သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွဲှခဲ့ကြရတဲ့ ၁၉၉၈ ခရစ္စတီးကျွန်းပေါ်က လူသတ်ပွဲ


တပ်မှူးတပ်သား ပြောစကား (၀၂၂)

မြန်မာနိုင်ငံထဲမှာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့၊ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဘို့ဆိုတဲ့ ကိစ္စကို၊ အမေရိကန်အစိုးရကပါ ထောက်ခံဘို့ သမတအိုဘားမားက ဆုံးဖြတ်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ လူသူမသိအောင်ထိန်ဝှက်ထားတဲ့ ၁၉၉၈ ခုနှစ်က မြန်မာ စစ်တပ်က အပြစ်မဲ့သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့တဲ့ စစ်ရာဝတ်မှုကြီးတစ်ခုအကြောင်းကို ၂၀၀၈ မေလ(၂၅)ရက်နေ့က ဗီအိုအေမြန်မာပိုင်းက ထုတ်လွှင့်ခဲ့ပြီးပါပြီ။ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ ဦးသန်းလွင်ထွန်း တင်ဆက်ခဲ့တဲ့ ဒီအစီအစဉ်ကို၊ ဒီတပတ် “တပ်မှူးတပ်သား ပြောစကား”အပတ်စဉ်ကဏ္ဍမှာ ပြန်ပြီး ထုတ်လွှင့်ပေးလိုက်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ရလောက်အောင် အနည်းငယ်ပဲကျန်နေသေးတော့တဲ့ အာဏာရှင်နိုင်ငံတွေ ကြားထဲမှာ၊ မြန်မာနိုင်ငံ ထင်ထင်ရှားရှားပါဝင် ပေါ် လွင်နေတာဟာ မြန်မာစစ်အာဏာရှင်ခေါင်းဆောင်တွေရဲ့ ရက်စက်ကြမ်းကြုပ်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီလို ရက်စက်ကြမ်းကြုပ်မှုတွေ ကျူးလွန်နေတဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို မကြာသေးခင်ကပဲ ဗီအိုအေကို ထုတ်ဖေါ်ပြောကြားလာသူကတော့ အမေရိကန်ပြည်ထောင်စုက မြန်မာသံရုံးမှာ သံမှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ပါ။ ဗိုလ်မှူးအောင်လင်းထွဋ်ဟာ မြန်မာ့တပ်မတော်ထောက်လှမ်းရေးမှာ တာဝန်ထမ်းဆောင်နေရကနေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို အထူးတာဝန်နဲ့ ရောက် ရှိလာသူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၅ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံခွင့်တောင်းခံနေထိုင်ခဲ့ပါတယ်။ သတင်းဌာနတွေနဲ့ အရင်က ပြောဆိုဆက်သွယ်မှုတွေ မရှိခဲ့ပေမဲ့၊ နာဂစ်(စ်)ဆိုက်ကလုံးမုန်တိုင်းကြီး တိုက်ခတ်ခဲ့အပြီး အပြစ်မဲ့ပြည်သူတွေအပေါ် စာနာထောက်ထားမှုကင်းမဲ့လွန်းတဲ့ စစ်အာဏာရှင်တွေရဲ့အပြုအမူအပေါ် မခံမရပ်နိုင်အောင် ဖြစ်လာတာမို့၊ အခုလို ဆက်သွယ်ပြောဆို လာရခြင်းဖြစ်တယ်လို့ ဗိုလ်မှူးအောင်လင်းထွဋ်က ဆိုပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း မြန်မာ့ပင်လယ်ပြင်အတွင်းက ခရစ္စတီးကျွန်း (Cristie Island) (မြောက်လတ္တီ တွဒ် ၀၉ ဒီဂရီ ၃၇ မိနစ်၊ အေ့ရှလောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၉မိနစ် {Geographical location 0937N 9759E}) လို့ခေါ်တဲ့ ကျွန်းငယ်လေးတစ်ခုပေါ်မှာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ အပြစ်မဲ့ပြည်သူကျေးရွာသား (၅၉)ဦးနဲ့ ထိုင်းရေလုပ်သား (၂၂)ဦးကို မြန်မာစစ်တပ်က သတ်ဖြတ်ပစ်ခဲ့ရပုံအကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ဗိုလ်မှူးအောင်လင်းထွဋ် က ပြောပြခဲ့ပါတယ်။

ဦးအောင်လင်းထွဋ်။ ။ 1998 တုန်းက မေလမှာ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဇာဒက်ကြီးရေတပ်စခန်းမှာ ကျနော်တို့က အခြေချပါတယ်။ ေ့ရှတန်းစစ်ဗျူဟာအနေနဲ့ကတော့ ခရစ္စတီးကျွန်းမှာ အခြေချပါတယ်။ ခရစ္စတီးကျွန်းဟာ ထိုင်းနဲ့မြန်မာရဲ့ရေပြင်ပိုင်နက်အစပ်နားမှာ ရှိပါတယ်။ ကျနော်တို့ဆိုတာက ဗိုလ်ချုပ်ကြီးကြည်မင်း(ယခု အငြိမ်းစားဒုဗိုလ်ချုပ်ကြီး)၊ နောက်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်ခဲ့တဲ့သူပါ။ အခုတော့ အငြိမ်းစားယူပြီး စစ်မှုထမ်းဟောင်းအဖွဲ့မှာ ဒုဥက္ကဌလုပ်နေတဲ့ ဗိုလ်ချုပ်ကြီးကြည်မင်းပါ။ နောက်တယောက်က ဗိုလ်ချုပ်မြင့်ဆွေ(လေ) (ယခု အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး) ပါ။ သူကလည်း ကာကွယ်ရေးဦးစီးချုပ်(လေ) ဖြစ်ခဲ့ပြီးတော့မှ အခု retire (အငြိမ်းစား) သွားပါပြီ။ ဦးနေဝင်းရဲ့မြေးတွေရဲ့ ဖြစ် စဉ်မှာ အဖြုတ်ခံရတဲ့ ပုဂ္ဂိုလ်ပါ။ နောက်တယောက်က ဗိုလ်ချုပ်သူရမြင့်အောင်(ကြည်း) (ယခု ဒုဗိုလ်ချုပ်ကြီး) ပါ။ သူကတော့ လက်ရှိ စစ်ရေးချုပ်ရာထူးကို ယူထားပါတယ်။

(မှတ်ချက်။ ။ ခရစ္စတီးကျွန်းလူသတ်ပွဲဖြစ်စဉ်တွင် ဤသုံးဦးလုံးမှာ ဗိုလ်မှူးချုပ်အဆင့်သာ ရှိကြပြီး၊ တပ်ထုံးစံအရ ဗိုလ်မှူးချုပ်ကို ဗိုလ်ချုပ်၊ ဒုဗိုလ်ချုပ်ကြီးကို ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်မှူးကြီးကို ဗိုလ်မှူးကြီးဟုပင် ခေါ်ကြပါသည်။)

သူတို့သုံးယောက်ကို ကြည်း-ရေ-လေ ပူးပေါင်းစစ်ဆင်ရေးဆိုပြီး တော့၊ ကက(ကြည်း)(ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်-ကြည်း)ရုံးကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖွဲ့စည်းပေးပြီး တော့မှ ဇာဒက်ကြီးရေတပ်စခန်းကို လွှတ်လိုက်ပါတယ်။ ဇာဒက်ကြီးရေတပ်စခန်းရဲ့စခန်းမှူးက ဒုတိယဗိုလ်မှူးကြီး မောင်မောင်သစ်။ ကော့သောင်းရဲ့အခြေချ စစ်ဗျူဟာမှူးက ဗိုလ်မှူး ကြီးဇော်မင်း(ယခု ဝန်ကြီးဦးဇော်မင်း)။ အခု အမှတ်(၁)လျှပ်စစ်ဝန်ကြီးတာဝန်ရော ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ တွဲဘက်အတွင်းရေးမှူးတာဝန်ရော ယူနေတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူက ဗျူဟာမှူး အနေနဲ့ ခရစ္စတီးကျွန်းမှာ တာဝန်ယူရပါတယ်။ သူ့လက်အောက်မှာ အဲဒီအချိန်မှာ တပ်ရင်းမှူးအဖြစ် ခမရ(၂၆၂) ကော့သောင်းတပ်က ဒုတိယဗိုလ်မှူးကြီးစိုးတင်။ ဒီပုဂ္ဂိုလ်က နောက် ပိုင်းမှာ အမှတ်(၁)စက်မှုဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူးဖြစ်တယ်လို့ သိရပါတယ်။ နောက်တယောက်က ဘုတ်ပြင်းက တပ်ရင်းမှူးပါ။ ခမရ (၄၀၃) လား (၄၀၄)လား ကျနော် မသိတော့ ဘူး။ ဒုတိယဗိုလ်မှူးကြီးဝင်းဆွေ။ ဒီပုဂ္ဂိုလ်တွေနဲ့ ပေါ့လေ၊ အဲ့ဒီမှာ ဗိုလ်မှူးကြီးဇော်မင်းဦးစီးတဲ့ ဗျူဟာကနေ ခရစ္စတီးကျွန်းကို တက်ပြီး နေရာယူလိုက်တဲ့အခါမှာ အဲဒီမှာ သစ်ခုတ်ဝါး ခုတ်နဲ့ အရပ်သူအရပ်သား(၅၉)ယောက်တိတိကို သူတို့ ဖမ်းလိုက်ပါတယ်။ အဲဒီအထဲမှာ သုံးနှစ်သမီးလေးတစ်ယောက် ပါတယ်။ မိန်းမတစ်ယောက်ဆိုလို့ရှိရင် သိပ်မကြာသေးဘူး၊ ကလေးငယ်ငယ်လေးကို မွေးခဲ့ပြီး နေနေခဲ့တာပေါ့လေ။ သူတို့ကတော့ သာမန် ဒီနယ်မြေဒီဒေသမှာ သစ်ခုတ်ဝါးခုတ်ပြီးတော့မှ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက်ကို ရှာဖွေ လုပ်ကိုင်စားသောက်နေတဲ့ အရပ်သူအရပ်သားတွေ ဖြစ်ပါတယ်။ အဒီအချိန်က တိုင်းမှူးက ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင် (ထိုစဉ်က ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူး၊ ၂၀၀၁ တွင် ရဟတ်ယာဉ်ပျက်ကျစဉ် အတွင်းရေးမှူး -၂ ဒုဗိုလ်ချုပ်ကြီးတင်ဦးနှင့်အတူ ကွယ်လွန်သွားသူ အေ့ရှတောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး)။ သူက ပုဒ်မ(၁၄၄)ထုတ်ထားတယ်တဲ့။ ဒီကျွန်းတွေမှာ အရပ်သားတွေ မနေရဘူးဆိုတာကြောင့် ဖမ်းတယ်ဆိုပြီး ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ထင်တာက ဒီ(၅၉)ယောက်ကို ကော့သောင်းမြို့ကို ပြန်ပို့ပြီး အရေးယူချင်လည်း ယူ ပေါ့လေ။ လဝကဥပဒေနဲ့ အရေးယူချင်လည်း ယူပေါ့လေ၊ ဒီလိုပဲ လွှတ်လိုက်မယ်လို့ ကျနော်ထင်ခဲ့ပါတယ်။ ဖမ်းမိတာက ဧပြီလမှာလို့ ကျနော်ထင်တယ်။ မေလလောက် ရောက်တဲ့ အခါကျတော့၊ ညဘက်ကြီးမှာ ကောက်ခါငင်ခါ အမိန့်တစ်ခု ရောက်လာလို့ ကျနော်တို့ သိရပါတယ်။ အဲ့ဒီအချိန်တုန်းက စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း)ဖြစ်တဲ့ ကက(ကြည်း)က ဗိုလ်ချုပ် မြင့်ဆွေ (ယခု ဒုဗိုလ်ချုပ်ကြီး၊ ကစထမှူး၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ၅)က ဆက်သွယ်ရေးစက်ပေါ်တက်လာပြီး ဗိုလ်ချုပ်ကြီးကြည်မင်းနဲ့ စကားပြောချင်တယ်လို့ ပြောပါတယ်။ အဲဒီလို ပြောကြပြီးတော့မှ ဗိုလ်ချုပ်ကြီးကြည်မင်း ပြန်လာတဲ့အခါကျတော့ ကျနော်တို့အပါအဝင် အားလုံးကိုခေါ်ပြီးတော့ ဘာပြောလဲဆိုတော့ အခုဖမ်းထားတဲ့ (၅၉) ယောက်လုံးကို အကုန်လုံးကို ရှင်းပစ်ရမယ် သတ်ပစ်ရမယ်ဆိုပြီး အမိန့်ပေးတယ် ဆိုပြီး ပြောပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေက ဗိုလ်ချုပ်ကြီးကြည်မင်းကို ဆက်သွယ်ရေးစက်နဲ့ လှမ်းပြီး အမိန့်ပေးတာပါ။

ဦးသန်းလွင်ထွန်း။ ။ ဘာကြောင့်လဲ၊ အဲဒါ။

ဦးအောင်လင်းထွဋ်။ ။ ဘာကြောင့်လဲဆိုတာ ပြောရခက်ပါတယ်။ ဒီကလေးလေးတွေ မိန်းမတွေ ယောက်ျားတွေ ဘာမှ လက်နက်မကိုင်ထားတဲ့လူတွေကို သတ်ခိုင်းတာဟာ၊ ကျနော် တို့မှာ အရမ်းကို ခံစားရတယ်။ အမှန်အတိုင်းပြောရရင် မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စပါ။ ကျနော်လဲ ဒါဟာ ကြုံလိုက်ရတဲ့ ကိုယ်တွေ့တစ်ခုဘဲ။ ဗိုလ်ချုပ်ကြီးကြည်မင်းက ကျနော်တို့ အား လုံးကို စုလိုက်တယ်။ ကျနော်တို့ကတော့ staff အနေနဲ့ နားထောင်ရတာပေါ့။ ဗိုလ်ချုပ်ကြီးကြည်မင်း(ရေ)၊ ဗိုလ်ချုပ်မြင့်ဆွေ(လေ)၊ ဗိုလ်ချုပ်သူရမြင့်အောင်(ကြည်း)၊ ဗိုလ်မှူးကြီးမောင် မောင်သစ်(ရေ)၊ ဒါကတော့ လူကြီးပိုင်းတွေပေါ့လေ။ ဗိုလ်ချုပ်ကြီးကြည်မင်းက ဒီသတင်းကို ကျနော်တို့ကို ပြောလိုက်တဲ့အခါကျတော့၊ ဗိုလ်ချုပ်သူရမြင့်အောင် အခု စစ်ရေးချုပ်လုပ်နေ တဲ့လူက ဘာထပြောလဲဆိုတော့ “ဒါ အထက်အမိန့်ပဲ၊ အကုန်သတ်ပစ်ရမှာပေါ့” ဆိုပြီး တော့မှ သူက စပြောပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေ(လေ)ကတော့ သူက ပုတီးသမား တရားသမား ဆိုတဲ့အခါကျတော့၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ဘို့နဲ့ “အခြေအနေလေးတော့ ပြန်မေးကြည့်ပါဦး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်က ညကိုးနာရီခွဲပတ်ဝန်းကျင်လောက်ဖြစ်နေတော့ ဒါဟာ ဗိုလ်ချုပ်မှူးကြီးမောင်အေး အရက်သောက်ပြီး မူးတဲ့အချိန်၊ တော်ကြာ မူးမူးရူးရူးနဲ့ အမိန့်ဖြစ်နေဦးမယ်” ဆိုပြီးတော့မှ ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက် (ဗိုလ်မှူးချုပ်သူရမြင့်အောင် နဲ့ ဗိုလ်မှူးချုပ်မြင့်ဆွေ-လေ) ပြောတဲ့အပေါ်မှာ အဓိကမူတည်ပြီးတော့မှ၊ ဗိုလ်ချုပ်ကြီးကြည်မင်းက ဆုံးဖြတ်ပါတယ်။ “ကောင်းပြီ ဒါဆို ဒို့တွေ နောက်နေ့မနက် စက်ပေါ်တက်ပြီးတော့မှ ကိုမြင့်ဆွေ (ရန်ကုန်စစ်ရုံးချုပ်မှ စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း) ဗိုလ်မှူးချုပ်မြင့်ဆွေ)ကို ဒို့ ထပ်မေးကြည့်မယ်၊ ဒီအမိန့်ကိုတော့ အောက်က ဗိုလ်မှူးကြီးဇော်မင်းတို့ကို ချမပေးနဲ့ဦး” ဆိုပြီး ဗိုလ်ချုပ်ကြီးကြည်မင်းက ထိန်းထားလိုက်တာ ကျနော်တို့ သိရပါတယ်။ မနက် ကိုးနာရီပတ်ဝန်းကျင်လောက်၊ ဗိုလ်ချုပ်မြင့်ဆွေ(ကြည်း)ကို စက်ပေါ်တက်ပြီး ဗိုလ်ချုပ်ကြီးကြည်မင်းက မေးပြီး ပြန်လာတဲ့အခါကျတော့၊ ဘာပြောလဲဆိုတော့ “ဗိုလ်ချုပ်မြင့်ဆွေ(ကြည်း)က ပြောလိုက်တယ်၊ ဒါဟာ အဘအေး(ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး)အမိန့် မဟုတ်ဘူး၊ အဘကြီး(ဗိုလ် ချုပ်မှူးကြီးသန်းရွှေ)အမိန့်ဆိုပြီး ပြောတယ်” ဆိုပြီး ပြန်ပြီးတော့မှ ပြောပြပါတယ်။ အဘကြီး ဆိုတာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အဘကြီးလို့ ကျနော်တို့ ခေါ်ကြပါတယ်၊ စစ်တပ် မှာတော့။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ အဲ့ဒီအမိန့်ကို ပြန်ပြီးတော့ ပြင်လို့ မရခဲ့ဘူးပေါ့။

ဦးအောင်လင်းထွဋ်။ ။ အဲ့ဒီအမိန့်ကို ပြန်ပြီးတော့ ပြင်လို့ မရခဲ့ဘူး။ မရခဲ့တဲ့အခါကျတော့၊ အဓိကက အဲ့ဒီနယ်မြေရဲ့ တာဝန်ခံက ဗိုလ်ချုပ်သူရမြင့်အောင်။ သူက စကခ(၁၃)(စကခ= စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဟု အမည်ပေးထားသော ခြေမြန်တပ်မများ) ရဲ့ တပ်မမှူးပါ။ ဗိုလ်မှူးကြီးဇော်မင်းက သူ့လက်အောက်ကမှ ဗျူဟာမှူးပါ။ ဆက်ပြီးတော့ ရှင်းရှင်း ပြောရရင် တော့၊ အမိန့်ပေးလိုက်တယ်။ အမိန့်ပေးတဲ့အတိုင်းပဲ အဲ့ဒီ့နေ့မှာပဲ အဲ့ဒီ့ အရပ်သူအရပ်သားတွေကို သောင်ပြင်မှာပဲ အကုန်လုံးက သေနတ်နဲ့ပစ်သတ်ပြီးတော့မှ သောင်ပြင်မှာမြှုပ်လိုက် တယ်လို့ ကျနော်တို့ သိရပါတယ်။ အခု သွားပြီး အဲ့ဒီ့အရိုးတွေကို တူးကြည့်ရင် မြင်ရပါဦးမယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီလိုအမိန့်ကို အကောင်အထည်ဖေါ်ခဲ့တာက၊ ဦးအောင်လင်းထွဋ် ပြောတဲ့အတိုင်းဆိုရင် ဗိုလ်မှူးကြီးဇော်မင်းဦးဆောင်တဲ့ဗျူဟာက လုပ်ခဲ့တာပေါ့။

ဦးအောင်လင်းထွဋ်။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဗိုလ်မှူးကြီးဇော်မင်း (ယခုအမှတ်(၁)လျှပ်စစ်ဝန်ကြီဌာန ဝန်ကြီး နှင့် ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ တွဲဘက်အတွင်းရေးမှူး) နဲ့ သူ့တပ်ရင်းမှူး နှစ်ယောက်ပေါ့လေ။ ဗိုလ်မှူးကြီးဇော်မင်းကလည်း တပ်ရင်းမှူးနှစ်ယောက်ကို ဆက်အမိန့်ပေးပြီးတော့မှ အကုန်လုံးကို လုပ်ပစ်လိုက်ကြတယ်လို့ သိရပါတယ်။ အဲ့ဒီ့ဓါတ်ပုံတွေ ရှိပါသေး တယ်။ ကျနော့်ရုံး(ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ရုံး)က ဗီရိုထဲမှာ ရှိတယ်။ ဘာလို့လဲဆိုတော့ အဲဒီ့အချိန်မှာ ဗိုလ်မှူးကြီးဇော်မင်းတို့နဲ့အတူတူ ထောက်လှမ်းရေး(၁၉) တပ်မှူး၊ အခုတော့ ထောင်ထဲရောက်နေပါပြီ (၂၀၀၄တွင် ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့်အတူ ဖြုတ်ထုတ်ရှင်းခံရသူများထဲမှ တစ်ဦး)၊ ဗိုလ်မှူးမြင့်ဦးဆိုတာ အတူတူ ရှိပါ တယ်။ သူက ခိုးပြီးတော့ ရိုက်ထားတဲ့ဓါတ်ပုံတွေကို ဒီစစ်ဆင်ရေး အပြန်မှာ ကျနော်တို့ကို ခိုးပြီးတော့ ပြန်ပေးလိုက်တဲ့အခါကျတော့၊ ကျနော်လည်း ရန်ကုန်ကို ပြန်ရောက်တဲ့အခါကျ တော့ ဗိုလ်မှူးချုပ်ကျော်သိမ်းနဲ့ ဗိုလ်မှူးကြီးစန်းပွင့် ကျနော့် G 1 (စစ်ဦးစီးမှူး ပထမတန်း) တို့ကို ပြပြီးတော့မှ ကျနော့်ဗီရိုထဲမှာ သိမ်းခဲ့တယ်။ အခုတော့ ရှိ မရှိတော့ ကျနော် မသိတော့ ဘူး။

ဦးသန်းလွင်ထွန်း။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေကြားထဲမှာ တစုံတရာပြန် လည်ဆွေးနွေးတာတွေ၊ ဒီကိစ္စနဲ့ပတ်သက်လို့ အမှားအမှန် ကိစ္စတွေ ပြောခဲ့တာတွေများ ရှိလား ခင်ဗျ။

ဦးအောင်လင်းထွဋ်။ ။ ကိုသန်းလွင်ထွန်းရေ၊ ဒီဥစ္စာက အသေးလေး ဗျ။ ၁၉၉ရခုနှစ် လောက်ထဲက၊ စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး)တစ်ခုမှာ “အစိပ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်” ဆိုပြီးတော့မှ အမိန့်က တရားဝင်ပေးတာ။ အဲ့ဒီအမိန့်ကို အကောင်အထည်ဖေါ်တာက ဗိုလ်ချုပ်မောင်ဘို (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ၃ ၏ ကစထမှူး အဖြစ်မှ၊ တပ်မတော်စစ်ဆေးရေးနှင့်စာရင်းစစ်ချုပ် ကြည်း-ရေ-လေ အဖြစ် ရာထူးချခံရပြီး ကွယ် လွန်သွားခဲ့သူ ဒုဗိုလ်ချုပ်ကြီး မောင်ဘို)။ ဗိုလ်ချုပ်ကြီးမောင်ဘို တိုင်းမှူး(အေ့ရှပိုင်းတိုင်းစစ်ဌာနချုပ်)ဘဝတုံးက ရွာသူရွာသားတွေကို ဘယ်လောက် သတ်ပစ်ခဲ့တယ်ဆိုတာ၊ သူ အသိ ဆုံးပါ။

ဦးသန်းလွင်ထွန်း။ ။ “အစိပ်သားတောင် မချန်နဲ့”ဆိုတာ ဘာကို ပြောတာလဲ။

ဦးအောင်လင်းထွဋ်။ ။ “အစိပ်သားတောင် မချန်နဲ့”ဆိုတဲ့ဥစ္စာက ကိုယ်ဝန်ပေါ့ဗျာ။ ကိုယ်ဝန်ကို တပ်ထဲမှာ “အစိပ်သား” လို့ ကျနော်တို့ ခေါ်တာကိုး။ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးသတ်ပစ်ဆိုပြီးတော့ တရားဝင်အမိန့် ပါ။ တရားဝင်အမိန့်ဆိုတာ စစ်ဆင်ရေးအစည်းအဝေးတစ်ခုမှာ နှုတ်မိန့်ပေါ့ဗျာ။ စာနဲ့တော့ ဘယ်သူမှ မထုတ်ပါ ဘူး။ ပြောလိုက် တဲ့စကားပါ။

ဦးသန်းလွင်ထွန်း။ ။ ဘယ်နယ်မြေထဲမှာလဲ ခင်ဗျ။

ဦးအောင်လင်းထွဋ်။ ။ အားလုံးဘဲ။ အဓိကကတော့ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း။ အညိုရောင်လို့ သတ်မှတ်ထားတဲ့နယ်မြေမှာ။ အဲ့ဒီအချိန်က ဒါ ဘာလို့ဖြစ်ရလဲ ဆိုတဲ့အခါကျတော့ ရှင်းရှင်းပြောရရင်၊ ရွာတွေကို စုတာပါဘဲ။ Replacement လုပ်တယ်။ (မှတ်ချက်။ ။ တိုင်းရင်းသားဒေသတွေမှ ကျေးရွာတွေကို စစ်အင်အားနှင့် ခြိမ်းခြောက်ပြီး အတင်းအကြပ်ပြောင်းေ့ရွှပစ်ခြင်းကို မြန်မာ့တပ်မတော်တွင် “ရွာစုသည်”ဟု တရားဝင်ခေါ်ဝေါ် သည်။) ရွာတွေကို စုတဲ့အခါမှာ တချို့ရွာတွေက သူတို့ရဲ့အိုးအိမ် သူတို့ရဲ့ တောင်ယာလေးတွေကို မဖျက်ချင်တဲ့အခါ ကျတော့ မပြောင်းချင်ဘူး။ မပြောင်းချင်တဲ့ဥစ္စာကို by force မပြောင်းရင် မရဘူး ဆိုတဲ့ဟာမျိုးနဲ့ လူတွေကို သတ်ပစ်ခဲ့တဲ့ဖြစ်စဉ်တွေ အများ ကြီး ရှိပါတယ်။ အဲ့ဒီ့ သက်ဆိုင်ရာနယ်မြေမှာ ရှိတဲ့လူတွေ အသိဆုံးပါ။

ဦးသန်းလွင်ထွန်း။ ။ ဦးအောင်လင်းထွဋ်အနေနဲ့ ကိုယ်တွေ့ကြုံခဲ့ရတာကတော့၊ ခု မြန်မာပြည်တောင်ပိုင်း ခရစ္စတီးကျွန်း (Cristie Island)မှာ အရပ်သူအရပ်သား (၅၉)ဦးကို သတ် ခဲ့တဲ့ ကိစ္စပေါ့။

ဦးအောင်လင်းထွဋ်။ ။ အဲ့ဒီ့တုန်းက (၅၉)ယောက်တင် မကဘူး ခင်ဗျ။ ဒီ (၅၉)ယောက်ကို ရှင်းပစ်ပြီးတဲ့နောက်ပိုင်း မှာ၊ တရက်နှစ်ရက်လောက် ထင်တယ်။ ရခိုင်ဘက်ကနေပြီးတော့ မှ ယိုးဒယားငါးဖမ်းစက်လှေပေါ့ လေ။ ယိုးဒယား ငါးဖမ်းစက်လှေဆိုတာကလည်း တရားဝင် ရခိုင်ပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ ငါးဖမ်းစက်လှေပါ။ အဲ့ဒီ့စက်လှေဟာ ငါးတွေကို ရနောင်းမြို့ကို ပို့ဘို့အလာမှာ၊ လမ်းကြောင်းက ဒီ ခရစ္စတီးကျွန်းနားကို ဝင်လာတဲ့အခါကျတော့၊ ရေတပ်က 305 လား 303 လား (တိုက်ရေယာဉ် နံပါတ်များ)တော့ မသိဘူး။ ကျနော် မှတ်မိတာကတော့ စစ်ရေယာဉ်မှူးက ဗိုလ်မှူးအောင်ကြီး။ သူက ဖမ်းလာပါလေရော။ ဖမ်းလာပြီး ဗိုလ်ချုပ်ကြီးကြည်မင်းကို သူတို့ သတင်းပို့လိုက်တဲ့အခါကျ တော့၊ ထုံးစံအတိုင်းပဲ ကက(ကြည်း)ကို ဆက်ပြီး သတင်းပို့ကြတယ်။ ဆက်ပို့တော့ ကက(ကြည်း)ကလည်း အရင်လိုပဲ “ရှင်း ပစ်လိုက်”ဆိုပြီး ရှင်းခိုင်းတယ်။ ရှင်းခိုင်းတော့ အားလုံးပေါင်း ဒီစက်လှေပေါ်မှာပါ တဲ့လူ (၂၂)ယောက်ကို၊ ရေတပ်က တာဝန်ယူပြီးတော့ အဲ့ဒီ့ ခရစ္စတီးကျွန်းပေါ်မှာပဲ သတ်ပစ်ပြီး မြှုပ်ပစ်ခဲ့ရတယ်။ အဲ့ဒီ့စက်လှေကြီးကိုတော့ ကျနော်တို့က မမြုပ်မချင်း ပင်လယ်ထဲမှာ မြုပ်အောင်ဆိုပြီးတော့မှ စက်လှေကို ကျနော်တို့က ဗိုက်ဖေါက်ပြီးမီးရှို့ပြီးတော့ မြှုပ်တဲ့ဥစ္စာ၊ ကျနော် ထင်တယ်၊ တစ်ပတ်လောက်ကြာမှ အဲ့ဒီ့စက်လှေကြီးဟာ ရေအောက်ထဲကို ရောက်သွား တယ် ထင်တယ်။ ဒါက ဆက်စပ်ပြီး ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပါ။ အဲ့ဒီတော့ အားလုံး အဲ့ဒီ့အချိန်မှာ ကျနော်တွေ့ခဲ့တာက အရပ်သားတွေချည့်ဘဲ။ ဘာမှ လက်နက်ကိုင်တဲ့လူ တစ် ယောက်မှ မပါဘူး။

ဦးသန်းလွင်ထွန်း။ ။ အခု ဒုတိယပြောတဲ့အကြောင်းဆိုလို့ှိရင် ဒါက ယိုးဒယား ထိုင်းလူမျိုးတွေဆိုတော့၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ တစုံတရာ ပြဿနာတက် တာ မရှိနိုင်ခဲ့ဘူးလား။

ဦးအောင်လင်းထွဋ်။ ။ မရှိပါဘူး ခင်ဗျ။ မရှိဘူးဆိုတာက ဘယ်သူမှ မသိဘူး။ အဲ့ဒီရေပြင်မှာလည်း တရားဝင်အမိန့် ထုတ်ထားပါတယ်။ အရှင် မလိုချင်ဘူးလို့ ပြောထားတယ်။ ငါးခိုး ဖမ်းစက်လှေပဲဖြစ်ဖြစ်၊ အကုန်လုံးကိုသတ်ပစ်ပြီးတော့မှ စက်လှေပါ မြှုပ်ပစ်ရပါတယ်။ ပထမပိုင်းတုန်းကတော့၊ လူတွေပဲ စက်လှေကိုဖမ်းပြီး ပစ္စည်းတွေကို ယူတာရှိတယ်။ နောက်ပိုင်း မှာ လူရောပစ္စည်းရော အကုန်လုံး မြှုပ်ခိုင်းတဲ့ဥစ္စာတွေက ၁၉၉၆၊ ၁၉၉၇ လောက်က စပြီး နည်းနည်းလေး ပြင်းထန်လာတဲ့ သဘောရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခုကြားခဲ့ရတာကတော့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်ပွဲတစ်ခုအကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ဗိုလ်မှူးအောင်လင်းထွဋ်က ပြော ပြခဲ့တာပါ။ “အရိုးတွန်တယ်”ဆိုတဲ့ မြန်မာဆိုရိုးစကားတစ်ခုအရ ဆိုရင်တော့၊ ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှုမှန်သမျှဟာ ဒီအတိုင်း ပျောက်ပြယ်သွားလေ့တော့ မရှိပါဘူး။ တချိန်ချိန်မှာ အကြောင်းအမျိုးနဲ့ တစ်ခုခုနဲ့ ပြန်ပေါ်လာတတ်ပြီး၊ ကျူးလွန်သူတွေ ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ခံရစမြဲဆိုတာကိုတော့၊ အခု ကမ္ဘာ့သတင်းတွေမှာ ကြားသိနေရတဲ့ အီရတ်နိုင်ငံက သမ္မတဟောင်း ဆဒမ်ဟူစိန်ကို ခုံရုံးတင်ပြီး ကြိုးပေးစီရင်ခဲ့မှု၊ ဒါ့အပြင် အီရတ်နိုင်ငံအတွင်း ကုန်သည်(၄၀)ကျော်ကို မတရားဖမ်းဆီးပြီး အမိန့်ပေးသတ်ဖြတ်ခဲ့မှုနဲ့ လောလောဆယ် တရားစွဲဆိုခံနေရတဲ့ ဒုတိယသမ္မတဟောင်း ထာရစ်အာဇစ်ရဲ့ ကိစ္စ၊ နောက်ပြီး The Hague မြို့ နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ တရားစွဲဆို အပြစ်ပေးခြင်းတွေခံနေရတဲ့ ဘော့စနီးယား ဆာ့ဗ် စစ်ခေါင်းဆောင်ဟောင်း တွေအကြောင်း၊ စတာတွေက သက်သေခံနေပါတယ် ခင်ဗျာ။ ကျနော် သန်းလွင်ထွန်းပါ။

(၂၀၀၈ မေလ(၂၅)ရက်နေ့က ဗီအိုအေမြန်မာပိုင်းရဲ့ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ ဦးသန်းလွင်ထွန်း တင်ဆက်ခဲ့တဲ့ အစီအစဉ်ကို၊ ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ် စဉ်ကဏ္ဍမှာ ပြန်ပြီးထုတ်လွှင့်ပေးခဲ့တာပါ။)

အသံလွှင့်ခဲ့သော ဤအစီအစဉ်တွင်ပါဝင်နေသည့် စစ်အရာရှိများ၊ ဗိုလ်သင်တန်းဆင်းနှစ်များ နှင့်၊ ထိုစဉ်က အရာရှိအဆင့် နှင့် စစ်ရာထူးများ (စာပိုဒ်အစဉ်လိုက်)

၁။ ဗိုလ်မှူးအောင်လင်းထွဋ် (စစ်ဦးစီးမှူး-ဒုတိယတန်း၊ ကကလှမ်း) (DSA အပတ်စဉ်၂၀၊ ၁၉၇၉)

၂။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)(OTS အပတ်စဉ် ၉၊ ၁၉၅၃)

၃။ ဗိုလ်မှူးချုပ်ကြည်မင်း (စစ်ဦးစီး ဗိုလ်မှူးချုပ်-ရေ) (DSA အပတ်စဉ် ၆၊ ၁၉၆၄)

၄။ ဗိုလ်မှူးချုပ်မြင့်ဆွေ (စစ်ဦးစီး ဗိုလ်မှူးချုပ်-လေ) (DSA အပတ်စဉ် ၁၁၊ ၁၉၆၉)

၅။ ဗိုလ်မှူးချုပ်သူရမြင့်အောင် (တပ်မမှူး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ၁၃၊ ဘုတ်ပြင်း) (DSA အပတ်စဉ် ၁၈၊ ၁၉၇၆)

၆။ ဒုတိယဗိုလ်မှူးကြီးမောင်မောင်သစ် (စခန်းမှူး၊ အမှတ် ၁၉ ရေတပ်ေ့ရှတပ်စခန်း၊ ဇာဒက်ကြီးကျွန်း)(DSA အပတ်စဉ် ၁၀၊ ၁၉၆၈)

၇။ ဗိုလ်မှူးကြီးဇော်မင်း (ကော့သောင်းအခြေချစစ်ဗျူဟာမှူး၊ ကမ်းရိုးတန်းစစ်ဌာနချုပ်) (DSA အပတ်စဉ် ၁၅၊ ၁၉၇၃)

၈။ ဒုတိယဗိုလ်မှူးကြီးစိုးတင် (ခမရ ၂၆၂ တပ်ရင်းမှူး၊ ကော့သောင်း) (OTS အပတ်စဉ် ၅၁၊ ၁၉၇၆)

၉။ ဒုတိယဗိုလ်မှူးကြီးဝင်းဆွေ (ခမရ ၄၀၃ တပ်ရင်းမှူး၊ ဘုတ်ပြင်း) (DSA အပတ်စဉ် ၂၁၊ ၁၉၈၀)

၁၀။ ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင် (ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး) (DSA အပတ်စဉ် ၁၂၊ ၁၉၇၀)

၁၁။ ဗိုလ်မှူးချုပ်မြင့်ဆွေ (စစ်ဦးစီး ဗိုလ်မှူးချုပ်-ကြည်း) (DSA အပတ်စဉ် ၁၅၊ ၁၉၇၃)

၁၂။ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ကာကွယ်ရေးဦးစီးချုပ်-ကြည်း) (DSA အပတ်စဉ် ၁၊ ၁၉၅၉)

၁၃။ ဗိုလ်မှူးမြင့်ဦး (အမှတ် ၁၉ ထောက်လှမ်းရေးတပ် - မြိတ်၊ တပ်မှူး) (OTS အပတ်စဉ် ၅၈၊ ၁၉၈၀)

၁၄။ ဗိုလ်မှူးချုပ်ကျော်သိမ်း (မူးယစ်ဆေးဝါးနှင့်တိုက်ပွဲထောက်လှမ်းရေးဌာနမှူး၊ စစ်မဟာဗျူဟာလေ့လာရေးဌာန) (DSA အပတ်စဉ် ၁၁၊ ၁၉၆၉)

၁၅။ ဒုတိယဗိုလ်မှူးကြီးစန်းပွင့် (စစ်ဦးစီးမှူး-ပထမတန်း၊ ကကလှမ်း) (အလုပ်သင်ဗိုလ်သင်တန်း အပတ်စဉ် ၁၊ ၁၉၇၃)

၁၆။ ဗိုလ်ချုပ်မောင်ဘို (အေ့ရှပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး) (OTS အပတ်စဉ် ၃၁၊ ၁၉၆၄)

၁၇။ ဗိုလ်မှူးအောင်ကြီး (ရေ) (စစ်ရေယာဉ်မှူး)

XS
SM
MD
LG