သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်မှူးအောင်လင်းထွဋ် ပြောပြတဲ့ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဗိုလ်ချုပ်ကြီး ကိုကို နဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်


တပ်မှူးတပ်သား ပြောစကား (၀၂၃)

ဗိုလ်မှူးအောင်လင်းထွဋ် ပြောပြတဲ့ ဗိုလ်ချုပ်ကြီးသူရမြင့်အောင် ဗိုလ်ချုပ်ကြီးကိုကို နဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်

ဗိုလိချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလိချုပ်မှူးကြီးမောင်အေးနဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်းတို့အပါအဝင် အသက်အားဖြင့် (၆၀)ကျော် နဲ့ (၆၀)နားကပ်နေသူ မြန်မာ့တပ်မတော်ရဲ့ ထိပ်တန်း စစ်ခေါင်းဆောင်တွေ စစ်ရာထုူးအဆင့်တွေကနေ အနားယူသွားကြပြီလို့၊ ဒီရက်ပိုင်း နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြနေကြပါတယ်။ မျိုးဆက်သစ် ထိပ်တန်းစစ်ခေါင်းဆောင် သုံး ယောက်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးသူရမြင့်အောင်၊ ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ နဲ့ တကွ တပ်မတော်ရဲ့ ဒုတိယတန်းစစ်ခေါင်းဆောင် စစ်တိုင်းမှူး အသစ်တွေဟာ ဘယ်သူတွေလဲ ? သူတို့အပေါ်မှာ အနာဂတ်တိုင်းပြည်အတွက် နဲ့ အနာဂတ် တပ်မတော်အတွက် ဘာတွေမျှော်လင့်လို့ရမလဲ ဆိုတာကို၊ ဒီသီတင်းပတ် “တပ်မှူးတပ် သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဦးရော်နီညိမ်းက ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် နဲ့ ဆွေးနွေးတင် ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ပထမဆုံး ဗိုလ်မှူးကို ကျနော်တို့ မေးချင်တာကပေါ့နော်၊ အခု အခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်ဟာ စစ်တက္ကသိုလ် အပတ်စဉ်(၁၈)က ဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ ဗိုလ်မှူးတို့ စစ်တက္ကသိုလ် အပတ်စဉ်(၂၀) နဲ့ဆိုရင် (၂) နှစ်လောက်ပဲ ကွာတာကို ကျနော်တို့ တွေ့ရတော့ ဒါဟာ ခေတ် ပြိုင်လို့လည်း လှမ်းမြင်ကြည့်လို့ ရပါတယ်။ အဲဒီတော့ ကိုယ်နဲ့ ခေတ်ပြိုင်တစ်ယောက်ပေါ့နော်၊ ကိုယ့်ထက် (၂)နှစ်လောက်ပဲ စီနီယာကျတဲ့လူ အခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့အခါမှာ သူ့ရဲ့ ဖြတ်သန်းလာတဲ့ သမိုင်းကြောင်းကို ဗိုလ်မှူးသိရှိသလောက် ဝေဖန် အကဲဖြတ် သုံးသပ်ပေးပါ ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ဟာ မွန်ပြည်နယ် သထုံဇာတိပါခင်ဗျ၊ စစ်တက္ကသိုလ် အပတ်စဉ်(၁၈) တက်တဲ့အချိန်အခါမှာ ‘အောင်ဇေယျ’ တပ်ခွဲက ပါ။ အဲဒီတော့ ကျနော်တို့နဲ့ တပ်ခွဲ တစ်ခွဲတည်း အတူတူဖြစ်ပါတယ်။ သူက တပ်စု(၈)ပါ ခင်ဗျ။ စစ်တက္ကသိုလ် တက်စဉ်အတွင်းမှာတော့ သာမန် ဗိုလ်လောင်းတစ်ယောက် အနေနဲ့ပဲ ကျနော်တို့ သိရပါတယ်ခင်ဗျ။ သူ စစ်တက္ကသိုလ် ဆင်းပြီးတော့ ခမရ (၂)၊ တပ်မ (၄၄) မှာ သူ တပ်ခွဲမှူးဗိုလ်ကြီး ဘဝနဲ့ပေါ့လေ၊ ၁၉၈၃ - ၈၄ ခုနှစ်က မဲသဝေါ တိုက်ပွဲ မှာ KNU ရဲ့ မဲသဝေါစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ သူ “သူရ”ဘွဲ့ ရပါတယ်။ အဲဒီ “သူရ”ဘွဲ့ ရပြီးတဲ့နောက်ပိုင်းမှာ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးချစ်ဆွေ (ကိုယ်ရေးအထ္တုပ္ပတ္တိ စာအုပ် ရေးခဲ့သူ။ ၈၈၈၈ အချိန် ကစထ ၂ - ကစထမှူး၊ ၁၉၉၇ သစ်တောဝန်ကြီးရာထူးမှ ဖယ်ရှားခံရသူ) ရဲ့ ကစထ မှာ စစ်ဦးစီးမှူး တတိယတန်း G-3 ဖြစ်ပါတယ်။ အဲဒီတော့ နောက် ပိုင်း G-2 ဖြစ်တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ ကစထ ဆိုတာ “ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့” ပေါ့နော်၊ ၁၉၈၈ မတိုင်ခင်က မြန်မာပြည် မြောက်ပိုင်းနဲ့ တောင်ပိုင်း ကို နှစ်ခုထဲ ခွဲထားပြီးတော့ ကစထ (၁)၊ (၂) ဆိုပြီး ရှိခဲ့တဲ့အထဲက ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေ ကိုင်ခဲ့တဲ့ ကစထ (၂) ကိုဆိုလိုတာလား ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီနောက်ပိုင်း ဗိုလ်မှူးသူရမြင့်အောင်ဟာ ကက(ကြည်း)စစ်ဆင်ရေးဌာနရဲ့ G-2 တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မှာ ကျနော်သိရသလောက်က ခလရ (၃၅)၊ သာယာဝတီမှာ ယာယီတပ်ရင်းမှူး တာဝန်ပေးခံရတာ သိရပါတယ်။ သာယာဝတီ (၃၅) တပ်ရင်းမှူးကနေမှ စစ်တက္ကသိုလ်နည်းပြမှူးချုပ် ရာ ထူးကို သူပြောင်းရွှေ့သွားရပါတယ် ခင်ဗျ။ အဲဒီ နည်းပြမှူးချုပ်ကမှ တဆင့် ဗျူဟာမှူးဖြစ်ပါတယ်။ အဲဒီအချိန်အခါမှာ စကခ တွေ အများကြီး ဖွင့်တဲ့အခါကျတော့ စကခ (၁၃) မှာပဲ သူ ဗျူဟာမှူးကော၊ တပ်မမှူးကော စကခ(၁၃) မှာပဲ ဖြစ်တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ စကခ ဆိုတာ ကျနော်တို့ ခြေမြန်တပ်မတွေနဲ့ အင်အားအညီ နာမည်သာပြောင်းပြီး ဖွဲ့စည်းတဲ့ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်” ၊ သူတို့ စကခ အကြီးအကဲတွေကိုလည်း တပ်မမှူး လို့ပဲခေါ်ကြတဲ့ နာမည်တစ်မျိုးနဲ့ ထပ်ဖွင့်တဲ့ ခြေမြန် တပ်မတွေလား ခင်ဗျား။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ သူ အဲဒီ ဘုတ်ပြင်း ရဲ့ တပ်မမှူးပါ။ ကျနော်ပြောပြောနေတဲ့ "ခရစ္စတီးကျွန်း လူသတ်ပွဲကြီး" ကိစ္စမှာ ဗိုလ်ချုပ်မြင့်အောင်ဟာ အဲဒီ အချိန်တုန်းက တပ်မတော်(ကြည်း)ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဲဒီ ကွပ်ကဲမှုအဖွဲ့မှာ တာဝန်ယူရပါတယ်ခင်ဗျ။ အဲဒီအချိန်တုန်းက ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့တဲ့ (ရေ) က ဗိုလ်ချုပ်ကြည်မင်းတို့ ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မြင့်ဆွေတို့နဲ့ အတူတူပါပဲခင်ဗျ။ ဘာလို့ ကျနော် မှတ်မှတ်ရရ ပြောရသလဲဆိုတော့ အဲဒီ ခရစ္စတီးကျွန်းမှာ လူတွေ ကို သတ်ခိုင်းတုန်းက ကက(ကြည်း)ကနေပြီးတော့မှ ညပိုင်းမှာ အမိန့်လာတဲ့ အချိန်အခါမှာ၊ ကျနော်တို့ အစည်းအဝေးလုပ်ကြတယ်ပေါ့လေ။ ဗိုလ်ချုပ်ကြည်မင်းက အစည်းဝေး လုပ်တဲ့ အချိန်ခါမှာ ဗိုလ်ချုပ်သူရမြင့်အောင် ကနေပြီးတော့မှ “ခင်ဗျားတို့ အနေနဲ့ ဘာမှ ပြန်မေးမနေနဲ့ပေါ့" လေ၊ "အထက်က အမိန့်အတိုင်း သတ်စရာရှိ သတ်ပေါ့၊ သတ်ခိုင်းလိုက်ပေါ့” ဆိုတဲ့ ဟာမျိုးကို ထောက်ခံပြီးတော့ ပြောတဲ့လူမျိုး ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီ အစည်းအဝေးမှာ ဗိုလ်မှူးလည်း တက်ရောက်ခဲ့တာပေါ့။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီ ဇာဒက်ကြီးကျွန်း မှာပါခင်ဗျ၊ အဲဒီအစည်းအဝေးမှာ ကျနော်တို့လည်း ပါပါတယ် ခင်ဗျ။ ကျနော်တောင်မှ တော်တော်လေးကို အံ့သြတဲ့အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမတွေကော၊ ကလေးတွေကော၊ မီးနေသည်ကောပါတဲ့ အရပ်သားတွေ ဗျာ၊ innocent people တွေကို သတ်ခိုင်း တာတွေ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီတော့ ဒီ ဗိုလ်ချုပ်မြင့်အောင်ဟာ စကခ (၁၃) ဘုတ်ပြင်းရဲ့ တပ်မမှူးကနေ နောက်တခါ ကျနော်တို့ ဒီမှာ သူ့ရဲ့ profile ကိုပြန်ကြည့်တော့ မော်လမြိုင်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကို သူ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မဟုတ်သေးဘူး၊ မဟုတ်သေးဘူး ခင်ဗျ၊ စကခ(၁၃) တပ်မမှူးကနေမှ သူ တပ်မ(၂၂) တပ်မမှူး။ ဖားအံမှာ ဖြစ်ပါတယ် ခင်ဗျ။ ဖားအံမှာ တပ်မ(၂၂) တပ်မမှူး ပြီးတဲ့အခါကျမှ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (မော်လမြိုင်)မှာ တိုင်းမှူးပါ။ နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး (မော်လမြိုင်) ကနေမှ အနောက်တောင်တိုင်း စစ်ဌာနချုပ် (ပုသိမ်)ကို တိုင်းမှူး အဖြစ် ပြန်ပြောင်းရပါတယ်။ နောက် အနောက်တောင်တိုင်း တိုင်းမှူး (ပုသိမ်)ကမှ တဆင့် အခု လက်ရှိရာထူး၊ စစ်ရေးချုပ်ရာထူးကို သူရတဲ့ အနေအ ထားမျိုး ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီတော့ အခု တပ်မတော်မှာ ဒုတိယအကြီးဆုံးနဲ့ တတိယအကြီးဆုံး ဖြစ်လာကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်း အောင်လှိုင်တို့ဟာလည်း ဗိုလ်မှူးနဲ့ ဆိုလို့ရှိရင် တစ်နှစ်ပဲ ကွာပါတယ်။ စစ်တက္ကသိုလ် အပတ်စဉ်(၁၉) က ဆင်းတဲ့အခါကျတေ၊့ ခေတ်ပြိုင်လိုပဲ ကျနော်တို့ ကြည့်မြင်လို့ ရပါတယ်။ အဲဒီ အခါကျတော့ သူတို့နဲ့ ပတ်သက်လို့ကော သူတို့ ဖြတ်သန်းမှု၊ သူတို့ ဒီနေရာထိ ရောက်လာတဲ့ ဟာနဲ့ သူတို့ ဒီရှေ့မှာ တပ်ကို ဘယ်လိုဦးဆောင်နိုင်မယ်ဆိုတာ ဗိုလ်မှူး ဘယ်လိုမြင်ပါ သလဲ ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ကိုကိုက ကျနော်တို့ တပ်စု(၉)၊ ‘အောင်ဇေယျ’တပ်ခွဲ ကပါ။ ကိုကိုရဲ့ စိတ်နေစိတ်ထားကတော့ ကျနော်တို့ ဗိုလ်လောင်းဘဝမှာ နေစဉ်တုန်းက တော့ ကိုကိုဟာ လူညစ်တစ်ယောက် မဟုတ်ဘူးခင်ဗျ။ ဒီလူဟာ လူကောင်းတစ်ယောက်ပါ။ ကျနော်တို့ ဗိုလ်လောင်းဘဝမှာ သူ့ကိုတော့ ကျနော် အကောင်းမြင်ပါတယ်ခင်ဗျ။ သူနဲ့ ကျနော်နဲ့ ပြန်ဆုံတော့ သူ စစ်ရုံးမှာ ကက(ကြည်း)G-1 ဘဝမှာ ကျနော်တို့ ပြန်ဆုံပါတယ်။ ကိုကိုရဲ့ စိတ်နေစိတ်ထားက ကောင်းပါတယ်။ စိတ်ရင်းစေတနာကောင်းတဲ့ ပုဂ္ဂိုလ်မျိုးပါ။ ကျနော် မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီးတော့ပြောရရင် မင်းအောင်လှိုင်ကတော့ ‘နော်ရထာ’တပ်ခွဲမှာ နေခဲ့တဲ့လူပါ။ ကျောင်းမှာ ကတည်းကိုက ကျနော်တို့က nick name ပေးထား တာပဲလေ၊ “ကြောင်ချီး”ဆိုပြီး ကျနော်တို့ ပေးထားတာပဲ၊ ပျော့ပျော့လေးနဲ့ နံတဲ့ လူ။ သူ့ရဲ့အဆက်အသွယ်က သူ တပ်မ (၈၈) က တဆင့်ပေါ့လေ၊ ဒါ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ connection တောက်လျှောက် ရတဲ့အနေအထား မျိုးပါ။ မင်းအောင်လှိုင်ဟာ တပ်မ (၈၈) born တစ်ယောက်ဗျ၊ ဒါကြောင့်မို့လည်း မြှောက်စားခံရတဲ့ အနေအထားမျိုး ဖြစ်လိမ့်မယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီတော့ ကျနော်တို့ ပြန်ကြည့်ရင် ဦးနေဝင်းတုန်းက သနက (၄) ပေါ့နော်၊ သူ့လူတွေ ချည့်ပဲ။ “တပ်ရင်း (၄)၊ တပ်ရင်း (၄)” ဆိုပြီးတော့၊ အခု ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း တပ်မ (၈၈) တပ်မမှူး ဖြစ်ခဲ့တော့ သူရဲ့ ခြံပေါက်တွေကြီးပဲ။ သူအနားပေးလိုက်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး (နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဝင် နှင့် ယခုအနားပေးခြင်းခံရသော စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်) ဆိုရင်၊ သူ့ရဲ့ကိုယ်ရေးအရာရှိ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသန်းရွှေ ကတော့ တပ်မ(၈၈) ဆိုလို့ အားလုံးတော့မသိနိုင်ပါဘူး။ ဗိုလ်ချုပ်ကြီးသန်းရွှေအောက်မှာ ခုဏက ကိုရော်နီပြောတဲ့ ဗိုလ်ချုပ် တင်အေးတို့ အရင် ဗိုလ်ချုပ်ကျော်ဝင်း (၂၀၀၄တွင် ရာထူးမှ ဖယ်ရှားခြင်းခံရသူ ဒုတိယတပ်မတော် ထောက်လှမ်းရေးမှူးချုပ်)တို့၊ နောက် အခု ဗိုလ်ချုပ်နေဝင်း (ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ စစ်ဘက်လက်ထောက်) တို့ပေါ့ဗျာ၊ အစစ တပ်မ (၈၈) ဖွဲ့တဲ့နေရာမှာ ဆင့်ကဲဆင့်ကဲပေါ့ ဗျာ၊ ‘ဒီကောင်လေးကတော့ ကျနော်နဲ့ နေခဲ့တယ်၊ ဒီကောင်မဆိုးပါဘူး” ဆိုပြီး recommendation နဲ့ ဒါမျိုးတွေ ပါလာတဲ့ သဘောမျိုးပါ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗမာ့တပ်မတော်ဟာ တစ်ချိန်တုန်းက ဦးနေဝင်းကနေ ပြီးတော့မှ မြှောက်စားခဲ့တဲ့ တပ်ရင်း (၄) ကလူတွေ ကြီးပဲ ဖြစ်ခဲ့လို့၊ တပ်ရင်း (၄) ခေတ်ကို ရောက်ခဲ့သလို၊ အခုကော တပ်မ (၈၈) ခေတ်ကို ရောက်သွားတယ်လို့ ပြောလို့ရလား ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ပြောလို့ ရပါတယ်ခင်ဗျ။ တကယ်လည်း ခုဏက ပြောသလို ဗိုလ်ချုပ်ကြီးသန်းရွှေနားမှ ယခင်ကကော ယခုကော လက်ရှိဝန်းရံနေတဲ့ ပုဂ္ဂိုလ်တွေ အများစုပေါ့လေ၊ ရာထူးကြီးကြီးပိုင်းက ဒီ တပ်မ (၈၈) ရဲ့ အဆက်အသွယ်တွေပါပဲ၊ နည်းနည်းလေး ရာထူးငယ်တဲ့လူတွေသာ အနောက်တောင်တိုင်းတို့ ဘာတို့ အဲဒီလောက်က ဗိုလ်ချုပ်ကြီးသန်းရွှေ တိုင်းမှူး ဘဝမှာတွေခဲ့တဲ့လူ။ တပ်မ(၈၈) ကတော့ ဗိုလ်ချုပ်ကြီး သန်းရွှေ အနေနဲ့ ခလရ (၁) မှာ အဲဒီမှာ တပ်ရင်းမှူး အဖြစ် တာဝန် ထမ်းခဲ့တယ်။ နောက် တပ်မ (၈၈)မှာပဲ ဗျူဟာမှူး၊ ဒုတပ်မမှူး၊ တပ်မမှူး ဖြစ်ခဲ့တဲ့ အခါကျတော့ သူ့ရဲ့ မိခင်တပ်မလို ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကြောင့်မို့ ဘယ်သူပဲ ဖြစ်ဖြစ် တပ်မ (၈၈) ကဆို လက်ခံတဲ့ အနေအထားမျိုး ရှိပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီတော့ အခု စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်ဟာ တပ်မတော်မှာ အကြီးဆုံးပေါ့ နော်။ မြန်မာ့ တပ်မတော်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီ။ သူဟာ အခု အသက်အရွယ်အရ ဆိုရင်လည်း (၅၅) လောက်ပဲ ရှိသေးတယ်။ အဲဒီတော့ နောက်ထပ် (၅)နှစ်ပေါ့နော်၊ အနည်းဆုံးကတော့ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဆက်ဖြစ်နေဦးမှာပဲ။ နိုင်ငံရေးအပြောင်းအလဲတွေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆင်ထားတဲ့ အတိုင်းပဲ ရှိနေဦးမယ်ဆိုရင်၊ အဲဒီအခါကျတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ကြိုက် ခေါင်းခေါက်ပြီး အခုရွေးလိုက်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ် သူ့နေရာကိုဆက်ခံတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် အနေနဲ့ ၊ တပ်မတော်ကို ဘယ်လိုထိန်းကျောင်းပြီးတော့ စစ်ရေးစစ်ရာမှာရော၊ နောက်တစ်ခါ တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်ကဏ္ဍကနေ ပါဝင်မယ်ဆိုတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ဟာလည်း ပြဌာန်း ထားပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ၊ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင် အနေနဲ့ တိုင်းပြည်ကိုပါ နိုင်ငံရေးအရ ဘယ်လိုများဦးဆောင်မှု ပေးသွားနိုင် မယ်လို့ ဗိုလ်မှူး သုံးသပ် ကြည့်မြင်လို့ ရပါသလဲ ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသူရမြင့်အောင် အနေနဲ့တော့ ဒီနိုင်ငံရေးပိုင်းမှာတော့ ဦးဆောင်နိုင်မယ့် အနေအထားမျိုး မရှိပါဘူး။ ခုကလည်း ကိုရော်နီ ခုဏက ပြော သလိုပါပဲ၊ ဗိုလ်ချုပ်ကြီးသန်းရွှေ ရဲ့ ဆင်ထားတဲ့ အကွက်အတိုင်းကို၊ သူတို့က နင်းပေးရ တဲ့ အနေအထားမျိုးပါ။ အဲဒီတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ အနေနဲ့လည်း ပထမ သူ နဲ့ လုပ်ဖေါ် ကိုင်ဖက်တွေ တူတူဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးစိန်အောင် (၈၈၈၈ အချိန် ကစထ(၁) ကစထမှူး၊ ၁၉၉၇ တွင် အမှတ်(၁)စက်မှု ဝန်ကြီးအဖြစ်မှ ဖယ်ရှားခံရသူ၊ ယခု ကွယ်လွန်ပြီး) တို့၊ နောက် ဗိုလ်ချုပ်ကြီး ဖုန်းမြင့် (၈၈၈၈ အချိန် စစ်ထောက်ချုပ်၊ ၁၉၉၇တွင် ပြည်ထဲရေးဝန်ကြီး ရာထူးမှ ဖယ်ရှားခံရသူ)၊ တို့ အပါအဝင်ပေါ့လေ၊ နောက် ဗိုလ်ချုပ်ထွန်းကြည် (မကြာ သေးခင်က ဗိုလ်ထွန်းကြည် (မုံရွာ) အမည်နဲ့ ကိုယ်ရေးအထ္တုပ္ပတ္တိစာအုပ် ရေးခဲ့သူ။ ၈၈၈၈ အချိန် နမခ(မန္တလေး) တိုင်းမှူး၊ ၁၉၉၇တွင် ကုန်သွယ်ရေးဝန်ကြီးရာထူးမှ ဖယ်ရှားခံရ သူ)တို့ ဗိုလ်ချုပ်မြင့်အောင် (၈၈၈၈ အချိန် နတခ တိုင်းမှူး၊ ၁၉၉၇တွင် လယ်/ဆည်ဝန်ကြီး ရာထူးမှ ဖယ်ရှားခံရသူ၊ ယခု ကွယ်လွန်ပြီး)တို့ကို တစ်သုတ် သူရှင်းလိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ ၁၉၉၇ ပေါ့နော်၊ အဲဒီတုန်းက ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ။ ရှင်းပြီးတဲ့အခါမှာ အဲဒီနောက်ပိုင်းမှာ ဗိုလ်ချုပ်ဝင်းမြင့် (၈၈၈၈ အချိန် ခြေမြန်တပ်မ(၁၀၁) တပ်မမှူး၊ စစ်ထောက်ချုပ် အတွင်းရေးမှူး -၃ အဖြစ်မှ ၂၀၀၁ တွင် ရာထူးမှ ခယ်ရှားခံရသူ) တို့၊ နောက် ဗိုလ်ချုပ် တင်လှ (၈၈၈၈ အချိန် ရန်ကုန်မြို့တွင် ပစ်ခတ်နှိမ်နင်းခဲ့သော ခြေမြန်တပ်မ(၂၂) တပ်မမှူး၊ တပ်မတော်ရေးရာ ဝန်ကြီး၊ ဒုဝန်ကြီးချုပ်မှ တို့ ၂၀၀၁တွင် ရာထူးမှ ခယ်ရှားခံရသူ) ဗိုလ်ချုပ်ခင်ညွန့် တို့ပေါ့လေ။ ပိုပြီးတော့မှ တောက်ပြောင်လာတဲ့ အနေအထားမျိုး ကျနော်တို့ တွေ့ရပါမယ်။ နောက်ပိုင်း ၂၀၀၁ ခုနှစ်လောက်ကျတော့ ဗိုလ်ချုပ် ရွှေမန်းတို့ ကို ပွဲထုတ်လာတဲ့ အနေအထားမျိုးတွေ ကျနော်တို့ တွေ့ရမှာဖြစ်ပါတယ်။ အခုလည်း ဒါ ဗိုလ်ချုပ်ရွှေမန်းတို့ ဟာ အချိန်တွေက ကြာ လာတဲ့အခါမှာ စစ်တပ်မှာ သူတို့ အာဏာတည်ဆောက်မယ်ဆိုရင် တည်ဆောက်နိုင်တဲ့ အခြေအနေလည်း ရောက်လာ တယ်။ ဒီ့အပြင်မှာ ၂၀၀၈ ခုနှစ်လောက်က ဗိုလ်ချုပ်ရွှေမန်းသာ တိုင်းပြည်ကိုခေါင်းဆောင်ရင် မဆိုးဘူးဆိုတဲ့ အသံလေးတွေ ထွက်လာတဲ့ အခါမှာ ဗိုလ်ချုပ်ရွှေမန်းဟာ ပထမ ဦးစီးချုပ်ရာထူးကို သူ့ကိုမှန်းထားပေမယ့် ဦးစီးချုပ် မရတော့ဘူးပေါ့ဗျာ။ ဘာဖြစ်မလဲ ဆိုတာကတော့ ဒါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ထဲမှာပဲ ရှိပါတယ်။ ပြန်ကြည့်ရင် ဟိုယခင်ပေါ့လေ ဦးနေ ဝင်းခေတ်တုန်းက ပုံစံ အတိုင်းပါပဲ။ တစ်သုတ်ပြီး တစ်သုတ်သာ လူတွေလဲ သွားပေမယ့် ဦးနေဝင်းကတော့ ကျန်စမြဲ ဖြစ်သလို အခုဒါ ဗိုလ်ချုပ်ကြီး တွေ ဘယ်လောက်ပဲ ပြောင်းသွား ပြောင်းသွား ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အာဏာကတော့ ဆက်ပြီး တော့မှ ရပ်တည်မယ့် အနေအထားမျိုးပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ဗိုလ်မှူးခင်ဗျ၊ ကျနော်တို့ ပြန်ကြည့်တော့ ဒီအတွဲလိုက်ကြီးပေါ့နော်။ အခု ဒါ ‘နောက်တစ်တွဲ လူလဲ’ ဆိုပြီးတော့ ထားခဲ့တဲ့ဟာမှာ၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ဦးဆောင်ပြီးတော့မှ ဒီအတွဲလိုက်ကြီး ဘာဆက်လုပ်မယ်လို့ ထင်သလဲခင်ဗျ။ ဗိုလ်မှူးရဲ့ အတွေ့အကြုံနဲ့ သူတို့ရဲ့ လုပ်လေ့လုပ်ထ ရှိတဲ့ သဘောတွေကို သိနေတဲ့ အတွက်ကြောင့်မို့ လို့ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ကျနော့်အမြင်ပြောရရင်တော့ အခုဒါ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေ အရပေါ့နော် ၂၅ ရာခိုင်နှုန်းကို တပ်မတော်က အမတ်တွေကို ထည့်ရမယ် ဆို တာ ပါလာတာရှိပါတယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော်က နေပြီးတော့မှ ၂၅ ရာခိုင်နှုန်းသော အမတ်တွေကို တပ်မတော်က ရွေးချယ်ပေးမယ်ဆိုတာကို အားလုံးက နားလည်ထားခဲ့ကြတာက တပ်မ တော်က လက်ရှိတာဝန်ယူထားတဲ့ စစ်ယူနီဖောင်းနဲ့ ပုဂ္ဂိုလ်တွေပဲ ၂၅ ရာခိုင်နှုန်းကို ဝင်မယ်၊ ကျနော်တို့လက်ရှိ ဦးသိန်းစိန် ဦးဆောင်တဲ့ ဝန်ကြီးများ အဖွဲ့ကတော့ သူတို့ က တိုက် ရိုက်ခန့်အပ်တာမဟုတ်ဘူး။ သူတို့က အမတ်ဖြစ်မလား မဖြစ်ဘူးလား ဆိုတာက ရွေးကောက်ပွဲ ရလဒ် ပေါ်မှာမှ ဖြစ်လာမှာ။ ဒါပေမယ့် အခု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ အခု အတွဲလိုက် ကြီးက ဒုတိယဗိုလ်ချုပ်ကြီးတွေ ထွက်ပေးလိုက်တာ အခု ၅၀ ကျော်တန်းတွေကနေ သူ့အထိပေါ့နော် ၇၇ လောက်အထိ သက်တမ်းကိုထွက်ပေးလိုက်တာ ဟာ၊ အခုအတိုင်းဆိုလို့ ရှိရင် တပ်မတော်ကနေ စိတ်ကြိုက်ခန့်အပ်မယ့် ၂၅ ရာခိုင်နှုန်းသော အမတ်ဆိုတာ ယူနီဖောင်းဝတ်ထားသော တပ်မတော် အရာရှိတွေ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် သူကြိုက်တဲ့လူ သူခန့်လို့ ရတယ် ဆိုတဲ့ အနေအထားမျိုး ဖြစ်မနေဘူးလား ခင်ဗျ။ အဲဒီတော့ ဗိုလ်ချုပ်ကြီးသူရမြင့်အောင်ကမှ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၊ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးရွှေမန်း တို့ စသည်ဖြင့် အဲဒီပုဂ္ဂိုလ် တွေနဲ့ အခု အတွဲလိုက်ကြီး ထွက်သွားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစား တွေအကုန်လုံးကို အမတ် အနေနဲ့ ၂၅ ရာခိုင်နှုန်းအနေနဲ့ ခန့်လို့ရတယ် ဆိုတဲ့ အနေအထားမျိုးကို သွားနေတာလား ခင်ဗျား။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ကျနော့်အမြင်ပြောရရင်ပေါ့လေ၊ စစ်ရာထူးခန့် အမိန့် အပေါ်မှာ မူတည်ပါတယ်။ စစ်ရာထူးခန့်ချုပ်ရုံးက ထွက်တဲ့ အမိန့်မှာ ကျနော်တို့ နှစ်ခုပေါ့လေ၊ တစ်ခုက အရံ အင်အားစာရင်း တင်သွင်းတယ်ဆိုတာ ကျနော်တို့ တပ်မတော်မှာ တစ်ခုရှိတယ်။ အနားပေးတာလား ဆိုတဲ့ဟာကိုတော့ ကွဲကွဲပြားပြား ကျနော်တို့ မသိရသေးပါဘူး။ တကယ်လို့ ခုဏက ပြောသလိုပေါ့ လေ။ အရံ အင်အား စာရင်း တင်သွင်းတယ် ဆိုလို့ရှိရင် ကျနော်တို့ စစ်တပ်က လုံးဝထွက်သွားတယ်လို့ ပြောလို့မရပါဘူး။ သူတို့က တပ်မတော်မှာ ရှိတဲ့ တာဝန်တွေကိုသာ သူက ထမ်းဆောင်ရခြင်းမှရှိပေမယ့် အရပ်ဘက်မှာတော့ သူက တွဲဘက် သဘောမျိုးနဲ့ သွားတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အရံ အင်အား စာရင်း တင်သွင်းတယ်ဆိုရင်တော့ ယူနီဖောင်း ချွတ်ချင်မှ ချွတ်ဦးမှာပေါ့။ ဆိုတော့ အဲဒီ အနေအထားမျိုး ဖြစ်ပါလိမ့်မယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ပြည်သူ့လွှတ်တော်မှာ လျာထားတာက အမတ် ၄၄၀ မှာ ၁၁၀ ၊ ၂၅ ရာခိုင်နှုန်းသော အမတ်တွေဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်တဲ့ ပုဂ္ဂိုလ်တွေဆိုတဲ့ဟာမှာ အရပ်သားတွေလည်း ဖြစ်ချင်ဖြစ်မယ်ဆိုတဲ့ သဘောပေါ့။ အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အခု နားယူသွားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ် ကြီးတွေ အကုန်လုံးဟာ အရပ်သားတွေ ဖြစ်သွားကြပြီ။ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က သူတို့ကို ဒီ ၂၅ ရာခိုင်နှုန်းသော ကာကွယ်ရေးဦးစီးချုပ် စိတ်ကြိုက်ခန့်တဲ့ အမတ်တွေ အနေနဲ့ ခန့်လို့ မရဘူးလား ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ တပ်မတော်က ခန့်မယ့် ၂၅ ရာခိုင်နှုန်း ဆိုတဲ့ နေရာမှာ ခုဏက ကိုရော်နီပြောသလိုပေါ့၊ အားလုံးက ယူနီဖောင်း ဝတ်ရမယ်လို့တော့ မဆိုလိုပါဘူး ခင်ဗျ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပေးတဲ့ စာရင်းအတိုင်းပဲ ဒါ လွှတ်တော်က လက်ခံရမယ့် အနေအထားမျိုး ရှိပါတယ်။ လုံး၀ အငြိမ်းစားယူရင်တော့ ယူနီဖောင်း ချွတ်ရမှာပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ ကာကွယ်ရေး ဝန်ကြီးဌာန တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှာ စစ်ဦးစီးမှူး ဒုတိယတန်း G-2 တာဝန်ထမ်းဆောင်ခဲ့ဖူးပြီးတော့ ဝါရှင်တန်ဒီစီ မြို့တော် မြန်မာသံရုံးရဲ့ သံရုံး ယာယီ တာဝန်ခံနဲ့ သံမှူးကြီး တာဝန်တွေကိုပါ ထမ်းဆောင်ခဲ့ဖူး တဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်း အပြောင်းအလဲနဲ့ မြန်မာ့နိုင်ငံရေး ဆက်နွှယ်နေပုံတွေကို သုံးသပ်လေ့လာ တင်ပြသွားတာ ဖြစ်ပါတယ်ခင်ဗျား။ နောက်သီတင်ပတ် စက်တင်ဘာလ (၅) ရက်၊ တနင်္ဂ နွေနေ့ မနက် "တပ်မှူးတပ်သား ပြောစကား" ကဏ္ဍမှာတော့ စစ်တက္ကသိုလ် အပတ်စဉ် (၂၄) ကဆင်းပြီးတော့ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး ကာလမှာ ပြည်သူလူထုဘက် ကို ကူးပြောင်းပါဝင်ခဲ့တဲ့ ဗိုလ်ကြီ;ဟောင်း စိုင်းဝင်းကျော်ရဲ့ မြန်မာ့တပ်မတော် မှာ အခု အသစ် တက်လာကြတဲ့ ဒုတိယတန်း စစ်ခေါင်းဆောင် စစ်တိုင်းမှူးတွေနဲ့ ပတ်သက်ပြီး လေ့လာ သုံးသပ် တင်ပြသွားတာတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ် ခင်ဗျား။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG