မြန်မာနိုင်ငံသား အချင်းချင်း၊ လက်နက်မဲ့ဆန္ဒပြပြည်သူလူထုကို အုပ်ချုပ်သူအစိုးရရဲ့လက်နက်ကိုင်အဖွဲ့အစည်းက၊ မြို့တွေပေါ်က လမ်းတွေပေါ်မှာပစ်ခတ်ခဲ့လို့ အပြစ်မဲ့သူတွေ ထောင် သောင်းချီသေဆုံးခဲ့ရတဲ့၊ ခေတ်သစ်ကမ္ဘာသမိုင်းမှာ ရက်ပိုင်းအတွင်း အသေအပျောက်အများဆုံး လူထုအုံကြွမှုကြီးအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားကြတဲ့ ရှစ်လေးလုံးအရေး တော်ပုံကြီး၊ ၁၉၈၈ သြဂုတ်လ(၈)ရက်နေ့က၊ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို စစ်အာဏာရှင်စနစ်ကို ပြည်သူတွေက ဆန့်ကျင်တွန်းလှန်ကြတဲ့ ရုန်းကန်လှုပ်ရှားမှုတွေမှာ၊ ပြည် သူထဲကပေါက်ဖွားလာတဲ့ တပ်မတော်က ဘာဖြစ်လို့ အပြည့်အ၀ မပူးပေါင်းမပါဝင်ကြတာလဲလို့၊ တပ်မတော်သားဟောင်းတွေနဲ့ ဗီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းတို့ ဆန်းစစ်သုံး သပ်ထားကြတာကို၊ ၂၀၀၈ခုနှစ်က ဗီအိုအေမြန်မာပိုင်းက အပိုင်းနှစ်ပိုင်းခွဲပြီး ထုတ်လွှင့်ခဲ့ပါတယ်။ ဒီဆန်းစစ်သုံးသပ်ချက်(ဒုတိယပိုင်း)ကို၊ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍ မှာ၊ ပြန်ပြီး ထုတ်လွှင့်လိုက်ပါတယ်။
ဦးရော်နီညိမ်း။ ။ ပြီးခဲ့တဲ့ နှစ် (၂၀)အတွင်း စစ်အာဏာရှင်စနစ်ကိုဖယ်ရှားပစ်ဖို့ ရုန်းကန်လှုပ်ရှားကြတဲ့ လူထုတိုက်ပွဲတွေမှာ လူထုထဲကပဲ ပေါက်ဖွါးလာခဲ့တဲ့ မြန်မာ့တပ်မတော် တစ်ခုလုံးက မပါဝင်ခဲ့တဲ့အကြောင်းအရင်း ဆန်းစစ်ချက်တစ်ချို့ကို "လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ တပ်မတော်တစ်ခုလုံး ဘာလို့မပါဝင်သလဲ" အစီအစဉ်အပိုင်း(၁)မှာ တင်ပြခဲ့ပြီး တဲ့နောက် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် လက်နက်ကိုင်တော်လှန်ရေးမှာလည်း တပ်မတော်က ဘာလို့မပါဝင်ခဲ့သလဲ ဆိုတာကို ဒီအစီအစဉ်အပိုင်း(၂)မှာ စတင်ပြီး ဆန်းစစ်ထား ပါတယ်။ စစ်တက္ကသိုလ်ဗိုလ်သင်တန်းအမှတ်စဉ်(၁)မှာ အခု ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့အတူ တပ်စုတစ်စုတည်း (၄)နှစ်တာ ဗိုလ်သင် တန်းတက်ခဲ့သူက ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွှန့်ပါ။ ဦးခင်မောင်ညွှန့်ဟာ တပ်မတော်တပ်ရင်းတစ်ခုမှာ တပ်ခွဲမှူးအဖြစ်တာဝန်ထမ်းဆောင်နေစဉ် ၁၉၆၅ခုနှစ်မှာ အဲဒီတုန်းက ဗိုလ်မှူး ချုပ်ဟောင်းအောင်ကြီး၊ ဗိုလ်မှူးကြီးဟောင်း ကြည်မောင်တို့ရဲ့ တပ်တွင်းကနေပုန်ကန်ရန်ကြံစည်မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ရေကြည်အိုင်ထောက်လှမ်းရေးအကျဉ်းစခန်းမှာ (၄)နှစ်လောက် အကျဉ်းကျခဲ့ပါတယ်။ ၁၉၆၉ခုနှစ်မှာတော့ ရေကြည်အိုင်က ပြန်လွတ်လာပြီး ဝန်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ပါလီမန်ဒီမိုကရေစီပါ တီ(PDP)ရဲ့ ပြည်ချစ်တပ်မတော် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးအောင်ရဲ့လက်အောက်မှာ ဒုတိယတိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန် ရေးမှာ ဘာဖြစ်လို့ မြန်မာ့တပ်မတော်ထဲက ဦးနုနဲ့တစ်ခြား“PDP ခေါင်းဆောင်တွေကိုလေးစားကြည်ညိုတဲ့ တပ်မှူးတွေ မပါဝင်ခဲ့သလဲ”လို့ ဦးခင်မောင်ညွှန့်ကို ကျနော်ဆက်သွယ်မေး မြန်းခဲ့ပါတယ်။
ဦးခင်မောင်ညွှန့်။ ။ ကျနော်တို့ ဒီPDPပေါ့လေ၊ Resistance Movement လုပ်တဲ့အချိန်မှာ တိုင်းပြည်ကလည်း အကုန်လုံးလိုလိုကပဲ ကျနော်တို့ကိုထောက်ခံတယ်။ ရန်ကုန်ြ မို့နဲ့ နယ်အနှံ့အပျားမှာလည်း ပြည်သူလူထုက ဦးနုတပ်ပေါ့လေ၊ နေ့ဝင်လာမလား ညဝင်လာမလား၊ အဲလိုဟာမျိုးနဲ့ စောင့်မျှော်နေတယ်။ နောက်ပြီးတော့ ကျနော်တို့ ပြည်ပမှာဆိုလို့ ရှိရင်လည်း အထောက်အကူတွေက လိုတာထက်တောင်ပိုပြီး ရပါသေးတယ်နော်၊ လက်နက်ခဲယမ်းမီးကျောက်အနေနဲ့ သော်လည်းကောင်း၊ ဆက်သွယ်ရေးပစ္စည်း အနေနဲ့သော်လည်း ကောင်း၊ Logistist Support အနေနဲ့သော်လည်းကောင်း ကျနော်တို့ရပါတယ်။ ငွေရေးကြေးရေးအနေနဲ့ဆိုလို့ရှိရင်လည်း တော်တော်လေးတောင့်တောင့်တင်းတင်းအခြေအနေမှာ ရှိ ပါတယ်။ ရဲဘော်သုံးကျိပ်ဝင်ဆိုလို့ရှိရင် ဗိုလ်ချုပ်ကြီးလကျာ်ပေါ့ခင်ဗျာ၊ နောက်ပြီးတော့ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင် နောက်ပြီးတော့ ဗိုလ်ချုပ်ကြီးစောကြာဒိုးပေါ့ ခင်ဗျာ၊ နောက်ဗိုလ်မှူး ကြီးခင်မောင်မြင့်၊ ဗိုလ်မှူးလှမောင် စသည်ဖြင့် ပေါ့လေ၊ ကျနော်တို့ အပါအဝင် ရှိပါတယ်။
ဦးရော်နီညိမ်း။ ။ တပ်မှူးကြီးတွေဖြစ်တဲ့ ဗိုလ်လကျာ်တို့ ဗိုလ်ရန်နိုင်တို့ ဗိုလ်မှူးအောင်တို့ကို ဗိုလ်ချုပ်ကြီးနေဝင်းအချိန်အခါမှာရှိတဲ့ တပ်မှူးတွေကလည်း မှီတော့မှီလိုက်တာပဲ၊ သူ တို့လည်း ကြည်ညိုတာပဲ၊ တိုင်းပြည်ထဲမှာရှိနေတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကိုလည်မကျေနပ်တဲ့ အဲဒီအချိန်မှာ တိုင်းပြည်ကောင်းရာကောင်းကျိုးကိုလည်းလိုလားတဲ့ ဒီမိုကရေစီကိုလည်း ပြန်သွားချင်တဲ့ တပ်မှူးတွေရှိပါလျှက်နဲ့ အဲဒီတပ်မှူးတွေက အန်ကယ်လ်တို့အပြင်ကိုထွက်ပြီးတော့ ဒီတပ်မတော်ရဲ့အစိပ်အပိုင်းကြီးကြီးမားမားလိုမျိုးက ဘာလို့လာပြီး မပူးပေါင်းတာလဲ ခင်ဗျ၊ အဲဒါကိုဘယ်လိုမြင်ပါသလဲ။
ဦးခင်မောင်ညွှန့်။ ။ နိုင်ငံရေးခေါင်းဆောင်တွေပေါ့ ခင်ဗျာ၊ သူတို့အပေါ်မှာ Trustမရှိတဲ့ အတွက်ကြောင့်မို့လို့၊ Trust မရှိရတဲ့အကြောင်းအရင်းကလည်း အချင်းချင်းညီညွတ်မှု ကို မတည်ဆောက်နိုင်တဲ့အတွက်ကြောင့်မို့လို့ပဲ လာရောက်ပူးပေါင်းခြင်း မလုပ်ခြင်းပဲ ဖြစ်ပါတယ်ခင်ဗျ။ အစစအရာရာပြည့်စုံလျှက်နဲ့ ဘာ့လို့ ကျနော်တို့မအောင်မြင်သလဲ ဆိုလို့ရှိရင ရှင်းရှင်းနဲ့ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ခေါင်းဆောင်အချင်းချင်းထဲမှာ ညီညွတ်မှုမရှိလို့ ဖြစ်ခဲ့တာပါပဲ။
ဦးရော်နီညိမ်း။ ။ ယခုအခါ ပြည်ပအခြေစိုက် “မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းမျာ းအစည်းအရုံး”ရဲ့ဥက္ကဌ ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွှန့်ရဲ့ ပြန်လည်သုံးသပ်တင်ပြသွား ချက် ဖြစ်ပါတယ်ခင်ဗျား။
ဦးရော်နီညိမ်း။ ။ ၁၉၄၄ ခုနှစ်မှာ ဂျာမန်တပ်မတော်ထဲကနေ ဒုတိယဗိုလ်မှူးကြီး Claus Schenk von Stauffenberg ခေါင်းဆောင်တဲ့ တပ်မှူးငယ်တစ်ချို့က ကမ္ဘာစစ်ကြီးကို ဆင်နွှဲနေတဲ့ ဂျာမနီရဲ့နာဇီခေါင်းဆောင်ဟစ်တလာကို လုပ်ကြံရှင်းလင်းပြီး စစ်ရှုံးနေတဲ့ဂျာမနီကို ပြန်လည်ကယ်တင်ဖို့ ကြိုးစားမှုပေါ်ပေါက်ခဲ့ပါတယ်။ ဒီလုပ်ကြံမှုမှာပါဝင်တဲ့ ဂျာမန်တပ် မှူးတွေဟာ အဲဒီအချိန်ကရှိနေတဲ့ ဟစ်တလာဆန့်ကျင်ရေး ဂျာမန်မြေအောက်နိုင်ငံရေးအင်အားစုတွေနဲ့ မဆက်စပ်ဘဲ သူတို့ဟာသူတို့ ကြံစည်ခဲ့ကြတာပါ။ ဒုတိယဗိုလ်မှူးကြီးစတောာ် ဖင်ဘာ့ဂ်ရဲ့ ဟစ်တလာကိုလုပ်ကြံမှု မအောင်မြင်ခဲ့သလိုပဲ မြန်မာနိုင်ငံမှာ ၁၉၇၆ခုနှစ်က ဗမာ့တပ်မတော်ထဲက ထိပ်တန်းစစ်ခေါင်းဆောင်တွေရဲ့ကိုယ်ရေးအရာရှိ လူငယ်တပ်မှူးတွေကို ဗိုလ်ကြီးအုန်းကျော်မြင့်ဦးစီးပြီး အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်းကိုလုပ်ကြံဖို့ ကြိုးပမ်းခဲ့မှုဟာလည်း မအောင်မြင်ခဲ့ပါဘူး။ မအောင်မြင်ခဲ့ကြတာခြင်းတူသလိုပဲ ဒုဗိုလ်မှူးကြီး စတောာ်ဖင် ဘာ့ဂ်နဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ရဲ့ တပ်ထဲမှာပဲ ခေါင်းဆောင်ရှာခဲ့ကြတာချင်းကလည်း တူညီခဲ့ပါတယ်။ အခုလက်ရှိတပ်မတော်မှာလည်း သူတို့တုန်းကလိုပဲ ကိုယ့်တပ်ထဲမှာပဲ ခေါင်းဆောင်ရှာပြီး ဒီမိုကရေစီရေးအပြောင်းအလဲအတွက်ကြိုးပမ်းမှုတွေ ဖြစ်ပေါ်နိုင်ပါသလားလို့ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ နိုင်ငံတော်လုပ်ကြံမှုမှာပါဝင်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း ဦးစိန် သောင်းကို ကျနော်ဆက်သွယ်မေးမြန်းကြည့်ပါတယ်။
ဦးရော်နီညိမ်း။ ။ ကိုယ့်တပ်ထဲမှာပဲ ခေါင်းဆောင်ရှာပြီးတော့မှ ဗိုလ်ကြီးအုန်းကျော်မြင့်နဲ့ဗိုလ်ကြီးတို့ ဒီကြံစည်လုပ်ဆောင်ခဲ့တဲ့ဟာမှာ အန္တိမပန်းတိုင်ဟာ ဘာပါလဲ ခင်ဗျ။
ဗိုလ်ကြီးစိန်သောင်း။ ။ ကျနော်တို့က ပြည်သူတွေအပေါ်မှာ ဒီအာဏာရှင်တွေရဲ့မတရားပြုမူဆောင်ရွက်ချက်ကို ဖယ်ရှားပြီးတော့ ပြည်သူတွေအနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ဆန္ဒသဘောတရားကိုဖော်ထုတ်နိုင်တဲ့ ဒီမိုကရေီလမ်းကြောင်းပေါ်ကို တည့်မတ်ပေးဖို့အတွက်ကို အဓိကရည်ရွယ်ပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဦးရော်နီညိမ်း။ ။ နိုင်ငံမှာ လူအများကြည်ညိုလေးစားရတဲ့ ရဟန်းသံဃာတော်တွေဦးဆောင်တဲ့ တော်လှန်ရေးတောင်မှ မအောင်မမြင် ဖြစ်ခဲ့ရတာဟာ တပ်ထဲကမပါလို့ ဆိုတဲ့ သုံးသပ်ချက် Conclusion ကထွက်လာတယ်။ အဲဒီတော့ “တပ်ထဲက မပါဘူး တပ်ထဲက မပါဘူး” ဆိုတာဟာ ဘာအကြောင်းကြောင့်လဲ ခင်ဗျ၊ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။
ဗိုလ်ကြီးစိန်သောင်း။ ။ ဒီမိုကရေစီကိုလိုလားတဲ့ပုဂ္ဂိုလ်တွေ ကျနော်တို့တပ်မတော်ထဲမှာ တော်တော်များများရှိတယ် ကျနော်တို့ ခေတ်ကတည်းက ရှိခဲ့တယ်ဆိုတာ ကျနော် ယူဆပါတယ်။ အာဏာရှင်တွေက သူတို့ရဲ့ အခွင့်အရေးတွေကို အလျှံပယ်တပ်မတော်ထဲမှာပေးပြီးတော့ စည်းရုံးထားတာကိုလည်း တပ်မတော်ထဲမှာရှိတဲ့ တချို့သောပုဂ္ဂိုလ်တွေက ယစ်မူးနေကြတယ်။
ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးခင်ဗျား၊ ကျနော် ဒီနေရာမှာ ဖြတ်ပြီးမေးချင်တာက အခုလက်ရှိမှာ မှန်ပါတယ်။ အာဏာရှင်တွေက ပေးထားတဲ့စည်းစိမ်တွေနဲ့၊ ဥပမာ ဗိုလ်မှူးကြီးက နေပြီး ဗိုလ်မှူးချုပ်နဲ့အထက်အဆင့်တွေမှာ သိပ်ကွာသွားပြီ၊ ဗိုလ်မှူးချုပ်ဖြစ်ပြီဆိုလို့ရှိရင် နည်းနည်းနောနောအခွင့်အရေးတွေ ခံစားရတာမဟုတ်ဘူး၊ အဲလောက်ထိ ခွါထားတယ်၊ အဲဒီ တော့ စစ်အာဏာရှင်တွေ၊ ခေါင်းဆောင်တွေရဲ့ အနားမှာရှိနေတဲ့ ဗိုလ်ကြီးတို့ခေတ်တုန်းကလည်း အခွင့်အရေးတွေ အများကြီးရခဲ့တာပဲ၊ သူ့ခေတ်နဲ့သူ။ အဲဒီလိုမျိုး ခံစားခွင့်တွေ ရှိနေ တဲ့ကြားတည်းကနေပြီးတော့မှ လုပ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့တာပဲ၊ ကျနော်တို့က အဲဒီလိုပဲမြင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဗိုလ်ကြီးတို့တုန်းက နမူနာရှိခဲ့ပြီးပြီ၊ အခုကော မရှိနိုင်ဘူး လား၊ မရှိသေးတာ ဘာဖြစ်လို့လဲဆိုတာကို သုံးသပ်ပေးပါခင်ဗျား။
ဗိုလ်ကြီးစိန်သောင်း။ ။ ဟုတ်ကဲခင်ဗျ၊ ပြည်သူတွေဒုက္ခရောက်နေတာကို လက်ပိုက်ကြည့်မနေနိုင်တဲ့ လူသားချင်းစာနာစိတ်ရှိတဲ့ တပ်မတော်သားကောင်းတွေကတော့ မခံမရပ်နိုင်တဲ့အဆုံးတစ်နေ့မှာ ပြည်သူတွေအတွက်ကို ကိုယ်ကျိုးစွန့်ပြီးတော့ ပြည်သူ့ဘက်က ပါဝင်တိုက်ပွဲဝင်မှာပဲ ဆိုတာကို ကျနော့်အနေနဲ့ ယုံကြည်ပါတယ်ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ သူတို့ ခေါင်းဆောင်ရှာမရဘူး ဖြစ်နေတယ်လို့ မြင်ပါသလားခင်ဗျ၊ ကျနော်တို့ ပြည်တွင်းမှာ ဒီ အကျဉ်းကျခံနေရတဲ့ အတိုက်အခံတွေကို တော့ ထားလိုက်တော့၊ ဒါက ဘာမှမလှုပ်နိုင်လို့ ဘာမှ ဒါပြောစရာမရှိဘူး။ ပြည်ပမှာရှိတဲ့ အပြင်ကခေါင်းဆောင်တွေကို သူတို့ အားကိုးရဲပါ့မလား။ အထင်ကြီးစွာနဲ့ သူတို့ သွားပေါင်း ရဲပါ့မလား ခင်ဗျ။
ဗိုလ်ကြီးစိန်သောင်း။ ။ မပေါင်းရဲဘူးလို့ ကျနော်ယူဆပါတယ်ခင်ဗျ၊ ဘာကြောင့်လဲဆိုတော့ လောက်လောက်လားလားယုံကြည်ကိုးစားဖို့ သူတို့မှာ အပြင်ကခေါင်းဆောင်တွေ မှာ အခြေနေမရှိဘူးလို့ ကျနော်သုံးသပ်ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ပြည်သူ့ဘက်ကို ပေါင်းတယ်ဆိုတဲ့နေရာမှာ ပြည်သူတွေထွက်ပြီး ဆန္ဒပြတဲ့အချိန်မှာ တပ်မတော်သားတွေကလမ်းပေါ်ထွက်ပြီးတော့ ပြည်သူတွေနဲ့ပေါင်းပြီး ဆန္ဒပြတာမျိုး အဆင့်လောက်နဲ့တော့ မရဘူးဆိုတာ ပြီးခဲ့တဲ့ရှစ်လေးလုံးမှာ သက်သေပြခဲ့ပြီးပြီ၊ အဲဒီတော့ အခုနေအခါများ တပ်ထဲက တပ်မှူးငယ်တွေ၊ အလယ်အလတ်အဆင့်ရှိတဲ့ တပ်မှူးတွေ၊ ကံကောင်းခဲ့ရင်လည်း တပ်မှူးကြီးတွေကပါ အပြောင်းအလဲကိုဖြစ်ပေါ်စေချင်တဲ့အတွက် ပြည်ပမှာရှိတဲ့အတိုက်အခံတွေနဲ့ ပေါင်းမယ်ဆိုရင် အဲဒီအတိုက်အခံတွေဘက်က အနည်းဆုံး ဘာဖြစ်နေကြဘို့ကို သူတို့ လိုချင်မှာပါလဲ ခင်ဗျ။
ဗိုလ်ကြီးစိန်သောင်း။ ။ ညီညွတ်ရေးကို အဓိက ရှေးရှု ပြီးတော့ လုပ်ထားဖို့လိုတယ်လို့ ကျနော်ယူဆပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ပြည်ပမှာရှိတဲ့အတိုက်အခံခေါင်းဆောင်တွေဘက်မှာ အားကိုးလောက်တဲ့ ခေါင်းဆောင်မရှိလို့ လောက်လောက်လားလားယုံကြည်စိတ်ချရတဲ့ ခေါင်းဆောင် မျိုးမရှိလို့ တပ်ထဲက တပ်မှူးတွေက သူတို့တွေနဲ့ပေါင်းပြီးတော့ မလုပ်နိုင်ဘူးဆိုရင်၊ ဗိုလ်ကြီးတို့တုန်းကလို ကိုယ့်တပ်ထဲမှာပဲ ကိုယ့်ဟာကိုယ် ခေါင်းဆောင်ပြန်ရှာပြီးတော့ အခု အပေါ် မှာရှိနေတဲ့ စစ်ခေါင်းဆောင်တွေကို ဖယ်ရှားပြီးတော့မှ စနစ်တစ်ခုကိုပြောင်းဖို့ကြိုးစားတဲ့ အဖြစ်မျိုးကော အခုလက်ရှိတပ်ထဲမှာ မဖြစ်လာနိုင်ဘူးလား ခင်ဗျ။
ဗိုလ်ကြီးစိန်သောင်း။ ။ ဟာ သိပ်ဖြစ်တာပေါ့၊ ဖြစ်သွားနိုင်ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဘယ်လို အကြောင်းအခြေအနေပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာနိုင်ပါသလဲ ဆိုတာလေးကို နောက်ဆုံးသုံးသပ်ပေးပါ။ ဗိုလ်ကြီးတို့တုန်းက ဘယ်လို အကြောင်းအချက်ကိုတွေ့ခဲ့ပြီးတော့ အခုလည်းပဲ ဒီအတိုင်းဖြစ်နိုင်တယ်ဆိုတာ ဗိုလ်ကြီးတို့အခြေအနေလေးနဲ့ နည်းနည်းလေး ယှဉ်ပြီးသုံးသပ်ပေးပါခင်ဗျ၊ နောက်ဆုံးအနေနဲ့။
ဗိုလ်ကြီးစိန်သောင်း။ ။ ဟုတ်ကဲ့၊ ကျနော်တို့ ခေတ်တုန်းကဆိုရင် အင်မတန်မှ ခေါင်းဆောင်ကောင်းပီသတဲ့ ဗိုလ်ချုပ်ကြီးတင်ဦးအပေါ်မှာ သူတို့ တစ်ခါတည်း သူတို့ရဲ့ စနစ်ကို အတိုက်အခံပြုတယ်ဆိုပြီး မတရားစွပ်စွဲပြီးတော့ သူတို့ အဲဒီပုဂ္ဂိုလ် ကိုဖယ်ရှားလိုက်တယ်။ ဖယ်ရှားလိုက်တော့ ကျနော်တို့ တပ်မတော်သားတွေလူငယ်တွေက ပြည်သူ့အတွက် ကိုယ် ကျိုးစွန့်ပြီးတော့ လုပ်သင့်ပြီ၊ ဆိုပြီးတော့ တိုက်ပွဲဝင်လာတာဖြစ်ပါတယ်။ ဒီ မကောင်းတဲ့ဟာကိုဖယ်ရှားပြီး ကောင်းတဲ့ဟာကို ဖြစ်ဖို့အတွက်ကို တကယ်အရည်အချင်းပြည့်တဲ့ ခေါင်း ဆောင်ကောင်းတစ်ယောက်ကို တပ်ထဲမှာ သူတို့ဟာသူတို့မြင်လာပြီးတော့ အဲဒီပုဂ္ဂိုလ်ရဲ့ ဦးဆောင်မှုနဲ့ စနစ်ကိုပြောင်းလဲမယ်ဆိုတာကို ကျနော့် အနေနဲ့ ယုံကြည်ပါတယ်ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဖိလစ်ပိုင်နိုင်ငံ၊ ယူဂိုဆလားဗီးယားနဲ့တစ်ချို့အရှေ့ဥရောပနိုင်ငံတွေက လွတ်မြောက်ရေးလှုပ်ရှားမှုလူထုတိုက်ပွဲတွေမှာ အာဏာရှင်အစိုးရတွေရဲ့ တပ်မတော် တွေက လူထုတိုက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်း (သို့မဟုတ်) အနည်းဆုံး ပြည်သူလူထုကို ပစ်ခတ်ဖြိုခွင်းနှိမ်နင်းခြင်း မလုပ်ခဲ့ကြတာ အားလုံးသိရှိပြီးဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေရဲ့ လူထု တိုက်ပွဲခေါင်းဆောင်တွေဟာလည်း တိုက်ပွဲကာလမှာ ညီညွတ်ရေးကို အခိုင်အမာတည်ဆောက်နိုင်ခဲ့ကြပြီး စနစ်ကျတဲ့အစီအစဉ်တွေနဲ့ လူထုကိုဦးဆောင်ပြီး အာဏာရှင်တွေအောက် ကနေ သူတို့ရဲ့နိုင်ငံတွေကို ကယ်တင်နိုင်ခဲ့တာကိုတင်ပြရင်း ကျနော့်ရဲ့အစီအစဉ်ကို အဆုံးသတ်လိုက်ပါတယ်။ သောတရှင်အားလုံး လွတ်မြောက်နိုင်ကြပါစေ။ ကျနော် ရော်နီညိမ်းပါ။