သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော် ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး (အပိုင်း - ၂)


တပ်မှူးတပ်သား ပြောစကား (၀၆၈)

ပြီးခဲ့တဲ့လ၊ ဇွန်လ (၉) ရက်နေ့ကနေ စတင် ဖြစ်ပွားခဲ့တဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အစိုးရစစ် တပ်တို့ရဲ့ တိုက်ပွဲတွေဟာ၊ ရပ်စဲသွားခြင်း မရှိသေးပါဘူး။ ကချင်ပြည်နယ် အစိုးရအဖွဲ့ဘက်က (၅) ဦးပါ “ပြည် နယ်တည်ငြိမ်အေး ချမ်းမှု ညှိနှိုင်းရေးအဖွဲ့” ဖွဲ့ပြီး၊ အဲဒီအဖွဲ့ခေါင်းဆောင် ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန် ကြီးနဲ့ အဖွဲ့ဝင် ကချင်လူကြီး နှစ်ဦးတို့ဟာ၊ KIA နဲ့ ဇွန်လ (၃၀) ရက်နေ့က ပထမအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ ဇူလိုင်လ (၄) ရက်နေ့မှာ၊ အစိုးရဘက်က လိုလားချက်တွေကို ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုညှိနှိုင်းရေး အဖွဲ့ အနေနဲ့ KIA ဘက်ကို၊ စာရေးသား ပေးပို့တောင်းဆိုခဲ့ပါတယ်။။ လက်ရှိ ဖြစ်ပေါ်နေတဲ့ နောက်ဆုံး အခြေ အနေတွေအပေါ် ထောက်လှမ်းရေးအရာရှိ ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်း က၊ မေးမြန်းဆွေးနွေးပြီး ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ် သား ပြောစကား” ကဏ္ဍ ကို တင်ဆက်ထားပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်(ကြည်း ၈၄၆၈ OTS 25) မပြုတ်သေးဘူးဗျ။ ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုယ်တိုင် တိုင်းရင်းသားအဖွဲ့တွေဆီသွားပြီးတော့မှ ဖျောင့်ဖျခဲ့ရ တာတွေ ရှိတယ်။ နောက်ဆုံး မှတ်တမ်းတင်ထားပေးမယ်ပေါ့ဗျာ။ နောက်မှ သူတို့ ဆက်ပြီးဆွေးနွေးကြတာပေါ့၊ ဖွဲ့စည်းပုံ (အခြေခံဥပဒေ) ပေါ်သေး တာမှ မဟုတ်သေးတာ ဆိုတဲ့ နှစ်သိမ့်မှုနဲ့ပဲ၊ တိုင်းရင်းသားအဖွဲ့တွေ ၀ တို့ ဘာတို့အကုန်အပါအဝင်က၊ ဗိုလ်ချုပ်ကြီးခင် ညွန့် အပေါ်မှာ ယုံကြည်ပြီးတော့မှ၊ သူတို့ လိုက်လျောခဲ့တာတွေ ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ အခု KIA နဲ့ အစိုးရနဲ့ ဒုတိယအကြိမ် ညှိနှိုင်းတယ်လို့၊ ပြောလို့ရတဲ့ သတင်းတပုဒ် ရှိပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ ဇူလိုင်လ (၄) ရက်နေ့မှာ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုကာလမှာ ပစ်ခတ်တာတို့၊ မိုင်းခွဲတာတို့၊ အစိုးရ အဆောက်အအုံတွေကို သိမ်းပိုက်တာတွေကို မလုပ်ဖို့၊ ဖမ်းဆီးထားတဲ့သူတွေကို ပြန်ပြီး လွှတ်ပေးဖို့ ဆိုပြီးတော့မှ၊ အစိုးရဘက်က အာဏာပိုင်တွေက၊ KIA ကို စာရေးပြီး တောင်းဆိုခဲ့တာ။ အဲဒီတော့ အဲ့ဒီ “ပြည်နယ်တည်ငြိမ်အေးချမ်းမှုညှိနှိုင်းရေးအဖွဲ့” မှာ၊ ပါတာက ကချင်ပြည်နယ်ဝန်ကြီးအဖွဲ့ထဲက နယ်စပ်ဒေ သလုံခြုံရေးနှင့် ဖွံ့ဖြိုးရေး ဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ တခါ (စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီ (UDPKS ပါတီ၏)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် ပါတယ်။ နောက်တခါ ကချင်အမျိုးသားအတိုင်ပင် ခံဥက္ကဋ္ဌ ဦးဆင်ဝါးနော် ပါတယ်။ ဒီ (၅) ယောက်အဖွဲ့မှာ စစ်ဘက်က အရေးပါတဲ့ နှစ်ယောက်က၊ အဲဒီအဖွဲ့မှာ ပါပါတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဆင်ရေး စစ်ဦးစီးအရာရှိး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီးထွန်း ထွန်းအုန်းနဲ့ စစ်ဘက်ရေးရာလုံခြုံရေး စစ်ဦးစီးအရာ ရှိ (ဒုတိယတန်း) ဗိုလ်မှူးနိုင်လင်းတို့ ပါပါတယ်။ ဒါပေမဲ့ (စစ်ဘက်က) ဒီနှစ်ယောက်ဟာ၊ လွန်ခဲ့တဲ့ ဇွန်လ (၃၀) ရက် နေ့က၊ လဂျာယန်မှာ လာပြီး ဆွေးနွေးတုန်းက၊ သူတို့လည်း မပါဘူး။ အခုလည်း ဒီ (ဇူလိုင် ၄ ရက်နေ့က) ရေးသားလိုက်တဲ့ စာထဲမှာ၊ သူတို့ နံမည်တောင် မပါဘူး။ အဲဒီအခါကျတော့ ဘယ်လိုဖြစ်နေတာလဲ၊ စစ်ဘက်က၊ သူတို့နဲ့ စစ်တိုက်နေတာပဲ။ သူတို့နဲ့ မဆိုင်တဲ့ အနေအထားမျိုး ဘာဖြစ်လို့၊ ဒီလိုမျိုး ရပ်ပြနေတာလဲ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ အမှန်တကယ်တော့၊ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ ဆိုတာက၊ စစ်ဘက် က မပါပဲ၊ လုံး၀ မပြီးတဲ့ ကိစ္စပါ။ အဲဒါကို ကြည့်ခြင်းအားဖြင့် အထက်ပိုင်းမှာ၊ မူဝါဒပိုင်းဆိုင်ရာမှာ အားလုံး တသံထဲ မထွက်ဘူး ဆိုတဲ့ အနေအထားမျိုး သွားဖြစ်နေပါတယ်။ အစိုးရအဖွဲ့က အစိုးရအဖွဲ့၊ စစ်ဘက်က စစ် ဘက်၊ သပ်သပ်စီလို့ မြင်ရင်၊ ရတဲ့အနေအထားမျိုး ရှိနေပါတယ်။ စစ်ဘက်ကတော့ အစိုးရအဖွဲ့ ဘယ်လောက် ပဲ ငြိမ်းချမ်းရေး ပြောနေဆိုနေပေ့ စေ၊ သူတို့ လိုက်လုပ်ချင်မှ လုပ်မယ်၊ သူတို့ သဘောတူချင်မှ တူမယ်ဆိုတဲ့၊ အနေအထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ “ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့” ဆိုတာ၊ (ကချင်) ပြည်နယ်အစိုးရ က ဖွဲ့တာ၊ ဗဟိုအစိုးရက ဖွဲ့တာတောင် မဟုတ်ဘူး။ အဲဒီတော့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် က၊ ပြည်နယ် အစိုးရက အမိန့်ပေးရင်၊ သူတို့က လိုက်နာမှာလား၊ ဗိုလ်မှူးချုပ်ဇေယျာအောင် (ကြည်း ၁၆၅၀၃ DSA 22) ဦးဆောင်တဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ၊ လိုက်နာမှာလား၊ မလိုက်နာဘူးလား၊ ဒါမှမဟုတ် သူ့အထက်မှာ ရှိတဲ့၊ ကစထ (၁) (ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (၁) ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး - ကြည်း ၁၆၃၉၁ OTS 61)၊ အဲဒီ အထက်က ညှိကွပ် (တပ်မတော် ကြည်း-ရေ-လေ ညှိနှိုင်းကွပ်ကဲရေးမှူး နှင့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း (DSA 20)၊ တခါ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း - ကြည်း ၁၆၄၈၉ DSA 22)၊ ဟိုးအပေါ်က တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် - ကြည်း ၁၄၂၃၂ DSA 19) တို့ဆီက၊ (အမိန့်တွေ) ဘယ်လို လာမယ်လို့၊ ထင်မြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်ဇေယျာအောင် အနေနဲ့က၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က လုပ် တဲ့အလုပ် ကို သူ့အနေနဲ့ လိုက်နာစရာ လိုက်လုပ်စရာ မလိုပါဘူး။ ဗိုလ်ချုပ်ဇေယျာအောင်ကို ကက(ကြည်း)(ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) ရုံး) ကနေ တိုက်ရိုက်ညွှန်ကြားမှသာ၊ ဗိုလ်ချုပ်ဇေယျာအောင်တို့ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်အနေနဲ့၊ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့မှ လိုက်နာလိမ့်မယ့် အနေအထားမျိုး ဖြစ် ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ၊ လူပုဂ္ဂိုလ်ကိုလည်း ထည့်တွက်ကြည့်ရအောင်။ ဘာ့ကြောင့်လဲဆိုတော့၊ အရင် ဗိုလ်မှူးပြောခဲ့တဲ့ (မပခတိုင်းမှူးဟောင်း) ဗိုလ်မှူးချုပ်စောလွင် (ကြည်း ၈၆၇၇ OTS 27) တို့လို KIO/KIA ကို ဆဲဆို ဆက်ဆံမယ့်ပုဂ္ဂိုလ်မျိုးလား၊ ဗိုလ်မှူးချုပ်ဇေယျာအောင် ဟာ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ဗိုလ်မှူးချုပ်ဇေယျာအောင်ဟာ၊ အင်မတန်မှ နူးညံ့ပျော့ပြောင်းတဲ့ သူပါ။ ကျနော်နဲ့လည်း ငယ်စဉ်က တွေ့ကြုံခဲ့ဖူးတဲ့ အနေအထားမျိုးရှိသလို၊ နောက်ပိုင်း သူ့သတင်းတွေ ကြားရတဲ့အ ခါမှာလည်း၊ ကောင်းတဲ့သတင်းတွေပဲ ကြားခဲ့ရပါတယ်။ ဥပမာအားဖြင့် သူ တပ်မ (၈၈) တပ်မမှူးဘဝမှာ၊ နေပြည်တော်ကို စပြီး၊ ဖွင့်ခါစမှာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကက(ကြည်း) ကနေ ဗိုလ်မှူးချုပ်ဇေယျာအောင် ရဲ့ တပ်မကို၊ နေပြည်တော်ရဲ့ အရှေ့ဘက်၊ KNU (Karen National Union ကရင်အမျိုးသားအစည်းအရုံး) အနေနဲ့ ပြောရင်၊ (KNU လက်အောက်ခံ KNLA Karen National Liberation Army - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်) တပ်မဟာ (၂) နဲ့ (၃) ရဲ့ ဧရိယာ (ညောင်လေးပင်နှင့် သံတောင် ဒေသများမှ၊ ကရင်ရွာများ) ကို အပြတ်ရှင်းရမယ်ဆိုတဲ့ အမိန့်မျိုး ပေးခဲ့တဲ့ အ နေအထားမျိုး ရှိပါတယ်။ အဲဒီအခါမှာ ဗိုလ် ချုပ်ဇေယျာအောင်ဟာ၊ တော်တော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့တယ်လို့၊ ကျနော် ပြန်ပြီး ကြားသိခဲ့ ရပါတယ်။ နောက်ဆုံး၊ သူ့အောက်က သက်ဆိုင်ရာ ဗျူဟာမှူးတွေကို၊ “ မင်းတို့ ကွာ၊ ငါ လည်း မတတ်နိုင်ဘူး။ အပေါ်ကနေ ငါ့ကို ဒီအတိုင်းပဲ ပြောလို့၊ မင်းတို့ကိုလည်း၊ ငါ ဒီအတိုင်းပဲ ပြောရတယ်”လို့၊ ပြန်ပြောခဲ့တဲ့ ပုဂ္ဂိုလ် မျိုးပါ။ ဗိုလ်ချုပ်ဇေယျာအောင်အနေနဲ့၊ တပ်မတော်နဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့၊ တဦးနဲ့တဦး တဘက်နဲ့တဘက် ပစ်ခတ်သတ်ဖြတ်နေတာက၊ ဘာမှ အကျိုးလည်း မရှိ အဓိပ္ပာယ် လည်း မရှိ လို့၊ ခံယူထားတဲ့သူ ဖြစ်ပါတယ်။ တကယ်တော့ တချက်ခုတ် နှစ်ချက်ပြတ် သဘောမျိုးနဲ့၊ (နေပြည်တော်ကို လည်း လုံခြုံအောင်)၊ ဒီ KNLA တပ်မဟာ (၂) နဲ့ (၃) ရဲ့ ဧရိယာကို ဗိုလ်ချုပ်မှူးကြီးရဲ့ စိတ်ထဲမှာ၊ ဒီ KNU ရပ်တည် နေနိုင်တာဟာ၊ ဒီ (ကရင်)ရွာတွေရှိလို့ နေနိုင်တာဖြစ်တယ်၊ ဆိုတဲ့အယူအဆနဲ့၊ အပြတ်ရှင်း ခိုင်းတယ် ဆိုတာ၊ ရှင်းပါတယ်။ အကုန် သတ်ခိုင်းတယ် ဗျာ။ လုပ်ချင်တာလုပ် ဆိုတဲ့ အမိန့်ပေးတဲ့ အနေအထားမျိုး ဖြစ် ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ကျနော်တို့ KIA ဘက်ကို ပြန်ကြည့်ကြရအောင်။ တကယ့် တိုင်းပြည်ရဲ့ အမြင့်ဆုံး ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ကတော့၊ သူ့သတင်းတွေကို ကြားနေရတာက၊ သူက နိုင်ငံရေးအကျဉ်း သားတွေကို လွှတ် ပေးချင်တယ်၊ တိုင်ရင်းသားအဖွဲ့တွေနဲ့ အခုလို တိုက်ပွဲတွေ ဖြစ်နေရတာကိုလည်း၊ သူ စိတ် မချမ်းသာဘူး၊ ဆိုတာတွေ ပေါ့။ အဲဒီတော့ KIA ကိစ္စမှာကော၊ သူ ဘယ်လို အနေအထားရှိလဲ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ KIA နဲ့ ကျနော်တို့နဲ့ ငြိမ်းချမ်းရေးလုပ်စဉ်တုန်းက၊ အခု သမ္မတ ဦးသိန်း စိန်ဟာ၊ (ကကကြည်းမှာ) စစ်ဦးစီးဗိုလ်မှူးကြီး (ကြည်း) (Colonel of General Staff - Army) ဗိုလ်မှူးကြီး သိန်းစိန် (ကြည်း ၁၁၂၅၂ DSA 9) အနေနဲ့ ရှိပါတယ်။ ကျနော်တို့ (KIA နှင့် ငြိမ်းချမ်းရေးတာဝန်ယူ လုပ်ဆောင်နေသော တပ်မတော် ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးမှ အရာရှိများ) တင်ပြတဲ့ report တွေ အားလုံးကလည်း၊ ဗိုလ်မှူးကြီးသိန်းစိန်က တဆင့်၊ ကက(ကြည်း) ဗိုလ်ချုပ် (ဒုတိယဗိုလ်ချုပ်မှူးကြီး) မောင်အေး တို့၊ ဗိုလ်ချုပ် (ဗိုလ်ချုပ်မှူးကြီး)သန်းရွှေတို့ဆီကို through (တဆင့်)သွားနေရတဲ့၊ အနေအထားမျိုးပါ။ သက်ဆိုင် ရာတိုင်းမှူးတွေ ဖြစ်ကြတဲ့၊ ဗိုလ်ချုပ်အေးကျော် (အရှေ့မြောက်တိုင်း) တို့၊ ဗိုလ်ချုပ်စောလွင် (မြောက်ပိုင်းတိုင်း) တို့ ကိုယ်တိုင်ကလည်း၊ ဗိုလ်မှူးကြီးသိန်းစိန်ဆီကို တိုက်ရိုက် သတင်းပို့ကြရပါတယ်။ ဗိုလ်မှူးကြီးသိန်းစိန်ဆီက မှ တဆင့်၊ ဗိုလ်ချုပ် (ဒုတိယဗိုလ်ချုပ်မှူးကြီး) မောင်အေး (ကြည်း ၇၈၇၅ DSA 1) တို့၊ ဗိုလ်ချုပ် (ဗိုလ်ချုပ်မှူး ကြီး) သန်းရွှေ (ကြည်း ၆၇၁၀ OTS 9) တို့ဆီကို၊ ဆက်ပြီး သတင်း ပို့တဲ့ အနေအထားမှာ ရှိပါတယ်။ KIA နဲ့ ဘယ်လို ငြိမ်းချမ်းရေး ယူထားတယ်၊ ဘယ်လို စာချုပ်တွေ ချုပ်ထားတယ် ဆိုတာကို၊ အခု လက် ရှိအနေအ ထားမှာ၊ ဂဃနဏ သိတာဆိုလို့၊ သမ္မတကြီး ဦးသိန်းစိန် တယောက်ပဲ ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒါ ဆိုရင်၊ အကုန်လုံးကိုလည်း သိနားလည်နေပြီးတော့၊ ငြိမ်းချမ်းရေးကိုလည်း တကယ်လို ချင်နေတဲ့ ပုဂ္ဂိုလ်ဟာ၊ ဒီစစ်တပ်ကို ထိန်းလို့ သိမ်းလို့ မရဘူးလား။ ခုလို ဖြစ်နေတာတွေ အတွက်။ ဗိုလ်ချုပ်ကြီးမင်း အောင်လှိုင် သဘောတခုထဲနဲ့ကော၊ အခုလို တိုက်ပွဲတွေကို လုပ်နေတယ်လို့၊ ဗိုလ်မှူး မြင်သ လား ခင်ဗျ။ ဘယ်သူ့ရဲ့ အမိန့်ပေးမှုတွေ၊ နောက်ကွယ်မှာ ရှိနေလဲ ခင်ဗျ။ အခု သမ္မတကြီးဦးသိန်းစိန်က ငြိမ်း ချမ်းတဲ့တိုင်းပြည်ဖြစ်အောင်၊ သူ ပြောခဲ့တဲ့ good governance ကောင်းမွန်တဲ့အုပ်ချုပ်ရေးဖြစ်အောင်၊ တဘက် က သူကြိုးစားနေတဲ့အချိန်မှာ၊ တဘက် က ဖျက်မြင်းသဘောမျိုးနဲ့၊ အခု ရက်ပေါင်း (၁၀၀) မပြည့်သေးဘူး၊ ဒီအစိုးရသစ်ရဲ့လက်ထက်မှာ၊ တိုင်းရင်းသားအဖွဲ့ တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်နေတာ။ အဲဒီတော့ဒီဟာတွေ ဖြစ်နေတာ၊ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲ ခင်ဗျ။ သမ္မတကြီးဦးသိန်းစိန် ဘာမှ မတတ်နိုင်တဲ့ အနေ အထားမျိုး ဖြစ်နေလား။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ သမ္မတကြီးဦးသိန်းစိန်ဟာ စိတ်ရင်းစေတနာအားဖြင့်အင်မတန် နူးညံ့ ပျော့ပျောင်း ပြီးတော့မှ တိုင်းပြည်အပေါ်မှာ တကယ့် စိတ်ကောင်းစေတနာကောင်း ရှိတဲ့လူလို့၊ ကျနော် ပြော ခဲ့ ဖူးပါတယ်။ ဒါကလည်း သူနဲ့ကျနော်နဲ့ (စစ်ရုံးချုပ်မှာ) ငါးနှစ်ခြောက်နှစ်လောက် အတူတူနေခဲ့ဖူးလို့၊ သူ့ရဲ့ စိတ်ရင်းစေတနာကို ကျနော် သိလို့ ပြောတာဖြစ်ပါတယ်။ အခုအချိန်အခါမှာ ပြန်ကြည့်ရင်၊ သမ္မတကြီးဦးသိန်း စိန် ဘာကြောင့် ဆုံးဖြတ်ချက်တွေ မချနိုင်လဲ ဆိုတာ၊ ရှင်းပါတယ်။ လက်ရှိမှာ ဗိုလ်ချုပ်သန်းရွှေက (အားလုံး ကို) ခေါ်ပြီးတော့မှ၊ ကွပ်ကဲနေတဲ့ အနေအထားမှာ ရှိနေတယ်လို့ ကျနော်တို့၊ ကြားသိနေရပါတယ်။ တဘက် ကပေါ့ဗျာ၊ မြှောက်ပေးထားတာက (ဒုသမ္မတ) ဗိုလ် ချုပ် (ကြည်း ၁၁၇၀၁ DSA 12 - စစ်ထောက်ချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး)တင်အောင်မြင်ဦး။ ဒီပုဂ္ဂိုလ်က တော်တော်လေးကို ကြမ်းကြမ်းတမ်းတမ်းနဲ့၊ သမ္မတကြီး ဦးသိန်းစိန်တောင် မဟုတ်ဖူး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင် အပေါ်မှာပါ၊ လွှမ်းမိုး ဖို့ ကြိုးစားတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ သမ္မတကြီးဦးသိန်းစိန်ရဲ့ နောက်မှာ၊ ဗိုလ်ချုပ်တင်အောင်မြင်ဦး က ကြိုးကိုင်ထားတယ်၊ ဗိုလ်ချုပ်သန်းရွှေ ကိုယ်စား ကြိုးကိုင်ထားတယ်ဆိုရင် မမှားဘူးလို့၊ ကျနော်မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ တဆက်ထဲမှာပဲ သမ္မတကြီးဦးသိန်းစိန်ဟာ၊ KIA တို့လို တိုင်းရင်းသားတွေနဲ့ ကိစ္စ ္စတွေမှာ၊ ဘာမှ မတတ်နိုင်ပဲ ရှိနေရတဲ့ အချိန်မျိုးမှာ၊ နောက်ထပ်ကြားရတဲ့ အသံတခုက၊ NIB (National Intelligence Bureau) အမျိုးသားထောက်လှမ်းရေးအဖွဲ့ကို၊ ပြန်ဖွဲ့မယ်၊ အမျိုးသားထောက်လှမ်းရေးအဖွဲ့ရဲ့ အကြီးအကဲအဖြစ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အနီးကပ်ကိုယ်ရေးလုံခြုံရေးအရာရှိ သဘောမျိုး၊ စစ်ဘက်လက် ထောက်သဘောမျိုး လုပ်ခဲ့တဲ့ ဗိုလ်မှူးချုပ်စိုးရှိန် (OTS 65) က၊ ဦးစီးမယ်၊ ဒီ အမျိုးသားထောက်လှမ်းရေးကို သူ ဦးစီးမှာ ဖြစ်တာကြောင့်၊ စစ်ဘက် ရေးရာ လုံခြုံရေးအရာရှိချုပ် (စရခ) ရာထူးကိုလည်း၊ သူ့ကိုပဲ ပေးလိုက် တယ်။ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာမယ့် (လက်ရှိ စရခ) ဗိုလ်ချုပ်ကျော်ဆွေ (ကြည်း ၁၆၄၉၃ DSA 22) ဟာ၊ ကကကျင့် (တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် - ယခု ညှိကွပ် ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း၏ ယခင်ရာ ထူး) သို့မဟုတ် ကစထ တခုခု (ကစထ (၃) နှင့် ကစထ (၆) ကစထမှူး ရာထူးများ လစ်လပ်နေ) ကို၊ အရွှေ့ခံ လိုက်ရတယ် ဆိုတဲ့၊ သတင်းလည်း ထွက်ပါတယ် ခင်ဗျ။ အဲဒီ အပေါ်မှာရော၊ KIA နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေ၊ KNUနဲ့ ဖြစ်နေတဲ့တိုက်ပွဲတွေမှာ၊ ဗိုလ်မှူးချုပ်စိုးရှိန်၊ စရခ ဖြစ်လာမှာနဲ့၊ ဘယ်လောက်များသွားပြီး သက်ရောက် မှု ရှိနိုင်ပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ် စိုးရှိန်ဆိုတာ၊ စစ်မြေပြင်မှာ စစ်ပွဲတပွဲမှ မတိုက်ဖူးပဲနဲ့၊ ဗိုလ်ချုပ် အထိ ဖြစ် လာတဲ့ လူတယောက်ပါ။ ထောက်လှမ်းရေးနဲ့ ပတ်သက်ပြီးတော့၊ ကျနော်တို့ ရှိစဉ်တုန်းကတော့၊ သူ ဟာ Counter Intelligence Course (တန်ပြန်ထောက်လှမ်းရေးသင်တန်း) ကို၊ လာတက်ခဲ့ဖူးပါတယ်။ ဒီလောက်ပါပဲ။ သူ့အနေနဲ့ အရည်အချင်းအနေနဲ့ ထောက်လှမ်းရေးမှူးချုပ်တယောက် အဇြစ်၊ ကောင်းကောင်း မွန်မွန် လုပ်ကိုင်နိုင်စွမ်း မရှိပါဘူး။ သို့သော်၊ သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့တပည့်အရင်း ခေါက်ခေါက် ဖြစ် တယ်ဗျာ။ အခုလို အရေးကြီးတဲ့ ထောက် လှမ်းရေးလိုနေရာမျိုးမှာ ဆွဲခန့်ထားလိုက်ခြင်းအားဖြင့်၊ နှစ်ခွပေါ့ဗျာ၊ အရပ်ဘက်ရော၊ စစ်ဘက်ရော၊ အရပ်ဘက်ဆိုတာ သမ္မတရော၊ စစ်ဘက်က တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရောကို ပေါ့ဗျာ၊ (နောက်ကွယ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ)၊ ထိန်းထားပြီးသား ဖြစ်ပါတယ်။ ထောက်လှမ်း ရေးရဲ့ သဘောသဘာ၀ အရကတော့၊ ဗိုလ်ချုပ်စိုးရှိန် မတော် ပေမဲ့၊ အောက်က တက်လာတဲ့ သတင်းတွေ အရ၊ စစ်တပ် ဘာလုပ်နေတယ်၊ အရပ်ဘက်က ဘာလုပ်နေတယ် ဆိုတာ တွေကို၊ သူက ထိုင်ပြီးတော့မှ handle လုပ်မယ့် သဘောပေါ့ဗျာ။ သူ့အနေနဲ့လည်ါ် ငြိမ်းချမ်းရေးကိစ္စတို့ တခြားကိစ္စတို့ ကို၊ ဟိုတုန်းကလည်း ဘာမှ မသိဘူး၊ အခုလည်း ဘာမှ သိမှာ မဟုတ်ဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒါလုပ်ဆိုရင်၊ လိုက်လုပ်မယ့် လူမျိုး တယောက်အဖြစ်ပဲ၊ သူ့ကို ကျနော် မြင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ စရခ ပေါ့။ အခု အခေါ်တော့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ အရင်တုန်း ကတော့ ထောက်လှမ်းရေးမှူးချုပ် ပေါ့ ဒီနေရာမျိုးကို ယူတဲ့ ပုဂ္ဂိုလ်ဟာ၊ တိုင်းရင်းသားကိစ္စတွေကို သူတို့ ဦးစီး လုပ်ခဲ့ရတာကို ကျနော်တို့ မြင်ခဲ့ရတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့် လုပ်ခဲ့တယ်။ နောက်ပိုင်း အခု မန္တလေးတိုင်းဒေ သကြီး ဝန်ကြီးချုပ် ဖြစ် နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် (ကြည်း ၁၂၆၀၇ DSA 15)။ စရခ အနေနဲ့ သူ တိုင်း ရင်းသားကိစ္စတွေကိုလုပ်ခဲ့တာ တွေ့ခဲ့ရတယ်။ ဗိုလ်ချုပ်ကျော်ဆွေလည်း၊ လုပ်ခဲ့တာကို တွေ့ခဲ့ရတယ်။ ဗိုလ်ချုပ် စိုးရှိန်ဟာ၊ KIA ပြဿနာလိုမျိုးကို တကယ် ကိုင်တွယ်ဖြေရှင်းလို့ ရနိုင်မလား၊ ငြိမ်းချမ်းရေး ရအောင်လို့။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ KIA ပြဿနာလိုမျိုးကို၊ ဗိုလ်ချုပ်စိုးရှိန်အနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့၊ အနေအ ထား မရှိပါဘူး။ ဗိုလ်ချုပ်စိုးရှိန်ဟာ ဗိုလ်ချုပ်သန်းရွှေက “ မင်း ဒါလုပ်၊ ဒါလုပ်၊ ဒါလုပ်” ဆိုတဲ့အတိုင်း၊ ရုပ်သေးရုပ်တရုပ် လို၊ လိုက်လုပ်မယ့် လူမျိုးပါ။

ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ တရုတ်နဲ့ KIO ကို၊ ပြန်ကြည့်ရအောင်။ အခု KIA ကိုကျတော့၊ တိုက်ရဲ တယ်ဆိုတာ၊ တရုတ်နဲ့ KIO နဲ့က ဘယ်လို အနေအထား ရှိလို့လည်း ခင်ဗျ။ ဗိုလ်မှူးရဲ့ အတွေ့အကြုံတွေအရ နည်းနည်း ရှင်း ပြပေးပါ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ KIA ဟာ တရုတ်ရဲ့ သြဇာခံ မဖြစ်ခဲ့ပါဘူး။ KIA က၊ ကွန်မြူနစ်စနစ်ကို၊ လက်မခံ တဲ့အတွက်ကြောင့်၊ ကိုးကန့်တို့ ဝတို့လောက်၊ KIA ဟာ တရုတ်နဲ့ အစေးမကပ်တာတော့၊ အမှန်ပဲ။ KIA ထဲက ခွဲထွက် သွားတဲ့ ဦးဇခုန်တိန်ယိမ်း တို့လောက်ပဲ၊ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ရဲ့ စစ်ဒေသ (၁၀၁) အနေနဲ့ တရုတ်ဘက်ကို၊ ကွန်မြူနစ်ဘက်ကို ပါသွားတဲ့ သဘောရှိပါတယ်။ KIA ဟာ ကိုးကန့်တို့ ဝတို့ လာက်၊ တရုတ်ရဲ့ ထောက်ခံမှုကို အပြည့်အ၀ မရဘူးဆိုတာကို၊ ဒီဘက်အစိုးရကလည်း ကောင်းကောင်းသိပါ တယ်။ အခု ကိစ္စမှာလည်း၊ အားစမ်းတာပါ။ ၂၀၀၉ ခုနှစ်၊ (ဒုတိယ) ဗိုလ်ချုပ်မှူးကြီးမောင်အေး တရုတ်ပြည်ကို သွားခဲ့တုန်းက၊ တရုတ်ကို လက်မှတ်ထိုးပေးခဲ့တဲ့ (မြန်မာပြည်ထဲတွင် တရုတ်ကလုပ် မည့်) ရေအားလျှပ်စစ် စီမံကိန်းတွေရဲ့ အများစုဟာ၊ ကချင်ပြည်နယ် KIA နယ်မြေ ထဲမှာ ရှိပါတယ်။ နောက်ပြီးတော့၊ (ရခိုင်ပြည်နယ် မှ တရုတ်ပြည် ယူနန်ပြည်နယ်သို့ သွယ်တန်းနေသည့်) သဘာ၀ ဓါတ်ငွေ့ပိုက်လိုင်း ဟာလည်း၊ KIA နယ်မြေ ထဲက ဖြတ်ပါတယ်။ အဲဒါကို အကြောင်းပြုပြီးတော့မှ၊ အစိုးရစစ်တပ်အနေနဲ့၊ လက်ရှိ ရေအားလျှပ်စစ်စီမံကိန်း ရှိရာ တာစန်းကုန်းကို၊ ရအောင်ယူမယ်။ စမ်းကြည့်တာပါ။ သွေးတိုး စမ်းကြည့်တာပါ။ တကယ်လို့ ဒီလိုတိုက် တာကို၊ တရုတ်ဘက်က သဘောတူတယ် ဆိုရင်တော့၊ ဆက်ပြီး တိုက်သွားဖို့ စီစဉ်ပါလိမ့်မယ်။ ကျန်တဲ့ မေ ခမေလိခမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတို့လို မျိုးတွေနဲ့၊ (တရုတ်ကို) အကြောင်းကိုပြပြီးတော့မှ KIA ကို pressure ပေးသွားမယ့် အနေအထားမျိုး ဖြစ်မှာပါ။ ဒါပေမဲ့၊ သတင်းတွေအရတော့၊ ဝတွေ ကိုးကန့်တွေ လောက် KIA ကို ပြင်းပြင်းထန်ထန်မထောက်ခံပေမဲ့၊ မြန်မာအစိုးရ ဒီလိုလုပ်တာကိုတော့ လက်မခံဘူး ဆို တာကို၊ တရုတ်က ပြသတဲ့ အနေအထားမျိုးတွေ တွေ့ရပါတယ်။ တရုတ်ရဲ့မူက မြန်မာပြည်ရဲ့ နိုင်ငံရေးတည် ငြိမ်မှုကို၊ အဓိက လိုချင်တယ်။ အထူးသဖြင့် တရုတ်-မြန်မာနယ်စပ်မှာ ရှိနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့၊ ငြိမ်းငြိမ်း ချမ်းချမ်းနည်းနဲ့ပဲ ဖြေရှင်းတာကို၊ တရုတ်က လိုချင်တဲ့ အနေအထားမျိုး ရှိပါတယ်။ အခု လို တိုက်ခိုက်ပြီးတော့မှ ဖြေရှင်းတဲ့ကိစ္စကိုတော့၊ တရုတ်အနေနဲ့ လက်ခံလိမ့်မယ်လို့၊ ကျနော် မထင်ဘူး ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ မြန်မာ့တပ်မတော်ရဲ့ ထောက်လှမ်းရေးအရာရှိဟောင်းနဲ့၊ သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို ဆက်သွယ်မေးမြန်းပြီး၊ တင်ပြခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG