သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ကြီးဟောင်း နေမျိုးဇင် နမူနာ နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မျှော်လင့်ချက် - အပိုင်း (၂)


တပ်မှူးတပ်သား ပြောစကား (၀၇၇)

NLD လူငယ်တွေနဲ့ တွဲပြီး၊ သွေးလှူဒါန်းခြင်းလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို၊ သြဂုတ်လ (၂၆) ရက် နေ့မှာ အင်းစိန်ထောင်တွင်း အထူးတရာရုံးကနေ အီလက်ထရောနစ် ပုဒ်မ ၃၃ (က) နဲ့၊ ထောင်ဒဏ်(၁၀)နှစ်၊ ချမှတ်လိုက်ပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်လာနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိ လာချိန်မှာပဲ၊ အခုလို ပေါ်ပေါက်လာတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့ဖြစ်စဉ်ဟာ၊ ဒီမျှော်လင့်ချက်တွေကို ဘယ် လိုထိခိုက်စေနိုင်ပါသလဲ၊ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်းဦးဝင်းထိန်၊ ထောက်လှမ်း ရေးနဲ့သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်တို့နဲ့ ဆက်သွယ်ဆွေးနွေးပြီး၊ ဦးရော်နီညိမ်း က ဒီသီတင်းပတ် တပ်မှူးတပ်သား ပြောစကားကဏ္ဍကို၊ စီစဉ် တင်ဆက်ထားပါတယ်

ဦးရော်နီညိမ်း ။ ။ အခု ဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့အဖြစ်ဟာ၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ရဲ့ အဖြစ် နဲ့ တော်တော်လေး တူလာတော့၊ ဒါပေမဲ့ ကာလကွာခြားတာက၊ ဦးဝင်းထိန်ကို နှိပ်ကွပ်တဲ့အချိန်တုန်းက၊ NLD ကော၊ တတိုင်းပြည်လုံးက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကော၊ အပြင်းအထန် ဖိနှိပ်၊ နှိပ်ကွပ်ခံနေရ တဲ့ အချိန်ဖြစ်တယ်။ အခုကတော့ သံလွင်ခက်ကို ကမ်းသယောင်ယောင် ပြထားတဲ့အချိန်၊ (၂၀၁၄ မှာ အာဆီ ယံသဘာပတိလုပ်ချင်တဲ) သူတို့ရဲ့ လိုလားချက်တွေကလည်း၊ ရှိနေသေးတဲ့အချိန် ဖြစ်နေတယ်။ အဲဒီအချိန် မှာတောင်မှ၊ မအောင့်မအည်းနိုင်ပဲ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် (၁၀)နှစ် ချဖြစ်အောင် ချလိုက် သေးတယ်။ အဲဒီအခါကျတော့၊(ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးသိန်းစိန်တို့၏ ကြေညာချက်အရ) ဦးသိန်း စိန်အစိုးရဟာ ရှေ့ဆက်ပြီးတော့ NLDနဲ့လက်တွဲပြီးတော့၊ တူတာတွေပေါင်းလုပ်မယ်၊ မတူတာတွေ ဘေးဖယ် ထားမယ်၊ စသည်အားဖြင့် ကိစ္စတွေ၊ အဲဒါတွေကကော ဖြစ်နိုင်ခြေရှိပါ့မလား။ အခု ဗိုလ်ကြီးဟောင်းနေမျိုးဇင် ကို ဒီလိုလုပ်တာက၊ နမူနာဖြစ်နေပြီ။ အရပ်သားအစိုးရအသစ် ဆိုတာ ဖြစ်လာချိန်မှာ၊ သူက ပထမဆုံး အဖမ်း ခံရပြီး၊ ပထမဆုံး ထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသား လာပြီး ဖြစ်နေသေးတယ်။

ဦးဝင်းထိန် ။ ။ ဒါကတော့ ကျယ်ကျယ်ပြန့်ပြန့်ပြောရမယ်ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံတဲ့ပွဲဟာတော့၊ အင်မတန်လိုလားအပ်တဲ့ တွေ့ဆုံပွဲပေါ့လေ။ သို့သော်လည်း တိုင်းပြည်အ တွက်ကော၊ ဒီမိုကရေစီရေးအတွက်ကော၊ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ အတွက်ကော၊ ဘယ် လောက်အထိ၊ ထိရောက်တဲ့ ခြေလှမ်းတွေ ဖြစ်လာဦးမှာလဲ ဆိုတာ၊ စောင့်ကြည့်ရဦးမှာပေါ့။ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့လည်း၊ အခုဆိုရင် အင်မတန်ခက်ခဲပြီး သိမ်မွေ့တဲ့လမ်းကြောင်းကို လျှောက်နေတယ်လို့၊ ကျနော် တို့က မြင်ပါတယ်။ သူလျှောက်နေတဲ့ လမ်းကိုလည်း အားလုံးက အင်တိုက်အားတိုက် ထောက်ခံကြပါတယ်။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ၊ ဗိုလ်နေမျိုးဇင်ကို ထောင်ချတဲ့ ဖြစ်ရပ်မှာတော့၊ ကျနော်တို့ အင်္ဂလိပ်လိုပြောရင် တော့ mindset(စိတ်အယူအဆ)ပေါ့။ သူတို့ mindset က၊ မပြင်သေးဘူး။ ဒါကလည်းတချက်။ နောက်တချက် ကတော့ လက်လိုပေါ့။ လက်တချောင်းမှာတောင် အတိုအရှည်ရှိသေးတာပဲ။ အပေါ်ကဦးသိန်းစိန်ခေါင်းဆောင် တဲ့ governing body (အစိုးရအဖွဲ့) က၊ အနာဂတ်အတွက် ဆုံးဖြတ်ပြီးတော့မှ၊ သူတို့ လိုအပ်မဲ့ခြေလှမ်းတွေ လှမ်းသော်လည်းပဲ၊ တဘက်က တခြား organ တခုပေါ့၊ အစိုးရရဲ့ တခြား အဖွဲ့အစည်းတခုက အရင်အတိုင်းပဲ နှိပ်ကွပ်မှ ဖြစ်မယ်ဆိုတဲ့ အယူအဆနဲ့ ဆက်လုပ်နေတဲ့ အဖွဲ့တွေ၊ ရှိဦးမယ်လို့ ကျနော် ယူဆတယ်။ အဲဒီတော့ တဘက်ကတော့ မီးစပေါ့၊ တဘက်ကတော့ ရေမှုတ်ပေါ့။ အဲဒီလိုပဲ ကျနော်မြင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို အရေးယူပြီးတော့အပြစ်ပေးလိုက်တဲ့ကိစ္စ ဟာ၊ ဒီအစိုးရအပေါ် ယုံကြည်မျှော်လင့်ချက်တွေ ထားနေသူတွေအဖို့၊ စိတ်ပျက်သွားစရာ (သို့မဟုတ်) ထိတ် လန့် ကြောက်ရွံ့သွားစရာ ဖြစ်မသွားနိုင်ဘူးလား ခင်ဗျ။ အဲဒါကို ဘယ်လို မြင်ပါသလဲ။

ဦးဝင်းထိန် ။ ။ ဖြစ်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန်တို့ တွေ့ပြီးတာ၊ ရက်ပိုင်း ပဲ ရှိသေးတယ်။ လပိုင်းတောင် မကူးသေးဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နီးစပ်နေတဲ့အသိုင်းအဝိုင်းကို ရောက် လာတဲ့၊ ကိုနေမျိုးဇင်ကို ထောင်ချတယ်ဆိုတာက၊ တော်တော်ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ကိစ္စ့ပဲ။ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြေလည်အောင် ကြိုးစားမယ်ဆိုရင် ကိုနေမျိုးဇင်ရဲ့ကိစ္စဟာ ဘာမှ၊ ဟုတ်တဲ့ ကိစ္စှမဟုတ်ဘူး။ အင် တာနက်သုံးတဲ့လူတိုင်းဟာ၊ နိုင်ငံတကာနဲ့ တနည်းမဟုတ်တနည်း ဆက်ဆံနေကြတာပဲ။ အဲဒါကိုအကြောင်းပြု ပြီး ထောင်ဒဏ်(၁၀)နှစ် ချတယ်ဆိုတာ၊ ဘယ်လိုမှ ကောင်းတဲ့ဘက်က လှည့်တွေးလို့ မရဘူး။

ဦးရော်နီညိမ်း ။ ။ နောက်တခါ သူ့ကို ထောင်ချတဲ့နေ့ သြဂုတ်လ(၂၆)ရက်နေ့ကလည်း၊ ဘာသွားပြီး ထူးခြားတာရှိလဲ ဆိုတော့၊ လွှတ်တော်ထဲမှာ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်၊ သမ္မတမှ ထုတ်ပြန်ပေးရေးဆိုတဲ့ အဆိုကို၊ အမတ်တဦးက တင်သွင်းပြီးတော့၊ တပ်မတော် သား လွှတ်တော်အမတ်တွေ ဗိုလ်မှူးကြီးဌေးလှိုင်တို့ ဗိုလ်မှူးကြီးတင့်ဆန်းတို့ဆိုတဲ့ အမတ်တွေကတောင် ထောက်ခံကြလို့၊ နောက်ဆုံးကျ ကန့်ကွက်သူတွေနည်းပြီး၊ ထောက်ခံသူတွေ များလွန်းလို့၊ လွှတ်တော်ကြီး တခုလုံးက၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အမိန့်ကို၊ သမ္မတက ထုတ်ပေးဖို့အတွက်၊ သမ္မတဆီကိုတောင် ဒီအဆိုကို တင်လိုက်ကြတယ် ဆိုတဲ့နေ့၊ အဲဒီနေ့မှာပဲ၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို သူတို့က ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချ လိုက်တာပေါ့။ အဲဒီတော့ ဒီဟာက တဦးတည်း တဖွဲ့တည်းက၊ တစည်းတလုံးထဲ ဆုံးဖြတ်လုပ်ကိုင်နေတဲ့ သဏ္ဍာန် မဆောင်ဘူးလား။ ခုနပြော သလို၊ organ အမျိုးမျိုးရှိသလို၊ ဟိုorganက ဟိုအလုပ်လုပ်ပြီးတော့၊ ဒီorgamက ဒီအလုပ် လုပ်တဲ့ သဘော လား။

ဦးဝင်းထိန် ။ ။ ခုနပြောသလို၊ လွှတ်တော်မှာ အမတ်တဦး တင်တဲ့အဆိုကို၊ ဗိုလ်မှူးကြီးဌေးလှိုင် တို့ ဗိုလ်မှူးကြီးတင့်ဆန်းတို့က ထောက်ခံကြတယ်ဆိုတာ ကြားရတော့၊ ခုထက်ထိလည်း ဒါမျိုးတွေ လုပ်နေ တုန်းပဲလို့၊ စိတ်ထဲက ဖြစ်လာတယ်။ ဘာ့ကြောင့်လဲဆိုတော့၊ တပ်မတော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက၊ အထက်က အမိန့်မပေးပဲနဲ့၊ လွှတ်တော်ထဲက အဆိုတခုကို ဒီနေ့ ထောက်ခံလိုက်ရင်၊ ဒီနေ့ပဲ အချုပ်ထဲ ဝင်ရ မှာ။ synchronize (ဟန်ချက်ညီသရုပ်ဆောင်လုပ်ဇာတ်ကခြင်း) ပေါ့။ ညှိပြီးတော့မှ လုပ်တဲ့ဟာဆိုတာ သိပ် ထင်ရှားလွန်းအားကြီးတယ်။ ဒါက တချက်။ နောက်တချက်က၊ အဲဒီနေ့နဲ့တိုက်ဆိုင်ပြီး၊ ကိုနေမျိုးဇင်ကို ထောင် ချတယ် ဆိုတော့၊ အထက်က လုပ်နေတဲ့ နိုင်ငံရေး agenda(အစီအစဉ်)က သပ်သပ်။ နောက် administration (အုပ်ချုပ်ရေး)နဲ့ပတ်သက်နေတဲ့ agenda က သပ်သပ်။ သူတို့ချင်း အံချော်နေကြတာ၊ ကျနော် သတိထား မိ တယ်။

ဦးရော်နီညိမ်း ။ ။ အံချော်နေတာ ဖြစ်နိုင်သလို၊ ဇာတ်ဆရာစီစဉ်နေတဲ့၊ “မင်းကတော့ ဒီလို က”၊ နောက်တယောက်ကျတော့ “မင်းကတော့ ဟိုလို က”၊ ဆိုပြီး၊ အဲဒီလို လူခွဲပြီးတော့ ကပြအင်္သုးတော်ခံခိုင်းတဲ့ သဘောကော၊ မရှိဘူးလား ခင်ဗျ။

ဦးဝင်းထိန် ။ ။ (ရယ်လျှက်) ဒါလည်း ဖြစ်နိုင်တာပဲ။ ဒါမျိုးတွေက ဦးနေဝင်း လက်ထက်ကတည်း က လုပ်လာတဲ့ဟာတွေ။ ဗိုလ်ချုပ်ကြီးသန်းရွှေကလည်း ဒီလို ဇာတ်လမ်းတွေအတွက် ဘယ်လို ကကွက်တွေ ချိုးရတယ်ဆိုတာ အကုန်သိခဲ့တာပဲ။ သမ္မတကြီးဦးသိန်းစိန်က ဒါတွေကို အဲဒီလောက် ကျွမ်းချင်မှ ကျွမ်းမှာ။ ဒါပေမဲ့ သူ့အောက်က လူတွေထဲ၊ ဒါတွေ ကျွမ်းတဲ့လူတွေ ရှိနေတာ၊ ကျနော် သတိထားမိတယ်။

ဦးရော်နီညိမ်း ။ ။ အခု တခါတော့၊ စစ်ထောက်လှမ်းရေးအရာရှိဟောင်းနဲ့ အမေရိကန်နိုင်ငံက မြန်မာ သံရုံးမှာ သံမှူးကြီးတာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ရဲ့ အတွေ့အကြုံကို မေးမြန်း ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ ဗိုလ်မှူးအောင်လင်းထွဋ် ခင်ဗျား၊ ဟိုးတုန်းက ဦးနေဝင်း တိုင်းပြည်ကို အုပ်ချုပ်နေ တုန်းက၊ သူအားကိုးနေရတဲ့ လက်ထောက်တွေထဲမှာ၊ တိုင်းပြည်ကို ခပ်ကြမ်းကြမ်းကိုင်မယ် ဆိုရင်၊ ဦးစိန်လွင် (ရှစ်လေးလုံး လူထုအုံကြွမှု အစပိုင်းရက်များတွင်၊ ဆန္ဒပြလူထုကို ပစ်ခတ်ဖြိုခွဲဖို့ အမိန့်ပေးခဲ့သည့်၊ ထိုစဉ်က အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ နှင့် သမ္မတ၊ ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးချုပ် ဦးစိန်လွင်) လို ပုဂ္ဂိုလ်မျိုးနဲ့ ပွဲထုတ်ပြီးတော့ သူက ခိုင်းလိုက်တယ်။ ဒါမှမဟုတ် တခါ ကြမ်းတာများသွားလို့၊ အသာလေး နောက်ဆုတ်လိုက်ပြီးတော့မှ၊ မျက်နှာပန်းလှအောင် ပြန်ပြီးတော့၊ လူကြည့်ကောင်းအောင် လုပ်မယ်ဆိုရင်၊ ဒေါက်တာမောင်မောင်လိုပုဂ္ဂိုလ်မျိုးကို ရှေ့ထုတ်လိုက်တယ်။ အဲဒီလိုသဘောမျိုးတွေ၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တုန်းကကော၊ ဗိုလ်မှူးတို့ ဒီအတွေ့အကြုံမျိုးတွေ၊ ကြုံခဲ့ဖူးပါသလား ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ ကျနော်တို့ အများကြီး ကြုံခဲ့ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကိုတော့ တဘက်က နိုင်ငံရေးကို လုပ်ခိုင်းတယ်၊ တဘက်က ဗိုလ်ချုပ်မောင်အေးကိုတော့၊ စီးပွားရေးနဲ့စစ်ရေးကို တာဝန်ယူဆိုပြီး တော့၊ သူ(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ)က လုပ်ခဲ့ပါတယ်။ အဲဒီအချိန် အဲဒီအခါတုန်းက၊ အားလုံးသိကြတဲ့အတိုင်း၊ ဗိုလ်ချုပ်မောင်အေးနဲ့ ဗိုလ်ချုပ်ခင်ညွန့်ဟာ မတည့်ကြဘူး၊ ဆိုတဲ့ အနေအထားမျိုး ဖြစ်အောင်၊ ပုံဖေါ်ထားပါ တယ်။ အဲဒီမှာလည်း၊ ဗိုလ်ချုပ်မောင်အေးက သဘောထားတင်းမာတဲ့ လူဆိုတဲ့ ပုံစံမျိုးကို၊ ဖေါ်ထားပြီးတော့မှ၊ သူတို့နှစ်ယောက်ရဲ့ နောက်ကွယ်မှာ၊ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ)က ရုပ်သေးရုပ်ကို ကြိုးဆွဲတဲ့ ဇါတ်ဆရာလို၊ အကွက်ချပြီးတော့မှ၊ စနစ်တကျ လုပ်သွားတဲ့အနေအထားကို တွေ့ခဲ့ရပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ဖမ်းပြီး ထောင်ချလိုက်တဲ့ ကိစ္စအပါအဝင်၊ လတ်တ လော အခု ဖြစ်နေတဲ့ကိစ္စတွေကို ကြည့်မယ်ဆိုရင်၊ မြန်မာနိုင်ငံကနေ ပေါ်ထွက်နေတဲ့ အသံတွေအရ၊ အစိုးရ ထဲမှာ တင်းမာတဲ့အုပ်စု ရှိတယ်၊ ပျော့ပျောင်းတဲ့အုပ်စု ရှိတယ်၊ စသည်ဖြင့် အသံတွေ ပေးနေတယ်။ တကယ် တမ်းကျတော့ ဒီအစိုးရဟာ စစ်ပုံစံနဲ့ပဲ သွားနေတယ်။ အရပ်သားအရေခွံ ဘယ်လိုပဲ ခြုံထားခြုံထား။ အဲဒီတော့ တင်းမာချင်တဲ့လူလည်း၊ တင်းမာချင်တိုင်း တင်းမာလို့၊ မရဘူး။ အမိန့်ရမှ တင်းမာလို့ ရတာ။ ပျော့ပျောင်းချင် တဲ့လူတွေလည်း အမိန့်ရမှ၊ ပျော့ပျောင်းလို့ ရတာ။ ဒီအသံတွေက၊ ကြားထဲကနေသတင်းတွေလွှင့်ပြီး၊ အလံရှူး လုပ်နေတဲ့ သူတွေရဲ့၊ အသံတွေ မဖြစ်နိုင်ဘူးလား။

ဦးအောင်လင်းထွဋ် ။ ။ ကျနော် တင်ပြချင်တာက၊ အခုအခါမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အခန်း ကဏ္ဍက လုံးဝပျောက်ပျက်သွားခြင်းမရှိဘူး၊ ဆိုတာပါ။ အခု ဗိုလ်ချုပ်ကြီးသိန်းစိန်ကို တဘက်၊ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦးကို တဘက်၊ နှစ်ဘက် ကိုင်တွယ်ထားပါတယ်။ အရေးပါတဲ့ အစိုးရသတင်းထုတ်ပြန်တဲ့ ပြန် ကြားရေးဝန်ကြီးလို ပုဂ္ဂိုလ်မျိုးတွေကို သမ္မတဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန် တိုက်ရိုက်အမိန့်ပေးလို့ မရပါဘူး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ထိန်းချုပ်မှု အောက်မှာပဲ ရှိပါတယ်။ အားလုံးသိတဲ့အတိုင်း ဗိုလ်မှူးချုပ်စိုးရှိန်ကို၊ ထောက်လှမ်းရေးတွေရဲ့အကြီးအကဲ ထားလိုက်ပြီလို့ သတင်းထွက်နေပါတယ်။ အမျိုးသားထောက်လှမ်းရေး အဖွဲ့ရဲ့ညွှန်ကြားရေးမှူးချုပ် ရာထူးမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီတော့ အရပ်ဘက်ကော၊ စစ်ဘက်ကကော၊ ရတဲ့ သတင်းတွေအားလုံးဟာ ဗိုလ်ချုပ်စိုးရှိန်ဆီမှာ ထိန်းထားပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက်၊ အစစအရာရာ အကာအကွယ် ရရှိရး၊ စနစ်တကျ အကွက်ချစီစဉ်ထားတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

(ဗိုလ်မှူးချုပ်စိုးရှိန် = ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ၊ အမှတ်(၁)ခြေလျင်တပ်ရင်း (စိန်ကန့်လန့်)တွင်၊ တပ်ရင်းမှူးဖြစ် စဉ်က၊ တပ်သားအဆင့်နှင့် တပ်ရင်းမှူး၏အကူရဲဘော်ဖြစ်ခဲ့ရာမှ၊ OTS ဗိုလ်သင်တန်း အမှတ်စဉ်(၆၆)ကို တက် ရောက်ခဲ့ပြီး၊ ခြေလျင်ခြေမြန်တပ်များသို့ မသွားရပဲ၊ နိုင်ငံတော်အကြီးအကဲ၏ စစ်ဘက် လက်ထောက်ရာထူး ဖြင့်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အနီးကပ်နေရသူဖြစ်လာကာ၊ အခုနောက်ဆုံး၊ အသစ်ပြန်ဖွဲ့သည့် အမျိုးသား ထောက်လှမ်းရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသည်ဟု၊ သတင်းထွက်နေသူ)

ဦးအောင်လင်းထွဋ် ။ ။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကိစ္စမှာလည်း၊ ဒီလိုလုပ်လိုက်တယ် ဆိုတာက၊ တဘက်က ဗိုလ်ချုပ်ကြီးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီးတော့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို၊ တက်တက်ကြွကြွလုပ်နေသလို၊ တခြားတဘက်က ဗိုလ်ချုပ်ကြီးတင်အောင်မြင်ဦးဘက်က ဧရာ၀ တီမြစ်ဆုံစီမံကိန်းလိုဟာ မျိုးတွေ၊ ကျန်တဲ့ ကြမ်းကြမ်းတမ်းတမ်းကိစ္စတွေ ဖြစ်တဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေ၊ KIA KNUနဲ့ရှမ်းအဖွဲ့တွေကို၊ တိုက်နေခိုက်နေတာတွေကိုကြည့်ခြင်းအားဖြင့်၊ အားလုံးဟာ၊ အပေါ်ကနေ ဇာတ်ဆရာ ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကစားနေတဲ့ အကွက်တွေပါပဲ။ ကျနော် အဓိကတင်ပြချင်တာက၊ တချိန်က၊ ကျနော်တို့ အချိန်အခါက၊ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေကို အဲဒီတုန်းက စစ်အစိုးရရဲ့လက်နက်လို သုံးပြီး တော့မှ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDကို၊ တိုက်ခိုက်ပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDကို၊ ထိန်းထားမှေးထားပြီးတော့မှ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို၊ သောင်းကျန်းသူတွေ အကြမ်းဘက် သမားတွေလို့ စွပ်စွဲနေတဲ့အနေအထားမျိုးတွေ ဖြစ်တယ်လို့၊ ကျနော် မြင်ပါတယ်။ ဒါက ကစားကွက်ပါ။ သူ့မှာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ၊ Commission of Inquiry (COI) နဲ့ စုံစမ်းစစ် ဆေးခံရမှာကို၊ အထူးထိတ်လန့်နေ ပါတယ်။ ဒါကြောင့် သူအတွက် အကာအကွယ် ရရှိရေးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပြင်းအထန်လုံးပန်းနေ တာပါ။

(Commission of Inquiry (COI) - ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ထော မတ်(စ်) အိုဟေး ကင်တာနား (Tomas Ojae Quintana) ကြိုးပမ်းနေသည့် မြန်မာနိုင်ငံတွင်းက စစ် ရာဇဝတ်မှုတွေနှင့် လူမဆန်သည့် ပြစ်မှုကျူးလွန်ခဲ့မှုတွေကို ဖေါ်ထုတ်မည့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်)

ဦးရော်နီညိမ်း ။ ။ ဗိုလ်မှူးပြောတဲ့အတိုင်း ဆိုရင်၊ နိုင်ငံတကာမှာ မီလိုဆဲဗစ်(ရှ်) (ယူဂိုဆလားဗီးယား ခေါင်းဆောင်ဟောင်း Slobodan Milosevic) တို့က စပြီးတော့၊ လိုက်ဘေးရီးဟား (Liberia) က အာဏာရှင် ဟောင်း ချားလ်စ်တေလာ (Charles Taylor) တို့၊ အခုနောက်ဆုံး ဘော့စနီးယား (Bosnia) က၊ ဆာ့ဗ် ခေါင်း ဆောင်တွေ ကရားဒစ်(ရှ်) (နိုင်ငံရေး ခေါင်းဆောင် Radovan Karadzic) တို့၊ မလားဒစ်(ရှ်) (စစ်ရေးခေါင်း ဆောင် Ratko Mladic) တို့လည်း နိုင်ငံတကာပြစ်မှုဆိုင်ရာတရားခုံရုံး (International Criminal Court – ICC) ကို၊ ရုံးတင်ခံကြရတာဆိုတော့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အသာလေး ကန့်လန့်ကာနောက်ကွယ်ကို နောက်ဆုတ်ပြီးတော့မှ၊ အနောက်ကနေ အကုန်လုံး၊ သတင်းအားလုံးထိန်းချုပ်နိုင်ရေးမှာ၊ (အမျိုးသားထောက် လှမ်းရေးမှာ) သူ့လူပဲ သူထားတယ်လို့၊ ဗိုလ်မှူးပြောတာကို၊ ကျနော် သဘောပေါက်ပါတယ်။ အရင်တုန်းက လည်း (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချပ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ကာလများ) ကျနော်တို့ ကြားနေရတာပဲ။ တင်းမာတဲ့အုပ်စု ရှိတယ်၊ ပျော့ပျောင်းတဲ့အုပ်စု ရှိတယ် ဆိုတာတွေ။ ဒါပေမဲ့ တင်းမာတဲ့အုပ်စုပဲဖြစ်ဖြစ်၊ ပျော့ပျောင်းတဲ့အုပ်စုပဲဖြစ်ဖြစ်၊ ရပ်တည်နေကြတဲ့ နေရာကတော့ တခုထဲပဲ။ ”ဟေ့၊ ဒို့ ဘယ်တော့မှ၊ NLD ကို အာဏာမလွဲှဘူး၊ အရပ်သားတွေ လက်ထဲကို အာဏာမလွဲှဘူး” ဆိုတာ၊ ပျော့တဲ့လူကော တင်းတဲ့လူကော၊ ဒီလိုင်း တခုထဲပေါ်မှာ ရပ်လာခဲ့ကြတာပဲ။ အဲဒီလိုမျိုး ဖြစ်နေတော့၊ ဖိနှိပ် တဲ့ဘက်မှာ တာဝန်အရ နေခဲ့ရဖူးတဲ့ အတွေ့အကြုံရှိထားတဲ့ ဗိုလ်မှူးက၊ ဒီအခြေအနေတွေကို အတိုက်အခံတွေ က ဘယ်လို သဘောထား သုံးသပ်သင့်လဲဆိုတာ၊ နောက်ဆုံးအနေနဲ့ မှတ်ချက်ပေးပေးပါ။ အခုလို အနေအ ထားတွေကလည်း ဖြစ်နေ၊ ထင်ယောင်ထင်မှားတွေ ဖြစ်အောင် ကြားထဲကနေ အလံရှူးတွေကလည်း လုပ်နေ ကြတဲ့၊အခြေအနေ အချိန်အခါမျိုးမှာ၊ လက်နက်ကိုင်ပဲ ဖြစ်ဖြစ် လက်နက်မဲ့ပဲ ဖြစ်ဖြစ်၊ မြန်မာပြည်တွင်းကပဲ ဖြစ်စြဖ် ပြည်ပကပဲ ဖြစ် ဖြစ်၊ ဘယ်လို အတိုက်အခံမျိုးတွေကို မဆို၊ ဘာလုပ်သင့်လဲ ဆိုတာပေါ့။

ဦးအောင်လင်းထွဋ် ။ ။ ကျနော် တင်ပြချင်တာက၊ အတိုက်အခံအဖွဲ့တွေကော၊ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့တွေကော၊ အားလုံးဟာ တစုတစည်းထဲ ညီညီညွတ်ညွတ်နဲ့ ရှိဖို့၊ လိုပါတယ်။ human rights (လူ့အခွင့်အရေး)၊ forced labor (အဓမ္မလုပ်အားပေး)၊ child soldier (ကလေးစစ်သား)၊ စတဲ့၊ ကုလသမဂ္ဂတို့ နိုင်ငံတကာတို့နဲ့ ပတ်သက်နေတဲ့ ကိစ္စတွေမှာ၊ သူတို့လှည့်စားတိုင်း၊ လျော့မသွားပဲနဲ့၊ တစိုက်မတ်မတ်နဲ့ ဆက် ပြီး ဖိအားပေး ဆောင်ရွက်နေဖို့ လိုတယ်လို့၊၊ ကျနော်ပြောချင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ဖမ်းဆီးထိန်းသိမ်းပြီး ပြစ်ဒဏ်ချလိုက်တာကို ကြည့် ခြင်းအားဖြင့်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဟာ၊ အာဏာရအဖွဲ့အစည်းတွေက ပေးမှ၊ ရယူနိုင်တဲ့ အနေ အထားမျိုး၊ မဟုတ်ဘူးဆိုတာကို၊ ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့အကြောင်း၊ တင်ပြရင်းနဲ့ပဲ၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍကို၊ ဒီမှာတင်ပဲ ရပ်နားခွင့်ပြုပါ ခငိဗျာ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG