သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများ ပြစ်မှုဆိုင်ရာအကျဉ်းသားများ - အပိုင်း (၃)


တပ်မှူးတပ်သား ပြောစကား (၀၇၁)

မြန်မာနိုင်ငံက ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းသားဟောင်းတွေထဲမှာ၊ နှစ်ရှည် ထောင်ဒဏ် တွေ ကျခဲ့သူတွေ ကျနေဆဲသူတွေနဲ့၊ ထောင်ထဲကို တကြိမ်နှစ်ကြိမ် မက ဝင်ရောက်ခဲ့ရသူတွေ အများအပြားရှိ ခဲ့ ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေထဲမှာ အပါအဝင် ဖြစ်ခဲ့တဲ့၊ လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ဗဟိုကော်မီတီဝင်တွေ ဖြစ်ကြသူ၊ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဦးကျော်ဆန်းနဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်း ထိန်တို့ရဲ့ ထောင်တွင်းဖြတ်သန်းမှု အတွေ့အကြုံတွေကို ဦးရော်နီညိမ်းက ဆွေးနွေးမေးမြန်းပြီး၊ ဒီသီတင်း ပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကို တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့၊ နိုင်ငံခြားမီဒီယာတွေမှာ တအံ့တ သြဖေါ်ပြကြတာကတော့၊ နိုင်ငံရေးသမားတွေ မဟုတ်ပဲ၊ အဖမ်းခံနေကြရသူတွေထဲမှာ နိုင်ငံရေး အ ကျဉ်းသားတွေ ပါဝင်နေလို့ ပါပဲ။ လူတန်းစားအလွှာ အသီးသီးဖြစ်ကြတဲ့ ခေါင်းရွက်ဗျတ်ထိုးဈေးသည်၊ အလုပ် သမား၊လယ်သမား၊ကျောင်းသား၊ စစ်သား၊ စစ်ဗိုလ်၊ ကျောင်းဆရာ၊ ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ စာရေး ဆရာ၊ Rapper ၊ စတဲ့သူ တွေ၊ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ပါဝင်နေကြပါတယ်။ အဲဒီလို နိုင်ငံရေးသမား မဟုတ်သူတွေကို နိုင်ငံရေးနဲ့ နွယ်တဲ့စွဲချက်တွေနဲ့ ဖမ်းဆီးသလိုပဲ၊ နိုင်ငံရေးသမားတွေ ဖြစ်ကြတဲ့၊ နိုဘယ်လ် ငြိမ်းာချမ်းရေးဆုရှင်၊ ကျောင်းသားခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်၊ နိုင်ငံရေးပါတီခေါင်းဆောင်၊ စ တဲ့သူတွေကိုတော့ ရာဇဝတ်ပြစ်မှုမျိုးစုံနဲ့ ဖမ်းဆီး အကျဉ်းချပါတယ်။ ဒီအထဲက နိုင်ငံရေးအကျဉ်းသားတဦးဖြစ် သူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်းစည်းရုံးရေးကော်မီတီဥက္ကဋ္ဌ၊ ၁၉၉၀ ရွေးကောက်ပွဲ တန့်ဆည် မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အငြိမ်းစားဒုတိယဗိုလ်မှူးကြီးဦးကျော် ဆန်းဟာ၊ စုစုပေါင်း ထောင်ဒဏ် (၁၅)နှစ်ကျော် ကျခံခဲ့ရပါတယ်။ ဒုတိယအကြိမ် ထောင်ကလွတ်မြောက်လာ ပုံနဲ့၊ လေးလအကြာမှာ တတိယအကြိမ် ဖမ်းဆီးခံရပုံကို၊ ဦးကျော်ဆန်းက ဗီအိုအေကို အခုလို ပြောပြပါတယ်။

ဦးကျော်ဆန်း ။ ။ ကျနော်က ၂၀၀၄ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့မှာ၊ အမျိုးသားထောက်လှမ်းရေး ရဲ့ မလျော်မကန် လုပ်ဆောင်မှုကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရတာ ဖြစ်တယ်ဆိုပြီး၊ နိုင်ငံတော်အေးချမ်းသာ ယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီရဲ့ အမိန့်နဲ့၊ ဒီပြစ်ဒဏ်ချထားတာကို အဲဒီအချိန်က စပြီး ရပ်စဲလိုက်တယ်ဆိုပြီး၊ ကျနော့်ကို ပြန်လွှတ်လိုက်တာပါပဲ။ ကျနော့်သားသမီးတွေက မြဝတီမှာနေပြီး စီးပွားရေးလုပ်နေကြတာဆို တော့၊ DKBA (Democratic Karen Buddhist Association တိုးတက်သော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာ သာ အစည်းအရုံး) ကော၊ ဌာနဆိုင်ရာတွေကော၊ ရဲကော၊ ကုန်ကုန်ပြောရရင် တောထဲက လူတွေကော၊ တွေ့ ရင် ကြောက်ကြရပြီး၊ သူတို့တောင်းရင် ပေးကြရတာက၊ အဲဒီဒေသသားတွေ ရှောင်လို့လွဲှလို့ မရတဲ့၊ ဟာတွေ ပါ။ အဲဒီအထဲမှာ ကျနော့်သားသမီးတွေဘ အပါအဝင်ပါ။ အဲဒီမှာ DKBA က၊ (ရန်ကုန်က) သူတို့ရဲ့ ဂိုဒေါင်မှာ ပြည့်နေလို့ပါ။ ဒီညတညတော့ သူတို့ ပစ္စည်းတွေ တင်လာတဲ့ကားကို၊ ကျနော့်ခြံထဲမှာပဲ တည သိပ်ပါရစေ၊ မနက်ကျမှ သူတို့ ပစ္စည်းတွေကို အကုန်ထုတ်ပြီး ရှင်းပါမယ်ဆိုပြီး၊ ကားကိုလာထား ချင်တယ်ပြောတယ်။ ကျနော့်သားကလဲ DKBA နဲ့ ခင်နေတော့၊ ကဲ ထားလေဆိုပြီးတော့၊ ဖြစ်တယ်။ အဲဒါ ထားပြီး၊ နောက်တနေ့ (၂၀၀၅ မတ်လ) (၁၅) ရက်နေ့မှာ တနေကုန် သူတို့ ပစ္စည်းတွေ သယ်ထုတ်ကြတယ်။ ဘယ်အာဏာပိုင်ကမှ လာပြီး၊ ဘာမှ မလုပ်ဘူး။ ဒါပေမဲ့ (၁၅) ရက်နေ့ ညဦးပိုင်းကျတော့၊ ရဲတွေက ကျနော့်အိမ်ကို သူပုန်စခန်းကို လာဝိုင်းသလို၊ ဝိုင်းတယ်။ ကျနော် က၊ ထွက်ပြီး မတွေ့ဘူး။ နောက်တရာက် (၁၆) ရက်နေ့ကျတော့၊ သူတို့က ပစ္စည်းတွေကို စစ်တယ်။ (၁၇) ရက်နေ့ကျတော့၊ ကျ နော့်ကို စစ်ဆေးချင်လို့ ခဏလိုက်ခဲ့ပါလို့ ပြောတယ်။ စစ်ဆေးချင်လို့လို့ မပြောနဲ့ဗျာ၊ ဖမ်းတယ်ဆိုရင်လဲ၊ ဖမ်းပြီလို့သာပြော၊ ကျနော် (အဝတ်အစား၊ အိပ်ယာလိပ်) ပစ္စည်းကောက်ပြီး သိမ်းတော့မယ် ဆိုပြီး၊ အဲဒီမှာ ကျနော် ပစ္စည်းကောက်ပြီး လိုက်သွားတာ။ ကျနော့်အဖေ အမေတွေက အညာသူအညာသားတွေကိုး။ မန္တလေးမှာ ကျနော်သွားပြီး မိဘနှစ်ပါးအတွက် ကုသိုလ်သွား လုပ်တာ၊ နှစ်ပတ်လောက်ကြာပြီး၊ ရန်ကုန်ကို မန္တလေးကနေ ပြန်လာတဲ့ညမှာ၊ DKBA က ကားကို လာထား တာ။ ကျနော်က မန္တလေးက လာတဲ့လူပဲ။ အဲဒါ DKBA ပစ္စည်းတွေကို တရားမဝင်ပစ္စည်းသယ်ဆောင်မှု ပုဒ်မ (၅/၁) နဲ့ စွဲတယ်။ DKBA တပ်မဟာ (၉၉၉) ရဲ့ တပ်မှူးကြီး၊ ဗိုလ်မှူးကြီးစောချစ်သူ ဆိုတာ၊ ကျနော်လည်း မတွေ့ဖူးပါဘူး။ အဲဒါ သူကိုယ်တိုင်၊ ဒီပစ္စည်းတွေဟာ DKBA မိသားစုတွေ စားဝတ်နေရေးအတွက်၊ သူတို့လုပ် နေတာပါ၊ ဦးကျော်ဆန်းနဲ့ မည်သို့မျှ မပတ်သက်ပါ၊ ဒါတွေကို ပြန်ပေးပါဆိုပြီး၊ အဲဒီအချိန်က ရန်ကုန်တိုင်း အတွက် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ကစထ (၅) က၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ (ယခု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်) ဆီကို ဗိုလ်မှူးကြီးစောချစ်သူ စာတင်တယ်။ ဗိုလ်ချုပ်မြင့်ဆွေဆိုတာ၊ ကျနော့်ရဲ့ ရဲဘော်ရဲဘက်ပါပဲ။ အမှတ် (၁၁) ခြေမြန်တပ်ရင်းမှာ ကျနော် တပ်ရင်းမှူးဖြစ်တုန်းက၊ ကျနော့်ရဲ့ တပ်ရေးဗိုလ်ကြီးနဲ့ ထောက်လှမ်း ရေးအရာရှိ လုပ်သွားခဲ့တာပါ။ ဒီလူက လူကောင်းပါ။ သူ့ဆီကို စာပို့ပေမဲ့၊ ကျနော် ထောင် (၇)နှစ် ကျပါတယ်။ ၂၀၀၅ ခုနှစ် ဇွန်လ (၆) ရက်နေ့မှာပါ။ အဲဒီတော့၊ ကျနော့်ရဲ့ ထောင်ဒဏ် က လာမဲ့နှစ် ၂၀၁၂ ခုနှစ် ဇွန်လ (၆) ရက်မှာမှ (၇) နှစ် ပြည့်မှာပေါ့လေ။ ဒါပေမဲ့ လျှော့ရက်အရ၊ သူတို့ရဲ့ Long Row လို့ ခေါ်တဲ့ မှတ်တမ်းစာအုပ်ကြီးထဲမှာတော့၊ ကျနော့်ရဲ့ သာမန်လွတ်ရက်က၊ ၂၀၁၂ မတ်လ (၁၇) ရက် ဖြစ်ပါတယ်။ ရှေ့နှစ်ပေါ့။ အခု ၂၀၁၁ မေလ ဆိုတော့၊ (၁၀) လ စောပြီး၊ သမ္မတကြီး ဦးသိန်းစိန်ရဲ့ မဟာကရုဏာရှေ့ထားပြီး၊ ဒီ (၁၀) လကိုပါ လျှော့ရက်ပေးလိုက်လို့၊ အခု (၆) နှစ်နဲ့ (၂) လ ပြည့်တဲ့၊ ဒီနေ့မှာ လွှတ်တာပါ။

ဦးရော်နီညိမ်း ။ ။ မကြာသေးခင်က အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ဦးကျော် ဆန်းက၊ သူ့ရဲ့ အခု နောက်ဆုံးအကြိမ် ထောင်တွင်း ဖြတ်သန်းခဲ့ပုံတွေနဲ့၊ အမှုရင်ဆိုင်ခဲ့ပုံတွေကို အခုလိုပြော ပြပါတယ်။

ဦးကျော်ဆန်း ။ ။ ဒီတခေါက်ထောင်ထဲကို ဝင်စမှာလဲ၊ (၁) လလုံးလုံး ကျနော် အစာငတ်ခံ ဆန္ဒပြတာ၊ ၂၀၀၅ မတ်လ (၁၇) ရက်ကနေ ဧပြီ (၁၇) ရက်နေ့အထိပဲ။ ကျနော့်ကို မတရားဖမ်းဆီးထားတာကို ကန့်ကွက် တာရယ်၊ အစိုးရနဲ့ အတိုက်အခံတွေ တွေ့ဆုံဆွေးနွေးရေးရယ်၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ် မြောက်ရေးရယ်၊ အဲဒါတွေ အတွက် အဓိဌာန်နဲ့ ကျနော် (၁) လ၊ အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ အဲဒီ (၁) လအ တွင်းမှာ၊ အမှုကို စစ်ပါတယ်။ စစ်ပြီးတော့၊ မြို့နယ်တရားရုံးက ထောင် (၇)နှစ် ချလိုက်တယ်။ ဒါနဲ့ ခရိုင်တရား ရုံးကို အယူခံဝင်တော့၊ ထုံးစံအတိုင်း ပယ်ချ လိုက်တာပဲ။ ကျနော့် ဓါတ်ပုံဘေးနားမှာ NLD ဆိုတဲ့ မှတ်ချက် ရေးထားတယ်။ သဘောကတော့ NLD ကို၊ သူတို့ရဲ့ ရန်သူလိုပဲ။ NLD လို့ ဘာရေးစရာလိုလဲ။ ကျနော့်ကို ဦး ကျော်ဆန်းဖြင့် ဦးကျော်ဆန်းပေါ့၊ သို့မဟုတ် အငြိမ်းစားဒုတိယဗိုလ်မှူးကြီးကျော်ဆန်းပေါ့။ တခါ တိုင်းတရား ရုံးကို အယူခံတက်ပြန်တော့လဲ၊ ကျနော် ပြစ်မှုကျူးလွန်တာ၊ ဘာမှ မတွေ့ရပါဘူးတဲ့။ သို့ရာတွင် အောက်ရုံးရဲ့ အမိန့်ကို မလွန်ဆန်လိုသဖြင့်၊ အောက်ရုံးရဲ့အမိန့်ကို အတည်ပြုလိုက်ပါသည်တဲ့။ ကျားကြောက်လို့ ရှင်ကြီး ကိုး၊ ရှင်ကြီး ကျားထက်ဆိုး၊ အောက်ရုံးရဲ့အမိန့်ကို မကျေနပ်လို့ အထက်ရုံးတက် တယ်။ အောက်ရုံးရဲ့ အမိန့် ကို မလွန်ဆန်လိုသဖြင့်၊ အောက်ရုံးရဲ့အမိန့်ကို အတည်ပြုလိုက်ပါသည်၊ ဆိုတော့၊ ကျနော့်အတွက် ဒါက၊ သဲလွန်စ ဖြစ်လာပြီ။ ကျနော့်မှာ အပြစ်မရှိကြောင်း၊ ဒါကို အထောက်အထား လုပ်ပြီး ဗဟိုတရားရုံးကိုတက် တယ်။ အဲဒီမှာလည်း၊ ကျနော့် ဓါတ်ပုံဘေးနားမှာ NLD ဆိုတဲ့မှတ်ချက် ရေးထားတယ်။ ဒါဟာ မလုပ်ကောင်း တဲ့ ကိစ္စ။ fair မဖြစ်ဘူး၊ မမျှတဘူး။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိရဘူး၊ No One Is Above The Law ဆိုတာနဲ့၊ ဖျောင်ဖျောင့်ကြီး ဆန့်ကျင်ပါတယ်။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိရဘူး၊ ဆို ရင်၊ ကျနော့်ကို NLD မို့လို့ဆိုတာမျိုး၊ ပြောစရာ မလိုပါဘူး။ ပြောရရင်တော့၊ ကျနော့်ခံစားချက်က၊ ကျနော်တို့ အပေါ် အာဃာတကြီးတယ်၊ အငြှိုးနဲ့လုပ်တယ်လို့၊ ကျနော့်မှာ ဝေဒနာတွေ ဒီကနေ့အထိ၊ နှာခေါင်းမြုပ်နေပါ တယ်။ အဲဒီလို ခံရတော့၊ ဒီ့ပြင်လူတွေ ထောင်ကျရင်၊ ဒီ့ပြင်လူဆိုတာ ထောင်ထဲမှာ ပြောကြသလို၊ လွယ်လွယ် နဲ့ ပြောရရင်၊ ခိုး-ဆိုး-တိုက်ပေါ့ဗျာ၊ သူခိုးတို့ ဓါးပြတို့၊ မုဒိန်းတို့၊ လူသတ်မှုတို့ ထောင် (၇)နှစ်ကျရင်၊ (၇)နှစ် မနေရဘူး၊ (၅)နှစ်နဲ့ (၅)နှစ်ခွဲ၊ အာဏာကုန်ပဲ။ ကျနော်က (၇) နှစ် ကျတာမှာ၊ (၆) နှစ် (၂) လ နေခဲ့ရတယ်။ တကယ်တော့ အမှန်မှာ၊ ကျနော် လွတ် သင့်တာက၊ သူများလိုဆို ရင်၊ ကျနော်ဟာ (၅)နှစ်နဲ့ (၄)လ သို့မဟုတ် (၆)လ လောက်မှာ လွတ်ရမှာ။ အခု ကျနော် နောက်ဆုံးအကြိမ် ထောင်(၇)နှစ် ကျတာမှာ၊ (၆)နှစ် (၂)လ ကြာ မှ၊ ကျနော် လွတ်တာပါ။

ဦးရော်နီညိမ်း ။ ။ အန်ကယ် ထောင် လေးကြိမ်ကျတာမှာ၊ ထောင်ထဲမှာ စုစုပေါင်း ဘယ်လောက်နေခဲ့ ရပါလဲ။

ဦးကျော်ဆန်း ။ ။ ကျနော် အရင်ဆုံးမူလ ထောင်ကျတာ၊ ပုဒ်မ ၅(ည)နဲ့ ကျတာ။ ဒေါ်အောင်ဆန်းစု ကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရ တာကို၊ ကျနော်က ထောက်ခံလို့၊ ချီးကျူးလို့၊ ဂုဏ်ပြုလို့၊ မှတ်တမ်း တင်လို့ ဆိုပြီး၊ အဲဒါ(၇) နှစ် ချတယ်။ စီရင်ချက်မချခင် ချုပ်ရက်က (၇)လ။ အဲဒါ စုစုပေါင်း (၇)နှစ်နဲ့ (၇)လ နေ ခဲ့တယ်။ (၇)နှစ်နဲ့ (၇)လပြည့်တဲ့ နေ့မှာ၊ စာရွက်ပေါ်မှာ အလွှတ်ပြတယ်။ ပြီးတော့မှ ပုဒ်မ(၁၀-က) နဲ့၊ ပြန်ချုပ် တယ်။ တခါ အဲဒီလိုချုပ်တာကို (၂)လ တကြိမ်၊ နောက်ပိုင်း (၁)နှစ် တကြိမ် သက်တမ်းတိုးသွားတာ၊ (၁၀-က) နဲ့ (၁) နှစ်နဲ့ (၉) လ၊ ကြာပါတယ်။ စုစုပေါင်း ၅(ည)နဲ့ (၁၀-က)နဲ့ ပေါင်းရင်၊ ပထမဆုံးအကြိမ် ထောင်ထဲမှာ၊ (၉)နှစ်နဲ့ (၃)လ ကြာပါတယ်။ အခုတခါ (၆) နှစ်နဲ့ (၂)လ ဆိုတော့၊ စုစုပေါင်း၊ ထောင်ထဲမှာ (၁၅)နှစ်နဲ့ (၅)လ နေ ခဲ့ပါတယ်။ ကျနော့်အယူအဆကတော့၊ မေတ္တာနဲ့ ရင်းပါမယ်။ ဓမ္မနဲ့ ရင်းပါမယ်။ တရားဥပဒေဘောင် အတွင်းမှာ လုပ်ပါမယ်။ ပြီးတော့၊ anti-army ဆိုတာလဲ၊ ကျနော်လုပ်စရာ အကြောင်း မရှိပါဘူး။ ကျနော်ကိုယ် တိုင်က စစ်သားဘဝနဲ့ နှစ်ပေါင်း (၃၆)နှစ် တာဝန်ထမ်းဆောင်လာခဲ့တာပါ။ ကျနော့်မှာ တပ်မတော်ကို ဘာမှ ရန်ရှာစရာအကြောင်း မရှိဘူး။ ကျနော်က အဓမ္မဝါဒသာ မကြိုက်တာ။ အနိုင့်အထက် ဝါဒ၊ ဗိုလ်ကျစိုးမိုးတဲ့ဝါဒ ကို ကျနော် မကြိုက်ဘူး။ ဒါတွေကို စစ်တပ်က လုပ်မှ မဟုတ်ဘူး၊ ဘယ်သူလုပ်လုပ် ကျနော် မထောက်ခံပါ ဘူး။ အဲတော့ ဓမ္မဝါဒအောင်မြင်ရေးအတွက်၊ တနည်းအားဖြင့် အချုပ်အခြာအာဏာကို တကယ် အစစ်အမှန်၊ အပေါ်ယံရေပေါ်ဆီ ရောက်တာမျိုး မဟုတ်ပဲ၊ အတုအယောင်ရောက်တာမျိုး မဟုတ်ပဲ၊ တကယ့်အစစ်အမှန်ကို ရောက်တဲ့အထိ၊ ကျနော်တို့ရဲ့ခေါင်းဆောင်တွေနဲ့၊ ဆိုးတူကောင်းဘက် ကျနော် ကျန်းမာနေသမျှ၊ ကျနော် အသက်ရှင်နေသမျှ၊ ကျနော် လုပ်နိုင်စွမ်းရှိသမျှ လုပ်မယ်လို့၊ ကျနော် သံဓိဌာန်စိတ်ချထားပြီးသားပါ။

ဦးရော်နီညိမ်း ။ ။ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ဦးကျော်ဆန်းရဲ့ အတွေ့အကြုံတွေကို တင်ပြပြီးတဲ့ နောက်၊ နှစ်ရှည် နိုင် ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်တဲ့၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်နဲ့ ထပ်မံဆက်သွယ် ပြီးတော့၊ ကုလသမဂ္ဂက၊ ကမကထ ပြု လုပ်ပြီး၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး၊ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းဖို့ လိုအပ်တယ်ဆိုတဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အ ရေးကိုယ်စားလှယ် ထောမတ်(စ်) အိုဟေး ကင်တားနား (Tomas Ojae Quintana)ရဲ့ အယူအဆနဲ့ ပတ်သက် ပြီးတော့၊ ဦးဝင်းထိန်နဲ့ မေးမြန်းဆွေးနွေးကြည့်ခဲ့ပါတယ်။

ဦးဝင်းထိန် ။ ။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့၊ ကင်တားနားပြောထားတဲ့ကိစ္စကို ကျနော် သဘော တူတယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အချက်ကို၊ ပိုပြီးတော့ ထောက်ခံတယ်။ ဘာကြောင့် လဲ ဆိုရင်၊ မြန်မာပြည်မှာ နောင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရပ်တန်းက ရပ်သွားအောင်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို စုံစမ်းတဲ့ကော်မရှင် ဖွဲ့ရမယ်၊ စုံစမ်းသင့်တယ်၊ အဲဒီ စုံစမ်းတဲ့ကိစ္စဟာ လက်သားချေဖို့လဲ မဟုတ်ဘူး၊ ချိုးဖေါက်ခဲ့တဲ့လူတွေကို အပြစ်ပေးဖို့လည်း မဟုတ်ဘူး။ နောင်မှာ ဒါမျိုးတွေ မဖြစ်အောင် ဟန့် တားမယ့်၊ အမှန်တရားဖေါ်ထုတ်ရေးကို ရည်ရွယ်တယ်၊ ဆိုတဲ့ဟာကို၊ ကျနော် ပိုပြီးတော့၊ သဘောတွေ့နှစ် ခြိုက်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဦးဝင်းထိန်အနေနဲ့ နှစ်ပေါင်း (၂၀) လောက်၊ ထောင်ထဲမှာ နေခဲ့ရတာမှာ၊ ပုဂ္ဂလိက ခံစားချက် အရ၊ ဒါတွေဟာ လူပုဂ္ဂိုလ်တွေက ပြုတယ်၊ ဦးဝင်းထိန်တို့က ခံရတယ်။ ဒါပေမဲ့၊ အဲ့ဒီ့လူ့အခွင့်အ ရေး ချိုးဖေါက်မှုတွေကို ပြုနေတဲ့ ပုဂ္ဂိုလ်တွေကို၊ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။ သူတို့တွေ လူ့အခွင့်အရေးချိုး ဖေါက်နေကြတာဟာ၊ စနစ်ကြောင့်လား၊ မိမိသဘောနဲ့ မိမိလား၊ ဦးဝင်းထိန် ဘယ်လို သဘောရပါသလဲ။

ဦးဝင်းထိန် ။ ။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့၊ ကုလသမဂ္ဂကရော၊ တခြားအဖွဲ့အစည်းတွေကရော၊ ထုတ် ထားတဲ့ စာရွက်စာတမ်းတွေ ရှိတယ်။ အဲဒါတွေကို သူတို့ အကစ (အကျဉ်းဦးစီးဌာန) ထောင်ဝန်ထမ်း တွေကို၊ လူ့အအခွင့်အရေးဆိုတာ၊ ဘာလဲ ဆိုတာ၊ သေသေချာချာ သင်တန်းပေးဖို့၊ကောင်းတယ်လို့၊ ကျနော် အကြံပြုချင်တယ်။ အဲ ဒီပုဂ္ဂိုလ်တွေက လူ့အခွင့်အရေးဆိုတာကို ဘာမှ နားမလည်ပဲနဲ့။ နောက်တခုက ကျနော် တို့ အကျဉ်းသားတွေကို အမျိုးမျိုးနှိပ်စက်ညှင်းပန်းတယ်ဆိုတာ၊ အထက်ကပုဂ္ဂိုလ်တွေရဲ့ သဘောထားလဲ ဆိုင်တယ်။ စနစ်ပေါ့။ နောက်တခုက သက်ဆိုင်ရာထောင်ဝန်ထမ်းရဲ့ စိတ်နေသဘောထားနဲ့လဲ ဆိုင်တယ်။ တချို့ကျတော့လဲ၊ သူများကို ညှင်းဆဲလိုက်ရမှ ကျေနပ်တဲ့ ပုဂ္ဂိုလ်ရှိသလို၊ လူနည်းစုကတော့ မျှမျှတတဆက် ဆံတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ များသောအားဖြင့်၊ ထောင်ဝန်ထမ်းတွေကတော့၊ ထောင်ထဲရောက်လာတဲ့ ဘယ် သူ့ကိုမဆို၊ ငါတို့အပိုင်ပဲဆိုပြီး အကျင့်တွေက စွဲနေတာ၊ ပျောက် ဖို့တော့ မလွယ်ပါဘူး။ အမှန်ကတော့ သိပ် တော့လည်း ခက်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမှာဆိုလည်း၊ ဗြဟ္မစိုရ် တရား လေးပါး ရှိတယ်။ အဲဒါနဲ့အ ညီ လူတွေကို ဆက်ဆံဖို့ သေသေချာချာ သွန်သင်ဆုံးမမယ်ဆိုရင်တော့၊ အကျဉ်း ထောင်ထဲ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ တဖြည်းဖြည်းလျော့ပါးလာစရာ အကြောင်းရှိပါတယ်။ အရင်အစိုးရတွေတုန်းကလည်း၊ နိုင်ငံ ရေးအကျဉ်းသား မရှိဘူးလို့ ပြောတယ်။ ဒီအစိုးရလည်း၊ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ပြောတယ်ဆိုတော့၊ သူတို့ ပြောပြောနေတဲ့ ပြောင်းတယ်ဆိုတာ၊ ဘာပြောင်းတာလဲ။ နောက်တခုက မတတ်သာလို့ (၁)နှစ်ပဲ လျှော့ ရက်ပေးတယ်ဆိုတော့၊ ထောင်ဒဏ် (၆၅)နှစ်တို့၊ နှစ်(၁၀၀)တို့ (၂၀၀)တို့ ကျနေတဲ့လူတွေက၊ လျှော့ရက် (၁) နှစ်နဲ့ ဘာသွားလုပ်မှာလဲ။ ရယ်စရာ မကောင်းဘူးလား။ ဒါမျိုးတွေကြောင့်၊ သူတို့မှာ အပြောင်းအလဲ ဖြစ်တယ် ဆိုတာ၊ ကျနော်တော့ ယုံကြည်လက်ခံလို့ မရပါဘူး။ သူတို့ ဖြစ်သင့်တာကတော့၊ သူတို့ တကယ် အပြောင်းအ လဲ ဖြစ်သွားပြီ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရကနေ၊ ဦးသိန်းစိန်ရဲ့ အရပ်သား အစိုးရကို ပြောင်းပြီ ဆိုရင် တော့၊ ဒို့လက်ထက်မှာတော့ ခဝါချမယ်ဟေ့ ဆိုပြီးတော့၊ general amnesty ခေါ်တဲ့ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် ပေးကိုပေးရမယ်။ ပေးလည်း ပေးသင့်တယ်။ အဲဒါတော့ မလုပ်ပဲနဲ့၊ သမ္မတကြီးဦးသိန်းစိန်က ထောင်ဒဏ်လျှော့ရက် (၁)နှစ်ထဲ ပေးတာကတော့၊ သူ့စိတ်ထဲမှာ သူပဲ သိပါလိမ့်မယ်။ ကျနော်တို့ကတော့ ဘာ့ကြောင့်လဲ ဆိုတာ၊ မှန်းဆလို့ ရပါတယ်။ အဲဒီလောက်ပဲ ပြောချင်ပါတယ်။

ဦးရော်နီညိမ်း။ ။ နိုင်ငံရေးအကျဉ်းသားများဟောင်းတွေ ဖြစ်ကြတဲ့၊ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ဦးကျော်ဆန်း နဲ့၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်တို့ကို၊ ဆက်သွယ်မေးမြန်း တင်ပြခဲ့တာပါခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG