သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၅၀)


ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၅၀)
ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၅၀)

ဒီတပတ် အစီအစဉ်မှာတော့ တကသ အဆောက်အဦးကို မူလပုံအတိုင်း ပြန်ဆောက်နိုင်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းချက်၊ နိုင်ငံအဝှမ်းမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှု လျော့ပါးရေးနဲ့ပတ်သက်လို့ မေးမြန်းချက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ့်အပေါ် အမြင်ဆွေးနွေးချက်နဲ့ ပါတီနိုင်ငံရေးအသုံးအနှုန်းအသုံးအနှုန်း စတဲ့ ဗွီအိုအေ သောတရှင်တွေရဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားပေးထားပါတယ်။

အရင်ဆုံးတော့ အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်လို့ ဆွေးနွေးချက်နဲ့စချင်ပါတယ်။ မောင်လက်ဝဲ ဆိုတဲ့ သောတရှင်က မေးမြန်းထားတာပါ။

မေး။ အဲဒီ အကျင့်ပျက်ခြစားမှုတွေကို အမှန်တကယ် လုံးလုံးလျားလျား ပပျောက်သွားအောင် ဘယ်လောက်ကြာကြာ လုပ်ဖို့လိုပါသလဲ။ အကျင့်ပျက်ခြစားမှုတွေ ပပျောက်ဖို့ ပြည်သူတွေဖက်က ကြိုးစားနိုင်ပါမလားခင်ဗျာ။ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းတုန်းကလို ပြည်သူတွေ ဝိုင်းဝန်း ကန့်ကွက်၊ ဝိုင်းဝန်း ဆောင်ရွက်ကြတဲ့ ပုံစံမျိုး ကို ဆိုလိုတာပါ။ ဥပဒေဘောင်အတွင်းကနေ ပြည်သူတွေ စနစ်တကျ ကြိုးပမ်း မယ်ဆိုရင် ဖြစ်နိုင်မယ်ထင်လို့ပါ။ ပြည်သူတွေလို့ ဆိုရာမှာ ပြည်သူတွေ ကိုယ်တိုင်က အကျင့်ပျက်ခြစားမှုတွေနဲ့ မကင်းနိုင်တော့ ခက်မယ်ထင်တယ် အန်တီစုရယ်။

ဖြေ။ အကျင့်ပျက် ခြစားမှုတွေ ရေရှည်ဖြစ်ပွားခဲ့ပြီးမှ ပပျောက်အောင် လုပ်ဖို့ဆိုတာ မလွယ်ကူကြောင်းကို ကမ္ဘာအဝှမ်းနိုင်ငံတွေများစွာရဲ့ အတွေ့အကြုံအရ သိရပါတယ်။ တိကျတဲ့ စည်းမျဉ်းဥပဒေတွေ ပြတ်သားတဲ့အရေးယူမှုတွေ သင့်လျော်တဲ့ဝန်ထမ်းလခတွေနဲ့တင်မက ပြည်သူတွေ အပါအဝင် သက်ဆိုင်သူအားလုံး စိတ်ဓါတ်အတွေးအခေါ် ပြောင်းလဲအောင် လုပ်ကြရမှာပါ။ အင်မတန်ခက်မယ်ဆိုတာကို မငြင်းနိုင်ပေမယ့် အန်တီတို့ မြန်မာတွေ ပြောလေ့ရှိတဲ့အတိုင်း ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ်၊ ဆန္ဒ ဝီရိယ စိတ်ဓါတ် ပညာနဲ့ အောင်နိုင်မှုရနိုင်တယ်ဆိုတာကိုတော့ ယုံကြည်ပါတယ်။ ဒါကြောင့် အားလုံးဟာ အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ဒီကိစ္စမှာ ပါဝင်ကြိုးပမ်းရမှာဖြစ်ပါတယ်။

အသက် ၈၀တွင်းရောက် ကျောင်းသားဟောင်းတစုဆိုပြီးတော့ မိုင်းခွဲဖျက်ဆီးခံရတဲ့ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အဦးကို မူလပုံအတိုင်း ပြန်လည်တည်ဆောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ကမကထ လုပ်ပေးပါလားဆိုပြီး တိုင်တည်ရေးသားလာပါတယ်။

မေး။ မကြာမီက ၁၉၅၀-၁၉၅၆ တက္ကသိုလ်ကျောင်းသားဟောင်တစ်စုဆုံမိကြတယ်။ အသက် ၈၀ တွင်းတွေပေါ့။ ၁၉၅၃ ခုနှစ် တကသ ရွေးကောက်ပွဲ မဲပုံးခွဲတဲ့အကြောင်း ရောက်သွားကြရာကနေ တကသ အဆောက်အဦးကြီး မိုင်းခွဲခံရတဲ့အကြောင်းအထိ ရောက်သွားကြပြီး နောက် စိတ်ကူးရကြတာကတော့ ဒေါ်အောင်ဆန်းစုကြည်က ကမကထလုပ်လိုက်ပြီး တကသအဆောက်အဦးကြီးကို မူလပုံအတိုင်း ပြန်ဆောက်နိုင်အောင် ကြိုးစားလိုက်ရင် အလွန်ကောင်းမှာပဲလို့ ဆန္ဒဖြစ်ပေါ်လာကြပါတယ်။ ဆောင်ရွက်ပေးပါလို့ ဒေါ်အောင်ဆန်းစုကြည် ကို လေးလေးနက်နက်တိုက်တွန်းလိုက်ပါတယ်။

ဖြေ။ အသက် ၈၀တွင်းရောက်နေတဲ့ ကျောင်းသားဟောင်းကြီးတွေဆိုတော့ အန်ကယ်တို့လို့ ပြောပါရစေ။ အန်ကယ်တို့ရဲ့ တက္ကသိုလ်သမဂ္ဂ ပြန်လည်ဆောက်တည်ချင်တဲ့ဆန္ဒကို ကျမ လေးစားသလို လုံးဝလည်း ထောက်ခံပါတယ်။ သမိုင်းအရ အရေးပါရုံမက ဖေဖေနဲ့ ဆက်စပ်နေလို့ ပုဂ္ဂိုလ်ရေးအရပါ ကျမအတွက် အန်မတန် အဓိပ္ပါယ်ရှိတဲ့ကိစ္စမို့ အခွင့်အခါကြုံရင် ဖြစ်မြောက်အောင် ကျမ ကြိုးစားချင်ပါတယ်။ အန်ကယ်တို့တွေ အားလုံး ကျန်းမာချမ်းသာစွာနဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီး ပြန်လည်ပေါ်ထွန်းလာတာကို မြင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။

မောင်နဆိုတဲ့ သောတရှင်ရဲ့မေးခွန်းကတော့ တလောက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်လောကသားအချို့ တွေ့ဆုံခဲ့ကြတာကို ရည်ညွှန်းဟန်တူပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ ဆုတောင်းပြီး သူ့အမြင်ကို ရေးသားပေးပို့လာတာပါ။

မေး။ နိုင်ငံတော် တည်ဆောက်ရေးအတွက် အားလုံးသောအလွာပေါင်းစုံလိုအပ်တယ် ဆိုတာ နားလည်ပါတယ်။ အဲဒီထဲမှာမှ ဆူလွယ်နပ်လွယ်ဗီဒီယိုသမားတွေက ဆရာဝန် အင်ဂျင်နီယာ စတဲ့ လူငယ်ပညာရှင်တွေထက် ပိုအရေးပါပြီး လိုအပ်တယ်လို့ ထင်မြင်ပါသလားခင်ဗျာ။ အမေ လွတ်ပြီး ဦးကျော်သူ လာကန်တော့တဲ့အခါ အားလုံးက ဝမ်းသာခဲ့တယ်။ ဦးဇာဂနာ လာကန်တော့တဲ့အခါ အားလုံးက ကြည်နူးခဲ့တယ်။ ဂီတသမားတွေနဲ့ တွေ့တဲ့အခါ ပီတိဖြစ်ကြတယ်။ ဘာလို့လည်းဆိုတော့ ဂီတ သမားထဲမှာ အများစုက ပြည်သူ့ဖက်က ရပ်တည်သူတွေမို့ပါ။ အခု ဆူလွယ်နပ်လွယ် ဗီဒီယိုသမားတွေနဲ့တွေ့တော့ တော်တော် စိက်ပျက်ကြတယ်။ မြန်မာပြည်တွင်း က ကောင်မလေးတစ်ယေက်ရဲ့ စာမျက်နှာပေါ်မှာ "အခု ဒီလိုလူတွေက ချစ်ပြနေတော့ သာမာန် အရပ်သူတွေကရော တွေ့ခွင့် ချစ်ပြခွင့် မရှိတော့ဘူလား" ဆိုပြီး ရေးထားပါတယ်။ အဲဒါဟာ ပြည်တွင်း ပြည်ပက လူငယ်အားလုံးရဲ့ ခံစားချက်ပါ။

ဖြေ။ ဘယ်သူမဆို သံသယရဲ့အကျိုးကို ခံစားပိုင်ခွင့်ရှိသလို မိမိတို့ကိုယ် မိမိ ပြုပြင်ပြောင်းလဲပိုင်ခွင့်လည်း ရှိရပါလိမ့်မယ်။ တကယ်တော့ ဒီနှစ်ပေါင်း ၂၀ကျော်ကာလအတွင်း အမေ အဓိက ထိတွေ့မှုရှိနေခဲ့တာက ပြည်သူတွေပါပဲ။ ဘာ အလုပ်ပဲ လုပ်လုပ် ဘယ်လိုပဲ နိုင်ငံရေးနဲ့ ပတ်သက်မှု ရှိခဲ့ မရှိခဲ့ နိုင်ငံသူ နိုင်ငံသားများအကြား ကျောသားရင်သား မခွဲခြားချင်ပါဘူး။ သွေးစည်းညီညွတ်တာကိုပဲ မြင်ချင်ပါတယ်။ သဘောထားကြီးကြီးထားပြီး မိသားစုစိတ်ဓါတ်နဲ့ အားလုံး လက်တွဲလုပ်နိုင်မယ်ဆိုရင် အမေတို့နိုင်ငံအတွက် ဘယ်လောက် ကောင်းမလဲဆိုတာ မှတ်ထားစေချင်ပါတယ်။ ဗွီဒီယိုသမားမဟုတ်လည်း အမေတို့နဲ့ ဆက်သွယ်နိုင်တာပါပဲ။ အခု သားလည်း ဆက်သွယ်နေတယ်မဟုတ်လား။

နိုင်ငံရေးအကျဉ်းသား ကိုလှမောင်ဆိုသူကတော့ ပြည်ပတနေရာရောက်နေတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇော မြန်မာပြည်ကို ပြန်လာနိုင်ဖို့ ဖိတ်ခေါ်ပေးပါဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ထံ တိုင်တည်ရေးပါတယ်။

မေး။ ဒီနေ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော အသက် ၉၂ နှစ်ပြည့်ပါပြီ။ ဗမာပြည်ရဲ့သက်ရှိထင်ရှား သမိုင်းဝင်ပုဂ္ဂိုလ်ကြီးပါ။ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးကို မထင်မရှားနဲ့တရုပ်ပြည်မှာခေါင်းမချစေချင်ပါဘူး။ ဦးသိန်းစိန် အစိုးရအနေနဲ့လဲ တပ်မတော်ကိုထူထောင်ခဲ့တဲ့ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးကို ပြန်ခေါ်ဖို့ခွင့်ပြုမယ်လို့ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တောင်းဆိုမယ်ဆိုရင် ငြင်းစရာအကြောင်းမရှိပါဘူး။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးအဖွဲ့ဝင် ဗိုလ်ချုပ်ကျော်ဇောအနေနဲ့ တိုင်းရင်းသားများအရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး မှာ အများကြီးအထောက်အပံ့ဖြစ်မယ်လို့ယုံကြည်ပါတယ်။ နိုင်ငံရေးအယူအဆမတူတာကတော့ ဒီမိုကရေစီကျင့်စဉ်မှာ မထူးဆန်းဘူး လို့ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ၁၀၀ပြည့် ရုပ်ရှင်ရိုက်မယ်ဆိုရင်လဲ ဗိုလ်ချုုပ်ကျော်ဇောထက် သိတဲ့သူမရှိနိုင်ပါဘူး။ ဒါကြောင့်မို့ အန်တီဒေါ်အောင်ဆန်းစုကြည် ခင်ဗျား ဗိုလ်ချုပ်ကျော်ဇောကို ဖိတ်ခေါ်ကြိုဆိုပေးပါရန် လေးစားစွာ မေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ်ခင်ဗျား။

ဖြေ။ ဗိုလ်ချုပ်ကျော်ဇောသာမက မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး ပြန်လာနိုင်မယ့် အခြေအနေမျိုးကို အန်တီတို့အားလုံး လိုလားလို့ နိုင်ငံရေးလုပ်နေတာပါ။ ဗိုလ်ချုပ်ကျော်ဇောကို ငယ်ငယ်ကတည်းက ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးခဲ့ပါတယ်။ ဒါပေမယ့် အန်တီတို့ဟာ နိုင်ငံရေးလုပ်တဲ့အခါမှာ လူတဦး တယောက်အတွက် အဖွဲ့အစည်းတခုအတွက်သာ အထူးလုပ်ဆောင်ခြင်းမဟုတ်ပဲ ပြည်သူအားလုံးအတွက် လုပ်ဆောင်ရမယ်ဆိုတာကို ဗိုလ်ချုပ်ကျော်ဇော ကိုယ်တိုင်က သဘောတူမယ်လို့ ယုံကြည်ပါတယ်။

ကွန်ပြူတာတက္ကသိုလ်က မင်းသူရိန်စိုးဆိုတဲ့ သောတရှင်တဦးကလည်း အခုလို ရေးသားလာပါတယ်။

မေး။ ကျနော်နဲ့ ကျနော့်အဒေါ်တို့ဟာ နေ့စဉ်(၈)နာရီ သတင်းကို နားထောင်ပါတယ်။ အထူးသဖြင့် ကျနော်တို့မိသားစုဟာ အမေစုသတင်း လာမယ့်နေ့ဆို အမေစုသတင်းမလာမချင်း စောင့်ကြည့်ကြပါတယ်။ အဲဒီသတင်းတွေကလည်း voa က ပြောမှသိရတာပါ။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်သူတွေလာပြီး၊ ဘာတွေပြောကြတယ် ဆိုတာ VOA ကပဲအရင်ပြောတယ်လေ။ တနေ့ အမေစု ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့တဲ့နေ့ပေါ့။ VOA က အရင်ပြောလို့ အဲဒီနေ့ မှာ သူတို့ တွေ့ဆုံကြတာ (၈)နာရီ သတင်းမှာ ပါမယ် ထင်လို့ စောင့်ကြည့်ကြပါတယ်။ သတင်းထဲလဲပါ ပါတယ်။ ခက်တာက နောက်ဆုံးမှ အမေစု သတင်းပါဝင်ခြင်း ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သတ်ပြီး ကျနော့်အဖေက ကျနော်တို့ကို ပြောပါတယ်။ ၈နာရီသတင်း ကြည့်ရတာ နှစ်ပါးသွားကြည့်ရသလိုပဲတဲ့။ ဘာလို့လဲလို့ ကျနော်ကမေးတော့ "မင်းစဉ်းစားကြည့်လေ။ အဖေတို့နှစ်ပါးသွားကြည့်ရင် ဇတ်အဖွဲ့ရဲ့ အဓိကဇတ်ဆရာ၊ အရေးပါဆုံး မင်းသားက နောက်ဆုံးမှ ထွက်တာလေ။ အဲဒီလိုဘဲ အဖေတို့ကြည့်ချင်တဲ့ ဒေါ်စုသတင်း၊ ဒေါ်စုမျက်နှာ၊ဒေါ်စုအသံ ( TV မှာတော့မပါ ) ဒေါ်စုအပြုံးတွေဟာလည်း နောက်ဆုံးမှ ပါတာပေါ့။" တဲ့။

ဖြေ။ ကိုမင်းသူရိန်စိုးရဲ့စာကို ဖတ်ပြီး ပြုံးရပါတယ်။ အမေသတင်းတွေ ဖတ်ပြီး နားထောင်တဲ့ အဖေရဲ့ မှတ်ချက်ကိုလည်း သဘောကျပါတယ်။ ဒီလို ဟာသလေးနဲ့ အားပေးလိုက်တော့ တနေ့လုံး - ဒီနေ့ကလည်း တနင်းနွေနေ့ပါနော် - ဆက်တိုက် အလုပ်လုပ်ရတာတွေအတွက် အမော ပြေသွားတာပါပဲ။ သားတို့လို ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားသွားပါမယ်။

မစ္စတာ RAMPAGE ဆိုသူကတော့ ပြည်ထာင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့် တလောတုန်းက သတင်းမီဒီယာတွေကို ပြောဆိုခဲ့တာကို အခြေခံပြီး ဆွေးနွေးမေးမြန်းလာပါတယ်။

မေး။ ဦးခင်အောင်မြင့်တို့အနေနဲ့ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲကို အသိအမှတ်ပြုတယ်ဆိုရင် အကောင်အထည်ဖော်ပေးသင့်တယ်လို့ယူဆပါတယ်။ ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာကတော့လွယ်ပါတယ်။ Next Presidency Term ကို NLD လက်ထဲအပ်လိုက်ရင် ဒီပြသနာပြေလည်မယ်လို့ထင်ပါတယ်။ အကြီးမားဆုံးသော ခြွင်းချက်တခုတော့ ဖြစ်လာနိုင်စရာရှိတာပေါ့။ တူတာတွေတွဲလုပ်မယ်ဆိုတော့ NLD ကလည်း ပြည်ခိုင်ဖြိုးနဲ့ရွေးကောက်ပွဲတွေမှာအနိုင်ရတာခြင်း အတူ တူပါပဲ။ NLD အနေနဲ့ ဒီနည်းနဲ့ပဲ ၁၉၉၀ ကိစ္စ ကိုပြန်ကုစားလို့ရနိုင်ပါတယ်။

ဖြေ။ Mr.Rampage ကတော့ NLD အပေါ်မှာ ယုံကြည်မှု စေတနာအပြည့်နဲ့ သမတနေရာတောင် ပေးအပ်ချင်တာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျမတို့က ရွေးကောက်ပွဲဝင်တယ်ဆိုတာ ရာထူးတနေရာအတွက် မဟုတ်ပဲ ပြည်သူ့ထောက်ခံမှုနဲ့ ပြည်သူကို အကျိုးပြုဖို့ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်နဲ့ ယနေ့ကြားမှာ ဆယ်စုနှစ် နှစ်စုကျော် ကွာခြားသွားပေမယ့် ကျမတို့ဟာ ယုံကြည်မှု အပြည့်အဝနဲ့ ပြည်သူတွေရဲ့ထောက်ခံမှုကို အသစ်တဖန်တောင်းခံဖို့ ပြင်ဆင်နေတာပါ။ Mr.Rampage လည်း NLD ကို မဲထည့်ဖို့ မပျက်ကွက်ပါနဲ့နော်။

အခုနောက်ဆုံး ဦးနွယ်တိုး ကျောက်မြောင်းဆိုတဲ့ သောတရှင်တဦးမေးမြန်းချက်နဲ့ အဆုံးသတ်ပါမယ်။ ပါတီနိုင်ငံရေးဆိုတဲ့ ဝေါဟာရနဲ့ပတ်သက်လို့ မေးမြန်းထားချက်ပါ။

မေး။ အန်တီစုခင်ဗျား အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်ကြားတာ အထူးသဖြင့် အန်တီကိုယ်တိုင် အရွေးခံမယ်လို့ကြားရတာ တမျိုးစဉ်းစားမိပါတယ်။ ထောက်ခံခြင်း မထောက်ခံခြင်းမဟုတ်ပါဘူး။ ပါတီ နိုင်ငံရေးကို ဦးတည်လိုက်သလားလို့ပါ။ အန်တီစုဟာ တမျိုးသားလုံးမျှော်လင့်ချက်ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့အားကိုးရာလည်းဖြစ်ပါတယ်။ သူသူငါငါ အုတ်ရောရော ကျောက်ရောရော လွှတ်တော်ထဲမှာ သူများတွေနဲ့ တန်းတူ မမြင်ချင်ပါဘူး။ အထူးသဖြင့် လွှတ်တော်ထဲ လူများစုက အန်တီကို အနိုင်ကျင့်မှာပါ။ သူတို့က လူထုထောက်ခံမှုမဲကို ရိုးရိုးသားသားယူပြီး လွှတ်တော်ထဲ ဝင်လာသူတွေမဟုတ်ပါဘူး။ ဒါ တနိုင်ငံလုံးအသိပါ။ အန်တီက ထောင်ထဲမှာရှိနေတုန်း ဖြစ်သွားတာပါ။ အန်တီအပါအဝင် အဖွဲ့ချုပ်ကိုက ပြည်သူတွေ ရွေးခြယ်ပြီးသားဖြစ်ပါတယ်။ ကျနော်မေးမြန်းချင်တာက ပါတီနိုင်ငံရေးဆိုတဲ့ အသုံးအနှုန်းပါ။ အမျိုးသားရေးနဲ့ ကွာခြားသလား။ အန်တီအမြင်ကိုလည်း သိချင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ပြီး လိုရာခရီးပေါက်နိုင်ပါစေ။

ဖြေ။ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ကျင့်သုံးချင်တယ်ဆိုရင် ခိုင်မာပြီး သိက္ခာရှိတဲ့ နိုင်ငံရေးပါတီတွေ ထူထောင်ဖို့ဟာ မဖြစ်မနေ လိုအပ်ချက်ပါ။ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးရယ်လို့ ခွဲခြားပြီးမြင်တာဟာ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတွေကို အသေအချာ မလေ့လာထားလို့ ဖြစ်နိုင်သလို ပါတီနိုင်ငံရေးရဲ့ အဓိပ္ပါယ်ကို တမျိုးမြင်လို့လည်း ဖြစ်နိုင်ပါတယ်။ အန်တီ ဖေဖေကိုယ်တိုင် ပါတီနိုင်ငံရေးမှတဆင့် မြန်မာနိုင်ငံလွတ်လပ်ရေးကို ဦးတည်တဲ့ ၁၉၄၇ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ တောင်အာဖရိက က တကမ္ဘာလုံး လေးစားရတဲ့ ခေါင်းဆောင်ကြီး နယ်ဆင်မန်ဒဲလားဆိုရင်လည်း မိမိနိုင်ငံရေးသက်တမ်းတလျှောက် ANC ပါတီဝင်အဖြစ် လှုပ်ရှား ရပ်တည်ခဲ့တာပါ။ အနားယူနေပြီ ဖြစ်ပေမယ့်လည်း ခုထိတောင် ပါတီဝင်ဖြစ်ဆဲ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ် ကိုယ့်ပါတီ နိုင်ငံရေးအထက်မှာ ရှိတယ်လို့ ယူဆတဲ့ ပုဂ္ဂိုလ်များဟာ တကယ်တော့ ဒီမိုကရေစီအရေးထက် ကိုယ့်အနေအထားကို ပိုပြီး အလေးထားတယ်လို့ အန်တီ ထင်မိပါတယ်။ နောက်ပြီး လွှတ်တော်ထဲက လူတွေထက် ကိုယ့်ကိုကိုယ် သာတယ်လို့လည်း မမြင်သင့်ပါဘူး။ သူတို့တွေလည်း နိုင်ငံသားတွေ မဟုတ်ပါလား။ ကိုယ်စားလှယ်တွေ အရည်အသွေးတက်လာပြီး အန်တီကို အနိုင်မကျင့်နိုင်အောင်လို့ သားတို့က ဝိုင်းပြီး လုပ်ပေးကြလေ။

ဗွီအိုအေ သောတရှင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေ မြန်မာပိုင်းက အထူးကျေးဇူးတင်ပါတယ်။ အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေသောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

နောက်အပတ်ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေးအဖြေအစီအစဉ်ကို ရပ်နားမှာဖြစ်ပြီး၊ ဒီနေရာမှာ တိုက်ရိုက်လေလှိုင်းအစိအစဉ်ကို အချိန်တိုးမြင့် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

XS
SM
MD
LG