သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

(၈၈၈၈-၂၂နှစ်ပြည့် အထူး) လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ တပ်မတော်တစ်ခုလုံး ဘာလို့ မပါဝင်သလဲ (အပိုင်း-၁)


မြန်မာနိုင်ငံသား အချင်းချင်း၊ လက်နက်မဲ့ဆန္ဒပြပြည်သူလူထုကို အုပ်ချုပ်သူအစိုးရရဲ့လက်နက်ကိုင်အဖွဲ့အစည်းက၊ မြို့တွေပေါ်က လမ်းတွေပေါ်မှာပစ်ခတ်ခဲ့လို့ အပြစ်မဲ့သူတွေ ထောင် သောင်းချီသေဆုံးခဲ့ရတဲ့၊ ခေတ်သစ်ကမ္ဘာသမိုင်းမှာ ရက်ပိုင်းအတွင်း အသေအပျောက်အများဆုံး လူထုအုံကြွမှုကြီးအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားကြတဲ့ ရှစ်လေးလုံးအရေး တော်ပုံကြီး၊ ၁၉၈၈ သြဂုတ်လ(၈)ရက်နေ့က၊ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို၊ စစ်အာဏာရှင်စနစ်ကို ပြည်သူတွေက ဆန့်ကျင်တွန်းလှန်ကြတဲ့ ရုန်းကန်လှုပ်ရှားမှုတွေမှာ၊ ပြည်သူထဲက ပေါက်ဖွားလာတဲ့ တပ်မတော်က ဘာဖြစ်လို့ အပြည့်အ၀ မပူးပေါင်း မပါဝင်ကြတာလဲလို့၊ တပ်မတော်သားဟောင်းတွေနဲ့ ဗီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းတို့ ဆန်း စစ်သုံးသပ်ထားကြတာကို၊ ၂၀၀၈ခုနှစ်မှာ ဗီအိုအေမြန်မာပိုင်းက အပိုင်းနှစ်ပိုင်းခွဲပြီး ထုတ်လွှင့်ခဲ့ပါတယ်။ ဒီ ဆန်းစစ်သုံးသပ်ချက်(ပထမပိုင်း)ကို၊ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍ မှာ၊ ပြန်ပြီး ထုတ်လွှင့်လိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ ရှစ်လေးလုံး လူထုအုံကြွမှုအရေးတော်ပုံကြီးက စပြီး သံဃာတော်တွေဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးထိ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ဖို့ ရုန်း ကန်လှုပ်ရှားကြတဲ့ လူထုတိုက်ပွဲတွေမှာ လူထုထဲကပေါက်ဖွားလာခဲ့တဲ့ မြန်မာ့တပ်မတော်တစ်ခုလုံး အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသူ အတိုက်အခံတွေနဲ့ ဘာဖြစ်လို့ မပူးပေါင်း မပါ ဝင်ရသလဲဆိုတာ ပြန်လည်ဆန်းစစ်ကြည့်စရာ ဖြစ်လာပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ကြတဲ့ တပ်မှူးဟောင်း တပ်သားဟောင်းတွေနဲ့ ဆက်သွယ်မေးမြန်းထားပြီး တော့ သူတို့ရဲ့ ဆန်းစစ်ဝေဖန် သုံးသပ်ချက်တွေကို စုစည်းတင်ပြသွားမှာ ဖြစ်ပါတယ်။ “လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ တပ်မတော်တစ်ခုလုံး ဘာလို့ မပါဝင်သလဲ” ခေါင်းစဉ်ရဲ့ အပိုင်း(၁)မှာတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်ဦးစီးပထမတန်း G-1 တာ ဝန်အထိ ထမ်းဆောင်ခဲ့ဘူးတဲ့ ရှစ်လေးလုံးကာလ မတိုင်မီကတည်းက အငြိမ်းစားယူခဲ့တဲ့ ဒုတိယ ဗိုလ်မှူးကြီးအေးမြင့် ကို ရှစ်လေးလုံးကာလ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ဖြစ်ပေါ်လာပုံကို စတင်မေးမြန်းခဲ့ပါတယ်။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ပထမဦးဆုံးကတော့ဗျာ ဗိုလ်ချုပ်အောင်ရွှေတို့ ဗိုလ်ချုပ်ကြီးတင်ဦးတို့ တပ်မှူးဟောင်းကြီး (၁၅)ဦးကနေ မ.ဆ.လ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါ တီ)အပေါ်ကို ဝေဖန်တဲ့ ကြေညာချက်တွေ ဘာတွေက အတော်လေးမှန်ကန်ပြီးတော့ ထိရောက်တော့ ကျန်တဲ့တပ်မှူးတွေအားလုံးကလည်း ဒီ (၁၅)ဦးသော အကြီးအကဲဟောင်းများ ကို ထောက်ခံတဲ့အနေနဲ့ ဗိုလ်မှူးကြီးလှမောင် အိမ်မှာပေါ့ဗျာ၊ ဘောက်ထော်ကပဲ သူ့အိမ်မှာ စုစည်းမှုလေးတစ်ခု ကျနော်တို့ လုပ်ကြပါတယ်။ ရက်စွဲတော့ ကျနော်လည်း သေချာတော့ မမှတ်မိတော့ဘူးပေါ့နော်။ (၈၅)ယောက် လောက်ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ကျနော်တစ်ခု မှတ်မိတာက အဲဒီမှာ ဗိုလ်မှူးကြီးတို့ တပ်မှူးဟောင်းကြီးတွေ ရန်ကင်းမြို့နယ် ကံဘဲ့မိုးကောင်းဘုရားက တန်ဆောင်းကြီးတစ်ခုမှာ စုရုံးပြီးတော့ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ကိုဖွဲ့ပြီလို့ ကြေညာခဲ့တယ် ဆိုတာမျိုး ကျနော် မှတ်မိပါတယ် ခင်ဗျ။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ တပ်မှူးဟောင်းဆိုတော့ တပ်မှူးဟောင်းလောက်ပဲ ဝင်နိုင်တဲ့အဖွဲ့အစည်း မဟုတ်ဘဲနဲ့ ရဲဘော်အားလုံးဝင်နိုင်တဲ့ အဖွဲ့အစည်းမျိုးဖြစ်အောင်ဆိုပြီး တော့ “မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့”ရယ်လို့ ဖွဲ့စည်းလိုက်တာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးကြီးခင်ဗျ၊ နောက်တစ်ခုက ဒီ ရှစ်လေးလုံးလူထုအုံကြွမှုကြီးဟာ စစ်အာဏာရှင်စနစ် နိဂုံးချုပ်သွားမှုနဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ ပထမအစ ပိုင်းမှာ အားလုံးက မျှော်လင့်ခဲ့ကြတာပေါ့နော်။ အဲဒီ လိုဖြစ်လာဖို့က “မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့”က လက်ရှိ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်ရဲ့ အဆင့်မြင့်တပ်မှူးကြီးတွေကို စည်းရုံးခဲ့မှုများ ရှိခဲ့ပါသလား ခင်ဗျ။ အခု အနှစ်(၂၀)လောက် ပြန်ကြည့်တဲ့အခါ ဗိုလ်မှူးကြီး ဘယ်လို မြင်ပါသလဲ ခင်ဗျ။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ အထိုက်အလျောက်တော့ ရှိတယ်လို့တော့ ဆိုရမှာပေါ့ဗျာ။ တစ်ချို့ တိုင်းမှူးအဆင့် တပ်မမှူးအဆင့်ထိ တိုးတိုးတိတ်တိတ်ပေါ့ဗျာ၊ ပြောင်ပြောင် တင်းတင်းတော့ မဟုတ်ဘူး။ စည်းရုံးခဲ့တဲ့ နားသွင်းခဲ့တဲ့ အပိုင်းတွေတော့ ရှိခဲ့တာ အမှန်ပေါ့။ အတိုင်းအတာတစ်ခုထိ ပေါ့ဗျာ။ စည်းရုံးသိမ်းသွင်းမှု ရှိခဲ့ပါတယ်။ သို့သော်လည်း ဘယ်သူ့ကို ဘယ်လို ဆိုတာတော့ မပြောချင်တော့ပါဘူး။ အဲဒီ ပုဂ္ဂိုလ်တွေထဲက တစ်ချို့က ကွယ်လွန်သွားကြ ပြီလေ။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်တော့ မရှိခဲ့ဘူးဗျ၊ ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့လို့လည်း နောက်ဆုံး မအောင်မြင်ဘူး လို့ပဲ ဆိုရမှာပေါ့။

ဦးရော်နီညိမ်း။ ။ ရှစ်လေးလုံး လူထုအုံကြွမှုကြီးဟာ အောင်မြင်စွာဖြစ်ပေါ်ခဲ့ပြီးတော့ နောက်တစ်ဆင့်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး အဆင့်အထိ မရောက်ဘဲနဲ့ မအောင်မမြင်ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကို ဗိုလ်မှူးကြီး အခု နှစ်(၂၀)မှာ နောက်ပြန်ကြည့်တဲ့အခါ ဘယ်လို သုံးသပ်ထင်မြင်မိပါသလဲခင်ဗျ။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ တပ်မတော်ဆိုတာ စစ်စည်းကမ်း အမိန့်တာဝန် ကွပ်ကဲမှုအဆင့်ဆင့်ဆိုတဲ့ ဘောင်ထဲမှာ နေရတာကိုး တပ်မတော်ဆိုတာက ။ အဲဒီအချိန်က တပ်မတော်ကို ကြိုးကိုင်နေကြတဲ့ အရေးပါတဲ့ တိုင်းမှူးတပ်မမှူးတွေပေါ့ဗျာ၊ ထိပ်ပိုင်းခေါင်းဆောင်တွေကြောင့်လို့ပဲ ကျနော်တော့ ပြောချင်တယ်။

ဦးရော်နီညိမ်း။ ။ ဒါကတော့ အခုအခါ ပြည်ပအခြေစိုက် “မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး”ရဲ့ ဒုတိယဥက္ကဌဖြစ်တဲ့ အငြိမ်းစားဒုတိယဗိုလ်မှူးကြီးအေးမြင့်ရဲ့ ဆန်းစစ်သုံးသပ်ချက်ပါ။ နောက်တစ်ခါ ရှစ်လေးလုံးအရေးတော်ပုံကာလကြီးမှာ ရန်ကုန်မြို့မှာ ဆန္ဒပြကျောင်းသားရဟန်းပြည်သူတွေကို ပစ်ခတ်နှိမ်နင်းဖြိုခွဲဘို့ တာဝန်ယူခဲ့ရတဲ့ ခြေမြန် တပ်မ(၂၂) လက်အောက်ခံ အမှတ်(၂၀၈)ခြေမြန်တပ်ရင်းက တပ်ခွဲမှူး ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်ရဲ့သုံးသပ်ချက်ကိုလည်း ဗီအိုအေဝိုင်းတော်သား ဦးအောင်လွင်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။ ဗိုလ်ကြီးစိုင်းဝင်းကျော်ဟာ ရှစ်လေးလုံးအရေးတော်ပုံကာလမှာ တာဝန်ကျရာတပ်စခန်းကို စွန့်ခွါလာခဲ့ပြီး ပြည်သူ့ဘက်ကို ကူးပြောင်းပါဝင်လာခဲ့သူ ဖြစ်ပါတယ်။ နောက်ထပ် ရှစ်လေးလုံးလို လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာနိုင်ပါသလားလို့ ဦးအောင်လွင်ဦးက ဗိုလ်ကြီးစိုင်းဝင်းကျော်ကို စတင်မေးမြန်းခဲ့ပါတယ်။

ဗိုလ်ကြီး စိုင်းဝင်းကျော်။ ။ ဖြစ်နိုင်ပါတယ် ခင်ဗျ၊ ရှစ်လေးလုံးလို လူထုအုံကြွမှုတွေ ထပ်ပြီးတော့ ဖြစ်လာနိုင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူလူထုက လက်ရှိအ ခြေအနေကို မနှစ်သက်ကြပါဘူး။ စစ်အာဏာရှင်စနစ်ကို ရတဲ့နည်းနဲ့ သူတို့ တော်လှန်ကြမှာပါဘဲ။ အဲလို ဖြစ်လာမယ်ဆိုရင်လည်း လက်ရှိစစ်တပ်က သွေးထွက်သံယို နှိမ်နင်းပစ်ခတ် ဖြိုခွဲဖို့ ဝန်မလေးပါဘူး။ ဒါကိုလည်း ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာအရေးအခင်းတုန်းက မျက်ဝါးထင်ထင် တွေ့ခဲ့ပါပြီ။

ဦးအောင်လွင်ဦး။ ။ မြန်မာနိုင်ငံမှာ ဒီလိုမျိုး လူထုအုံကြွမှုတွေနဲ့ နိုင်ငံရေးအပြောင်းအလဲတွေ လုပ်မယ်ဆိုလို့ရှိရင် ဒီလိုမျိုးအခြေအနေနဲ့ ရင်မဆိုင်ရအောင် စစ်တပ်ပါဘို့ လိုမ လား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အကောင်းဆုံးကတော့ တပ်မတော်ထဲက ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုလိုလားတဲ့ အင်းအားစုတွေ လက်ရှိအခြေအနေကို နားလည်သဘောပေါက် ပြီးတော့မှ စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့ တပ်မတော်သား အများစုက ပြည်သူလူထုနဲ့ ပူးပေါင်းပါဝင် လက်တွဲမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီ ပန်းတိုင်ကို အမြန်ဆုံး ချောချောမောမော ကျနော်တို့ ရောက်ရှိနိုင်ပါတယ်။

ဦးအောင်လွင်ဦး။ ။ စစ်တပ်ထဲက စောစောကလိုမျိုး ဒီမိုကရေစီအရေးကို လိုလားတဲ့ ဒီလိုလူတွေ အခုအချိန်ထိ ဒီဘက်က ဒီမိုကရေစီအင်အားစုတွေဘက်ကို ပါမလာသေး တာ ဘာအကြောင်းတွေကြောင့်လဲ ခင်ဗျ။

ဗိုလ်ကြီး စိုင်းဝင်းကျော်။ ။ အဓိက ကတော့ ကျနော်တို့ဘက်က ထိရောက်တဲ့ အင်အားတစ်ခု ရှိဖို့လိုပါတယ်။ ကျနော်တို့ဆီက ထိရောက်တဲ့အင်အားစုတစ်ခု ခိုင်ခိုင်မာမာပေါ် ထွန်းလာဖို့ ထိရောက်တဲ့ ခေါင်းဆောင်မှုတစ်ရပ် ပေါ်ထွန်းလာဖို့ လိုအပ်နေပါတယ်ခင်ဗျ။

ဦးအောင်လွင်ဦး။ ။ ဒီဘက် ဒီမိုကရေစီအင်အားစုတွေဘက်က နိုင်ခြေပေါ်နိုင်တဲ့ အခြေအနေမျိုး တစ်စုံတစ်ရာ ပေါ်လာရင်တော့ တပ်ဘက်ကလည်း ပါလာမယ်လို့ ဗိုလ်ကြီး စိုင်းဝင်းကျော်က ယူဆတယ်ပေါ့။

ဗိုလ်ကြီး စိုင်းဝင်းကျော်။ ။ အဓိက က အဲဒါပါပဲ ခင်ဗျ။ ပြည်သူလူထုဘက်ကို ကူးပြောင်းပြီးတော့မှ ရပ်တည်လာမယ့်အင်အားစုတွေက အမှန်တကယ် တပ်ထဲမှာ ရှိပါတယ်။ ဒါပေမဲ့ မျဉ်းတစ်ခုကို ဖြတ်ကျော်ဖို့ဆိုတာ မလွယ်ပါဘူးခင်ဗျ၊ သူတို့ ဘဝတွေ အသက်တွေ မိသားစုတွေ အကုန်လုံးကို စတေးပြီးတော့မှ သူတို့ ဖြတ်ကျော်ရမှာပါ။ အဲဒီလို ဖြတ်ကျော် နိုင်ဖို့အတွက် ကျနော်တို့ဘက်က သူတို့ကို လိုအပ်တဲ့ ယုံကြည်မှုတွေ လိုအပ်တဲ့ စိတ်ဓာတ်ခွန်အားတွေ ကျန်တဲ့ ခွန်အားတွေ အပြည့်အ၀ ပေးဖို့လိုပါတယ်။ အကူအညီတွေ ထိထိ ရောက်ရောက် ပေးဖို့လိုပါတယ်။ အဲဒီအကူ အညီတွေ ထိထိရောက်ရောက်ပေးဖို့ဆိုတာလည်း ကျနော်တို့ ပါးစပ်နဲ့ပြောရုံနဲ့ မရပါဘူး။ တပ်ထဲက အင်အားစုတွေက အတိုက်အခံအင် အားစုတွေကို ယုံကြည်စိတ်ချချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အတိုက်အခံအင်အားစုတွေက တပ်ထဲက ပြုပြင်ပြောင်းလဲချင်တဲ့ အင်အားစုတွေကို လက်ကမ်းဖိတ်ခေါ်တဲ့နေရာမှာ တာဝန်ရှိရှိ တာဝန်သိသိနဲ့ ကိုယ်ယူတဲ့ တာဝန်ကို ထိထိရောက်ရောက် အကူအညီပေးဖို့ လိုအပ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဒါကတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော် ရဲ့ သုံးသပ်ဆန်းစစ်ချက် ဖြစ်ပါတယ်။ ဗိုလ်ကြီးဟောင်း စိုင်းဝင်း ကျော်ဟာ ပြည်ပမှာအခြေစိုက်တဲ့ “မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး”ကို စတင်တည်ထောင်သူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ နောက်တစ်ယောက်ကတော့ အခုအခါ ထိုင်းနိုင်ငံ အခြေစိုက် Thai Action Committee for Democracy in Burma (NGO) အဖွဲ့က ကိုမြင့်ဝေပါ။ တပ်မတော်(လေ) အမှတ်(၅၀၂)လေတပ်စခန်းက လေတပ်စစ်သည် ကိုမြင့်ဝေဟာ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်လိုပဲ ရှစ်လေးလုံး အရေးတော်ပုံကာလမှာ ပြည်သူ့ဘက်ကို ကူး ပြောင်းလာသူပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အပြောင်းအလဲ ဖြစ်လာဖို့ တပ်မတော်က ပါဝင်မှရမယ်ဆိုတဲ့ အယူအဆနဲ့ပတ်သက်လို့ ကိုမြင့်ဝေကို ပြည်သူ့ဘက်ကူးပြောင်း လာဖို့ ဘယ်လို အချက်တွေက စေ့ဆော်ခဲ့ပါသလဲဆိုတာကို စပြီး မေးမြန်းကြည့်ခဲ့ပါတယ်။

ကိုမြင့်ဝေ။ ။ ကျနော်တို့တွေက “မြစိမ်းရောင်”၊ “ရွှေဝါမြေ”တွေကို သွားတဲ့အခါမှာ တပ်မတော်သားတွေက အဲဒီဒေသခံ လယ်သမားတွေ၊ တောင်သူလယ်သမားတွေနဲ့ ထိတွေ့ ရတယ်၊ နောက် ကျနော်တို့ လေတပ်ကလူတွေက မြို့ပေါ်မှာ အနေများတော့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ထိတွေ့နေတဲ့အတွက် ဒီနိုင်ငံရဲ့အခြေအနေ စီးပွါးရေး နိုင်ငံရေး အစိုးရအခြေ အနေတွေက လုံးဝမကောင်းဘူးဆိုတာ ကျနော်တို့ သတိထားမိနေတယ်။ ခံစားသိရှိ နေရတယ်ပေါ့နော်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ တပ်ကလွှတ်တဲ့ မြစိမ်းရောင်တို့ ရွှေဝါမြေတို့ လယ်တောထဲကိုဆင်းရတဲ့ လုပ်အားပေးစစ်ဆင်ရေးတွေမှာ လိုက်ခဲ့ဘူးတဲ့အတွက် ပြည်သူလူထုနဲ့ ထိ တွေ့ခဲ့ဖူးတဲ့အတွက် မြင်သိနေပြီ၊ နှစ်အနည်းငယ် အလိုလောက်ကတည်းက ရှစ်လေးလုံး မဖြစ်ခင်ပေါ့ နော်။ ဒါ တစ်ဖြည်းဖြည်း စုပေါင်းလာတဲ့ အကြောင်းအရင်း။ ရှစ်လေးလုံးကြီး သြ ဂုတ်လ(၈)ရက်နေ့ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ တပ်မတော်သားတစ်ယောက်အနေနဲ့ ပါလာဖို့ အတွက် ဘယ်လို အဓိကအချက်က စေ့ဆော်ပြီးတော့မှ ပါဝင်လာဖြစ်ပါသလဲ။

ကိုမြင့်ဝေ။ ။ ကျနော်တို့က အားလုံး အနီးကပ် သတင်းတွေ၊ သတင်းဌာနတွေက ထုတ်တဲ့ ရေဒီယို ဘီဘီစီ တို့ဘာတို့က သတင်းတွေ ကိုလည်း ကျနော်တို့ အမြဲတမ်း နား ထောင်နေတယ်၊ နောက် ကျနော်တို့ ရဲဘော်တွေထဲမှာလည်း အချင်းချင်း ဆွေးနွေးမှုတွေရှိတယ်။ နောက်တစ်ချက် ပြည်တွင်း ရန်ကုန်မြို့ပေါ်မှာ ဘယ်ကမှန်းမသိဘူး ဖြန့်ဝေနေတဲ့ စာတိုလေးတွေ လက်ကမ်းစာစောင်လေးတွေလည်း ကျနော်တို့ ရတယ်။ အဲဒါတွေကို ကျနော်တို့ သတိထားမိတယ်။ စဉ်းစား ဆွေးနွေးမိတယ်။ နောက်တစ်ချက်က အဲဒီလို ကျနော်တို့ ဖြစ်နေတဲ့အချိန်မှာ တပ်မတော်(လေ)က စစ်လေယဉ်တွေကိုသုံးပြီးတော့ မြောက်ဥက္ကလာမှာရှိတဲ့ ပြည်သူတွေကို ကြည်းတပ်က တပ်ခွဲတစ်ခွဲကို ဖယ်ထုတ်ဖို့အတွက် သုံးလိုက်တဲ့ကိစ္စ။ အဲဒီကနေ ရိုက်ခတ်တာ။ ပြီးတော့ အဓိက က၊ (၅၀၂) လေတပ်စခန်းရဲ့ လက်နက်တိုက် မှာ ဒုံးပစ်ကျည်တို့၊ ကျည်ဆံတို့ ဗုံးတို့ကို parker ကျည်တွေ (ကျည်ဆံအစစ်တွေ) လာထုတ်တာက မြောက်ဥက္ကလာအတွက် ကျည်ဆံထုတ်တယ် ပေါ့၊ ဆိုတော့ အဲဒီဟာက ကျနော်တို့ တပ်မတော်(လေ)တစ်ခုလုံးအတွက် တော်တော် အံ့သြသွားတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကိုမြင့်ေ၀ ကျနော်တို့ ရှစ်လေးလုံးလူထုအုံကြွမှုကြီးမှာ တပ်မတော်သား များများစားစား မပါလာနိုင်တာ။ အဲဒါမျိုးကိုကော ကိုမြင့်ေ၀ အခု နောက် ကြောင်း နှစ်(၂၀)နဲ့ ပြန်ကြည့်ပြီးတော့ ဘယ်လိုသုံးသပ်ပြီး မြင်မိလဲ ခင်ဗျ။

ကိုမြင့်ဝေ။ ။ စစ်တပ်ဆိုတာက စစ်သားက စိတ်ထဲမှာ ဘယ်လောက်ကြီး ခံစားချက် ရှိနေရှိနေ အမိန့်ပေးတဲ့ အပေါ်မှာ မူတည်ပြီးတော့ သူတို့က ရပ်တည်ရတာကိုး။ အဲဒီအခါ ကျတော့ ဒီတပ်က အောက်ခြေရဲဘော်တွေက တကယ်ခံစားနေရပေမယ့် တပ်မှူးကြီးတွေက အမှန်အတိုင်း အမှန်တရားကို တကယ့်ပြတ်ပြတ်သားသားနဲ့ ပကတိအတိုင်း ယူဆယုံ ကြည်ပြီးတော့ သူတို့ ဆောင်ရွက်မယ်ဆိုရင် ဒီအပြောင်းအလဲဟာ တပ်ကနေဦးဆောင်ပြီး ပြောင်းလဲလို့ ရမှာပါ။

ဦးရော်နီညိမ်း။ ။ “ရှစ်လေးလုံးလူထုအုံကြွမှုအရေးတော်ပုံကြီး” မှာ တပ်မှူးဟောင်း ရဲဘော်ဟောင်း မျိုးချစ်စစ် သည်အပေါင်းတို့ စုဖွဲ့ရာ “မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ကြီး”ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တဲ့ အခုအခါ သြစတြေးလျနိုင်ငံမှာ နေထိုင်နေသူ အငြိမ်းစားဒုတိယဗိုလ်မှူးကြီးအေးမြင့်၊ ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးမှာ ငြိမ်းချမ်းစွာဆန္ဒပြ ပြည်သူတွေကို ပစ်ခတ်နှိမ်နင်းဖို့ တာဝန်ပေးခြင်းခံထားရပေမယ့်၊ ပြည်သူ့ဘက်ကို ကူးပြောင်းပါဝင်ခဲ့တဲ့ အခု အခါ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေသူ ဗိုလ်ကြီးဟောင်းစိုင်းဝင်း ကျော်၊ ရှစ်လေးလုံးလူထုအုံကြွမှုအရေးတော်ပုံကြီးမှာ ကျရာနေရာကနေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အခုအခါ ထိုင်းနိုင်ငံမှာ နေထိုင်နေသူ လေတပ်စစ်သည်ဟောင်း ကိုမြင့် ေ၀ စတဲ့ မျိုးချစ်တပ်မှူးတပ်သားတွေရဲ့ ရှစ်လေးလုံး နောက်ကြောင်းပြန် ဆန်းစစ်သုံးသပ်ေ၀ ဖန်ချက်တွေကို စုစည်းတင်ပြခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

နောက်သီတင်းပတ် တနင်္ဂနွေနေ့၊ “ရှစ်လေးလုံးလူထုအုံကြွမှုအရေးတော်ပုံကြီး” (၂၂)နှစ် တင်းတင်းပြည့်တဲ့ သြဂုတ်လ (၈)ရက်နေ့မနက် “တပ်မှူးတပ်သား ပြောစကား” အစီအစဉ်မှာ တော့ “လွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာ တပ်မတော်တစ်ခုလုံး ဘာလို့ မပါဝင်သလဲ”ခေါင်းစဉ်နဲ့ ဆန်းစစ်သုံးသပ်မှု အပိုင်း(၂)ကို တင်ဆက်မှာ ဖြစ်ပါတယ်။ တပ်မတော်ထဲကနေ ဒီမိုကရေစီအရေးအပြောင်းအလဲလိုလားသူ တပ်မှူးကြီး တပ်မှူးငယ်တွေဟာ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ အတိုက်အခံတွေ အပေါ်မှာလည်း ယုံကြည်အားထားမှု မရှိလို့ သူတို့ချင်း သူတို့ဟာသူတို့ ဘာတွေ လုပ်လာနိုင်သလဲ ဆိုတာကို ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့သူ၊ တစ်ခြားသောတော်လှန်ရေးတွေမှာ ပါဝင်ခဲ့သူ အတွေ့အကြုံရှိ တပ်မှူး ဟောင်းတွေရဲ့ ဆန်းစစ်သုံးသပ်ချက်တွေကို “လွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာ တပ်မတော်တစ်ခုလုံး ဘာလို့ မပါဝင်သလဲ”ခေါင်းစဉ်နဲ့ ဆန်းစစ်သုံးသပ်မှု အပိုင်း(၂)မှာ စုစည်းတင် ဆက်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG