သြဂုတ် ၂၀၊ ၂၀၁၁။ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမတဦးသိန်းစိန်တို့ လူချင်း တနာရီဝန်းကျင်တွေ့ဆုံခဲ့သလို၊ မတူတာဖယ်ထား တူညီတဲ့အခြေခံတွေ ပူးပေါင်းလုပ်ဆောင်မယ်လို့ ဆိုတာကြောင့် နိုင်ငံရေးအရ တင်းမာမှုတွေ လျော့လာပြီး အပြန်အလှန်တွေ့ဆုံညှိုနှိုင်းနိုင်မယ့် အလားအလာကောင်းတွေ မြင်လာရပါတယ်။
လေ့လာချက်တွေအရ အသွင်ကူးပြောင်းရေးချောမွေဖို့နဲ့ အနာဂတ်မှာ ရေရှည်ခိုင်ခံတဲ့ဖွံ့ဖြိုးတိုးတက်မှု ငြိမ်းချမ်းမှုတွေဖြစ်လာစေဖို့ဆိုရင်တော့ ရှေ့ကို ကြည့်ရုံနဲ့ မလုံလောက်ပါဘူး၊ ပြီးခဲ့တဲ့ ဖြစ်ရပ်တွေကို ပြန်ကြည့်ပြီး သင်ခန်းစာ ထုတ်ရပါတယ်။ ပြီးခဲ့တဲ့ဖြစ်ရပ်တွေ တခန်းရပ်ဖို့ ကြိုးပမ်းရပါတယ်။
အသွင်ကူးပြောင်းရေးကိစ္စ ဆွေးနွေးပြောဆိုကြမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အတိတ်ကာလက ကြေကွဲဖွယ်ဖြစ်ရပ်တွေ၊ ထိခိုက်နာကျင်မှုတွေမဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲ။ ဒီဖြစ်ရပ်ဆိုးတွေမှာ နစ်နာသူတွေရဲ့ အခန်းကဏ္ဍကို အသွင်ကူးပြောင်းရေးမှာ ဘယ်လိုထည့်သွင်းစဉ်းစားမလဲ။ အတိတ်ကာလက ဖြစ်ရပ်ဆိုးတွေကို အသွင်ကူးပြောင်းရေးကာလမှာ ဘယ်လို ကုစားကြမလဲဆိုတာကို ဒီအပတ် တိုက်ရိုက်လေလှိုင်းမှာ ဆွေးနွေးထားပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးပညာပေးဌာနက ညွန်ကြားရေးမှုး ဦးအောင်မျိုးမင်း၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှုး ဦးဘိုကြည်နဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့က လူ့အခွင့်အရေးရှေ့နေ ဦးအောင်သိန်းတို့က အဓိက ပါဝင်ဆွေးနွေးထားပါတယ်။