တပ်မှူးတပ်သား ပြောစကား (၀၂၁)
မြန်မာနိုင်ငံမှာ လာမဲ့နိုဝင်ဘာလ(၇)ရက်နေ့မှာ ရွေးကောက်ပွဲလုပ်ပေးတော့မယ်လို့ မြန်မာစစ်အစိုးရကခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာလိုက်ပါပြီ။ ဘာ ကြောင့် နိုဝင်ဘာလ(၇)ရက်နေ့ကို ရွေးချယ်ရသလဲဆိုတာနဲ့ မြန်မာ့နိုင်ငံရေး အလားအလာတွေကို၊ ဗီအိုအေ၀ိုင်းတော်သား ဦးရော်နီညိမ်းက၊ စစ်ရေးတာဝန်တွေထက် ထောက်လှမ်း ရေး မူးယစ်ဆေးဝါးနှိမ်နင်းရေး တိုင်းရင်းသားအရေး နိုင်ငံရေးနဲ့ သံတမန်ရေးတာဝန်တွေကို ပိုပြီးထမ်းဆောင်ခဲ့ဘူးတဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို မေးမြန်းဆွေးနွေးထားပါ တယ်။ ဒီဆက်သွယ်မေးမြန်းထားတာကို ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်မှာ ထုတ်လွှင့်လိုက်ပါတယ်။
ဦးရော်နီညိမ်း။ ။ ကျနော်တို့ ဗီအိုအေနဲ့အင်တာဗျူးမှာ ဗိုလ်မှူးပြောခဲ့တာ ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ တခြားသော နိုင်ငံရေးပါတီတွေကို အချိန်ပေးမှာ မဟုတ်ဘူး။ ကပ်ပြီးတော့မှ ပါတီတွေထောင်ခွင့်ပြုမယ်၊ ရွေးကောက်ပွဲကိုဝင်ဖို့ လုပ်ထုံးလုပ်နည်းတွေ၊ ဒါတွေကို အကုန်လုံး ခွင့်ပြုလိမ့်မယ်လို့ ဗိုလ်မှူးပြောခဲ့တာရှိပါတယ်။ အခု အဲဒီအတိုင်းပဲ ကျနော်တို့ တွေ့ရပါတယ်။ ဗိုလ်မှူးပြောတဲ့ အချိန်တုန်းက ရွေးကောက်ပွဲဥပဒေတွေဘာတွေ၊ ဘာမှကို ထွက်မလာသေးပါဘူး။ ဒီ နိုင်ဝင်ဘာလ(၇)ရက်နေ့ကို ဘာ့ကြောင့်ရွေးချယ်သလဲ ဆိုတာ ဘယ်လို ထင်ပါသလဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဒီ နိုင်ဝင်ဘာလ(၇)ရက်နေ့မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ အများထင်တာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျနော့်အမြင် တစ်ခုရှိပါတယ်။ အဲဒါက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ကမ္ဘာမှာ အမေရိကန်တစ်နိုင်ငံထဲကို ဂရုစိုက်တဲ့အတွက်ကြောင့်မို့လို့ အမေရိကန်ရဲ့ရွေးကောက်ပွဲတွေဟာလည်း လာမယ့် နိုဝင်ဘာ(၄)ရက်နေ့မှာ လုပ်မှာ ဖြစ်ပါတယ်။ အောက်လွှတ်တော်နဲ့အထက်လွှတ်တော်က သုံးပုံတစ်ပုံ ရွေးကောက်ပွဲ ပြန်လုပ်ပါမယ်။ ဘယ်နည်းနဲ့မဆို အဲဒီအချိန်အခါမှာ အမေရိကန်တွေ အလုပ်ရှုပ်နေတဲ့အချိန် ဖြစ်ပါတယ်။ နောက်တစ်ချက်ကလည်း တက်သုတ်ရိုက်ပြီးတော့မှ အခုအချိန်အခါမှာ မြန်မြန်လုပ်လိုက်ခြင်းအားဖြင့် သူ့လူတွေကို သူစိတ်မချ တာလည်း ပါပါတယ်။ ကျနော် အရင်ပြီးခဲ့တဲ့ လွန်ခဲ့တဲ့တစ်နှစ်လောက်က ပြောခဲ့ဖူးပါတယ်။ ကြံ့ဖွံ့က ၀န်ကြီးများကို ခေါ်ဆူတာရှိပါတယ်။ “မင်းတို့သွား၊ ၀န်ကြီးများရုံးမှာ မနေနဲ့ ၊ သွား နယ်တွေဆင်းပြီးတော့ စည်းရုံး” ဆိုပြီးတော့မှ အဲဒီအချိန် အဲဒီအခါကတည်းက ဒီကြံ့ဖွံ့ခေါင်းဆောင်တွေကို စည်းရုံးခိုင်းတဲ့အနေအထားမျိုး ရှိပါတယ်။ အဲဒီအချိန်တုန်းကတော့ အန် အယ်လ်ဒီ ၀င် မ၀င်ဆိုတဲ့ ဟာကို အတတ်ပြောလို့ မရသေးတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ အခုလည်း အန်အယ်လ်ဒီ မ၀င်တော့တာကိုတောင်မှ သူ့မှာ စိုးရိမ်စိတ်တွေ အများကြီးရှိပါ တယ်။ တိုင်းရင်းသားအဖွဲ့တွေကို သူ အပိုင်စည်းရုံးနိုင်လိမ့်မယ်လို့ ထင်ပေမယ့် အခုအချိန်အခါမှာ အဲဒါတွေ သူလက်လွှတ်ခဲ့ရတယ်။ နောက်တစ်ခါ အန်အယ်လ်ဒီကိုလည်း တစ်ချို့ တ၀က်ပေါ့လေ၊ ဖဲ့ပြီးတော့မှ စည်းရုံးလို့ရလိမ့်မယ်လို့ သူတွက်ပုံပေါ်ပါတယ်။ ဒါပေမယ့် တကယ့်တကယ် အန်အယ်လ်ဒီက ကွဲထွက်သွားတာက ချောက်တီးချောက်ချက်ပါ ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခုနက အမေရိကန်နိုင်ငံရေးနဲ့ ပြန်ပြီးတော့မှပေါ့နော်၊ ဗိုလ်မှူး ဆက်စပ်စဉ်းစားကြည့်တာက ဗိုလ်မှူးကိုယ်တိုင်လည်း ဒီမှာ၊ ဒီ ၀ါရှင်တန်ဒီစီမှာ သံမှူး ကြီးလုပ်သွားတဲ့အခါကျတော့ အခုလာမယ့်အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ သက်တမ်းတစ်ဝက်မှာပေါ့နော်၊ ရှိသမျှ အထက်လွှတ်တော်အောက်လွှတ်တော်အမတ်တွေရဲ့ တစ်ဝက် နီးပါး သုံးပုံတစ်ပုံလောက်ဟာ ပြန်ပြီးတော့ သူတို့ အရွေးခံကြရမယ်။ ဒါက ဟိုအရင် လွန်ခဲ့သောလေးနှစ်က အမတ်ဖြစ်လာခဲ့တဲ့လူတွေနေရာမှာ ပြန်ပြီးရွေးကောက်မယ့်ပွဲ၊ အခုလာ မယ့် နိုဝင်ဘာလ။ အဲဒီရွေးကောက်ပွဲက အမေရိကန်အစိုးရအတွက် ပိုပြီးတော့ အာရုံစိုက်နေရတဲ့အကြောင်းက အမေရိကန်ပြည်တွင်းပြသနာ ကျနော်တို့မြင်တာကတော့ အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီဟာ အရမ်းကိုလူကြိုက်နည်းနေတယ်။ အဲဒီတော့ သူ့အနေနဲ့ ဒီလာမယ့်ပွဲမှာ ဒီမိုကရက်တစ်ပါတီအမတ်တွေ အခုလက်ရှိ ကွန်ဂရက်အထက်အောက်လွှတ်တော်မှာ နေရာတွေ လျော့သွားမယ်၊ ရှုံးနိမ့်လို့ အမတ်တွေထွက်ပေးကြရမယ်ဆိုရင် သူ့အနေနဲ့ နောက်လာမယ့် ၂၀၁၂ခုနှစ် သမ္မတရွေးကောက်ပွဲမှာလည်း အလားအလာမကောင်းဘူး။ အဲဒီ တော့ ဒီအခြေနေတွေရင်ဆိုင်ရလို့ သူဗျာများနေမယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဗမာပြည်ကနေ ထိုင်ပြီးတွက်နေတယ်လို့ ဗိုလ်မှူးခန့်မှန်းတဲ့ သဘောလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဒီအမေရိကန်နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ ရှိစဉ်ကတည်းကပေါ့လေ၊ အမေရိကန်နိုင်ငံရေးကို အများကြီး တွက်ချက်ပါတယ်။ ဥပမာ ဗျာ၊ ကျနော်တို့ သမ္မတကလင်တန် နဲ့ သမ္မတဘုရှ်နဲ့ အချိန်းအပြောင်းမှာ နိုင်ငံရေးအရအမြတ်ထုတ်ဖို့အတွက်ကို အမေရိကန်ကိုချဉ်းကပ်ဖို့အတွက်ကို ဆုံးဖြတ်ခဲ့ကြပါတယ်။ တကယ် လည်း ကျနော်တို့ ချဉ်းကပ်ကြပါတယ်။ အတိုင်းအတာ တစ်ခုထိလည်း ရခဲ့တယ်ဆိုတာကို အားလုံးသိပါတယ်။ အခုအချိန်အခါမှာလည်း ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရက် နိုင်သည်ဖြစ်စေ၊ ရီပတ်ဘလစ်ကန် နိုင်သည်ဖြစ်စေ၊ အမေရိကန်နိုင်ငံရေးမှာတော့ သူ့ ကိစ္စနဲ့သူ လုံးထွေးနေတဲ့အနေအထားမျိုး ရှိပါတယ်။ အနည်းဆုံး အဲဒီဟာက ကျနော်တို့ ဇန်န၀ါရီလထဲ လောက် ကျမှ အမေရိကန်ရဲ့နိုင်ငံရေးဟာ ပြန်ပြီးတော့ Stable ပြန်ဖြစ်သွားမယ် ဆိုတဲ့ဟာကို ဗိုလ်ချုပ်မှူးကြီး တွက်ပြီးသားပါ ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့ ကျနော်တို့ ပြန်စဉ်းစားကြည့်တဲ့အခါကျတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာပြည်ကနေထိုင်ပြီးတော့ အမေရိကန် အစိုးရရဲ့အနေ အထားကို သုံးသပ်ပြီးတော့မှ မြန်မာပြည်တွင်းက သူလုပ်နေတဲ့ နိုင်ငံရေးကို လုပ်နေရတဲ့ အကြောင်းအရင်းက ခုန ကဗိုလ်မှူးပြောသလို တစ်ကမ္ဘာလုံးမှာ ကုလသမဂ္ဂကိုလည်း ဂရု မစိုက်ဘူး၊ အမေရိကန် တစ်ခုတည်းကိုပဲ ဂရုစိုက်တယ်။ အမေရိကန်တစ်ခုတည်းကိုပဲ ဂရုစိုက်ရတဲ့ အကြောင်းအရင်းက။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဥပမာဗျာ၊ ကျနော်တို့ ဗမာပြည်ထက် ရေနံအများကြီးထွက်တဲ့ အီရန်လိုနိုင်ငံမျိုးကို အခု အမေရိကန်က ပြင်းပြင်းထန်ထန်နဲ့ Sanctions ကို အရှိန် မြှင့်လာတဲ့အချိန်ခါမှာ အီရန်နေလို့ မရပါဘူး။ အလားတူပဲ ညူကလီးယားပိုင်တယ်ဆိုတဲ့ မြောက်ကိုရီးယားဟာ အခုလောလောဆယ် လက်ရှိ အမေရိကန်စစ်ရေးအင်အားပြပွဲတွေ လုပ် တဲ့အချိန်အခါမှာ အမြီးကုပ်သွားပါပြီ။ စစ်ရေးအရတော့ အမေရိကန်ကို ဘယ်လိုမှ ယှဉ်လို့ မရဘူးဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ သိပါတယ်။ သူက ခုနကပြောသလို နိုင်ငံရေး အရ ချဉ်းကပ်ချင်တယ်၊ ဒါကြောင့်မို့လည်း အမေရိကန်မှာရှိတဲ့ မြန်မာနိုင်ငံရေးသမားတွေ အတတ်ပညာရှင်တွေကို ကျနော်တို့ ရှိကတည်းကိုက ချဉ်းကပ်ခိုင်းတယ်။ နောက်ဒီ Lobby Groups တွေ ငှားပြီးတော့မှ ချဉ်းကပ်ခိုင်းတယ်ဆိုတာ ကျန်တဲ့နိုင်ငံတွေနဲ့ မတူတဲ့အချက်ပါ။ ဒါဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဗျူဟာပါ။ အဲဒီတော့ အမေရိကန်ကသာ အခုလက်ရှိ ဒီ ညူကလီးယားကိစ္စပြီးတဲ့ နောက်ပိုင်းမှာ အမေရိကန်ရဲ့Pressureဟာ အရင့်အရင်ထက်စာရင် အများကြီး ဖြစ်လာပါတယ်။ ဒေသတွင်းမှာ ၀င်ပြီးတော့မှ အမေရိကန်သမ္မတကော နိုင်ငံ ခြားရေးဝန်ကြီးကော ကိုယ်တိုင်ဝင်ပြီးတော့မှ မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ပြီး ပြောလာတာတွေရှိသလို စီးပွါးရေးအရလည်း အထူးသဖြင့်တော့ ဘယ်လောက်ပဲ Gasတွေထွက်ပြီး ပိုက် ဆံရရပါ။ ဒီငွေတွေဟာ သုံးလို့ မရဘူးဆိုရင် သူ့အတွက် အများကြီး အကြပ်အတည်း ဖြစ်ပါလိမ့်မယ်။ သူ ဒုက္ခ အများကြီး ရောက်ပါလိမ့်မယ်။ ဒီအတွက် ထွက်ပေါက်ရအောင်တော့ အခုအချိန်ထိပဲ၊ အမေရိကန်ကို ဘယ်လိုနည်းနဲ့ Lobby လုပ်ရမယ် ဘယ်လိုနည်းနဲ့ချဉ်းကပ်ရမယ်ဆိုတာ သူလုပ်နေတုန်းပါပဲ။ တစ်ဖက်ကလည်း နိုင်ငံရေးအရကျတော့ မလျှော့ပေး ချင်ဘူးဗျ။ အမေရိကန်ရဲ့ အဓိကTarget ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး ဖြစ်နေတာကိုး။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ(၁၆)ရက်နေ့ လွတ်မလား၊ မတိုင် ခင် လွတ်မလား ဆိုတာကို တစ်ချက်တော့ စောင့်ကြည့်ချင်ပါသေးတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အခုရက်ပိုင်းလေး အတွင်းမှာပဲပေါ့နော် ကျနော်တို့ ဒီမှာ သတင်းတွေ့ရတာက ကိုရီးယားနိုင်ငံကနေပြီးတော့မှ ဘဏ်တစ်ခုဟာ မြန်မာစစ် အစိုးရ အသိုင်းအ၀ိုင်းအတွက် နိုင်ငံခြားနဲ့ အရောင်းအ၀ယ်ကိစ္စတွေ၊ ငွေပေးငွေယူကိစ္စတွေ အားလုံးကို အမေရိကန်ဒေါ်လာနဲ့ ကြားဝင်ဆောင်ရွက်ပေးနေရာကနေ၊ အခုလာမယ့် အောက်တိုဘာလ(၁)ရက်နေ့ ကစပြီးတော့ ရပ်ဆိုင်းလိုက်မယ်၊ ဒီကိုရီးယားဘဏ်ဟာလည်း နောက်ကွယ်ကနေပြီးတော့ အမေရိကန်ဘဏ်ကြီးတစ်ခုက ထိန်းချုပ်ထားတယ်ဆိုတဲ့ သတင်းက ထွက်လာတယ်။ အဲဒီ ကိစ္စအတွက်ကြောင့်မို့လို့ ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံခြားနဲ့ဆက်စပ်ပြီးအလုပ်လုပ်နေတဲ့ ကုမ္ပဏီပေါင်း လေးငါးခြောက်ဆယ်လောက်ကလည်း တော် တော်လေး ဗျာများနေတယ်လို့ ကျနော်တို့ သတင်းအခု ကြားနေရတာ ရှိပါတယ်။ အဲဒီအခါကျတော့ ဒါတွေနဲ့ ဆက်စပ်ပြီး သူ့ အနေနဲ့ နိုဝင်ဘာလ(၇)ရက်နေ့ကို ရွေးတာဟာ အမေရိ ကားမှာလည်း တကယ့်ကို သမ္မတအိုဘားမား တခြားဘာမှအာရုံမစိုက်နိုင်ဘဲ ဦးနှောက်ခြောက်နေရမယ့် ဒီကွန်ဂရက်လွှတ်တော်ရွေးကောက်ပွဲအချိန်အခါနဲ့ကိုက်ပြီးတော့ သူလုပ်တယ် ဆိုလို့ ရှိရင် အဲဒီလိုလုပ်တိုင်းကော သူရဲ့နိုင်ငံရေးအကြပ်အတည်းကနေ သူလွတ်မြောက်နိုင်ပါ့မလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီတစ်ခုတည်းကတော့ မလွတ်မြောက်နိုင်ပါဘူး ခင်ဗျ။ အနည်းဆုံးတော့ သက်သောင့်သက်သာတော့ သူဖြစ်သွားမယ်ဗျာ၊ တစ်လတန်သည်၊ နှစ် လတန်သည်၊ သုံးလတန်သည်၊ သူ အချိန်ဆွဲလိုက်တဲ့သဘောပေါ့လေ။ သူ ဒီသုံးလအတွင်းမှာ ဘာလုပ်မလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမယ်။ စီးပွါးရေးမှာ ကိုရော်နီ ခုနက ပြောသလိုပေါ့ အင်မတန်မှကို သူထိန့်လန့်သွားပါပြီ။ ဒါကလည်း ၂၀၀၃ တုန်းက ဒီပဲရင်းကိစ္စဖြစ်ပြီးတော့ ကျနော်သံရုံးမှာရှိစဉ်တုန်းက ဒီလိုမျိုးအခြေအနေကို အမေရိကန်က တကယ် လုပ်များလုပ်လေမလားဆိုတဲ့စိုးရိမ်စိတ် ဗိုလ်ချုပ်မှူးကြီးမှာ အင်မတန်မှဖြစ်ခဲ့ပြီးတော့၊ ဒေါ်လာကနေပြီး ယူရိုကိုပြောင်းရတဲ့ အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။ အခုလည်း သူတို့လန့်တာက စင်္ကာပူပါ။ အမေရိကန်ကသာ တောင်ကိုရီးယားလို စင်္ကာပူကို Pressureတွေပေးလာလို့ စင်္ကာပူကလိုက်လုပ်မယ်ဆိုရင် သူတို့ ပက်လက်လန်ပြီခင်ဗျ၊ တကယ်တော့ တရုတ်ကို သူတို့ ယုံယုံကြည်ကြည်နဲ့ သူတို့ ပိုက်ဆံတွေ သွားမအပ်ရဲပါဘူး။ အချိန်မရွေး တရုတ်က သူတို့ကို ဒုက္ခပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ ဒီအတွက်ကတော့ သူတို့ ကျိန်းသေ ဗျာများနေတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒူဘိုင်းလိုနိုင်ငံမျိုးကို သူတို့ကိုယ်သူတို့ လျှင်လှပြီဆိုပြီး၊ လွတ်လပ်လှပြီဟ ဆိုပြီး သွားထားပေမယ့် သူတို့ ကြောက်ကြောက်နဲ့ သွားထားရတဲ့ အနေအထား မျိုး ရှိပါတယ်။ အဲဒါကြောင့် တစ်ကမ္ဘာလုံးမှာ အမေရိကန်ရဲ့ သြဇာဟာ ကနေ့ အထိပေါ့လေ၊ စစ်ရေး နိုင်ငံရေး စီးပွါးရေးဟာ သြဇာသက်ရောက်မှုရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒီအမေ ရိကန်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ပစ်ပယ်လို့ လုံးဝမရပါဘူး။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးအနေနဲ့က ကကလှမ်း(ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး) မှာပေါ့နော် G-2 (စစ်ဦးစီးမှူး ဒုတိယတန်း) ဖြစ်ခဲ့တော့၊ စစ်ရုံးမှာ ကျနော်တို့ သိရသလောက် G-1 (စစ်ဦးစီးမှူး ပထမတန်း) ဒုဗိုလ်မှူးကြီးတွေ ထက်စာလို့ ရှိရင် အောက်က အတွင်းကျကျ အလုပ်တွေ အကုန်လုံးလုပ်နေရတာက G-2 ဗိုလ်မှူးတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ ဗိုလ်မှူးအနေနဲ့ တော်တော်များများသိထားမယ်လို့ ကျနော်ယူဆပါတယ်။ အဲဒီအခါကျတော့ ဗိုလ်ချုပ်မှူးကြီး အခုလို ဟိုလိုမျိုး ကစားလိုက်၊ ဒီလိုမျိုး ကစားလိုက်၊ ဘယ်တော့လောက်ကနေ စပြီးတော့ ဖြစ်လာပါသလဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၉၂ ခုနှစ်၊ ဧပြီလမှာ အာဏာရပြီးတဲ့နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်သားထက်စာရင် နိုင်ငံရေးဘက်ကို ပိုပြီးတော့ အားသန်တဲ့လူ ပါ၊ မှတ်မိပါလိမ့်မယ်၊ အမျိုးသာညီလာခံကို ၁၉၉၃ ခုနှစ်မှာလုပ်ပေးမယ်ဆိုပြီးတော့မှ ကြေညာခဲ့ပါတယ်။ အဲဒီ ကြေညာချက်မတိုင်ခင်မှာ ဦးတည်ရမယ့် ဦးတည်ချက် ဆိုပြီးတော့မှ စဉ်းစားကြပါတယ်။ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်မှူးကြီးမောင်အေး စစ်ရုံးကို မရောက်သေးဘူး ခင်ဗျ။ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ၊ ဗိုလ်ချုပ်ကြီးတင်ဦး(ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်သူ အတွင်းရေးမှူး ၂) ၊ နောက် ဗိုလိချုပ်မှူးကြီးသန်းရွှေတို့ သုံးယောက် ပြောတဲ့စကားတွေပါ။ ဒါလည်း ကျနော်တို့ သူငယ်ချင်းတွေ ပြန်ပြောပြလို့ ကျနော်တို့ သိရတဲ့ကိစ္စပါ၊ အဲဒါက ဘာလဲ ဆိုတော့ တပ်မတော်ရဲ့ဦးဆောင်မှုအခန်းကဏ္ဍကို မြန်မာ့နိုင်ငံရေးမှာထည့်သွင်းဖို့ဆိုတဲ့ ကဏ္ဍဖြစ်ပါတယ်။ အဲဒီအချိန်အခါမှာ ဗိုလ်ချုပ်ခင်ညွှန့် ကော ဗိုလ်ချုပ်တင်ဦးကောပါ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေကို ပြောပါတယ်။ တပ်မတော်ရဲ့ဦးဆောင်မှုအခန်းကဏ္ဍကို မြန်မာ့နိုင်ငံရေးမှာ ထည့်သွင်းဖို့ဆိုလို့ ရှိရင် မြန်မာပြည်မှာ အရပ်သားနိုင်ငံရေး သေသွားလိမ့်မယ်၊ အရပ်သား နိုင်ငံရေးဆိုတာ ရှိတော့မှာ မဟုတ်ဘူးဆိုပြီး ပြန်ပြီးတော့ပြောခဲ့တာမျိုးတွေ ရှိပါတယ်။ အဲဒီတုန်းကတော့ ဗိုလ်ချုပ်သန်းရွှေက ဘာပြောခဲ့လဲဆိုတော့ မင်းတို့ အရပ်သားနိုင်ငံရေး မြန်မာပြည်မှာ ပျောက်သွားတော့ကော မကောင်းဘူးလားကွာ ဆိုပြီး ရယ်သလိုလို မောသလိုလိုနဲ့ ပြန်ပြီးပြောခဲ့တယ်ဆိုတာကို သူငယ်ချင်းတွေ ပြန်ပြောပြလို့ ကျနော်တို့ သိရတယ်။ ကိုရော်နီတို့ မှတ်မိပါလိမ့်မယ် အဲဒီနောက်ပိုင်းမှာ အမျိုးသာညီလာခံမှာ အန်အယ်လ်ဒီကို ပါအောင် ဆွဲဆောင်ခဲ့ကြပါတယ်။ အန်အယ်လ်ဒီကလည်း အဲဒီအချိန်အခါမှာ ဒေါ်အောင်ဆန်း စုကြည်တို့ ဦးဝင်းတင်တို့က အထဲရောက်နေပါတယ်။ အထဲရောက်တဲ့အခါမှာ ဘာလှည့်ဖျားခဲ့ပြန်သလဲဆိုတော့ အခု ဦးအောင်ရွှေတို့ ဦးလွင်တို့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ချဉ်းကပ် ခိုင်းပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီအထွေထွေအတွင်းရေးမှူးအဖြစ်ကော ပါတီဝင်အဖြစ်ကပါ ရပ်စဲပေးပါလို့ ဆိုတဲ့ မေတ္တာရပ်ခံချက်နဲ့ အရင်ဆုံး သွေးတိုးစမ်းခဲ့ပါတယ်။ အဲဒီလို သွေးတိုးစမ်းတဲ့အတိုင်းပဲ ဦးအောင်ရွှေတို့ဘက်က လိုက်လျောခဲ့တယ်။ ပြီးတော့ အမျိုးသားညီလာခံကို သူတို့တက်ခဲ့တယ်။ အမျိုးသားညီလာခံမှာလည်း အများဆုံးပေါ့ဗျာ၊ (၁၀၀)နီးပါးလောက် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပေးတက်ခိုင်းခဲ့တဲ့ အနေအထားမျိုးတွေ ဖြစ်ပါတယ်။ အဲဒီတော့ အများမသိလိုက်တာက အမျိုးသားညီလာခံမှာ တက်နေ တဲ့ ဒီ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်တွေကိုပေါ့ဗျာ၊ န၀တအဖွဲ့တွေနဲ့ ထိတွေ့မှုတွေ အများကြီး ရခဲ့ပါတယ်။ ဆိုလိုချင်တာကတော့ စည်းရုံးနိုင်ခဲ့တယ်ပေါ့ ဗျာ။ အဲဒီလိုနဲ့ နောက်ပိုင်း ၁၉၉၆ခုနှစ်မှာ အန်အယ်လ်ဒီ အမျိုးသားညီလာခံက ထွက်သွားပါတယ်။ အန်အယ်လ်ဒီ ထွက်သွားတဲ့အခါမှာ အဘိုးကြီးအနေနဲ့ ဘာဖြစ်ပြန်သလဲဆိုတော့ ဒေါသအရမ်း ထွက်တယ်ဗျာ။ အဲဒီတုန်းက 1996မှာ ခင်ဗျားတို့ မှတ်မိပါလိမ့်မယ်။ အန်အယ်လ်ဒီ အမျိုးသားညီလာခံက ထွက်တယ်၊ နောက် ကျောင်းသားအရေးအခင်းတွေ ပေါ်လာတာ ရှိတယ် ဗျာ။ အဲဒီ ၉၆ ခုနှစ်ထဲမှာ၊ “အေးပေါ့ ဒါဆို ထားလိုက်တော့ အမျိုးသားညီလာခံကို ဆက်လုပ်မနေနဲ့” ဆိုပြီးတော့ မှ၊ အမျိုးသားညီလာခံ မလုပ်ရလည်း တို့ ကြာကြာ အုပ်ချုပ်ရတာပေါ့ ကွာ ဆိုတဲ့ပေါ်လစီနဲ့ တောက်လျှောက်နေခဲ့တာ။ အဲဒီလို နေခဲ့ရာကနေ မှ ဟိုလှည့်၊ ဒီလှည့်၊ အာဆီယံထဲ မြန်မာနိုင်ငံကို ၀င်လိုက်၊ ဒေါ်အောင်ဆန်းစုကြည်ကို 2002 လောက်မှာ ပြန်လွှတ်ပေးလိုက်နဲ့ သူသွေးတိုးစမ်းပြီးတော့မှ နိုင်ငံရေးကို ကစားနေတာဗျ။ အဓိကကတော့ အဲဒီအချိန်အဲဒီအခါကတည်းက အန်အယ်လ်ဒီ အမြစ်ပြတ်ခြေမှုန်းရေး ဆိုတာကို လုပ်ခဲ့ တာ၊ လူတွေက ထင်ကြတာက အန်အယ်လ်ဒီ အမြစ်ပြတ်ခြေမှုန်းရေးဆိုတာ အန်အယ်လ်ဒီကို မတရားအသင်း ကြေငြာတဲ့အခါမှ အန်အယ်လ်ဒီက ပျက်တယ်လို့ ထင်ခဲ့ကြတာကိုး၊ အန်အယ်လ်ဒီရဲ့ ခြေတွေ၊ လက်တွေ အားလုံးကို ဖြတ်ပြီးတော့မှ ခေါင်းလောက်ကိုပဲ ထားခဲ့တဲ့အနေအထားမျိုး တွေ့ရမှာ ဖြစ်ပါတယ်။
ဦးရော်နီညိမ်း။ ။ အဲဒီနောက်ပိုင်း ၂၀၀၃ ခုနှစ် ဒီပဲရင်းမှာ အန်အယ်လ်ဒီခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးတင်ဦးတို့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အစီအစဉ်နဲ့ လုပ်ကြံမှု မအောင်မမြင်ဖြစ်ခဲ့ရတဲ့ အပေါ်ကနေပြီး ထပ်ပြီးပေါ်ပေါက်လာရတဲ့ ပြည်တွင်းနိုင်ငံရေးနဲ့ ပြည်ပသံတမန်ရေး တင်းမာမှုတွေကို ရှောင် ထွက်တဲ့ အနေနဲ့ တကယ်စေတနာမရှိဘဲ လမ်းပြမြေပုံ(၇)ချက်နဲ့ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ပြည်တွင်းပြည်ပကို အချိုသပ်တဲ့ လုပ်ဆောင်မှုတွေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထပ်ပြီး လုပ်ဆောင်ခဲ့တယ်လို့ ဗိုလ်မှူးအောင်လင်းထွဋ်က ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ဖမ်းဆီးချုပ်နှောင်ထားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပူးပေါင်းသွားပြီလို့ သူမှတ် ယူလိုက်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖြုတ်ထုတ်ရှင်းလိုက်ပုံတွေကို ဗိုလ်မှူးအောင်လင်းထွဋ်က ဆက်ပြီး ဗီအိုအေကို ပြောပြထားပါတယ်။ ဗိုလ်မှူးအောင်လင်း ထွဋ် ရဲ့ နောက်ထပ်ပြောစကားတွေကိုတော့ နောက်သီတင်းပတ် သြဂုတ်လ(၂၂) ရက် တနင်္ဂနွေနေ့ နံနက် တပ်မှူးတပ်သားပြောစကား အစီအစဉ်မှာ စောင့်မျှော်နားဆင်ကြပါခင်ဗျာ၊ ကျနော် ရော်နီညိမ်းပါ။