုံးမှုအောက်မှာပါဝင်ခဲ့ပြီးတော့ နိုင်ငံတော်လုပ် ကြံမှုနဲ့ ပတ်သက်နေသူ လို့ တပ်မတော်ကနေထုတ်ပယ်ခြင်းခံရသူဟာ ဗိုလ်ကြီးအုန်းကျော်မြင့်နဲ့ရင်းနှီးလှတဲ့ ဗိုလ်ကြီးဟောင်းဦးစိန်သောင်း ပဲ ဖြစ်ပါတယ်။
ဦးစိန်သောင်း။ ။ ကျနော်တို့က ဒီလိုဗျ။ တပ်ထဲဝင်တော့ အပတ်စဉ် (၂၉)ရယ် (၃၀)ရယ် (၃၁)ရယ်က ခေါ်တုန်းက အတူတူခေါ်ကြ တယ်။
ဦးရော်နီညိမ်း။ ။ ဦးစိန်သောင်း ခင်ဗျား။ အဲဒါဆိုလို့ရှိရင် ဒီBatchသုံးခုဟာ တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့ပုဂ္ဂိုလ်တွေ လာတာဖြစ်တဲ့ အတွက်ကြောင့်မို့ တက္ကသိုလ်မှာကျတော့ တစ်ယောက်နဲ့တစ်ယောက် နှစ်တူတွေလား ခင်ဗျ။
ဦးစိန်သောင်း။ ။ နည်းနည်းပါးပါးတော့ တစ်နှစ် နှစ်နှစ်လောက်တော့ ကွာနိုင်တယ်။ တက္ကသိုလ်ရောက်တာ ၁၉၅၈-၅၉ ရောက်တယ် လေ။ ဘွဲ့ရတော့ ၁၉၆၁-၆၂မှာရပြီးတော့ တစ်ခါထဲတန်းဝင်တော့ ၁၉၆၃မှာ ဗိုလ်သင်တန်းမှာရောက်သွားတယ်ပေါ့။
ဦးရော်နီညိမ်း။ ။ ဦးစိန်သောင်းတို့ တပ်ထဲဝင်တဲ့အချိန်က ဗမာ့ကျောင်းသားသမိုင်းမှာ အရေးအကြီးဆုံးသမိုင်းအချိုးအကွေ့တစ်ခု ဖြစ်တဲ့ 7th July ဖြစ်ပြီးခါစလို့ သွားတွေ့ရပါတယ်။ အဲဒီတော့ 7th July ဖြစ်ပြီးခါစမှာ ဦးစိန်သောင်းတို့တပ်ထဲကိုဝင်တဲ့အခါမှာ ဘယ်လိုအ မြင်ရှိပါသလဲခင်ဗျ။ ဒီ တပ်မတော်နဲ့ တပ်မတော်ခေါင်းဆောင်တွေကို၊ ဒီအဖွဲ့အစည်းထဲကို ၀င်မယ်လို့ ပြင်တဲ့အချိန်မှာ ဘယ်လိုအမြင်ရှိပါသ လဲ ခင်ဗျ။
ဦးစိန်သောင်း။ ။ ကျနော်တို့ Union(ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦး)မှာ။ Unionဆိုတာ မန္တလေးဆောင်နဲ့မျက် နှာချင်းဆိုင်။ Unionကြီးကို ဖျက်လိုက်တယ်။ မန္တလေးဆောင်ရှေ့မှာ ပစ်တယ်။ Main(ပင်မရန်ကုန်တက္ကသိုလ်)မှာ၊ မန္တလေးဆောင်နားမှာ အစက အ၀ိုင်းလေးဆိုတာ ရှိတယ်လေ။ စာတိုက်ရဲ့ဘေးနားမှာ အ၀ိုင်းလေး။ အ၀ိုင်းလေးရဲ့နားကနေ ဒီကောင်တွေက ပစ်တာခတ်တာလုပ် တော့ ကောင်းကောင်းအနိဌာရုံတွေကိုသိပြီးတော့ ရက်စက်မှုတွေကို ကိုယ်တိုင် တွေ့မြင်ကြားသိရတဲ့ အခြေအနေမျိုးမှာ ရှိခဲ့တယ်ပေါ့ဗျာ။
ဦးရော်နီညိမ်း။ ။ ဦးစိန်သောင်းတို့နဲ့သိပ်မကွာတဲ့ ဦးစိန်သောင်းတို့ ရှေ့အပတ်စဉ် OTSအပတ်စဉ်(၂၉)က ဗိုလ်ကြီးအုန်းကျော်မြင့်ကျ တော့ မန္တလေးတက္ကသိုလ်က လာတာ။
ဦးစိန်သောင်း။ ။ မှန်ပါတယ်။ မန္တလေး တက္ကသိုလ်ကပါ။
ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးအုန်းကျော်မြင့်လည်းပဲ သူလည်း ထူးချွန်သူတစ်ယောက်ဖြစ်လို့ပဲ ဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့ကာကွယ် ရေးဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိဖြစ်လာတာ ပေါ့။ ဦးစိန်သောင်းဆိုရင် ဗိုလ်သင်တန်းအပတ်စဉ်(၃၀)ရဲ့ အကောင်းဆုံးဗိုလ်လောင်းဆု Best Cadetကို ရရှိခဲ့တဲ့သူလည်း ဖြစ်တယ်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ၁၉၇၆ခုနှစ်အချိန်မှာတော့ နိုင်ငံတော်ကာကွယ်ရေးတက္က သိုလ် ကျောင်းအုပ်ကြီးပေါ့နော်၊ အဲဒီလို လူကြီးအနားမှာ ကိုယ်ရေးအရာရှိဖြစ်လာခဲ့တယ်ဆိုတာက ဘယ်လိုအနေအထားမျိုး၊ ဘယ်လို အ ရည်အချင်းမျိုးတွေရှိမှ လူကြီးတွေရဲ့ ယုံကြည်စိတ်ချမှုကို ရရှိပါသလဲ။
ဦးစိန်သောင်း။ ။ ဟုတ်ကဲ။့ ကျနော်တို့ခေတ်မှာတော့ ကျနော်ဆိုရင် အခု Special Force 108 (အထူးတပ်ဖွဲ့ ခြေမြန်တပ်ရင်း - ခမရ ၁၀၈) ကနေပြီးတော့ ကျနော့်ကို PSO (Personal Security Officer) အနေနဲ့ လှမ်းခေါ်လိုက်တာ။ ကျနော်တို့က ပထမ တပ်မ(၇၇) မဖွဲ့ခင်တုန်းကတော့ တိုင်းတွေအောက်မှာ ကျနော်တို့ လုပ်ရတာပေါ့။ ကရင်ပြည်နယ်ဆိုရင် ရတခ(အရှေ့တောင်တိုင်း စစ်ဌာနချုပ်)ရဲ့ အောက်မှာလုပ်ရတယ်။ ရိုးမကိုသွားလို့ရှိရင် အလယ်ပိုင်းတိုင်းရဲ့ အုပ်ချုပ်ရေးအောက်မှာ ကျနော်တို့က လှုပ်ရှားရတယ်။ အဲဒီတော့ အဲဒီ မှာ လှုပ်ရှားတဲ့အခါမှာ လူငယ်အရာရှိတွေကို ကျနော်တို့ကိုကွပ်ကဲတဲ့ တပ်ခွဲမှူးတွေ၊ စစ်ကြောင်းမှူးတွေ၊ တပ်ရင်းမှူးတွေကတဆင့် စွမ်းရည်သုံး ရပ်ကို မေးပြီးတော့မှ ကျနော်တို့ကို သူတို့နားကို ခေါ်ချင်တယ်ဆိုပြီး တပ်ရင်းမှူးရဲ့Agreementကို သဘောဆန္ဒကို ယူပါတယ်။ ကျနော်တို့ ဆီမှာ စွမ်းရည်သုံးရပ်ဆိုတာ တပ်မတော်သားတိုင်းသိပါတယ်။ တိုက်စွမ်းရည် ထူးချွန်လား၊ အုပ်ချုပ်ရေးစွမ်းရည် ထူးချွန်လား စသည်အား ဖြင့် ထူးချွန်တဲ့အပေါ်မူတည်ပြီးတော့ အထက်လူကြီးတွေက သူတို့လိုရင်လိုသလို ကျနော်တို့ကိုခေါ်ပြီးတော့ အသုံးပြုတဲ့သဘောရှိပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျနော် ဦးခင်မောင်ညွှန့်ဆီက သိရတာကတော့ သူတို့ခေတ်မတိုင်ခင်ကပေါ့နော်၊ ဥပမာ ဗိုလ်ချုပ် ကြီးနေ၀င်းအနားမှာ (Aid de Camp – ADC)(ကိုယ်ရေးအရာရှိ)လုပ်သွားတဲ့ ဗိုလ်ကြီးကျော်စွာမြင့်တို့ဆိုလို့ရှိရင် အဲဒီခေတ်က တပ်မတော် ထောက်လှမ်းရေးရုံးကနေ ရှာပေးရတယ်လို့ သိရပါတယ်။ "ဗိုလ်ချုပ်ကြီးနေ၀င်းအနားမှာတော့ ကိုယ်ရေးအရာရှိလုပ်ဖို့ တစ်ယောက်လိုနေ ပြီ၊ ရှာကြဟေ့" ဆိုရင် တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးက ရှာပြီးတော့မှ လူကြီးနားနေဖို့ သင်တော်တဲ့လူဆိုတဲ့မှတ်ချက်နဲ့ နေရာပေးခဲ့တာပေါ့နော်။ အဲဒီတော့ ဦးစိန်သောင်းတို့အချိန်ကျတော့ ဘယ်သူကဆုံးဖြတ်ပါသလဲခင်ဗျ။ ဥပမာ ဦးစိန်သောင်းဆိုလို့ရှိရင် ဗိုလ် မှူးကြီးမျိုးအောင်နားမှာ PSO လုပ်ရမယ်၊ ဗိုလ်ကြီးအုန်းကျော်မြင့်ဆိုလို့ရှိရင် ဗိုလ်ချုပ်ကြီးသူရကျော်ထင်ဆီမှာ PSOလုပ်ရမယ်ဆိုတာ။
ဦးစိန်သောင်း။ ။ အုန်းကျော်မြင့်က (၁၀၆)(အထူးတပ်ဖွဲ့ ခြေမြန်တပ်ရင်း - ခမရ ၁၀၆)ကပါ။ (၁၀၆)ဆိုတော့ တပ်မ(၇၇)ဖွင့်တော့ ကျနော်တို့ Special Force 101(အထူးတပ်ဖွဲ့ ခြေမြန်တပ်ရင်း - ခမရ ၁၀၁)ကနေ 109 (အထူးတပ်ဖွဲ့ ခြေမြန်တပ်ရင်း - ခမရ ၁၀၉)၊ ကိုး ရင်းရယ်၊ သနက (၁)၊ (၂)၊ (၆) ရယ် ကျနော်တို့ ဆယ့်နှစ်ရင်းကို ဗိုလ်မှူးကြီးတင့်ဆွေကနေပြီးတော့ တပ်မမှူးနဲ့သူက စဖွဲ့တယ်။ တပ်မ(၇၇) မှာ ဗိုလ်ချုပ်ကြီးကျော်ထင်က ဗျူဟာမှူးအနေနဲ့ သူက (ခမရ ၁၀၆)အပါအ၀င် တပ်ရင်းသုံးလေးရင်းကို အုပ်ချုပ်ကွပ်ကဲပြီးတော့ အရာရှိငယ် တွေကို သူသိပါတယ်။ ဗိုလ်ချုပ်ကြီးကျော်ထင်နဲ့သာ ကျနော် လုပ်ဖူးတာ။ Field Service (စစ်မြေပြင်အတွေ့အကြုံ) ရအောင်ဆိုပြီး ခမရ (၁၀၈)ကို ကျနော်က ပြန်ပြောင်းသွားတာ။ အဲဒီအချိန်မှာ အုန်းကျော်မြင့်က ရန်ကုန်တိုင်း(စစ်ဌာနချုပ်)မှာ ဦး(၅)(ဆက်ဆံရေး)နဲ့ သူက ရှိနေ တယ်။ သူ့ကို ကျနော်မရှိတဲ့အခါမှာ PSOအနေနဲ့ ထပ်ခန့်လိုက်တာ။ ဗိုလ်ချုပ်ကြီးကျော်ထင်က ဒု-ချုပ် (ဒုတိယကာကွယ်ရေးဦးစီးချုပ် - ကြည်း)ဖြစ်တယ်။ ဒု-ချုပ်ကနေ ဗိုလ်ချုပ်ကြီးဖြစ်တယ်၊ ဒါ သူရှိတုန်းမှာ ဖြစ်သွားတဲ့ ရာထူးအစဉ်အဆက်ပါ ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဦး(၅)ဆိုတာ တပ်မတော်မှာ အဲဒီအချိန်တုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ကိစ္စတွေ လုပ်ရတဲ့ ဌာ နလား ခင်ဗျ။
ဦးစိန်သောင်း။ ။ မှန်ပါတယ် ခင်ဗျ၊ မှန်ပါတယ်။ တပ်မတော်စည်းရုံးရေးပေါ့၊ စည်းရုံးရေးဆိုင်ရာကိစ္စတွေလုပ်ရတဲ့ ဟာ၊ သူက ကိုင် ရတယ်။ ခုန ဦးရော်နီညိမ်းပြောသလိုပေါ့ လေ၊ အတည်ပြုချက်ကိုတော့ Int. (Intelligence)ကို တင်ရတယ် ခင်ဗျ၊ Int. ကနေမှ Objection (ကန့်ကွက်မှု) မရှိဘူး၊ ဒါ ယူလို့ရပါတယ်ဆိုမှ Int. ရဲ့ Approval(အတည်ပြုချက်) ကိုယူပြီးတော့မှ ကျနော်တို့ကို ရွေးတာ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ Int. ဆိုတာ တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးပေါ့နော်။
ဦးစိန်သောင်း။ ။ မှန်ပါတယ် ခင်ဗျ၊ မှန်ပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဗိုလ်ကြီးတို့တွေက ကြည့်ရတာ တော်တော်ရင်းနှီးတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေလည်း ဖြစ်ပုံရပါ တယ်။ မင်းနဲ့ငါနဲ့ ပြောကြတဲ့ အဆင့်ရှိတဲ့ သူ ငယ်ချင်းတွေလို့ ယူဆရပါတယ်။
ဦးစိန်သောင်း။ ။ မှန်ပါတယ် ခင်ဗျ၊ မှန်ပါတယ်။
ဦးရော်နီညိမ်း။ ။ အဖြစ်အပျက်ကို ကျနော်ကြည်လို့ရှိရင် တဖြည်းဖြည်းစုပေါင်းလာတဲ့ အကြောင်းတွေရှိတယ်၊ လတ်တလော ဖြစ် သွားရတဲ့ အကြောင်းအရင်းရှိတယ်၊ ၁၉၇၆ခုနှစ် ဗိုလ်ကြီးအုန်းကျော်မြင့်ကြံစည်တဲ့ကိစ္စရဲ့ လတ်တလောအကြောင်းအရင်းကတော့ ဗိုလ်ချုပ် ကြီးသူရတင်ဦးကို ကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ တပ်မတော်ကနေ ဖယ်ရှားခံရ တဲ့ကိစ္စလို့ ကျနော်တို့ပြောလို့ရမှာပါ။
ဦးစိန်သောင်း။ ။ အုန်းကျော်မြင့်စီစဉ်သွားတဲ့ ကိစ္စကတော့ နည်းနည်းလေးထူးခြားတာက ထောက်လှမ်းရေးအနေနဲ့ ပြောရရင် Kite System ဆိုတာရှိတယ်။ Kite System ဆိုတာက အင်မတန်ခက်ခဲတဲ့ အလုပ်ပါ။ ကျနော်တို့ ဘေးနံက တစ်ယောက်နဲ့ တစ်ယောက် မသိ ဘူး၊ အပေါ်အောက်ဆက်ဆံရေးနဲ့ပဲ သူက စီစဉ်ဆောင်ရွက်သွားတဲ့ plot(စီစဉ်ညွှန် ကြားမှု)ပါခင်ဗျ။
ဦးရော်နီညိမ်း။ ။ Kite System ဆိုတော့ စွန်ရဲသဏ္ဍန်နဲ့ တိုက်ပွဲတစ်ခုကို ပုံဖေါ်တဲ့ သဘောလားခင်ဗျ။
ဦးစိန်သောင်း။ ။ မှန်တယ်။ သူက အဲဒီPlotကြီးတစ်ခုကို ဥပမာ- ကျနော်နဲ့ ဦးရော်နီညိမ်းတို့ပါတယ်၊ ဒီအထဲမှာ။ ဦးရော်နီညိမ်းပါ ကြောင်း ကျနော် မသိဘူး၊ ကျနော်ပါကြောင်း ဦးရော်နီညိမ်း မသိဘူး၊ သူနဲ့ ဦးရော်နီညိမ်း၊ သူနဲ့ ကျနော် စသည်ဖြင့် ဒီလိုပဲ ကျနော်တို့ ဆက်ဆံပြီးတော့ ဘယ်နေရာမှာ ဘာလုပ် ဘာညာဆိုတာ သူရဲ့ စီစဉ်မှုပဲ ရှိတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ သူက ဒီ စွန်ရဲပုံသဏ္ဍန်စစ်နည်းဗျူဟာက တပ်မှာလည်းရှိတော့၊ အဲဒီပုံသဏ္ဍန်ကို သူ လေ့လာ ပြီးတော့ ဒီပုံဏ္ဍန်နဲ့ လုပ်သွားတာပေါ့။
ဦးစိန်သောင်း။ ။ အဲဒါ အင်မတန်ထူးခြားတဲ့လုပ်ရပ်ပဲ။ ဒါက ဒီလုပ်ငန်းကိုကျွမ်းကျင်တာက ထောက်လှမ်းရေးပုဂ္ဂိုလ်တွေကသာ လုပ်နိုင်တဲ့ ကိစ္စရပ်တွေပါ။ ဒါကို သူလုပ်သွား နိုင်တာတော့ ဒါ ထူးခြားတဲ့ သူ့ရဲ့စွမ်းရည်တစ်ခုပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဆိုလိုတာက ဗိုလ်ကြီးအုန်းကျော်မြင့်ကြံစည်တဲ့ကိစ္စမှာ ပါဝင်ပတ်သက်နေသူတွေ အားလုံးက ကိုယ့်လိုပဲ တခြားဘယ်သူတွေပါတယ်ဆိုတာ မသိကြဘူးပေါ့။
ဦးစိန်သောင်း။ ။ မသိဘူး။ သူကပဲ လိုက်ဆက်သွယ်တာ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ သူ အဲဒီလိုမျိုး အဲဒီလောက်ထိ ကြီးကျယ်တဲ့အကြံအစည်၊ ဖြစ်ကတတ်ဆန်းကြံစည်တာလည်း မဟုတ် ဘူး၊ သူက စနစ်တကျ အသေအချာ ဒီ စစ်နည်းဗျူဟာတွေ၊ ခုန ထောက်လှမ်းရေးနည်းဗျူဟာတွေနဲ့ စဉ်းစားပြီးမှလုပ်သွားတယ်လို့ ဦးစိန် သောင်း ပြောပြချက်အရ သိရတဲ့အခါကျတော့၊ အဲဒီလောက်အထိ ဒီ Motive ပေါ့နော် ဘယ်လိုဖြစ်လာလဲ။ ဘာကြောင့်လဲဆိုတော့ ဦးစိန် သောင်းတို့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ဟာ ဘာပဲဖြစ်ဖြစ် အဲဒီခေတ်ကဆို တပ်မတော်ခေါင်းဆောင်တွေရဲ့ကိုယ်ရေးအရာရှိဆိုတာ နည်းတာ မဟုတ်ဘူး၊ အခု ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် အခွင့်အရေးတွေကလည်း အများကြီးပေးထားတယ်။ တပ်ထဲမှာတောင်မှ အရာရှိငယ်တွေ ဖြစ်နေပေမဲ့လည်း တော်ရုံတန်ရုံကိုယ့်ထက် တစ်ဆင့်နှစ်ဆင့်လောက်မြင့်တဲ့ အရာရှိတွေကတောင်မှ ကိုယ့်ကိုလေးလေးစားစားနဲ့ ဆက်ဆံ ရတယ်။ လူကြီးတွေကိုယ်စား အလုပ်လုပ်နေတဲ့လူတွေဆိုပြီးတော့ လေးစားသမှုနဲ့ နေရာပေးခြင်းခံရတယ်။ အဲဒီတော့ဆိုလိုတာက ဗိုလ်ကြီး အုန်းကျော်မြင့်တို့ ဦးစိန်သောင်းတို့ဟာ တကယ့် Elite(အခွင့်ထူးခံ)ပေါ့နော်၊ တကယ့်ကို ကျနော်တို့ တပ်မတော်ရဲ့ထိပ်ဆုံးက လူကြီးတွေနီး ပါးလောက် အခွင့်အရေးတွေကိုရနေတဲ့ ပုဂ္ဂိုလ်တွေတောင်မှ ကိုယ်က ဒါတွေကို ခံစား၊ စံစား ပျော်ပါးနိုင်ခြင်းမရှိဘဲနဲ့ တိုင်းပြည်အတွက်က တော့ လုပ်မှဖြစ်မယ်ဆိုတဲ့ စေ့ဆော်မှုမျိုး ဘာ့ကြောင့် ရရှိခဲ့ပါသလဲ ခင်ဗျ။ ဘာတွေ တွေ့ကြုံပြီးတော့ ဘယ်လိုတွေ မျက်စေ့ထဲမှာ မြင်လာ ပြီးတော့၊ တိုင်းပြည်အတွက် ဘယ်လိုတွေ စိတ်ထဲမှာ မသက်မသာဖြစ်ပြီးတော့ ဗိုလ်ကြီးအုန်းကျော်မြင့် ဒီလိုမျိုး တွေးခေါ်ကြံစည်တဲ့အထိ ရောက်သွားရပါသလဲ။ နောက် ဦးစိန်သောင်းတို့ကိုယ်နှိုက်ကလည်း ဘယ်လိုအကြောင်းကြောင့် ထောက်ခံအားပေးခဲ့ပါသလဲဆိုတာ အကြမ်း ဖျဉ်း ကျနော်တို့ကို ရှင်းပြပေးပါခင်ဗျ။
ဦးစိန်သောင်း။ ။ အဲဒီကာလတုန်းက ဗိုလ်ချုပ်ကြီးနေ၀င်းက ဒါကတော့ သူက နံပါတ်(၁)ပေါ့ဗျာ၊ သူ့နောက်မှာ ထောက်လှမ်းရေးက မျက်မှန်ကြီး(MIတင်ဦး ခေါ် လန်ဘားတင်ဦး ခေါ် တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးတင်ဦး)က one and half (ခေါင်းဆောင် နံပါတ်တစ် နှင့် နံပါတ်နှစ် ကြားမှာ ၀င်ပြီးနေရာယူထားသူ) ဆိုပြီးတော့ အစစအရာရာ စီမံခန့်ခွဲတယ်။ စစ်တပ်ရဲ့ဝါစဉ်အရ ကြည့်မယ်ဆိုရင် သူက ဒုတိယဗိုလ်မှူးကြီးအဆင့်ပဲ ရှိတယ်။ ဦးနေ၀င်းကိုဗန်းပြပြီးတော့ သူက အကုန်စီမံခန့်ခွဲတယ်။ တိုင်းမှူးတွေ၊ တပ်မ မှူးတွေကိုကော၊ စစ်ရုံးမှာရှိတဲ့ စစ်ထောက်ချုပ်တို့၊ စစ်ရေးချုပ်တို့ စသည်အားဖြင့် Colonel G.S (စစ်ဦးစီးဗိုလ်မှူးကြီး - ကြည်း)တို့ ဒါတွေ ကို သူကကျော်လွှားပြီးတော့ သူစီမံခန့်ခွဲ ချင်တာတွေ လုပ်တဲ့အခါကျတော့၊ သူက ပြည်သူလူထုအပေါ်မှာကော တပ်မတော်အထဲမှာကော သူက အကုန်လုံးကိုနိုင်ထက်စီးနင်းလုပ်တဲ့အပိုင်းမျိုးရှိတော့ လူငယ်အရာရှိတွေက မကြိုက်ဘူးပေါ့၊ မတရားလုပ်တာတွေများတော့ ကျနော် တို့ကိုယ်တိုင် မကြိုက်ပါဘူး။ ဦးနေ၀င်းကိုယ်တိုင်ကလည်း သူလုပ်တာကို လက်ခံပြီးတော့ တပ်မတော်မှာရှိတဲ့ အရာရှိကြီးတွေ အပေါ်မှာ ကော ပြည်သူလူထုအပေါ်မှာကော မတရားနှိပ်စက်တဲ့ဒုက္ခရပ်တွေကို ခံစားရတော့၊ ကျနော်တို့က ဒီလူကြီးတွေမရှိမှသာလျှင် တိုင်းပြည်ဟာ ပိုပြီးတော့ကောင်းမွန်လာမယ်လို့ ခံစားကြတယ်။ သူတို့ကို ဖယ်ထုတ်လိုက်မှသာလျှင် တိုင်းပြည်မှာ တကယ်ခေါင်းဆောင်နိုင်မယ့်စစ်မှန်တဲ့ ခေါင်းဆောင်တွေ ပေါ်လာမယ်။ စစ်မှန်တဲ့ခေါင်းဆောင်တွေ အုပ်ချုပ်ခြင်းအားဖြင့် တပ်မတော်လည်း ကေင်းလာမယ်၊ တိုင်းပြည်လည်း ကောင်း လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ပြုမူဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အဲဒီခေတ်ကလူကြီးတွေရဲ့ ကိုယ်ရေးအရာရှိတွေအနေနဲ့ ဦးစိန်သောင်းတို့ ဗိုလ်ကြီးအုန်းကျော် မြင့်တို့ဟာ လူကြီးတွေ နိုင်ငံခြားခရီးကိုသွားတဲ့အခါမှာ လိုက်ပါဘူးပါသလား ခင်ဗျ။
ဦးစိန်သောင်း။ ။ ကျနော်တော့ မပါဘူး။ အုန်းကျော်မြင့်ကတော့ ပါဖူးတယ်။ အုန်းကျော်မြင့်ကတော့ သွားဖူးတယ်။ သူကတော့ သွား ဖူးတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ နိုင်ငံခြားခရီးတွေကိုသွားတဲ့အခါမှာ တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့ မျိုးချစ်စိတ်ရှိတဲ့ တပ်မတော် အရာရှိငယ် တွေဟာ အခုလည်းပဲပေါ့နော်၊ အခုဆို ရုရှ နိုင်ငံမှာသွားပြီး သင်တန်းတက်နေတဲ့ အရာရှိတွေဟာ ရာနဲ့ထောင်နဲ့ ချီပြီးရှိတယ်။ သူတို့တွေ စိတ်မကောင်းကြဘူး။ နိုင်ငံခြားရောက်ပြီဆိုလို့ရှိရင် သူတို့ ကိုယ့်တိုင်းပြည်နဲ့ တချို့ တိုး တက်တဲ့နိုင်ငံတွေနဲ့ ယှဉ်ပြီးတော့ အဲဒီခံစားမှုမျိုး ဖြစ်တယ်လို့ ကျနော်တို့ကြားသိရပါတယ်။ ဗိုလ်ကြီးအုန်းကျော်မြင့်ကော တိုင်းပြည်အတွက်ကို နိုင်ငံရေးအရမြင်တဲ့အမြင် သူ့မှာ ရှိခဲ့ပါသ လား၊ ဦးစိန်သောင်း ဘယ်လောက်ထိ ဒါကို သူ့ကိုသဘော ပေါက်နားလည်ထားပါသလဲ ခင်ဗျ။
ဦးစိန်သောင်း။ ။ ကျနော်တို့တော့ နိုင်ငံခြား မရောက်ဖူးပါဘူးနော်။ သူကတော့ ရောက်ဖူးတဲ့အတွက် ကျနော်တို့ ဗမာပြည်မှာရှိတဲ့လူ တွေက ကျနော်တို့ကို ကြက်ခြင်းထဲက ကြက်လိုပဲ ထားတဲ့အခါကျတော့ အပြင်လောကရဲ့ဟာကို ကျနော်တို့ မသိဘူး။ နိုင်ငံတကာရဲ့ တိုး တက်မှုတွေ၊ လူတွေရဲ့လွတ်လပ်မှုတွေ၊ သူတို့ရဲ့ တိုးတက်မှုတွေကို မသိဘူး၊ သူတို့ ကတော့ ရောက်ဖူးတဲ့အခါမှာ သိတဲ့အခါကျတော့ ကိုယ့် တိုင်းပြည်နဲ့လူမျိုး ခံစားနေရတာကို သူလည်း ဒါကို စိတ်မကောင်းဖြစ်မိတာတော့ ကျနော်တော့ ရိပ်စားမိပါတယ်ခင်ဗျ။
ဦးရော်နီညိမ်း။ ။ OTSအပတ်စဉ်(၃၀)ဗိုလ်သင်တန်းက အကောင်းဆုံးဗိုလ်လောင်းဆုရရှိခဲ့တဲ့ ဗိုလ်ကြီးဟောင်းဦးစိန်သောင်းကိုဆက် သွယ်မေးမြန်းခဲ့တာပါခင်ဗျာ၊ နောက်သီ တင်းပတ် ဇူလိုင်လ(၁၁)ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ “မကောင်းတဲ့ခေါင်းဆောင်ကို ဖယ်ရှားရုံနဲ့ တိုင်းပြည်ကောင်းအောင်လုပ်နိုင်သလား” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးခန်းရဲ့အပိုင်း(၄)ကို ဆက်ပြီး တင်ဆက်သွားမှာဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါခင်ဗျား၊ ကျနော် ရော်နီညိမ်းပါ။