ရေဘေးဒုက္ခသည်တွေအတွက် အိန္ဒိယနိုင်ငံကထောက်ပံ့တဲ့ အမေရိကန်ဒေါ်လာ ၅ သန်းကို ပါကစ္စတန်နိုင်ငံက လက်ခံလိုက်ပါတယ်။
ဆက်ဆံရေး တိုးတက်ကောင်မွန်အောင် နှစ်နိုင်ငံလုံးက ကြိုးပမ်းနေကြတဲ့အချန်မှာ ပေးတဲ့အတွက် ဒါဟာ ကြိုဆိုထိုက်တဲ့ အစပျိုးမှု ဖြစ်တယ်လို့ အိန္ဒိယသတင်းဌာန NDTV ကို ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi က သောကြနေ့က ပြောခဲ့ပါတယ်။
ပါကစ္စတန်ပြည်သူတွေကို ချစ်ကြည်ရင်းနှီးမှုကို ပြသတဲ့အနေနဲ့ ဒီရေဘေးအကူအညီကို ပေးခဲ့တာလို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြတဲ့ ဒီနှစ်နိုင်ငံအကြားမှာ စစ်ပွဲ ၃ ခါ ဖြစ်ဘူးပါတယ်။
ပါကစ္စတန်မှာ မိုးသည်း ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် တိုင်းပြည်ရဲ့ ငါးပုံတပုံလောက် ရေလွှမ်းမိုးခဲ့ပြီး လူ ၁၆၀၀ လောက်သေဆုံးပြီး
သန်း ၂၀ လောက်လည်း အတိ ဒုက္ခရောက်နေကြပါတယ်။
ဒီရေကြီးမှုဒဏ်ကြောင့် ရွာပေါင်းများစွာ ရေလွှမ်းမိုးခဲ့တဲ့အပြင် လမ်းပန်း ဆက်သွယ်ရေးတွေ ပြတ်တောက်၊ စိုက်ပျိုးသီးနှံတွေ ပျက်စီးပြီး အိမ်မွေး တိရစ္ဆာန်တွေလည်း သေဆုံးခဲ့ပါတယ်။
လူပေါင်း ရှစ်သန်းဟာ လူသားချင်းစာနာတဲ့ အကူအညီတွေ အရေးပေါ် လိုအပ်နေပြီး နိုင်ငံတကာက အကူအညီ ဒေါ်လာ သန်း ၄၆၀ ပေးကြဖို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။ အဲဒီ လိုငွေထဲက ၆၀ ရာခိုင်နှုန်းဟာ တချို့လက်ခံရရှိပြီးဖြစ်သလို တချို့ကလည်း ပေးဖို့ ကတိ ပြုထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။