သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံရေး ကစားကွက်များ


တပ်မှူးတပ်သား ပြောစကား (၀၂၄)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဒီနှစ်ထဲမှာ သီရိလင်္ကာ၊ အိန္ဒိယတို့ကို ဘုရားဖူးနဲ့ချစ်ကြည်ရေးခရီးတွေ ထွက်ခဲ့ပြီးတော့၊ လာမယ့် စက်တင်ဘာ(၆)ရက် နေ့မှာတော့ တရုတ်နိုင်ငံမှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်ကိုဖူးရင်းနဲ့ နိုင်ငံခြားချစ်ကြည်ရေးခရီး သွားရောက်ဦးမှာ ဖြစ်ပါတယ်။ တဘက်မှာ ပြည်တွင်းပြည်ပက မြန်မာ့နိုင်ငံရေး အတိုက်အခံတွေကို “ပြည်ပအားကိုးသူ”တွေလို့ စစ်အစိုးရမီဒီယာတွေက တဆင့် စွပ်စွဲတိုက်ခိုက်နေရင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူကိုယ်တိုင်က နိုင်ငံခြားခရီးတွေထွက်ပြီး၊ သူ့ကို ပြည်ပနိုင်ငံတွေက ထောက်ခံနေကြသလိုလို၊ ပြည်ပကိုအားကိုးပြီး ဝါဒဖြန့် ဟန်ရေးပြနေတယ်လို့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေကို ပြောကြားခဲ့ပါတယ်။ ပြည်တွင်းမှာတော့ ကိုယ့်မြန်မာနိုင်ငံသားချင်း ဒေါ်အောင် ဆန်းစုကြည် အပါအဝင် အတိုက်အခံတွေကို ရက်စက်စွာ နှိပ်ကွပ်ခဲ့ပြီးတော့၊ အမေရိကန်လို နိုင်ငံကြီးနဲ့ အဆင်ပြေချင်လွန်းလို့၊ မျက်နှာလိုအားရတွေ လုပ်ခဲ့သူဖြစ်တယ်လို့ ဒီသီတင်း ပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ပြောပြထားတာကို ဦးရော်နီညိမ်းက တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့ ည၊ ခြေလွန်လက်လွန်တွေ ဖြစ်ခဲ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို လုပ်ကြံဖို့ကြိုးပမ်း ခဲ့တဲ့ ဒီပဲယင်းလုပ်ကြံမှုကြီး ဖြစ်သွားပြီးတဲ့အခါမှာ ခြေမကိုင်မိလက်မကိုင်မိနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လမ်းပြမြေပုံ(၇)ရပ်နဲ့ ရွေးကောက်ပွဲလုပ်ပေးမယ့်အထိ ကြေညာချက်တစ်ရပ်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ထုတ်ပြန်ခိုင်းခဲ့တယ်လို့ ဗိုလ်မှူးအောင်လင်းထွဋ်က ဆိုပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်တို့ ဦးခင်မောင်ဝင်းတို့ Photo Diplomacy ဆိုပြီး တော့မှ နိုင်ငံတကာကို လှည့်ပြီးတော့မှ စည်းရုံးရေးတွေလုပ်ရ ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင်လည်း ဝန်ကြီးချုပ်ဆိုပြီးတော့မှ လျှောက်လှည့်ပြီးတော့မှ ဖာဟယ်၊ ထေးဟယ် လုပ်ရပါတယ်။

ဦးရော်နီညိမ်း။ ။ လျှို့ဝှက်ဆွေးနွေးခဲ့စဉ်က ဆွေးနွေးမှုသတင်းတွေ ပြင်ပကို အသိမပေးဖို့ အန်အယ်လ်ဒီနဲ့စစ်အစိုးရတို့ သဘောတူထားခဲ့ကြပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်နဲ့ပဲ ထားပြီးတော့၊ ဒီလို လျှို့ဝှက်ဆွေးနွေးနေစဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် စစ်အစိုးရခေါင်းဆောင်တွေနဲ့ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူတို့ဟာ နားလည်မှု တစ်စုံတစ်ရာ ရှိနေသလိုလို နိုင်ငံတကာကို လှည့်စားဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြိုးပမ်းခဲ့တယ်လို့ ဗိုလ်မှူးအောင်လင်းထွဋ် က ပြောပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တချိန်တည်းမှာပဲ “မင်းတို့ ဒီအမျိုးသမီးကို ညှိကြည့်” ဆိုပြီးတော့မှ ညှိခိုင်းတဲ့ အတွက်ကြောင့်မို့လို့ ဗိုလ်ချုပ်ခင်ညွန့်က တာဝန်ယူပြီးတော့မှ ဗိုလ်မှူး ကြီးတင်လှိုင် (ပြည်ထဲရေးဝန်ကြီး)၊ ဗိုလ်ချုပ်ကျော်ဝင်း (ကကလှမ်း ဒုညွှန်မှူး)၊ ဗိုလ်ချုပ်သန်းထွန်း (ကကလှမ်း နိုင်ငံရေးဌာနမှူး) တို့က ဦးဆောင်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ပါတယ်။ အန်အယ်လ်ဒီလည်း ၂၀၀၄ခုနှစ်မှာ ပြန်ကျင်းပတဲ့ အမျိုးသားညီလာခံကို ပြန်တက်မယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ပြန် လွှတ်ပေးမယ်။ အမျိုးသားညီလာခံမှာလည်း ဆွေးနွေးချင်တဲ့ အပိုင်းတွေ၊ ပြင်ဆင်ချင်တဲ့ အပိုင်းတွေကို သူတို့ ဆွေးနွေးကြမယ်ဆိုတဲ့ သဘောတူညီချက်တွေ ယူပြီးတော့မှ ဒေါ်အောင် ဆန်းစုကြည်နဲ့ ဆွေးနွေးတယ်လို့ ကျနော်တို့ သိပါတယ်။ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီစီအီးစီကပုဂ္ဂိုလ်များနဲ့ ပေးတွေ့ပြီးတော့မှ ဆွေးနွေးတာတွေ ရှိပါတယ်။ အားလုံးက အဆင်ပြေသလောက်နီးပါး ဖြစ်နေပါပြီ ခင်ဗျ။ သူစိုးရိမ်တာက ဗိုလ်ချုပ်ခင်ညွှန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းမိသွားပြီလို့ သူစိုးရိမ်ခဲ့ပါတယ်။ ကျနော်သိရသလောက်က တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကျော်ဝင်း တို့၊ ဗိုလ်ချုပ်သန်းထွန်း တို့၊ ဗိုလ်မှူးကြီးတင်လှိုင်တို့အဖွဲ့က ပြန်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပြောခိုင်းတဲ့ဟာကို သွားပြောတယ် ပြောတယ်။ ဘာပြောခိုင်းလဲ ဆိုတော့ အမျိုးသားညီလာခံမှာ အန်အယ်လ်ဒီ အရင်ဆုံး တက်ပါ။ ပြီးမှ အခြေအနေ ကြည့်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့အဖွဲ့တွေ ကျန်တဲ့အဖွဲ့တွေပေါ့လေ၊ လွှတ်ပေးမယ် ဆိုတဲ့ဟာကို ပြန်ပြီးတော့မှ amendment ပေါ့လေ၊ ပြင်ဆင်ချက်အနေနဲ့ သွားပြောတာကို သိတယ်။ ကျနော့်ကို ပြန်ပြောကြတာပေါ့။ ဒေါ် အောင်ဆန်းစုကြည်က ပြောလိုက်တယ်ပြောတယ်။ “ ကိုကျော်ဝင်း၊ ရှင်တို့တွေ စစ်ဗိုလ်ကြီးတွေဗိုလ်ချုပ်တွေ လုပ်နေကြပြီးတော့မှ ကတိမတည်ဘူး” ဆိုပြီးတော့ မှ အဲလိုပြန်ပြောလွှတ် လိုက်တယ်လို့ ကြားတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ နောက်တစ်ခုက ကျနော်သိချင်တာက ဗိုလ်ချုပ်ကြီးခင်ညွန့်ကော ဒေါ်အောင်ဆန်းစုကြည် ကောဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ သဘောထားတင်း မာတဲ့အုပ်စုအတွက် အန္တရာယ်လို့ သူတို့က သတ်မှတ်ထားပုံရတယ်။ အဲဒီအခါကျတော့ သူတို့အတွက် ချက်ချင်းလက်ငင်း အန္တရာယ်ဖြစ်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဒီပဲ ယင်းလုပ်ကြံမှု နဲ့ သူတို့ထိန်းသိမ်းပြီးသွားပြီ။ တစ်ခါ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ဆရာသမားအရင်းဖြစ်တဲ့ အာဏာရှင်ဟောင်းဦးနေဝင်းကိုလည်း အကျယ်ချုပ် ဆိုပြီး လုပ်လာခဲ့တယ်။ အဲဒီ အရိပ်နိမိတ် လက္ခဏာတွေ ရှိလာတဲ့အခါမှာ ဗိုလ်ချုပ်ကြီးခင်ညွန့်အနေနဲ့ သူ့အပေါ်မှာကော အန္တရာယ် ကျရောက်လာမယ်ဆိုတာကို ကြိုတင်သိရှိပြီး မရှောင်ရှားနိုင်ဘူးလား ခင်ဗျ။ မရှောင်ရှားခဲ့ဘူး ဆိုရင်လည်း ဘာ့ကြောင့်လို့ ထင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော်တို့ ကြိုတင်သိသင့်သလောက် သိပါတယ် ခင်ဗျ။ သိသင့်သလောက် သိပါတယ်ဆိုတဲ့ဟာက ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဝန်ကြီးချုပ် စခန့်လိုက် တည်းကိုက ဗိုလ်ချုပ်ကြီးသန်းရွှေက ပြောတယ်။ “ဟေ့ကောင် ခင်ညွန့် ၊ မင်း စစ်ရုံးမှာ လာပြီး ငါတို့နဲ့ အတူမနေနဲ့။ မင်ဘာသာမင်း ဝန်ကြီးများရုံး သွားထိုင်”ဆိုပြီးတော့မှ မောင်းထုတ် တယ်လို့ ကျနော်တို့ သိရပါတယ်။ တပ်မတော်ထောက်လှမ်းရေးဆိုတာ ကျနော်တို့က ကပ်ပါးပိုး ပါ။ အခုလိုပဲ ၂၀၀၄ ခုနှစ်မှ မဟုတ်ဘူး။ ၂၀၀၃ ခုနှစ်ကတည်းကလည်း လုပ်မယ် ဆို ရင်လည်း ကျနော်တို့ ခံရမှာပဲ။ ကျနော်တို့မှာ ခုခံနိုင်မယ့်အား၊ အာခံနိုင်မယ့် အင်အား မရှိပါဘူး။

ဦးရော်နီညိမ်း။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အတိုက်အခံတွေကို “ အနောက်မျှော် ပြည်ပအားကိုး ပုဆိန်ရိုးတွေ” လို့ လူသိရှင်ကြား စစ်အစိုးရမီဒီယာတွေကနေ တိုက်ခိုက်နေ ပေမယ့် တကယ်တမ်းမှာ အနောက်အုပ်စုဆီက မျက်နှာသာရဖို့ ကျိတ်ပြီးလုပ်ခဲ့တဲ့ ကိစ္စတွေထဲမှာ၊ ဗိုလ်မှူးအောင်လင်းထွဋ် ပါဝင်ပတ်သက်ခဲ့ရတာ တစ်ခုကတော့ လက်ထောက် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်လည်း ဖြစ်ခဲ့ပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ ရီပတ်ဘလစ်ကန် နိုင်ငံရေးပါတီကြီးရဲ့ ထိပ်တန်းမကျတကျ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ခဲ့တဲ့ Joseph Verner Reed ဆိုသူ အမေရိကန်နိုင်ငံရေးသမားကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ချဉ်းကပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ Joseph Verner Reed ရဲ့ လက်ထောက်အရာရှိတစ်ဦးဟာ မြန်မာနိုင်ငံဘွားဖြစ်တာကြောင့် အဲဒီအချိန်က ဝါရှင်တန်ဒီစီက မြန်မာသံအမတ်ကြီး ဦးသောင်းဟာ Joseph Verner Reed ကို အဆက်အသွယ်ရ သွားခဲ့တယ်လို့ ဗိုလ်မှူးအောင်လင်း ထွဋ်က ပြောပါ တယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးမောင်အေး ၁၉၉၅ ခုနှစ် ကုလသမဂ္ဂရွှေရတုသဘင်ကို နယူးယောက်မှာ လာတက်တဲ့အချိန် အဲဒီအချိန်ခါမှာ ဦးသောင်းက Mr Joseph Verner Reed နဲ့ ဗိုလ်ချုပ်ကြီးအေးကို ဆက်ပေးခဲ့ပြီးတော့မှ၊ နိုင်ငံခြားရေးပေါ်လစီနဲ့ ပတ်သက်ပြီးတော့ပေါ့လေ၊ ကုလသမဂ္ဂတို့နိုင်ငံတကာတို့နဲ့ ဆက်ဆံတဲ့အခါမှာ ဘယ်နည်းဘယ် ပုံ ဘယ်လိုနည်းလမ်းတွေကို သုံးသင့်တယ်ဆိုတဲ့ဟာကို အဲဒီမှာ ကျနော်တို့ အတွေ့အကြုံ စပြီးရပါတယ်။ အဲဒီ ရတဲ့အပေါ်မူတည်ပြီးတော့မှ ၉၅ ခုနှစ်လောက်က စပြီးတော့မှ ထောက် ညလှမ်းရေးတပ်ဖွဲ့ကနေပြီးတော့မှ သံအမတ်ကြီးတွေ၊ သံမှူးကြီးတွေကို စပြီးတော့မှ Offensive Diplomacy ဆိုပြီးတော့မှ ဒီနိုင်ငံတကာမိသားစုထဲမှာ ကျနော်တို့က ဝင်ရောက်ထိုး ဖောက်ဖို့အတွက်ကို ထောက်လှမ်းရေး အနေနဲ့လုပ်တယ်။ တစ်ဖက်ကလည်း ဒီ ကုလသမဂ္ဂညီလာခံတိုင်းမှာ မြန်မာသံအမတ်ကြီးတွေ၊ ဝါရှင်တန်သံအမတ်ကြီး၊ ကနေဒါသံအမတ်ကြီး၊ နောက် ဂျနီဗာမှာရှိတဲ့ သံအမတ်ကြီး၊ သြစတြေးလျမှာရှိတဲ့ သံအမတ်ကြီး၊ ပြင်သစ်မှာရှိတဲ့ သံအမတ်ကြီး၊ အင်္ဂလန်မှာရှိတဲ့ သံအမတ်ကြီး၊ ဒီ သံအမတ်ကြီးတွေဟာ အားလုံးသည် ကုလသမဂ္ဂညီလာခံ စက်တင်ဘာမှာ စတာနဲ့ အားလုံး နယူးယောက်မှာ လာစုစည်းရပါတယ်။ အဲလို စုစည်းတဲ့အထဲမှာလည်း ကျနော်တို့ တပ်မတော်ထောက်လှမ်းရေးက နေပြီးတော့ မှ အရာရှိကြီးတစ်ယောက် (သို့မဟုတ်) နှစ်ယောက်ကို အမြဲတမ်း ဒီအထဲမှာထည့်ပြီးတော့မှ ကျနော်တို့က Lobby Team တစ်ခု အနေနဲ့ လုပ်ပါတယ်။ ဒီ Lobby Team ကိုလည်း ခုန ကျနော် ပြောခဲ့တဲ့ Mr Joseph Verner Reed က ချိတ်ဆက်ပေးပါတယ်။ ဥပမာ တရုတ်သံအမတ်နဲ့ တွေ့ဖို့၊ အမေရိကန်သံအမတ်နဲ့ တွေ့ဖို့၊ ရုရှားသံအမတ်နဲ့ တွေ့ဖို့ အရေးပါတဲ့ လူတွေနဲ့ တွေ့ နိုင်ဖို့အတွက်ကို Mr Joseph Verner Reed က စီစဉ်ပေးနိုင်သလို၊ အာဆီယံ သံအမတ်တွေ ဘက်မလိုက်နိုင်ငံတွေက သံအမတ်တွေကို လိုက်ပြီးတော့မှ ဒီကုလသမဂ္ဂ ညီလာခံတလျှောက်မှာ၊ တောက်လျှောက် ကျနော်တို့ Deal လုပ်ပါတယ်။ Deal လုပ်ရတဲ့အကြောင်းအရင်းက ဒီနိုင်ငံတကာမှာ ဗမာ့အရေးနဲ့ပတ်သက် ပြီးတော့မှ Opposition အဖွဲ့တွေက တင်လာတဲ့အခါမှာ ကျနော်တို့ကနေပြီးတော့မှ Counter ပေါ့လေ၊ အချိန်မရွေး ရှင်းပြနိုင်အောင်အတွက်ကို ကျနော်တို့ ဘက်က အင်အားအများစုရအောင်၊ ဒီနည်းပရိရာယ် တွေကို ကုလသမဂ္ဂမှာ ကျနော်တို့ သုံးခဲ့တယ်။ ဒါလည်း ခုနကပြောသလို Mr Joseph Verner Reed ရဲ့ အကြံပေးချက်တွေ အများကြီး ပါပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ နောက်တစ်ခုက ခုဏပြောတဲ့ Mr Joseph Verner Reed ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်ဘူးဆိုတာ အဲဒါ ဘာကို ဆိုလိုပါ သလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော် သိသလောက်ပေါ့လေ အဘိုးကြီးကနေပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အမြင် မကြည်လင်ဘူး မုန်းတယ်ဆိုတဲ့ဟာကို ကျနော် တို့ သိပါတယ်။ ဆိုလိုတဲ့ သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ရှိရင် ဒီအဘိုးကြီးတွေက အကောင်းမပြောဘူးပေါ့ဗျာ။ အဲလိုအကောင်းမပြောလေ ဗိုလ်ချုပ်ကြီးသန်း ရွှေတို့နဲ့ လေပေးသင့်တယ်။ အပေးယူ သင့်တဲ့ သဘောမျိုး ဖြစ်ပါတယ်ခင်ဗျ။ ကျနော် မှတ်မိသလောက်ဆိုရင် ဗိုလ်ချုပ်ကြီးခင်ညွန့် 2004 အောက်တိုဘာမှာ အဖမ်းခံရပြီးတဲ့ နောက်ပိုင်း တောင်မှ၊ 2005 အဲဒီတုန်းက ကျနော် မထွက်ရသေးဘူး၊ ဖေဖေါ်ဝါရီလမှာ ဗိုလ်ချုပ်ကြီးမောင်အေး ဆီကနေပြီးတော့မှ စာတစ်စောင်ကို ကျနော်က တဆင့် Joseph Verner Reed ဆီကို ပို့ပေးရပါတယ်။ ပို့ပေးပြီးတော့မှ သူ့ရဲ့လက်ထောက်ကတဆင့် အဲဒီစာကို ကျနော့်ဆီ Fax နဲ့ ပြန်ပြီးပို့ပေးတော့ ကျနော် ဖတ်ကြည့်တဲ့အခါကျတော့၊ ဗိုလ်ချုပ်ကြီးမောင်အေးက ဘာရေးထားသလဲ ဆိုတော့၊ ယခုလက်ရှိပေ့ါလေ ဗိုလ်ချုပ်ကြီးမောင်အေးတို့ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ကိုလည်း အရင်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်ကလိုပဲ ဆက်ပြီးတော့မှ အကူအညီပေးပေးပါ။ ဆက်ပြီးတော့မှ ဆောင်ရွက်ပေးပါ။ မေတ္တာရပ်ခံပါတယ်ဆိုတဲ့ စာဖြစ်နေတာ ကျနော်တွေ့ရပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အခု ဒီရွေးကောက်ပွဲကို ဝင်ခိုင်းဖို့လုပ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေပေါ့နော်၊ လက်ရှိ ဝန်ကြီးတွေ ဆိုကြပါစို့၊ အဲဒီဝန်ကြီး တွေကကော ဘယ်လောက် သူတို့က ဘယ်လိုဘ၀ တွေ ဖြတ်သန်းလာခဲ့သလဲ၊ ဗိုလ်မှူး တစ်ခါ ပြောဖူးတာ ဒီထဲမှာ ကျနော်တို့ မျက်မှန်ကြီး (ဦးနေဝင်းလက်ထက်က အလွန်ရက်စက်ပြီး ဦးနေဝင်း အရှိန်နှင့် တန်ခိုးထွားခဲ့သူ မျက်မှန်တင်ဦး လန်ဘားတင်ဦးဟု လူသိများခဲ့သူ တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးဟောင်း) အချိန်အခါက အလွန်ပဲ နိုင်ငံရေးအတိုက်အခံတွေ အပေါ်မှာ လက်သံပြောင်ခဲ့တဲ့ ထောက်လှမ်းရေးအရာရှိတွေပေါ့နော်။ ဗိုလ်မှူးတို့ မတိုင်ခင်ကပေါ့၊ ဗိုလ်ချုပ်ခင်ညွန့်တို့ ဗိုလ်မှူးတို့ မတိုင်ခင်ကဆိုတော့ ဒီလူတွေ အခု ဒီမှာလာပြီး ဝန်ကြီး တွေဖြစ်နေတာ ဘယ်သူတွေပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မီးရထားဝန်ကြီးလုပ်နေတဲ့ ဗိုလ်ချုပ်အောင်မင်းပေါ့လေ၊ အဲဒီအချိန်တုန်းက သူက ကကလှမ်းက Admin မှာ နေတဲ့ ဗိုလ်ကြီးပါ ခင်ဗျ။ နောက်တစ် ယောက်က ဗိုလ်ချုပ်တင်နိုင်သိန်းပေါ့၊ အခု ကုန်သွယ်ရေးဝန်ကြီးလုပ်နေတာ၊ ကျနော်တို့ အရင် မျက်မှန်ကြီးခေတ်က လူတွေ ဖြစ်ပါတယ်။ သံအမတ်ကြီးတွေထဲမှာတော့ အခု ဗီယက် နမ်သံအမတ်ကြီးလုပ်နေတဲ့ ဦးခင်မောင်စိုးတို့၊ ယိုးဒယားမှာ သံအမတ်ကြီးလုပ်သွားတဲ့ ကိုရဲဝင်းဗျာ၊ သူကတော့ ကျန်းမာရေးနဲ့ ပြန်သွားပြီလို့ သိရပါတယ်။ ဒါတွေဟာ ကျနော်တို့ မျက် မှန်ကြီးခေတ်က ထောက်လှမ်းရေးအဟောင်းတွေပါ။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးတစ်ခါ ကျနော်တို့ ဗီအိုအေနဲ့အင်တာဗျူးလုပ်တုန်းက ပြောတဲ့၊ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံးက ခရစ်စတီးကျွန်းပေါ်မှာ ဗိုလ်ချုပ်မှူးကြီးရဲ့အမိန့်နဲ့ သာမန်အရပ် သူအရပ်သား ကလေးတွေကော မိသားစုတွေကော ဒါတွေ အကုန်လုံးကို ရှင်းပစ်လိုက် ဆိုတဲ့ဟာကို လုပ်ခဲ့တဲ့အထဲမှာ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ အခု ကျနော် တို့ လျှပ်စစ်ဝန်ကြီးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဟုတ်ပါတယ်ခင်ဗျ။ ဗိုလ်မှူးကြီးဇော်မင်းပေါ့ ခင်ဗျာ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ တွဲဘက်အတွင်းရေမှူးပါ။ ဒီလိုလူမျိုးဆိုရင်ဗျ၊ ဒီ ကလေးလေတွေ မီးနေ သည် ဗျာ၊ ကလေးမွေးပြီးခါစ ကလေးလေးကော မွေးခါစ ကလေးလေးကော မီးနေသည် ကောကို သူကိုယ်တိုင် သတ်ခိုင်းခဲ့တဲ့ လူပါ။ သူ ငြင်းလို့ မရပါဘူး။ ဒီလိုလူမျိုးတွေက ဗမာ ပြည်မှာ ခေါင်းဆောင် လုပ်လာမယ်ဆိုလို့ ရှိရင် ဘယ်လိုမှ ကောင်းဖို့ထက်ဆိုးဖို့ပဲ ဖြစ်လာမယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ၊ အဲဒီတော့ ဒီလိုလူတွေက အခု ဒီမှာလာပြီးတော့ အမတ်လောင်းတွေ ဆိုပြီးတော့။ ဗိုလ်မှူးတို့ကိုယ်တိုင် ထောက်လှမ်းရေးလုပ်လာခဲ့တာပဲ။ ဒါတွေ ကို လုပ်တဲ့နေရာမှာ အတင်း လူထုကို ဖိနှိပ်ပြီးတော့ ချုပ်ကိုင်ပြီးတော့ လုပ်တဲ့ဟာ၊ ဗိုလ်မှူးတို့ အတွေ့အကြုံအရ တကယ်တမ်း အောင်အောင်မြင်မြင်လုပ်လို့ ရသလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကိုရော်နီရာ၊ ဘယ်လိုလုပ် အောင်မြင်အောင် လုပ်လို့ ရပါ့မလဲ။ ဘယ်လိုမှ ဒီလို အကြမ်းဖက်နည်းနဲ့ လုပ်သမျှတော့ မအောင်မြင်နိုင်ဘူး။ ကျနော်တို့ ခေတ်တုန်းကလည်း ဘယ်လောက်ပဲ အန်အယ်လ်ဒီကို ဖိနှိပ်ဖိနှိပ် အန်အယ်လ်ဒီက မပျောက်သွားပါဘူး ခင်ဗျ။ “အန်အယ်လ်ဒီကို အမြစ်ပြတ်ချေမှုန်းအောင် လုပ်ရမယ်” ဘယ်လောက် ပဲပြောပြော၊ အန်အယ်လ်ဒီမှာ သတ္တိရှိတဲ့လူတွေ အများကြီး။ ဘာမှ လုပ်လို့မရဘဲနဲ့ အန်အယ်လ်ဒီကို ပြန်ပြီး စကားပြောရတဲ့အနေအထားမျိုးတွေ ရှိပါတယ်။ အခုလည်း အန်အယ်လ်ဒီ စိတ်ဓါတ်။ အင်မတန်မှ ကျနော်ထောက်ခံပါတယ်။ အလံမလှဲတဲ့စိတ်ဓါတ်မျိုးနဲ့ လုပ်သွားရင် အလားတူပဲ အန်အယ်လ်ဒီရဲ့ စိတ်ဓါတ်မျိုးကိုလည်း တိုင်းသူပြည်သားတွေအားလုံးက တစ် စိတ်တစ်ဝမ်းထဲနဲ့ သူရဲ့ဦးဆောင်မှု အောက်ကလိုက်မယ် ဆိုလို့ရှိရင် ဘယ်လိုပဲ ကြံ့ဖွံ့ပါတီအစိုးရပဲလုပ်လုပ် အလကားအစိုးရပဲဖြစ်နေမှာပါ။ ကြံ့ဖွံ့နဲ့တပ်ကြားမှာလည်း ပြဿနာတွေ ရှိ ပါတယ်။ ဒါကလည်း ဒီတပ်က ကြံ့ဖွံ့ကို ထောက်ခံရမလား၊ ကြံ့ဖွံ့ရဲ့ အသုံးချခံမလား ဆိုတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ၁၉၈၈ခုနှစ်ကို ဗိုလ်မှူးတို့က ဒီဘက်ကပေါ့နော်။ ဖိနှိပ်သူဘက်ကနေ ဖြတ်သန်းလာခဲ့တဲ့ အနေအထားအရ ဗိုလ်မှူး ဘယ်လိုမြင်လဲ၊ ရွေးကောက်ပွဲကိုသွားနေ တဲ့ နိုဝင်ဘာလ(၇)ရက်နေ့ မတိုင်မှီ ကြားထဲမှာရော ဒီဟာက ပေါက်ကွဲ မသွားနိုင်ဘူးလား ဘယ်လိုမှ ခုဏက စရဖ တွေကော ဘာကော ဘာမှ ထိန်းလို့ မရတော့ဘဲနဲ့ ဗိုလ်ချုပ်မှူးကြီး ဟာ ချောင်ချက်စကူး တို့၊ ဟိုတုန်းက အီတလီက မူဆိုလိုနီ တို့ အနေအထားမျိုး သူကြုံ မသွားရနိုင်ဘူးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အများကြီး ကြုံသွားရနိုင်ပါတယ်။ အခုအချိန်က ကျနော်တို့ မီးစာ ရှိနေပါပြီ ခင်ဗျ။ ရှို့မယ့်လူပဲ လိုပါတယ် ခင်ဗျ၊ ဘယ်ပုံဘယ်နည်း ရှို့နိုင်မယ်ဆိုတဲ့ ဟာကိုပဲ ကျနော်တို့ တွေးရမယ်။ အခု ဆိုရင် ဒါ တပ်ထဲက အစပေါ့ဗျာ၊ အရင်နဲ့ မတူတာက စစ်တပ်ထဲမှာ တစ်ကြိမ်တစ်ခါမှ ဒါမျိုးတွေ ဖြစ်ခဲ့ဖူးတဲ့ အနေအထားမျိုး မရှိပါဘူး။ အခု စစ် တပ်ထဲက အစ မကျေနပ်ဘူးဗျာ၊ အရပ်သူ အရပ်သားကလည်း မကျေနပ်ဘူး။ အဲဒီ မကျေနပ်ချက်တွေကို ဘယ်လို မီးစာလေးနဲ့ ဖောက်ခွဲမလဲ ဆိုတာ၊ အခြေအနေတစ်ခုဟာ ဖြစ်လာ တာနဲ့အမျှ ဒီရဲ့ဖြစ်လာတဲ့နောက်က လူတွေအားလုံးဟာ သေချင်သေ ဆိုပြီးတော့ လိုက်လာကြမှာပါ။ အခု အခြေအနေက 88 အခြေအနေထက် အများကြီး အဆပေါင်းများစွာ ဆိုးရွား နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ နောက်သီတင်းပတ် စက်တင်ဘာလ(၁၁)ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သားပြောစကား” အပတ်စဉ်ကဏ္ဍ မှာတော့ ၁၉၈၈ခုနှစ် စက်တင်ဘာလ စစ်အာ ဏာသိမ်းပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးစောမောင်အပေါ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ သစ္စာမဲ့ခဲ့ကြပုံတွေနဲ့ အဲဒီအချိန်က အတွင်းရေးတွေကို ဗိုလ်မှူးအောင်လင်း ထွဋ် က ပြောပြသွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG