သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့် နှင့် တပ်မှူးဟောင်းများ၏ အတွေ့အကြုံ - အပိုင်း (၂)


တပ်မှူးတပ်သား ပြောစကား (၀၇၅)

၁၉၈၀ ခုနှစ်တုန်းက၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းရဲ့ ညွှန်ကြားချက်နဲ့၊ အဲဒီအ ချိန်က အစိုးရက၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်ခဲ့သူူ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို ဦးရော်နီညိမ်းက ဆက်သွယ် မေးမြန်းပြီး၊ ဒီသီတင်းပတ်မှာ၊ “၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့် နှင့် တပ်မှူးဟောင်းတို့ အတွေ့အကြုံ - အပိုင်း (၂)” ခေါင်းစဉ်နဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍကို၊ စီစဉ် တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ နောက်တခုက၊ အဲဒီတုန်းက ပြန်လွတ်လာပြီးတော့၊ R.L. (Registered Lawyer) (မှတ်ပုံ တင်ရှေ့နေ) တို့ LL.B. (Bachelor of Law) (ဝိဇ္ဖာဘွဲ့ - ဥပဒေ) တို့ ဥပဒေသင်တန်းတွေ အန်ကယ် တက်ခဲ့တယ်။ အဲဒီကျောင်းတွေပြီးလို့ ဥပဒေဆိုင်ရာ ဘွဲ့လက်မှတ်တွေ ရတဲ့အခါမှာ၊ practice (ရှေ့နေ လိုက် ခွင့်) လုပ်ခွင့် ရခဲ့ပါသလား ခင်ဗျ။

ဦးတင်ဦး။ ။ ဒီလိုဗျ။ အဲဒီတော့ အောင်ပြီးတဲ့အခါကျတော့၊ ကျနော်က (ရှေ့နေ) လိုက်မလို့ လုပ်တာကိုး။ ဒါပေမဲ့ လုပ်ဖေါ်ကိုင်ဘက်တွေ ဖြစ်ခဲ့တဲ့ ဦးတင်အောင်ဟိန်း (ထိုစဉ်က အာဏာပိုင်အဖွဲ့အစည်း လေးရပ်ထဲမှ၊ ပြည်သူ့တရား ကြီးအဖွဲ့၏ ဥက္ကဋ္ဌ) တို့၊ အဆင့်ဆင့်သော တိုင်းနဲ့ပြည်နယ် မြို့နယ်တရားရုံးတွေမှာရှိနေတဲ့ ဥပဒေအရာရှိတွေ တရား သူကြီးတွေကလည်းကလည်း (စစ်မှုထမ်းဟောင်းများ) တပည့်တွေကိုးဗျ။ သူတို့က (ရှေ့နေ) မလိုက်ဖို့ တောင်းပန်ကြ တယ်။ သူတို့က upper bench (တရားရုံးတွင် ခုံအမြင့်မှာ ထိုင်ကြရသည့် ပုဂ္ဂိုလ်များ)၊ ကျနော်က lower bench (တရားရုံးတွင် ခုံအနိမ့်ကနေ) လျှောက်လဲချက် ပေးနေတာမျိုးကို၊ မဖြစ်ချင်ဘူး ဆိုပြီး၊ ပြောကြတယ်။ ကျနော်က ဒါဆို ရင်လည်း၊ ဆက်ပြီးတော့ master (မဟာဝိဇ္ဖာဥပဒေဘွဲ့) ဖြေမယ်ဆိုပြီး၊ တင်လိုက်တယ်။ အဲဒီအခါကျတော့ နည်းနည်း အကန့်အသတ်က ဖြစ်လာခဲ့ပြီဗျ။ Professor (ရန်ကုန်တက္ကသိုလ် ဥပဒေပါမောက္ခ) ဦးတင်အုံးက ခွင့်ပြုတယ်။ ကျနော်က R.L. မှာ အမှတ်က ဂုဏ်ထူးနဲ့ လည်း အောင်ခဲ့တယ်၊ ဒီဘက်က LL.B. ကလည်း၊ အထစ်အငေါ့မရှိ အမှတ်ကောင်း ကောင်းလေးတွေနဲ့ အောင်ခဲ့တယ်၊ ဒါကြောင့် ကျနော်က LL.M (မဟာဝိဇ္ဖာဥပဒေဘွဲ့)တက်ဖို့ဆိုပြီး ကြိုးစားလိုက်တော့ (ရန်ကုန် တက္ကသိုလ် ဥပဒေဌာန) က၊ ခွင့်ပြုတယ်။ ဒါပေမဲ့ တက္ကသိုလ်ကောလိပ်တွေက ပညာရေးအတွက် မဆလ (အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ရဲ့၊ ပညာရေးဌာနကြီးဆိုတာ ရှိတယ်။ မဆလပါတီ ကေဒါမြှုပ်နံှ ရေး မူအရ၊ မဆလက လာတဲ့ (တက္ကသိုလ်)ဆရာဟောင်းကြီးတွေ၊ ပညာရေးလောက က၊ လာတဲ့ ပုဂ္ဂိုလ် ဟောင်းကြီးတွေနဲ့၊ မဆလပါတီရဲ့ ပညာရေးဌာနကြီးဆိုတာကို၊ ဖွဲ့ထားတယ်။ အဲဒီလို (အာဏာရပါတီကနေ တက္ကသိုလ်ကောလိပ်တွေ ကို) ညွှန်ကြားတဲ့ ဒီအဖွဲ့ကနေ၊ ကျနော် master (မဟာဝိဇ္ဖာဥပဒေဘွဲ့) တက်မှာကို၊ အကန့်အသတ်လေးတွေ ပြုလုပ် လာကြတယ်။ အဲဒီတော့ (master အတွက် အရည်အချင်းစစ်စာမေးပွဲကို) ကျနော် ချက်ချင်းဖြေခွင့်မရဘူး ခင်ဗျ။ ဒီအတွက် ကျနော်က အတော် ကြိုးစားလုံးပမ်းနေတုန်းမှာ Professor ဦးတင်အုံးက ဆုံးသွားတယ်။ အဲဒီနောက်ပိုင်း၊ နောက်တက်လာတဲ့ ပုဂ္ဂိုလ်တွေက ခွင့်မပြုရဲကြဘူး။ ကျနော်က တော်တော်ကို ခွင့်တောင်းတာ။ ကျနော်ဖြေခဲ့တဲ့ R.L.တို့၊ LL.B.တို့က၊ အမှတ်တွေက အားနည်းတယ် ဆိုရင်၊ နိမ့်နေတယ် ထင်ရင်၊ ကျနော် နေ့ကျောင်းကို တက်ပါမယ်၊ ကျနော်ယူချင်တဲ့ ဘာသာရပ်အတွက် နေ့ကျောင်း ကို တက်ခွင့်ပြုပါလို့၊ ကျနော်က ခွင့်တောင်းတယ်။ ဒါပေမဲ့ မရခဲ့ဘူး ခင်ဗျ။ အဲဒီလို ဖြစ်နေရင်းနဲ့ပဲ၊ ၁၉၈၈ အရေးအခင်းကြီး ပေါ်ပေါက်လာတာပေါ့ ခင်ဗျာ။ အဲဒီလို အတားအဆီး အကန့်အသတ်ကတော့၊ ရှိခဲ့တယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ နောက်တခုက၊ ဦးနေဝင်းက အဲဒီ amnesty ခေါ်တုန်းက၊ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်တွေ၊ ဗဟိုကော်မီတီဝင်တွေကို၊ အစည်းအဝေးတခုမှာ သူပြော ခဲ့တာက၊ အခု amnesty ခေါ်လိုက်ပြီ၊ အဲဒီအခါကျတော့၊ တောထဲကကော တိုင်းပြည်ပြင်ပရောက်နေတဲ့ ပုဂ္ဂိုလ်တွေကော၊ ပြန်လာကြတဲ့အခါမှာ၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေ ကိုယ့်အိမ်ကနေ စိတ်ဆိုးပြီးဆင်းသွား ကြပြီး အခု ပြန်လာကြတာကို၊ နွေးနွေးထွေးထွေးစည်းလုံးညီလွတ်စွာနဲ့ ကြိုဆိုတဲ့သဘောမျိုးနဲ့ လုပ်ကြပါ” ဆို ပြီးတော့၊ သူက အပေါ်ကနေ ညွှန်ကြားချက်ပေးခဲ့တယ်။ အဲဒီခေတ်က သတင်းစာတွေမှာ၊ အဲဒီမိန့်ခွန်းဟာ မျက်နှာဖုံးကနေ ပါခဲ့ပါတယ်။ အဲဒီတုန်းက ဦးနေဝင်းက၊ အခု ဦးသိန်းစိန်ထက် နိုင်ငံရေးကို ပိုပြီးနားလည်လို့ လားတော့ မပြောတတ်ဘူး။ အဲဒီစကားမျိုး ပြောဖေါ်ရသေးတယ်။ ဦးသိန်းစိန်ကတော့ ပြန်လာချင်တယ် ဆိုလို့ ရှိရင်၊ ကိုယ်က ကျူးလွန်ထားတဲ့အပြစ်တွေ ရှိရင်၊ အပြစ်ကို ကျခံပါ မယ်ဆိုတဲ့ သဘောနဲ့ ပြန်လာမယ်ဆိုရင်၊ သူက စဉ်းစားပေးမယ်ဆိုတော့၊ နိုင်ငံရေးကိစ္စတွေနဲ့ တိုင်းပြည်အပြင်ကို ရောက်နေတဲ့သူတွေကို သူက အပြစ် ရှိသူတွေလို့ သတ်မှတ်သလား၊ အဲဒီလို ဝိဝါဒကွဲစရာတွေ ရှိနေတော့၊ အန်ကယ်က အဲဒီကိစ္စကို ဘယ်လိုမြင်ပါ သလဲ ခင်ဗျ။

ဦးတင်ဦး။ ။ တိုင်းပြည်ကနေ အပြင်ကို ထွက်သွားတဲ့သူတွေက၊ အထူးသဖြင့် ၁၉၈၈ နောက်ပိုင်းမှာ နိုင ်ငံရေး ကြောင့် ထွက်သွားကြတဲ့သူတွေက၊ အပြစ် မရှိဘူး ခင်ဗျ။ သူတို့ သွားကြတာဟာ၊ သူတို့ယုံကြည်ချက် ကြောင့်၊ နိုင်ငံရေးအရလုပ်ရင်းနဲ့၊ တိုင်းပြည်ထဲ ဆက်နေလို့ မရတော့တာကြောင့်၊ သွားတာတွေလည်းရှိတယ်။ နောက်ပိုင်းမှာ စီးပွားရေးအရ မပြေလည်လို့ သွားတာတွေလည်း ရှိတယ်။ အပြင်ကို ရောက်တဲ့အခါကျတော့၊ ကိုယ့်တိုင်းပြည်အရေးကို စိတ်ပါဝင်စားပြီး၊ ဒီမိုကရေစီအရေးမှာ ဝင်ပါကြတာတွေလည်း ရှိတယ်။ ကျနော်က ဒီလို သဘောထားတယ်ခင်ဗျ။ သူက အခု (လွတ်ငြိမ်းချမ်းသာခွင့်) ခေါ်ပြီပေါ့နော်။ အဲဒီပုဂ္ဂိုလ်တွေ ပြန်ရောက် လာနိုင်အောင်အတွက် ယုံကြည်မှုရအောင် အခင်းအကျင်းကတော့ သေချာ ရှိရမှာပေါ့ ခင်ဗျာ။ ဥပမာ နံပါတ် (၁) ဆိုရင်၊ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးရမှာပေါ့ ခင်ဗျာ။ ဒါက သိပ်အရေးကြီးတဲ့ကိစ္စ ပဲ။ ဒီလို (နိုင်ငံရေးအကျဉ်းသားတွေကို) လွှတ်လိုက်ပြီးတဲ့နောက်မှာ၊ ခုနပြောသလို၊ ဒီလူတွေ ဒီပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်နဲ့ သူတို့ လွတ်လပ်စွာ သူတို့ လုပ်ကြတဲ့ကိစ္စအ၀၀မှာ၊ ဘာမှအနှောက်အယှက် မပေးပဲနဲ့ ရှိတယ်ဆိုရင်၊ ဒါက ကောင်းတဲ့အခင်းအကျင်းပဲ။ ဒီလိုမှ မဟုတ်ပဲနဲ့၊ အတားအဆီး အကန့်အသတ် တွေနဲ့ဆိုရင်၊ အကြောင်းက ဘာမှ မထူးဘူး။ အဲဒီလိုလည်း တွက်လို့ရတာပေါ့။ ကျနော်ကတော့ ဆုတောင်းပါ တယ်။ ဒီလိုဟာမျိုးတွေ မဖြစ်ပါစေနဲ့၊ လွှတ်ရင်လည်း တခါထဲ လွှတ်လိုက်ပြီး၊ သူတို့ရဲ့ယုံကြည်ချက်နဲ့ ပတ် သက်ပြီး၊ အေးအေးချမ်းချမ်းငြိမ်းငြိမ်းချမ်းချမ်းနဲ့ပေါ့ဗျာ၊ လုပ်ကိုင်ပေးမယ်ဆိုရင်၊ တပ်ပိုင်း ဆိုင်ရာပုဂ္ဂိုလ်တွေ အုပ်ချုပ်ရေးပိုင်းဆိုင်ရာပုဂ္ဂိုလ်တွေကတောင်၊ ဒီပုဂ္ဂိုလ်တွေကို အန္တရာယ်မရှိအောင် ကြားက ဒိုင်လူကြီးတွေ အနေနဲ့ ကြပ်မတ်စောင့်ရှောက်ပေးဖို့ လိုတယ်။ Law and Order (ဥပဒေစိုးမိုးရေး) ထိန်းဖို့ပဲ လိုတာပေါ့ဗျာ။ အဲဒီလို အကောင်းဆုံးအခြေအနေ ဖြစ်ကြပါစေ ဆိုပြီးတော့၊ ကျနော်ကတော့ ဆုမွန်ကောင်း တောင်းနေတာပဲ လေ။

ဦးရော်နီညိမ်း ။ ။ နောက်တခုက အန်ကယ်တို့ NLD က၊ ပြီးခဲ့တာတွေကို သင်ပုန်းချေဖို့ဆိုတာကို အန်ကယ်တို့ NLD ရဲ့ မူဝါဒတရပ်အနေနဲ့၊အမြဲတမ်း ထုတ်ဖေါ်ပြောကြားနေတယ်၊ ဒေါ်အောင်ဆန်းစုကြည်က လည်း ပြောပြောနေတယ်၊ အန်ကယ်ကလည်း ခဏခဏပြောတယ်။ အဲဒီတော့ သင်ပုန်းချေတဲ့ကိစ္စက၊ အန် ကယ်တို့ တဘက်ထဲကပဲ ချေလို့ မရဘူး၊ သူတို့ဘက်ကလည်း သူတို့ရဲ့ အတိုက်အခံတွေပေါ်ကို သူတို့ မကျေ နပ်တာတွေ ရှိနေတာပဲ၊ အဲဒါတွေကို သူတို့ဘက်လည်း သင်ပုန်းချေရမှာပေါ့။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကျတော့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးတွေက တဆင့်၊ ငြိမ်းချမ်းရေးလိုချင်ရင် သူတို့ကိုဆက်သွယ် ပါဆိုပြီး၊ ကမ်းလှမ်းလိုက်ပြီ။ လက်နက်ကိုင်တော်လှန်နေတဲ့ လူတွေကိုတောင်မှ သူတို့က သင်ပုန်းချေနိုင်တယ် ဆိုရင်၊ အခုဒီမှာ၊ သမ္မတ ဦးသိန်းစိန်တို့အစိုးရဟာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့အလုပ်ကို၊ သူ မလုပ်နိုင်ဘူးလား။ အဲဒီအပေါ်မှာ အန်ကယ် သုံးသပ်ပေးပါ ခင်ဗျ။

ဦးတင်ဦး ။ ။ ဒါပေမဲ့ အဲဒီမှာလည်းပဲ၊ တချို့အဖွဲ့အစည်းတွေရဲ့ သဘောထားတွေကို ဒီနေ့ပဲ၊ ကြားနေရ တယ်။ သူတို့ကလည်း (ငြိမ်းချမ်းရေးကိစ္စကို) သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက အစိုးရအဖွဲ့အ စည်းတွေနဲ့၊ မလုပ်နိုင်ဘူးတဲ့။ ဘာမှ အဓိပ္ပာယ် မရှိဘူးတဲ့။ အဲဒီအဖွဲ့အစည်းတွေက ဘာမှ လုပ်ပိုင်ခွင့်အာဏာ ရှိတာမဟုတ်ဘူးတဲ့။ သူတို့ အဖွဲ့တွေကို တခုစီ ဆွေးနွေးတာထက်၊ တပေါင်းတစည်းထဲကို အစိုးရဘက်က တာဝန်ခံမဲ့သူနဲ့ ဆွေးနွေးပြီးတော့၊ သက်ဆိုင်ရာ ဗဟိုမှာ ရှိနေတဲ့၊ အစိုးရ (ပြည်ထောင်စုအစိုးရ) အဖွဲ့နဲ့ပဲ လုပ် ချင်တယ်၊ ဆွေးနွေးချင်တယ်လို့၊ ဒီလိုပဲ ပြောဆိုနေကြတယ့် သဘောတွေကိုလည်း၊ ကျနော်တို့ ကြားနေရပါ တယ်။ မှန်တာပေါ့ဗျာ။ ဒီလို (လက်နက်ကိုင်) အဖွဲ့အစည်းတွေနဲ့တောင် အစိုးရက ဆွေးနွေးနိုင်တယ် ဆိုရင်၊ လက်နက်မရှိပဲနဲ့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ငြိမ်းချမ်းစွာပြောဆို လုပ်ကိုင်နေကြတဲ့သူတွေအပေါ်မှာ၊ ပိုပြီးး တော့ အမြန်ဆုံး လွှတ်ပေးပြိးတော့ လွတ်လွတ်မြောက်မြောက်နဲ့ နိုင်ငံရေးလုပ်ကိုင်နိုင်အောင် လုပ်ပေးဖို့တော့ ကောင်းတယ်၊ ဆိုတဲ့ အမြင်တော့ ရှိတာပေါ့ဗျာ။

ဦးရော်နီညိမ်း ။ ။ နောက်တခုက အဲဒီကိစ္စ (ငြိမ်းချမ်းရေးဆွေးနွေးတဲ့ကိစ္စ) နဲ့ပတ်သက်လို့၊ အန်ကယ် က အဲဒီအချိန်က (၁၉၆၂ တွင် တော်လှန်ရေးကောင်စီ အမည်နှင့် တပ်မတော်က အာဏာသိမ်းပြီးချိန်က) တော်လှန်ရေးကောင်စီဝင် အဖြစ်လည်း၊ ရှိနေခဲ့တော့၊ ၁၉၆၃ ခုနှစ်က ပြည်တွင်းငြိမ်းချမ်းရေးဆိုပြီးတော့၊ တောထဲက နိုင်ငံရေးအဖွဲ့အစည်းတွေကို၊ ဖိတ်ခေါ်ခဲ့တုန်းကလည်း၊ အဲဒီတုန်းက တော်လှန်ရေးကောင်စီရဲ့ မူ က အားလုံးနဲ့ တပေါင်းတည်း သူ မလုပ်နိုင်ဘူး။ အဲဒီတုန်းကလည်း သူက တဖွဲ့ချင်းနဲ့ပဲ တွေ့တယ်၊ တဖွဲ့ချင်း စီနဲ့ပဲ ဆွေးနွေးတယ်၊ အားလုံးကို တပေါင်းတစည်းထဲ၊ သူ မတွေ့ဘူး။

ဦးတင်ဦး ။ ။ ဟုတ်တယ်၊ အလံဖြူလို့ခေါ်တဲ့ သခင်သန်းထွန်းရဲ့ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကိုယ်စား လှယ်အဖွဲ့နဲ့ သပ်သပ်တွေ့တယ်။ သခင်စိုးကိုယ်တိုင် ဦးဆောင်တဲ့ အလံနီကွန်မြူနစ်ပါတီအဖွဲ့နဲ့ သပ်သပ်တွေ့ တယ်။ အဲဒါမျိုးတွေ ဖြစ်ခဲ့တယ်။

ဦးရော်နီညိမ်း ။ ။ အဲဒါက တပ်မတော်ရဲ့ မူလား ခင်ဗျ။ ဘာကြောင့်လဲဆိုတော့၊ တခါ ထပ်တွေ့ရတာ က ၁၉၉၃ ကနေ စခဲ့တဲ့ အမျိုးသားညီလာခံမှာလည်း၊ အဲဒီအတိုင်းပဲ။ တက်လာတဲ့ တိုင်းရင်းသားအဖွဲ့အစည်း တွေ၊ တဖွဲ့နဲ့တဖွဲ့ တဆောင်နဲ့ တဆောင်တောင် မကူးရဘူး၊ မတွေ့ရဘူး၊ စကား မပြောရဘူး၊ အဲဒီလိုတွေ လုပ် ထားတော့၊ အန်ကယ်က တော်လှန်ရေးကောင်စီဘက်မှာလည်း နေခဲ့ဘူးတော့၊ တပ်မတော်ရဲ့အမြင်က ဘယ် လို ရှိနေတာလဲခင်ဗျ။ ဒီအဖွဲ့တွေ တပေါင်းတစည်းနဲ့ လုပ်ကြကိုင်ကြမှာကို၊ တပ်မတော်က ဘာဖြစ်လို့မကြိုက် တာလဲ ခင်ဗျ။ အဲဒီ တပ်မတော်ရဲ့မူကို ကျနော် နားမလည်ဘူး ခင်ဗျ။

ဦးတင်ဦး ။ ။ အဲဒါက စိုးရိမ်စိတ်တွေပေါ့ ဗျာ။ ကျနော်မြင်တာကတော့ အဲဒီစိုးရိမ်စိတ်တွေကို ဖျောက် ဖို့ လိုတာပေါ့။ တဖွဲ့စီ တဖွဲ့စီခေါ်ပြီး၊ ငြိမ်းချမ်းရေးလုပ်ကြတော့လည်း၊ ဒီအဖွဲ့တွေက လာသာ လုပ်ကြရတယ်၊ ယုံကြည်စိတ်ချကြတဲ့စိတ်က ပါမလာဘူးလေ။ ဘာဖြစ်လာလဲ ဆိုတော့၊ ဒီဘက် (အစိုးရ) ကလည်း၊ သံသယ စိတ်နဲ့ကြည့်နေတယ်၊ တဘက်ကလည်း သူတို့ဟာသူတို့ (အစိုးရကို) သံသယစိတ်တွေ ဝင်လာတယ်၊ ဝင်လာ ရင်းနဲ့ အခွင့်အရေးယူပြီးတော့ ကိုယ့်နေရာကို ကျယ်အောင်ချဲ့ဖို့ လုံးပမ်းတဲ့ဟာတွေနဲ့ စည်းရုံးရေးဝင်တာတွေ ရှိသလို၊ သံသယစိတ်တွေ ရှိနေသည့် အားလျော်စွာ၊ စောစောစီးစီးကပဲ (ငြိမ်းချမ်းရေး) ဆွေးနွေးပွဲတွေက မအောင်မြင်ဘူး ဆိုတာတွေ ဖြစ်သွားခဲ့တယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး အဖြေရှာတာတွေကို ပြေလည်အောင် (အစိုးရက) ကျန်တဲ့အင်အားစုတွေနဲ့ မလုပ်နိုင်တဲ့အခါကျတော့၊ မအောင်မြင်ပဲ ဆွေးနွေးပွဲတွေ ပြိုကွဲပျက်စီး သွားပြိး၊ တချို့လည်း မဆလပါတီထဲကို ဝင်သွားတဲ့သူတွေ ရှိတယ်။ တချို့လည်း တောထဲကို ပြန်ဝင်သွားကြ တယ်။ တချို့လည်း ပြန်ပြီး တိုက်ကြခိုက်ကြရင်းနဲ့၊ အသက်ဆုံးရှုံး သွားခဲ့တာတွေလည်း၊ ရှိခဲ့တယ်။ အဲဒါတွေ တော့ ဖြစ်ခဲ့ဘူးတယ်လေ။ အဲဒီတော့၊ ဆွေးနွေးမယ်ဆိုရင်၊ စိတ်ရင်းစေတနာအမှန်နဲ့ “တိုင်းပြည်ကို တကယ်ပဲ အေးချမ်းသာယာသွားအောင် လုပ်ကြတော့မယ် ဟေ့” ဆိုတဲ့ သဘောထားမျိုးနဲ့ လုပ်နိုင်တဲ့ နည်းလမ်းကို၊ ရှာ ကြံပြီးလုပ်တာ ကောင်းတယ်။ အခု အသံတွေ ကြားနေရတယ်။ မယုံဘူးလို့ ပြောကြတယ်။ အဲဒီလိုတွေ ဖြစ်နေ တာတွေက၊ အရင်တုန်းက ဖြစ်ခဲ့ဘူူးတဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး ဖြစ်နေတာပဲလေ။ အဲဒီဟာတွေ ပျောက်အောင်၊ ပြေပြေလည်လည်တော့ လုပ်ကြရမယ် ထင်ပါရဲ့ ခင်ဗျာ။

ဦးရော်နီညိမ်း ။ ။ အဲဒါကို ကျနော် နားလည်လို့ ရပါတယ်။ ခုန အန်ကယ်ပြောပြသလို၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကိစ္စမှာ၊ ဆွေးနွေးတယ်ဆိုတာက၊ တဘက်နဲ့တဘက် သံသယရှိနေတဲ့ ကာလ ဖြစ်နေတာကြောင့်၊ နှစ်ဘက်လုံးကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲကာလကို၊ ပြန် ပြီး ကြည့်လိုက်မယ် ဆိုရင်၊ လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တဲ့ မြေပေါ်ပါတီတွေ အကုန်ပေါင်းပြီး၊ မနတ (မြန်မာ့နိုင်ငံရေးတပ်ပေါင်းစု) ဖွဲ့တာကိုလည်း၊ တပ်မတော်က လက်မခံခဲ့ဘူး။ ရွေးကောက်ပွဲမတိုင်ခင်မှာ၊ NLD က၊ ပါတီအသေးလေးတွေနဲ့ အကုန် စုပေါင်းပြီး၊ တပ်ပေါင်းစုကြီးအနေနဲ့ ရွေးကောက်ပွဲ ဝင်မှာကိုလည်း၊ တပ်မတော်က လက်မခံခဲ့ဘူး။ အဲဒါကို နိုင်ငံရေး ခေါင်းဆောင်တယောက်အနေနဲ့၊ အန်ကယ် ဘယ်လို မြင်ပါ သလဲ ခင်ဗျ။

ဦးတင်ဦး ။ ။ အခု အဲဒါကို အတွေ့အကြုံအရ ပြောနေတာကို၊ အခု ကြားနေကြရပြီလေ။ ဒါတွေက တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ဆွေးနွေးယူကြရမဲ့ အရာတွေပဲလို့၊ ကျနော်ကတော့ မြင်ပါတယ်။ အဲဒါနဲ့ ပတ် သက်ခဲ့ဘူးလို့၊ အရင်က ဖြစ်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေအပေါ် သင်ခန်းစာယူပြီးတော့၊ စိတ်ရင်းစေတနာအမှန် နဲ့ လုပ်နိုင်တာတွေ ဖြစ်နိုင်တာတွေကို၊ အခြေတည်ပြီးတော့မှ၊ တခုပြီးတခု ဖြေရှင်းသွားနိုင်အောင် လုပ်နိုင်ကြ ဖို့၊ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ လုပ်နိုင်ကြဖို့၊ တွေကိုပဲ လုံးပမ်းကြရမယ်၊ ကြိုးစားကြရမယ် ထင်ပါရဲ့။ အဲဒီ လိုပဲ အောက်မေ့မိပါတယ် ခင်ဗျာ။

ဦးရော်နီညိမ်း ။ ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့်နဲ့၊ နိုင်ငံရေးအကျဉ်းသား အဖြစ်ကနေ လွတ်မြောက်လာခဲ့တဲ့ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ၊ ထိုစဉ်က မြန်မာ့ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို၊ နိုင်ငံရေးအကျဉ်း သား အဖြစ်ကနေ လွတ်မြောက်လာပြီး အတွေ့အကြုံတွေကို၊ ဆက်သွယ်မေးမြန်း တင်ပြခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG