သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကောင်းတဲ့ခေါင်းဆောင်ကို ဖယ်ရှားရုံနဲ့ တိုင်းပြည်ကောင်းအောင် လုပ်နိုင်သလား (အပိုင်း-၄)


၁၉၇၆ခုနှစ်က ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေါင်းဆောင်တွေကို လုပ်ကြံရန်ကြံစည်မှုမှာ ပါဝင်ခဲ့သူ၊ OTS ဗိုလ်သင်တန်းအပတ်စဉ်(၃၀)က ဗိုလ်ကြီးဟောင်း ဦးစိန်သောင်းက၊ ဒီတပတ်“တပ်မှူးတပ်သား ပြောစကား”အပတ်စဉ်ကဏ္ဍမှာ၊ သူတို့တုံး ကလိုပဲ၊ ဒီကနေ့ လူငယ် တပ်မတော်အရာရှိတွေထဲကနေ “မကောင်းတဲ့ခေါင်းဆောင်ကို ဖယ်ရှားဘို့”၊ တိုင်းပြည်အတွက်စွန့်စားပြီး အနစ်နာခံရဲ လုပ်ရဲကိုင်ရဲ ရှိသူတွေ ပေါ်ထွက်လာနိုင်ခြေ ရှိ/မရှိ သုံးသပ်ဆွေးနွေး ပြောပြထားပါတယ်။ “မကောင်းတဲ့ခေါင်းဆောင် ကို ဖယ်ရှားရုံနဲ့ တိုင်းပြည်ကောင်းအောင်လုပ်နိုင်သလား” ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြချက်(အပိုင်း - ၄)ကို ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ သူ့ကို ကျနော်တို့က ယှဉ်ကြည့်တော့၊ ဂျာမန်တပ်မတော်က ဒုတိယဗိုလ်မှူးကြီး ခလော့ ရှဲန့်(က်) ခါဖဲ(န်) စတော့ဖယ်(န်)ဘာ့(ဂ်) (Lt. Col. Claus Schenk Graf von Stauffenberg)က အဲ့ဒီလိုပဲ “ဂျာမန် တပ်မတော်ဟာ မလိုလားအပ်တဲ့စစ်ကြီးကို တိုက်နေရတယ်၊ အဲ့ဒီ့အတွက် တစ်နေ့ကျရင် ဒါကို ပေးဆပ်ရမယ်၊ ဒီ စစ်မီးကြီးကို မွှေးနေတာကတော့ သူတို့ရဲ့ခေါင်းဆောင် ဟစ်တလာ ပဲ။ အဲ့ဒီ့တော့ ကိုယ့်ခေါင်းဆောင်ကို ကိုယ်ပဲ ဖယ် ရှားပစ်မှ ရမယ်” ဆိုတဲ့ အမြင်နဲ့ ကိုယ့်နိုင်ငံကိုအုပ်ချုပ်နေတဲ့ ကိုယ့်ခေါင်းဆောင်တွေကို မြင်သလိုပဲ၊ ဦးစိန်သောင်း တို့ခေတ်နဲ့ကလည်း အဖြစ်ချင်းကလည်း နည်းနည်းတူနေတယ်။ မတူတာတစ်ခုက ဟိုက စစ်ရှုံးသွားရင် ဂျာမဏီ ဒုက္ခ ရောက်တော့မယ် ဆိုတဲ့ အတွေးအခေါ်က ဗိုလ်မှူးကြီးစတော့ဖယ်(န်)ဘာ့(ဂ်)ရဲ့ ခေါင်းထဲကို ၀င်တယ်။ ဗိုလ်ကြီးအုန်း ကျော်မြင့်တို့ ဦးစိန်သောင်းတို့ ခေါင်းထဲကိုကျတော့ မြန်မာပြည်အခြေအနေနဲ့ ဘယ်လိုအတွေးအခေါ် ၀င်ပါသလဲ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ ဦးနေ၀င်းနဲ့ တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး မျက်မှန်ကြီး (MI တင်ဦး ခေါ် မျက်မှန်တင်ဦး ခေါ် လန်ဘားတင်ဦး ခေါ် တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးဗိုလ်မှူးကြီးတင်ဦး) တို့ကို ဖယ်ရှားပြီးရင်၊ ဦးစိန်သောင်းတို့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ plan က ဘာပါလဲခင်ဗျ။

ဦးစိန်သောင်း။ ။ ကျနော်တို့ တပ်မတော်ထဲမှာ စွမ်းရည်သုံးရပ်လုံး ပြည့်ဝတဲ့ ထူးချွန်တဲ့ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ် ခင်ဗျ။ အဲ့ဒီ့ပုဂ္ဂိုလ်တွေက အပေါ်ကနေ သူတို့ကိုလွှမ်းမိုးထားတဲ့အတွက်ကြောင့် သူတို့မှာ တိုင်းပြည်အတွက် ရော ပြည်သူတွေအတွက်ရော တပ်မတော်အတွက်ရော သူတို့လုပ်ချင်တာ လုပ်နိုင်တဲ့စွမ်းအင် မရှိပါဘူး။ ဥပမာအား ဖြင့် ဗိုလ်ချုပ်ကြီးတင်ဦးလို ပုဂ္ဂိုလ်မျိုးတွေ၊ အဲ့ဒီ့တုံးက စစ်တပ်ထဲမှာ ရှိခဲ့တဲ့ တိုင်းမှူးတပ်မမှူးတွေထဲမှာလည်း စွမ်းရည် သုံးရပ်ကို ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ အဲ့ဒီ့ပုဂ္ဂိုလ်တွေကို တပ်မှာ တင်လိုက်ရင် ကမ္ဘာ့ရင်ဘောင်တန်းတပ်မ တော်ဖြစ်မယ်၊ ပြည်သူလူထုတွေလည်း တိုးတက်ကြီးပွားလာမယ်ဆိုတာကို ကျနော်တို့ မှန်းလို့ရခဲ့ကြပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟစ်တလာကို ဖယ်ရှားတဲ့နေရာမှာ၊ ၁၉၄၄ ဇူလိုင်လ (၂၀)ရက်နေ့က ဒုဗိုလ်မှူးကြီးစတော့ ဖယ်(န်)ဘာ့(ဂ်)ရဲ့ မအောင်မြင်တဲ့လုပ်ကြံမှု ကြံစည်တဲ့ အချိန်ကမှ မဟုတ်ဘူး၊ ဟိုး၁၉၃၈ခုနှစ်လောက်ထဲက သူတို့က အုပ်စုကို ရှိတယ်။ ဂျာမန်သမိုင်းမှာ နံမည်ပေးထားတဲ့ အဲ့ဒီ့ German Resistance “ဂျာမန်တော်လှန်ရေး”အုပ်စုဟာ၊ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ဦးစိန်သောင်းတို့နဲ့ သွားတူတာက သူတို့ကလည်း ခေါင်းဆောင်တင်ဘို့ ရှာတဲ့အခါမှာ၊ သူတို့ က တပ်ထဲကပဲ ရှာတယ်။ ပြင်ပမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ သူတို့က ဆက်စပ်မှုမလုပ်ဘူး။ မလုပ်တဲ့ အကြောင်းကိုကြည့်တဲ့အခါကျတော့ အဲ့ဒီ့အချိန်မှာ ဟစ်တလာကိုဆန့်ကျင်အံတုနေတဲ့ အရပ်ဘက်က နိုင်ငံရေး သမားအုပ်စုက၊ ရုရှက နောက်ကနေ ထောက်ခံပေးထားတဲ့ ဂျာမန်ကွန်မြူနစ်တွေ ဖြစ်တယ်။ ဂျာမန်ကွန်မြူနစ်တွေကို ကျတော့ ဂျာမန်တပ်မတော်က မလိုလားပြန်ဘူး။ အဲ့ဒီ့အခါကျတော့ သူတို့က အရပ်သားနိုင်ငံရေးအဖွဲ့အစည်းနဲ့ မပေါင်းဘူး ပေါ့။ သူတို့ဟာ သူတို့ပဲ လုပ်မယ်၊ ဟစ်တလာကို ဖယ်ရှားမယ်၊ သူတို့ဟာ သူတို့ပဲ တပ်ထဲကနေ ခေါင်း ဆောင်ကိုရှာပြီး တင်မယ်။ ဦးစိန်သောင်းတို့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ကရော၊ အဲ့ဒီ့အချိန်မှာ ဘာပဲပြောပြော ဗမာ့ လွတ်လပ်ရေးသမိုင်းမှာ ကိုယ်တိုင်က ခေါင်းဆောင်တွေအဖြစ်ရော၊ ခေါင်းဆောင်မဟုတ်ရင်လည်း ပါဝင်ဖြတ်သန်းခဲ့ တဲ့ နံမည်ရှိတဲ့ပုဂ္ဂိုလ်တွေရော၊ အပြင်မှာ ရှိနေကြတာပဲ။ တနည်းအားဖြင့်ပြောရင် ပြည်သူလူထုအားကို ပါအောင်လို့ ပြည်သူလူထုကို ကိုယ်စားပြုခဲ့ဖူးတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဆက်စပ်ဘို့၊ ပူးတွဲပြီးတော့ မကောင်းတဲ့ခေါင်းဆောင် ကိုဖယ်ရှားပြီးတော့ တိုင်းပြည်ကောင်းအောင်လုပ်ဘို့၊ ဆိုတာမျိုးကို ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ဦးစိန်သောင်းတို့ ဆွေး နွေးမိခဲ့ဘူးပါသလား၊ ဆွေးနွေးဖြစ်ခဲ့ကြပါသလား၊ ဒီအချက်ကိုရော မြင်ခဲ့ကြပါသလား ခင်ဗျ။

ဦးစိန်သောင်း။ ။ ဒါနဲ့ ပတ်သက်ပြီးတော့ အပြင်ကနိုင်ငံရေးသမားတွေကို ပြန်ပြီး ခေါင်းဆောင်တင်ဘို့၊ လုံးဝ ပြောတာဆိုတာ မကြားခဲ့ပါဘူး။ မဆက်စပ်ခဲ့ကြပါဘူး။ ပူးတွဲလုပ်မယ်ဆိုတာမျိုးလည်း ကျနော်တို့ကို ဗိုလ်ကြီးအုန်း ကျော်မြင့်က ရှင်းပြခဲ့တာ မရှိပါဘူး ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဆိုလိုတာက အပြင်က နိုင်ငံရေးအဖွဲ့အစည်းခေါင်းဆောင်ဟောင်းတွေနဲ့ မဆက်စပ်ဘူး၊ ဆို တာက အကြောင်းက နိုင်ငံရေးသမားတွေကို အထင်မကြီးတာလည်း ရှိချင်ရှိမယ်၊ နောက်တစ်ခုက ဒါက အင်မတန် လျှို့ဝှက်ပြီးလုပ်ရတဲ့ အလုပ်မို့လို့ ကိုယ်မသိကိုယ်မကျွမ်းတဲ့ အပြင်လူနဲ့ မလုပ်ဘူး၊ ကိုယ်သိပြီးသား ကိုယ့် အတွင်းလူ နဲ့ပဲ လုပ်မယ်၊ အဲဒီလိုမျိုး သွားတယ်ဆိုရင်လည်း အကြံအစည်အောင်မြင်သွားပြီ ဆိုကြပါစို့။ အဲဒီအခါကျရင်ကော ဦးစိန်သောင်းတို့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ တစ်ယောက်ချင်းဆွေးနွေးကြတဲ့အခါမှာ၊ ဒါပြီးရင် ဘယ်လိုဆက်သွားမယ်၊ Phase (2) (ဒုတိယအဆင့်) ပေါ့နော်။ Phase (1)ကတော့ မကောင်းတဲ့ခေါင်းဆောင်တွေကို ဖယ်ရှားပစ်လိုက်ပြီ၊ လုပ်ကြံလိုက်လို့ပဲ ဖြစ်ဖြစ်၊ ဖမ်းဆီးပြီးတော့ ထောင်သွင်း အကျဉ်းချထားလိုက်လို့ပဲ ဖြစ်ဖြစ်၊ စစ်ဆင်ရေးတွေမှာ လုပ် လေ့ရှိတဲ့အတိုင်း၊ ထိပ်ဆုံးက ဦးစီးလုပ်ကိုင်နေတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်မှာ ဒုတိယအဆင့် ဘယ်လိုသွားဘို့ ရည်ရွယ် ချက်ရှိတယ်လို့ ကြားမိပါသလဲ ခင်ဗျ။

ဦးစိန်သောင်း။ ။ သူကတော့ ဗိုလ်ချုပ်ကြီးတင်ဦးတို့လို ဗိုလ်မှူးကြီးကြည်မောင် ဗိုလ်မှူးကြီးလှဖေ ဗိုလ်မှူးကြီးမျိုး အောင် ဗိုလ်မှူးကြီးဝီလီမောင်တို့လို၊ ဒီလို ပုဂ္ဂိုလ်တွေကို တိုင်းပြည်ရဲ့အချက်အချာကျတဲ့နေရာတွေမှာ ပိုမိုတိုးတက် ကောင်းမွန်အောင် တပ်မတော်ကိုလည်း ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်သွားမဲ့ပုံစံရှိတာကိုတော့ ကျနော် လေ့ လာမိပါတယ် ခင်ဗျာ။

ဦးရော်နီညိမ်း။ ။ ဒီမိုကရေစီစနစ်ကို ပြန်သွားဘို့ အလားအလာကော ဦးစိန်သောင်းတို့ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။ ပထမအဆင့်ကတော့ မတတ်နိုင်ဘူး၊ ကိုယ့်တပ်ထဲက အတွင်းလူ ကိုယ့်ယုံရတဲ့လူချင်းနဲ့ပဲ လုပ်သွားပြီးတော့၊ ကြားဖြတ်အစိုးရဖွဲ့မယ်တို့ အိမ်စောင့်အစိုးရဖွဲ့မယ်တို့ ရွေးကောက်ပွဲပြန်လုပ်ပေးမယ်တို့၊ အဲ့ဒီ့အနေအထားအထိရော၊ မျှော်မှန်းခဲ့ပါသလား ခင်ဗျ။

ဦးစိန်သောင်း။ ။ သူ အဲ့ဒီ့လောက်အထိ ကျနော်တို့ကို ရှင်းပြမှု မရှိခဲ့ပါဘူး ခင်ဗျ။ ဒါပေမဲ့ နိုင်ငံရေးလမ်းစဉ် တစ်ခုရှိမှသာလျှင် ဖြစ်မယ်ဆိုတာတော့ ကျနော်တို့ခေါင်းထဲမှာ ရှိပါတယ် ခင်ဗျ။ For the people, By the people, Of the people ပြည်သူအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်နိုင်တဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင်မှသာလျှင် တိုင်းပြည်ဟာ ပိုမိုပြီးတိုးတက်ကောင်းမွန်လာမယ် ဆိုတာတော့ သူသိပုံ ပေါ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အဲ့ဒီ့အချိန်မှာရှိတဲ့ မခံမရပ်နိုင် ဖြစ်လာတဲ့အချိန်မှာ၊ အပြောင်းအလဲဖြစ်အောင်လုပ်ကြမယ် လို့ ဆိုတဲ့အခါမှာ၊ Risk (မိမိအတွက်က အန္တရာယ်ကျနိုင်ရောက်မှု) ပါလာပြီ။ ဗိုလ်မှူးကြီးစတော့ဖယ်(န်)ဘာ့(ဂ်)က သူ့အမျိုးသမီးကို သူဘာပြောခဲ့လဲဆိုရင်၊ သူတို့ ဟစ်တလာကိုလုပ်ကြံမဲ့ကိစ္စနဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြောခဲ့တယ်။ သူတို့ အခုလုပ်နေတဲ့ကိစ္စ မအောင်မြင်ဘူးဆိုလို့ရှိရင်၊ ဒါဟာ treason ပဲ။ နိုင်ငံတော်ပုန်ကန်မှု နိုင်ငံတော်သစ္စာဖေါက် မှုနဲ့ တကယ့်သေဒဏ်လိုမျိုး ကျခံရမယ်ဆိုတာ သူသိတယ်။ ဒါပေမဲ့လည်း၊ ဒါက မလုပ်လို့မဖြစ်ဘူး၊ လုပ်ကိုလုပ်ရမယ်။ ဂျာမဏီနိုင်ငံတော်ကြီးအတွက် ဆိုတဲ့ဟာမျိုးပေါ့။ အဲဒီတော့ ဗိုလ်ကြီးတို့က အဲ့ဒီ့အချိန် (၁၉၇၆)တုံးက၊ အသက်တွေ ဘယ်လောက်လောက် ရှိပါပြီလဲ ခင်ဗျ။

ဦးစိန်သောင်း။ ။ သုံးဆယ်အောက်လောက်ပဲ ရှိပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးတို့ အသက်သုံးဆယ်အောက်လောက်ပဲ ရှိတဲ့အချိန်မှာ၊ Risk ကိစ္စကို စဉ်းစားတဲ့အခါ မှာ၊ ကိုယ့်အပေါ်မှာ ပြန်ပြီးအန္တရာယ်ကျရောက်လာမဲ့ကိစ္စကို စဉ်းစားတဲ့အခါမှာ၊ ဘယ်လောက်အထိ တွေးတောထားပါ သလဲ ခင်ဗျ။

ဦးစိန်သောင်း။ ။ ကျနော်တို့ကတော့ လုပ်ငန်းတစ်ခုကို လုပ်တယ်ဆိုတာ၊ တပ်မတော်မှာ “ဦးစီးတာဝန်”(ဘာ သာရပ်)မှာ သင်ထားတဲ့အတိုင်းပေါ့။ “ဦးစီးတာဝန်”ရဲ့ guidance (လမ်းညွှန်ချက်)မှာ ပါတဲ့ “စု တည် ကြံဆ ဆုံးဖြတ် ကြ” ဆိုတဲ့ဆောင်ပုဒ်ပေါ်မှာ မူတည်ပြီးတော့၊ ကျနော်တို့ရတဲ့ material (လိုအပ်သောအထောက်အကူ)နဲ့ ကျနော်တို့ လုပ်နိုင်တဲ့ပုံစံနဲ့ လုပ်တဲ့နေရာမှာ ကျနော်တို့ တကယ်လို့ “မအောင်မြင်ရင် ဘာဖြစ်မလဲ”၊ “အောင်ရင် ဘာဖြစ်မလဲ”၊ appreciation and plan (စစ်ရေးကြိုတင်သုံးသပ်ချက် နဲ့ စစ်ရေးကြိုတင်စီမံချက်) စတဲ့ ကြိုတင်လုပ်ဆောင်မှုတွေ အတိုင်း တွေးတော့တွေးထားပြီးသားပါ ခင်ဗျ။ ဒီကိစ္စကလည်း ဦးရော်နီညိမ်းပြောသလို၊ ဒါဟာ မအောင်မြင်ရင် treason ပဲ။ treason ဆိုရင် ကျနော်တို့ဘ၀နဲ့ ကျနော်တို့အသက်ကို စွန့်လွှတ်ရမယ်ဆိုတာလည်း၊ ကျနော်တို့ နား လည်ပြီးသားပါ။ ဒါက ကျနော်တို့ ကိုယ်ကျိုးအတွက် လုပ်တာမဟုတ်ဘူး။ တကယ်လို့ ဒီကိစ္စ အောင်မြင်သွားရင် လည်း၊ ကျနော် တို့က ရာထူးတွေတက်ယူကြဘို့လည်း မဟုတ်ဘူး။ တကယ်ထိုက်တန်တဲ့ပုဂ္ဂိုလ်တွေကပဲ တိုင်းပြည် ကို အုပ်ချုပ်သွားကြဘို့ပဲ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဦးစိန်သောင်းတို့ အဲ့ဒီတုံးက လူငယ်လည်းဖြစ်တယ်၊ အသက်တွေလည်း သုံးဆယ်အောက် ပဲဖြစ်ကြတယ်။ လုပ်သင့်လုပ်ထိုက်တာကိုလည်း လုပ်မယ်လို့ ယတိပြတ် ပိုင်းဖြတ်ထားပြီးသားဖြစ်တာကြောင့် “ကြောက်စိတ်”ဆိုတာ မရှိကြဘူး ပေါ့။

ဦးစိန်သောင်း။ ။ မှန်ပါတယ် ခင်ဗျ။ ပြဿနာတစ်ခုကို စဉ်းစားကြံဆတဲ့နေရာမှာ၊ hope for the best and prepare for the worst (အကောင်းဆုံးကို မျှော်လင့်ထားပြီးတော့ အဆိုးဆုံးကိုလည်းရင်ဆိုင်ဘို့ ပြင်ဆင်ထားမှု)ကို စဉ်းစားထားပြီး ဖြစ်ပါတယ် ခင်ဗျ။ ကျနော်တို့က ဒါ အောင်မြင်သွားရင် တိုင်းပြည်အတွက် ပိုကောင်းသွားမယ်၊ မအောင်မြင်ရင် ကျနော်တို့အသက်တွေ ဆုံးရှုံးသွားမယ်ဆိုရင်လည်း ဆုံးရှုံးပါစေတော့ ဆိုတဲ့၊ ဆုံးဖြတ်ချက်ကတော့ ကျနော်တို့ရင်ထဲမှာ ရှိပါတယ် ခင်ဗျာ။

ဦးရော်နီညိမ်း။ ။ နိုင်ငံမှာ လူအများကြည်ညိုလေးစားရတဲ့ ရဟန်းသံဃာတော်တွေဦးဆောင်တဲ့ တော်လှန် ရေးတောင် မအောင်မမြင်ဖြစ်ခဲ့ရတာဟာ၊ တပ်ထဲက မပါလို့ဆိုတဲ့ သုံးသပ်ချက်နဲ့ conclusion (ကောက်ချက်ချမှု)က ထွက်ပေါ်လာခဲ့တယ်။ “တပ်ထဲက မပါဘူး၊ တပ်ထဲက မပါဘူး” ဆိုတာဟာ၊ ဘာအကြောင်းကြောင့်လဲ ခင်ဗျ။ ဘယ်လို မြင်ပါသလဲ ခင်ဗျ။

ဦးစိန်သောင်း။ ။ ဒီမိုကရေစီကိုလိုလားတဲ့ ပုဂ္ဂိုလ်တွေ တပ်မတော်ထဲမှာ တော်တော်များများ ကျနော်တို့ခေတ် ကတည်းက ရှိခဲ့တယ်လို့ ကျနော်ယူဆပါတယ်။ အာဏာရှင်တွေက တပ်မတော်ထဲမှာ သူတို့ရဲ့အခွင့်အရေးတွေကို အလျှံပယ်ပေးပြီး စည်းရုံးထားတာကိုလည်း၊ တပ်မတော်ထဲမှာရှိတဲ့ အချို့သောပုဂ္ဂိုလ်တွေကလည်း ယစ်မူးနေကြ တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အခုလက်ရှိမှာ မှန်ပါတယ်။ အာဏာရှင်တွေက ပေးထားတဲ့စည်းစိမ်တွေဟာ၊ ဥပမာ ဗိုလ်မှူးကြီးအဆင့်နဲ့ အထက်အဆင့်ဖြစ်တဲ့ ဗိုလ်မှူးချုပ်အဆင့်ဟာ သိပ်ကို ကွာသွားပြီ။ ဗိုလ်မှူးချုပ်ဖြစ်ပြီဆိုတာနဲ့ နဲနဲနောနော အခွင့်အရေးတွေ ခံစားရတာမဟုတ်ဘူး။ အဲ့ဒီ့လောက်ကို ရမဲ့ အခွင့်အရေးချင်းမျိုးကို ခွာထားတာ။ စစ် အာဏာရှင်စစ်ခေါင်းဆောင်တွေ အနားမှာရှိနေခဲ့တဲ့ ဗိုလ်ကြီးတို့ခေတ်တုံးကလည်း သူ့ခေတ်နဲ့သူ အခွင့်အရေးတွေ အများကြီး ရခဲ့ကြတာပဲ။ အဲ့ဒီလိုမျိုး ခံစားခွင့်တွေ ရရှိနေတဲ့ကြားထဲကပဲ၊ လုပ်ခဲ့တဲ့သာဓက ရှိနေတာက၊ ဗိုလ်ကြီးတို့ က နမူနာပဲလေ။ ကျနော်တို့က အဲ့ဒီလိုပဲ မြင်တယ်။ အခုကော မရှိနိုင်ဘူးလား။ မရှိသေးတာ ဘာဖြစ်လို့လဲ။

ဦးစိန်သောင်း။ ။ ကျနော်တို့ ပြည်သူတွေ ဒုက္ခရောက်နေကြတာကို၊ လက်ပိုက်ကြည့်မနေနိုင်တဲ့ လူသားချင်း စာနာထောက်ထားစိတ်ရှိတဲ့ တပ်မတော်သားကောင်းတွေကတော့ တစ်နေ့မှာ၊ မခံမရပ်နိုင်တော့တဲ့ အဆုံးတစ်နေ့မှာ ပြည်သူတွေအတွက်ကို၊ ကိုယ်ကျိုးစွန့်ပြီး ပြည်သူ့ဘက်က ပါဝင်တိုက်ပွဲဝင်ကြမှာပဲဆိုတာကို၊ ကျနော့်အနေနဲ့ ယုံကြည် ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ပြည်သူ့ဘက်ကို ပူးပေါင်းတယ်ဆိုတဲ့နေရာမှာ၊ ဥပမာ ပြည်သူတွေထွက်ပြီး ဆန္ဒပြ ကြတဲ့အခါမှာ တပ်မတော်သားတွေက တပ်ထဲကနေ လမ်းတွေပေါ်ထွက်လာကြပြီး ပြည်သူနဲ့ပေါင်းပြီး ဆန္ဒပြကြတဲ့ အဆင့်မျိုးလောက်နဲတော့ မရဘူးဆိုတာကို၊ ပြီးခဲ့တဲ့ ရှစ်လေးလုံးမှာ သက်သေပြခဲ့ပြီးပြီ။ အခုနေအခါများ တပ်ထဲက တပ်မှူးငယ်တွေ အလယ်အလတ်အဆင့်တပ်မှူးတွေ၊ ကံကောင်းခဲ့ရင်လည်း တပ်မှူးကြီးတွေကပါ အပြောင်းအလဲကို ဖြစ်ပေါ်စေချင်တဲ့အတွက် ပြည်ပရှိတဲ့အတိုက်အခံတွေနဲ့ ပေါင်းမယ်ဆိုရင်၊ သူတို့တွေက အတိုက်အခံတွေဘက်က အနည်းဆုံး ဘယ်လိုဖြစ်နေကြတဲ့ အနေအထားကို လိုချင်ကြမယ် ထင်ပါသလဲ ခင်ဗျ။

ဦးစိန်သောင်း။ ။ ညီညွတ်ရေးကိုပေါ့ ဗျာ။ အတိုက်အခံတွေဘက်က အနည်းဆုံး ညီညွတ်ရေးကိုတော့ ရှေ့ရှုပြီး လုပ်ထားဘို့ လိုမယ်လို့ ကျနော် ယူဆပါတယ် ခင်ဗျာ။

ဦးရော်နီညိမ်း။ ။ ကိုယ့်တပ်ထဲမှာပဲ ခေါင်းဆောင်ရှာပြီးတော့၊ အခု အပေါ်မှာရှိနေတဲ့ စစ်ခေါင်းဆောင်တွေကို ဖယ်ရှားပြီးတော့မှ စနစ်တစ်ခုကိုပြောင်းဘို့ ကြိုးစားကြတဲ့အဖြစ်မျိုး၊ အခု လက်ရှိတပ်ထဲမှာကော မဖြစ်လာနိုင်ဘူးလား ခင်ဗျ။

ဦးစိန်သောင်း။ ။ ဟာ သိပ်ဖြစ်တာပေါ့။ ဖြစ်သွားနိုင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဘယ်လိုအကြောင်းအခြေအနေပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာနိုင်ပါသလဲ။

ဦးစိန်သောင်း။ ။ ကျနော်တို့ခေတ်တုံးက အင်မတန်မှ ခေါင်းဆောင်ကောင်းပီသတဲ့ ဗိုလ်ချုပ်ကြီးတင်ဦး အပေါ် မှာ၊ သူတို့ရဲ့စနစ်ကို အတိုက်အခံဖြစ်နေတဲ့လူဖြစ်နေတာကြောင့်၊ သူတို့က မတရားတွေစွပ်စွဲပြီး၊ ဒီပုဂ္ဂိုလ်ကြီးကို ဖယ် ရှားခဲ့ကြတယ်။ အဲ့ဒီလို ဖယ်ရှားလိုက်တော့ ကျနော်တို့ တပ်မတော်သားတွေ လူငယ်တွေက၊ ဒို့တွေ ပြည်သူ့အတွက် ကတော့ ဒို့ ကိုယ်ကျိုးစွန့်ပြီးလုပ်သင့်ပြီဆိုပြီး၊ တိုက်ပွဲဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီခေတ်မှာလည်း မကောင်းတဲ့ အရာတွေကို ဖယ်ရှားပစ်ပြီးတော့ ကောင်းတဲ့ဟာတွေ ဖြစ်ဘို့အတွက်ကို၊ တကယ်အရည်အချင်းပြည့်တဲ့ ခေါင်းဆောင် ကောင်းတစ်ယောက် ကို သူတို့ဟာသူတို့ မြင်လာပြီးတော့၊ အဲ့ဒီပုဂ္ဂိုလ်ရဲ့ ဦးဆောင်မှုနဲ့ စနစ်ကို ပြောင်းလဲပစ်လိုက်ကြ လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ် ခင်ဗျာ။

ဦးရော်နီညိမ်း။ ။ OTS ဗိုလ်သင်တန်းအပတ်စဉ်(၃၀)က အကောင်းဆုံးဗိုလ်လောင်းဆုရခဲ့ပြီးတော့ ၁၉၇၆ခုနှစ် မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့် စီစဉ်ခဲ့ပြီး၊ အောင် မြင်မှုမရရှိခဲ့တဲ့ နိုင်ငံတော်လုပ်ကြံမှုမှာ ပါဝင်ခဲ့မှုနဲ့ တပ်မတော်ကနေ ထုတ်ပယ်ခြင်းခံရသူ၊ ဗိုလ်ကြီးဟောင်း ဦးစိန် သောင်းကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။ ဦးစိန်သောင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ် ပွားပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီပါတီရဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ် ခင်ဗျာ။ နောက်သီတင်း ပတ် ဇူလိုင်လ(၁၈)ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သား ပြောစကား”အပတ်စဉ်ကဏ္ဍမှာ၊ (၆၃)နှစ်မြောက် အာဇာနည်နေ့အထူးအစီအစဉ်အဖြစ် ၂၀၀၉ခုနှစ် မနှစ်က ဗီအိုအေမြန်မာပိုင်းကနေ ထုတ်လွှင့်ခဲ့ပြီးဖြစ်တဲ့ “ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဒီကနေ့ခေတ် အာဇာနည်နေ့တွေ” အကြောင်း၊ တပ်မှူးတွေရဲ့ ပြောစကားတွေကို ပြန်လည်တင်ဆက် သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG