၂၀၁၀၊ စက်တင်ဘာ (၁၉)ရက်
တပ်မှူးတပ်သား ပြောစကား (၀၂၆)
၁၉၈၈ စက်တင်ဘာ(၁၈)ရက်နေ့က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ပြီးတဲ့နောက်၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကြားက အာဏာလွန်ဆွဲမှုတွေ နဲ့၊ ၁၉၉၂ ဧပြီလမှာ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ကျန်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေက ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေကို၊ အပိုင်းနှစ်ပိုင်းခွဲပြီး၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေကို ပြောပြခဲ့ပါတယ်။ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား”အပတ်စဉ်ကဏ္ဍမှာ၊ ဦးအောင်လင်းထွဋ်ရဲ့ပြောစကား နောက်ဆုံးအပိုင်းကို ဦးရော် နီညိမ်းက စီစဉ်တင်ဆက် ထားပါတယ် ။
ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးတင်ဦးပေါ့နော်၊ နောက်ပိုင်းမှာတော့ ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးပေါ့၊ ဘယ်သူ့လူပါလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီးစောမောင် လူ လား။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လူလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်ခါမှာ စစ်ရုံးမှာရှိတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး၊ နောင် ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ပေါ့လေ။ နောက်တစ်ယောက်က (ဒုတိယ) ဗိုလ်မှူးကြီးခင်မောင် သန်း (စစ်ဦးစီးမှူး - ပထမတန်း) G-1 ပေါ့။ အဲဒီအချိန်အခါမှာ၊ ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကော၊ ဗိုလ်မှူးကြီးခင်မောင်သန်း (နောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင် သန်း) ကိုကော ကြည့်မရပါဘူး။ ကြည့်မရတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ အင်မတန်မှ closed ဖြစ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ် တယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီးစောမောင်က “တင်ဦးကို ငါ စစ်ရုံး မှာ မမြင်ချင်ဘူး” ဆိုတဲ့အခါကျတော့ ဗိုလ်ချုပ်ကြီးတင်ဦးက ဘယ်သူမှ ရာထူးမပေးဘဲ နဲ့ သူ့ကိုယ်သူ ကစထမှူး (ကစထမှူး= ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆင်ရေးအထူးအဖွဲ့မှူး။ စစ်တိုင်းများ နှင့် အရပ်ဘက် တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးများကို တိုင်းမှူးများအထက်မှ ကွပ်ကဲရသောစစ်ရာထူး) ဆိုပြီး တော့မှ ကရင်ပြည်နယ်ဘက်ကိုသွားပြီးတော့မှ ရှောင်နေရတဲ့ အနေအထားမျိုးရှိပါတယ်။ နောက်တစ်ယောက်က ဗိုလ်မှူးကြီးခင်မောင်သန်း၊ သူဆိုရင်လည်း စစ်ဦးစီးဗိုလ်မှူးကြီး (ကက(ကြည်း) စစ်ဆင်ရေးဌာန G-1 ကနေ စစ်ဦးစီးဗိုလ်မှူးကြီး(ကြည်း) အဖြစ် ရာထူးတက်ခဲ့ပြီးနောက်) ကနေ၊ “မင်းသွား ခင်မောင်သန်း၊ တပ်မ(၅၅)ဒုတပ်မမှူး” ဆိုပြီးတော့မှ မောင်း ထုတ်လိုက်ပါတယ်။ အဲဒီအချိန်အခါတုန်းကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ပြောပိုင်ခွင့် မရှိဘူးပေါ့ဗျာ။ သူ့အထက်က ဦးစီးချုပ်ကလုပ်တယ်ဆိုတော့ သူက မကျေနပ်ပေမယ့် ငြိမ် ခံနေရတဲ့ အနေအထားမျိုးရှိပါတယ်။ ကျနော် ဘာဖြစ်လို့ အဲလိုပြောရသလဲဆိုတော့ ကျနော်တို့က ရန်ကုန်မှာ သင်တန်းနည်းပြအရာရှိပေါ့လေ၊ ဒီကကလှမ်း (ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ရုံး) နဲ့တော့ အမြဲ သွားဟယ်လာဟယ် အဆက်အသွယ်ရှိတယ်။ ဗိုလ်ချုပ်ကြီးစောမောင်အနားမှာနေတဲ့ ဗိုလ်မှူးမြင့်ဦးတို့၊ ဗိုလ်မှူးခင်မောင် စိုး (ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ကိုယ်ရေးအရာရှိများ) တို့ဆိုတာ ကျနော်တို့သူငယ်ချင်းတွေပါ။ ကျနော်တို့က အမြဲတမ်း ထိတွေ့ဆက်ဆံ ပြောဆိုနေကြတဲ့ အနေအထားမျိုး ရှိပါတယ်။ ကျနော် ကကလှမ်း ရောက်သွားတဲ့အခါကျတော့ ပိုသိရပါတယ်။
(ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း = "နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ" အဖွဲ့ဝင်အဖြစ်၊ အဆိုပါစစ်ကောင်စီ စတင်ဖွဲ့စည်းချိန် ၁၉၉၇ခုနှစ်မှ စတင်၍၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအနေနှင့် ပါဝင်လာခဲ့ပြီး၊ နောက်ဆုံး ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်တို့၏ စစ်ရေးနှင့် အရပ်ဘက်အုပ်ချုပ်ရေးကို ကွပ်ကဲရသော ကစထ(၃ )၏ ကစထမှူး ဖြစ်ခဲ့သူ။ ၂၀၀၈ တွင် ကစထမှူး အဖြစ်မှ ဖယ်ရှားခံရပြီး "နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ"ဝင် အဖြစ်မှပါ ၂၀၀၉ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အနားပေး ဖယ်ရှားခြင်း ခံခဲ့ရသူ)
ဦးရော်နီညိမ်း။ ။ ရွေးကောက်ပွဲကို တကယ်ပဲ တရားမျှမျှတတ၊ ရိုးရိုးသားသားနဲ့ လုပ်ပေးမယ်။ ပြီးလို့ရှိရင် တပ်မတော်ဟာ စစ်တန်းလျားကိုပြန်မယ် ဆိုတဲ့ရည်ရွယ်ချက်ဟာ၊ ဗိုလ်ချုပ်ကြီးစောမောင် အပါအဝင် အားလုံးမှာ ရှိပါသလား။ သူ တစ်ယောက်ထဲမှာ ရှိတာလား၊ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”ဟာ၊ (၈၃) ရာခိုင်နှုန်းလောက်နဲ့ အပြတ်အသတ် အနိုင်ရ သွားတဲ့အချိန်မှာ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်မှူးချုပ်ခင်ညွန့်တို့ သုံးယောက် ပတ်လည်ကြားမှာ ဘယ်လိုဖြစ်လဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ဟာ တကယ့် ရိုးရိုးသားသား စစ်သားကြီးပါ။ သူတကယ် ပြောခဲ့တဲ့ စစ်တန်းလျားပြန်မယ်ဆိုတာ အမှန်ပါ။ ဗိုလ်ချုပ်ကြီးစော မောင်အနေနဲ့ ကလိမ်ကကျစ်လုပ်ပြီးတော့မှ ပြောတဲ့အနေအထားမျိုး မရှိပါဘူး။ ဗိုလ်ချုပ်ကြီးနေဝင်း နေတဲ့ အေဒီလမ်းအရှေ့က အင်းလျားလေးစခန်းဆိုတာ ရှိပါတယ်။ သနက(၅) (ဗ မာ့သေနတ်ကိုင်တပ်ရင်း - ၅) တပ်ရင်းက၊ ဒေါက်တာမောင်မောင်ရဲ့သား အငယ်ရှိပါတယ်။ ဗိုလ်မှူးအောင်နိုင် ပေါ့၊ ကိုကျော်သူရဲ့ အငယ်ပေါ့လေ၊ သူနဲ့ကျနော် အဲဒီမှာ နှစ်လလောက် ကြာအောင် လုံခြုံရေး လုပ်ရပါ တယ်။ int. cover (intelligence cover = ထောက်လှမ်းရေးအကာအကွယ်) ပေးရတဲ့ အနေအထားမျိုးတွေ ရှိပါ တယ်။ အဲဒီမှာ လုံခြုံရေးလုပ်တဲ့ အ ချိန်ခါမှာ ဗိုလ်ချုပ်ကြီးစောမောင်ကော၊ ဗိုလ်မှူးကြီးခင်ညွန့်ကော ဗိုလ်ချုပ်ကြီးနေဝင်းအိမ်ကို မကြာမကြာ အဝင်အထွက်ရှိခဲ့ပါတယ်။ နောက်တခါ ကျနော် ဗိုလ်ချုပ်ကြီးသန်းရွှေ golfရိုက် တော့ အနီးကပ်လုံခြုံရေးလိုက်တဲ့ အချိန်အခါမှာ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ချစ်ဆွေ၊ ဗိုလ်ချုပ်မောင်မောင်ခင် နဲ့ ဗိုလ်ချုပ်ဘုန်းမြင့် တို့ လေးယောက် ချက်ချင်းပဲ သူတို့ golfရိုက်တာ ကို ရပ်ပြီးတော့၊ သူတို့ golf clubကို ပြန်ပါတယ်။ golf clubရောက်ပြီးတော့မှ ဦးနေဝင်းရဲ့ကား ယာဉ်တန်းဝင်လာပါတယ်။ ဘာလုပ်ရလဲဆိုတော့ အဲဒီအချိန်က ဦးနေဝင်းကို ရန်ကုန် မြို့မှာ လမ်းမကြီး လေးသွယ် ဖောက်မယ်၊ ဘယ်လိုလုပ်မယ်ဆိုတာကို ကျူတံထောက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးသန်းရွှေက ရှင်းပြခဲ့ရပါတယ်။ ဒါ ကျနော့်မျက်စိရှေ့မှာ ကျနော်တို့ ကိုယ် တိုင်လည်း ပါပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက အဲဒီအချိန်အခါထိ နောက်ကွယ်မှာ ရှိပါတယ်။
(ကိုကျော်သူ = အငြိမ်းစားဗိုလ်မှူးကြီး ဦးကျော်သူ (စစ်တက္ကသိုလ် အပတ်စဉ် (၁၃)၊ ၁၉၇၁ = လက်ရှိ ဝန်ထမ်းရွေးချယ်လေ့ ကျင့်ရေးအဖွဲ့ ဥက္ကဌ၊ နိုင်ငံခြားရေး ဒု-ဝန်ကြီးဟောင်း၊ ကွယ်လွန်သူ သမ္မတဟောင်း နှင့်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌဟောင်း ဒေါက်တာမောင်မောင် ၏ သားကြီး)
(ဗိုလ်မှူးအောင်နိုင် - စစ်တက္ကသိုလ် အပတ်စဉ် (၁၆)၊ ၁၉၇၆ = ဒေါက်တာမောင်မောင်၏ သားငယ်)
(ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ = ၁၉၈၈ အာဏာသိမ်းချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (၂) ကစထမှူး နှင့် နောက်ပိုင်း သစ်တောရေးရာဝန်ကြီးဟောင်း)
(ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်ခင် = ၁၉၈၈ အာဏာသိမ်းချိန်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် နောက်ပိုင်း ဒုတိယဝန်ကြီးချုပ်ဟောင်း)
(ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့် = ၁၉၈၈ အာဏာ သိမ်းချိန်တွင် စစ်ထောက်ချုပ် နှင့် နောက်ပိုင်း ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဟောင်း)
(ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ နှင့် ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့် တို့အား ၁၉၉၇ခုနှစ်တွင်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်ခင်အား ၂၀၀၁ ခုနှစ်တွင်လည်းကောင်း၊ ၎င်းတို့ ၏ ဝန်ကြီးအဖွဲ့ (Cabinet) အတွင်း နောက်ဆုံးရာထူးများမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖယ်ရှားအနားပေးခဲ့သည်။)
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဒီဟာက ၈၈၈၈ လူထုအုံကြွအရေးတော်ပုံကြီး နောက်ပိုင်းမှပေါ့ နော်။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၈၉ - ၉၀၊ အဲလောက် ကာလပေါ့ လေ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင် ကိုယ်တိုင်ကလည်း ခုနက ကိုရော်နီပြောသလို ပြောထားပြီးသား၊ တကယ်လည်း သူက လွှဲပေးမယ် ဖြစ်လာတဲ့အခါ သူ pressure အများကြီး မိပါတယ်။ အပြင်က NLD ရဲ့ pressure တင်မဟုတ်ဘူး ဗျ၊ အထဲက လုပ်ဖော်ကိုင်ဖက်တွေရဲ့ pressure လည်း များပါတယ်။ အထူးသဖြင့်တော့ နဝတအဖွဲ့မှာ ဗိုလ်ချုပ်ကြီးထွန်းကြည်၊ ဗိုလ်ချုပ်ကြီးမြင့်အောင်တို့ aggressive ပုဂ္ဂိုလ်တွေချည့်ပဲ လေ။ အဲဒီလူတွေက အဲဒီမှာ “ဘာလို့ အာဏာလွဲှပေးရမှာလဲ” ဆိုတဲ့ အတွေးအခေါ်မျိုး တော်တော် များများမှာ ဝင်ပါတယ်။ ဒီလူတွေကို ပြန်ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ နီးစပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီအခင်းအကျင်းကို ကျနော်တို့ ြကြည့်လိုက်တဲ့အခါကျတော့၊ ဒီ နဝတ ထိပ်ဆုံးက ခေါင်းဆောင်တွေထဲမှာ အနိုင်ရသွားတဲ့ NLD ကို အာဏာလွှဲ မပေးချင်တဲ့ အုပ်စုက တစ်စု၊ နောက်တခါ ဘယ်လိုပဲ ပြောပြော ငါတို့က စစ်သား၊ စစ်သားစကား တည်ရမယ်၊ အာဏာလွှဲပေးပြီး တပ်ကို ပြန်မယ်ဆိုတာ ဗိုလ်ချုပ်ကြီးစောမောင် တစ် ယောက်ထဲ ဖြစ်နေတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က အဲဒီအချိန်ခါကျတော့ ခြံနှစ်ခြံ ဖြစ်နေတဲ့အထဲမှာ ဘယ်ခြံဘက်ကို ခုန်လိုက်သလဲ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဟိုဘက်၊ ဆန့်ကျင်တဲ့ဘက်ကို ခုန်သွားတဲ့သဘောမျိုးဖြစ်ပါတယ်။ အဲဒီခြံထဲဝင်သွားတဲ့ အကြောင်းရင်းကလည်း ကိုရော်နီသတိထားမိပါလိမ့်မယ်။ အဲဒီအချိန်ခါမှာ အခု ကွယ်လွန်သွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နုရင်ဘတ် ခုံရုံး”တို့ ဘာတို့၊ ဒါတွေက ဖြစ်လာတဲ့ အချိန်အခါမှာ “သူတို့ အာဏာတောင် မရသေးဘူး၊ အခ ုကတည်းက လာပြီးတော့၊ ဘာမို့လို့လဲကွ” ဆိုပြီး ဖြစ်ကြတာကိုး၊ အဲဒီအချိန်ကပေါ့ဗျာ။
(ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နုရင်ဘတ် ခုံရုံး” = ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက်၊ ပါတီဥက္ကဌတာဝန်ယူထားသည့် ကွယ် လွန်သူ အငြိမ်းစားဗိုလ်မှူးကြီးကြည်မောင်က၊ ဒုတိယကမ္ဘာစစ်ကြီးအပြီး နာဇီဂျာမန်ခေါင်းဆောင်များအား စစ်နိုင်မဟာမိတ်နိုင်ငံများက၊ ဂျာမဏီနိုင်ငံ နုရင်ဘတ်မြို့(Nuremberg) တွင် စစ်တရားခုံရုံးတင်ပြီး စစ်ဆေးအပြစ်ပေးသကဲ့သို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်၍ အစိုးရသစ်ဖွဲ့စည်းပြီးလျှင်၊ မြန်မာ့တပ်မတော်မှ စစ်ခေါင်းဆောင်တချို့အား၊ “နုရင်ဘတ် ခုံရုံး”ကဲ့သို့ ခုံရုံးတင်စစ်ဆေး အပြစ်ပေးတာတွေ လုပ်ကောင်းလုပ်ဘွယ်ရှိမည် ဟု၊ လူသိရှင်ကြား ပြောဆိုခဲ့သည့်ကိစ္စ)
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ နဝတ အထဲမှာ နှစ်ခြမ်းဖြစ်သွားပြီလား။ နံပါတ်(၁)နဲ့ နံပါတ်(၁)မှတပါး ကျန်တဲ့လူတွေနဲ့ အဲလို သိသိသာသာ ဖြစ်သွားပြီလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ရွေးကောက်ပွဲ နောက်ပိုင်း၊ ပြီးကတည်းကိုက တပ်ထဲမှာ ဒီ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ သြဇာ၊ အာဏာကျသွားပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကို ရံတဲ့ ဗိုလ်ချုပ်တွေ တစ်ယောက်မှမရှိဘူး။ ဗိုလ်ချုပ်ကြီးစောမောင်က ရုတ်တရက်ကောက်ပြီး အာဏာယူလိုက်တဲ့အခါကျတော့ အာဏာတည်ဆောက်နိုင်တဲ့ အချိန်ကို မရဘူး။ တကယ် တော့ လက်ရှိရှိတဲ့လူတွေကို ဖြုတ်ပစ်ရမှာဗျ။ ဖြုတ်ပြီးတော့မှ အာဏာတည်ဆောက် လို့ရမယ်၊ ဖြုတ်နိုင်တဲ့ အနေအထား သူ့မှာမရှိဘူး၊ သူကိုယ်တိုင် အဖြုတ်ခံလိုက်ရတဲ့ သဘောပါပဲ။
ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ကြစို့ ဆိုတာ ဘယ်လိုဖြစ်လာတာလဲခင်ဗျ၊ အားလုံးအတူတူ လက်ဝါးရိုက်ပြီး ဖြစ်လာတာလား၊ သို့မဟုတ် ဘယ်သူ့ အကြံအစည်နဲ့ ဘယ်လိုပါလဲ ခင်ဗျ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ အဲဒီအပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့လည်း ပါတယ်ခင်ဗျ၊ တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ဥနှောက်ဖောက်သွားတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးတော့ ရက်ရက်စက်စက်နဲ့ သူ့ကို မဖြုတ်သင့်ဘူး၊ ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင်မှာ အရင်ဆုံး ဗိုလ်ချုပ်ကြီးစောမောင် မသိအောင် အရင် အင်္ဂလန်သံအမတ်ကြီး လုပ်သွားတဲ့ ဗိုလ်မှူးချုပ်ကျော်ဝင်း၊ အဲဒီအချိန်တုန်းက (တမ်မတော်) ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ပါ။ သူက ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်တွေကို ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကျန်းမာရေးနဲ့ ပတ် သက်ပြီး briefing လုပ်ပေးရတယ်လို့ သိရပါတယ်။ တကယ့် အစည်းဝေးကြီးမှာ မဟုတ်ဘူး။ ကြိတ်ဝိုင်း ပေါ့ဗျာ။
ဦးရော်နီညိမ်း။ ။ စစ်ရုံးထဲမှာ အရင်စည်းရုံးရမှာပေါ့။ စစ်ရေးချုပ်တို့စစ်ထောက်ချုပ်တို့ အဲဒီ “ချုပ်”တွေနဲ့ ညွှန်ကြားရေးမှူးတွေနဲ့ သူတို့ယုံကြည်တဲ့လူ လက်တစ်ဆုတ်စာလောက် နဲ့ hint (သတင်းအရိပ်အမြွက်) ပေးတဲ့ သဘောလား ခင်ဗျ၊ ဒီပုဂ္ဂိုလ်ကြီးကိုတော့ ဖယ်ရှားတော့မယ်ဆိုတဲ့ ဟာကို။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ hint ပေးတဲ့ သဘောမျိုးပါပဲ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်ချုပ်ကြီးသန်းရွှေကို တင်ပြပြီးတော့မှ စီစဉ်တယ်လို့ ကျနော်တို့ သိရပါ တယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ၊ ဒီလိုဆိုရင်၊ အဲဒီအခါကတည်းက အပေးအယူ ဘယ်လိုလုပ်ထားသလဲ၊ ဗိုလ်ချုပ်ကြီးသန်းရွှေကို နံပါတ်(၁) ဖြစ်အောင် ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ပြီးတော့ တင်ပေးမယ်။ တင်ပေးမယ်ဆိုတာ သူ ကလည်း သူ့အုပ်စုနဲ့ သူ့လူနဲ့ သူ့အခံတွေနဲ့ ရှိပြီးသား၊ သို့သော်လည်း သူနံပါတ်(၁) ဖြစ်သွားရင် ဗိုလ်ချုပ်ခင်ညွန့်ကို ဘယ်လိုဆိုတဲ့ အနေအထားမျိုးပေါ့၊ အပေးအယူသဘောမျိုး၊ အခု ပြန်စဉ်းစားကြည့်တဲ့ အခါမှာ။ ဗိုလ်မှူး ကြားသိသလောက်ပေါ့ အဲဒီအချိန်က။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နှုတ်ကတိ အနေနဲ့ကတော့ ဘာမှ မရှိဘူးခင်ဗျ၊ ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ကတော့ မျှော်လင့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးသန်းရွှေ နံပါတ် (၁) ဖြစ်ရင်၊ သူ နံပါတ် (၂) ဖြစ်မယ်လို့ မျှော်လင့်တယ်၊ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ခင်ညွန့် အပိုင်းက ဘယ်လောက်ထိ လုပ်ပေးရသလဲဆိုတော့၊ နောက်ဆုံး ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင်မှာ ထောက်လှမ်းရေးအရာရှိတွေ တပ်မတော်(လေ) လေယဉ်လေးတွေ PC လေးတွေနဲ့ တိုင်းတစ်တိုင်းကို တစ်ယောက် စာအိပ်တစ်အိပ်နဲ့ သွားရတယ်ဗျ။ သွားပြီးပေးတဲ့ အဲဒီ စာအိပ်လေးကို တိုင်းမှူးက ယူလာတဲ့ ထောက်လှမ်းရေးအရာရှိ ရှေ့မှာ ဖွင့်တယ်၊ ဖတ်တယ်၊ ဖတ်ပြီးတော့မှ တိုင်းမှူးရဲ့ သဘောထားပေါ့၊ သဘောတူလား မတူလား၊ အဲဒါကို မေးခိုင်းတယ်ခင်ဗျ။
ဦးရော်နီညိမ်း။ ။ စစ်တိုင်းက အဲဒီအချိန်က (၁၀) တိုင်းရှိတယ်နော်၊ မန္တလေးကို အဲဒီအချိန်တုန်းက နှစ်ပိုင်းခွဲ ပြီးသွားပြီ။
(၁၉၈၈ စစ်အာဏာသိမ်းချိန်တွင် စစ်တိုင်း (၉)တိုင်း သာရှိပြီး၊ ၈၈၈၈ လူထုအုံကြွမှုကြီး ဖြိုခွင်းခံရပြီး နောက်ပိုင်း ယခင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ - မန္တလေး) အား နှစ်ခြမ်းခြမ်း၍၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ - မန္တလေး) နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ - မုံရွာ) ဟူ၍ ဖြစ်ပေါ်လာသည်။ ယခင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ - တောင်ငူ) မှ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ - တောင်ငူ) ဟု ဖြစ်လာခဲ့သည်။ ၁၉၉၇ နောက်ပိုင်းတွင်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ - တောင်ကြီး) အား နှစ်ခြမ်းခြမ်း၍၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ - တောင်ကြီး) နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ - ကျိုင်းတုံ) ဟူ၍ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ - မော်လမြိုင်) အား နှစ်ခြမ်းခြမ်း၍၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ - မော်လမြိုင်) နှင့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် (ကရခ - မြိတ်) ဟူ၍ ဖြစ်ပေါ်လာသည်။ ၂၀၀၆ ခုနှစ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ - မန္တလေး) နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ - တောင်ငူ) တို့မှ ပျဉ်းမနား၊ လယ်ဝေး နှင့် တပ်ကုန်းမြို့နယ်တို့ အပါအဝင် ငါးမြို့နယ်ကို ထုတ်နှုတ်ပြီး၊ အရပ်ဘက်အုပ်ချုပ်ရေးတွင်လည်း နေပြည်တော်တိုင်းဟု လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်လည်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် (နပတ) ဟု စစ်တိုင်းအသစ် ထပ်ဖွင့်ခဲ့သည်။ ယခုအခါ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် စုစုပေါင်း စစ်တိုင်း (၁၃)တိုင်း ရှိသည်။နေပြည်တော်တိုင်းစစ်ဌာနချုပ် (နပတ) အား ကာကွယ်ရေးဦးစီးချုပ်(ကြည်း) (ကက-ကြည်း) ရုံးမှ တိုက်ရိုက် ကွပ်ကဲပြီး၊ ကျန် စစ်တိုင်း (၁၂) အား ကစထ (၆)ခုမှ ကွပ်ကဲသည်။)
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တိုင်းမှူးရဲ့ သဘောထားကို ပြန်မေးခဲ့။ သဘောတူလား မတူလား။ ဒါဘဲ။
ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က တိုင်မှူးတွေက နဝတ စဖြစ်တဲ့အချိန်က တိုင်းမှူးတွေလား။ နောက်တစ်သုတ် တက်လာတဲ့ တိုင်းမှူးတွေလား ခင်ဗျ။ နောက်တစ်သုတ်ဆိုတာ၊ ဗိုလ်ချုပ်ညွှန့်တင်၊ ဗိုလ်ချုပ်ကက်စိန်တို့ အသုတ်လား ခင်ဗျ။
(ဗိုလ်ချုပ်ညွှန့်တင် DSA 7၊ ၁၉၆၄ = နဝတအဖွဲ့ဝင်စစ်တိုင်းမှူးများ ၁၉၉၂ တွင် ဝန်ကြီးများ ဖြစ်သွားကြပြီးနောက်၊ ၁၉၈၈ နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများထဲတွင် အနောက် တောင်တိုင်းစစ်ဌာနချုပ် (ပုသိမ်) တိုင်းမှူး ဖြစ်လာပြီး၊ ၁၉၉၇ တွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၄ တွင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ ဖယ် ရှားခြင်းခံရပြီး လာဘ်စားမှုများနှင့် ယခု အကျဉ်းချခံထားရသည်။)
(ဗိုလ်ချုပ်ကက်စိန် OTS 29၊ ၁၉၆၄ = နဝတအဖွဲ့ဝင်စစ်တိုင်းမှူးများ ၁၉၉၂ တွင် ဝန်ကြီးများ ဖြစ်သွားကြပြီးနောက်၊ ၁၉၈၈ နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများထဲတွင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ် (မော်လမြိုင်) တိုင်းမှူး ဖြစ်လာပြီး၊ ၁၉၉၇ တွင် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၆ တွင် အငြိမ်းစားယူခွင့် တောင်းခံပြီး၊ အနားယူသွားခဲ့သည်။)
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ၊ နဝတအဖွဲ့ဝင် ဗိုလ်ချုပ်ထွန်းကြည်တို့ ပဲရှိသေးတယ်။ အဲဒီ အချိန်တုန်းက ဗိုလ်ချုပ်ထွန်းကြည်တို့က ကုန်သွယ်ရေးဝန်ကြီး မဖြစ် သေးဘူး၊ တိုင်းမှူးတွေပဲ ရှိကြသေးတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ တိုင်းမှူးတွေ အနေနဲ့က ဘယ်လို စဉ်းစားမလဲ ခင်ဗျ။ စစ်ရုံးက လာတယ်ဆိုရင်၊ ဟို တခါ ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စတုန်းကလိုပေါ့။ စစ်ရုံးကပဲ အကြီးဆုံးအရာရှိတွေ ပါသလိုလို ဖြစ်နေတော့၊ ကိုယ့်ကို လာပြီး စည်းရုံးတဲ့အခါ ဝင်ပါရမလိုလို၊ ဝင်မပါဘဲ နေရမလိုလို၊ အဲဒီလိုမျိုး ဖြစ်ခဲ့ဖူးတယ်လေ။ အဲဒီတော့ ဒီကိစ္စမှာလည်း အဲဒီ လိုမျိုး ရှိပါသလားခင်ဗျ၊ အကုန်လုံး အစုံ တခါထဲ၊ ရှိသမျှ စစ်တိုင်း (၁၀) တိုင်းလုံးက မှန်တယ်၊ ဖယ်ရှားပစ်မှ ဖြစ်မယ်ဆိုတဲ့ သဘောထား ပေးခဲ့ပါသလား၊ ဒါမှ မဟုတ် တစ်ဦးတစ် ယောက်လောက်က သဘောမတူဘူး၊ ဒီလို တော့ မလုပ်သင့်ဘူး ဆိုတာမျိုး ရှိပါသလား ခင်ဗျ။
(ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စ = ၁၉ရ၆ တွင်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ ကိုယ်ရေးလုံခြံရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့် ဦးဆောင်၍ လူငယ်အရာရှိများမှ၊ ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ ဦးနေဝင်းနှင့် ထိပ်တန်းခေါင်းတချို့အား လုပ်ကြံပြီး အာဏာသိမ်းရန်ကြံစည်မှုတွင် ပါဝင်ရန် စည်ရုံးခံရသူ စစ်အရာရှိကြီးတချို့က ကာ ကွယ်ရေးဦးစီးချုပ်နှင့် တခြားစစ်ခေါင်းဆောင်များပါ ထိုအကြံအစည်တွင် ပါဝင်နေသလား သေချာ မသိရသဖြင့်၊ မိမိတို့ကိုယ်တိုင် ပါဝင်ရေးကို မဆုံးဖြတ်ရဲပဲ ဖြစ်ခဲ့ကြရသည့် ဖြစ်ရပ်)
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မရှိပါဘူးခင်ဗျ၊ ဒီလို လုပ်တယ်ဆိုတာလည်း officially လုပ်တဲ့သဘောပါပဲ။ hint က ပေးပြီးသား ဖြစ်ပါလိမ့်မယ်။
ဦးရော်နီညိမ်း။ ။ ဒါ နောက်မှ ဒီဟာကို သေသေချာချာ လိုက်တဲ့ သဘောပေါ့။ စောစောကတော့ စစ်တိုင်းမှူး တွေကိုပါ လက်ဝါးရိုက်သင့်သလောက် ရိုက်ထားပြီးပြီ ဆိုတဲ့ သဘောပေါ့။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဆုလာဘ် အနေနဲ့ ဘယ်လိုများရပါသလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီးသန်းရွှေဆီက။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖြုတ်တဲ့နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ဇနီး ဒေါ်အေးအေးရီ စစ်ရုံးပေါ် တက်လာပါတယ်။ တက်လာပြီးတော့ ဗိုလ် ချုပ်ကြီးသန်းရွှေအခန်းကို သွားပြီး လက်ညှိုးထိုးပြီးတော့မှ ဆူပူတာပေါ့ ခင်ဗျာ။ အနားမှာလည်း ကျနော်တို့ သူငယ်ချင်းတွေရှိနေတော့ ကျနော်တို့ ပြန်သိသလောက် ပေါ့လေ၊ “ ရှင်တို့ ဒီလောက် တစ်ယောက်နဲ့ တစ်ယောက် အတူတွဲလုပ်လာပြီးမှ၊ သစ္စာမဲ့ရသလား” ပေါ့လေ၊ “ရှင်တို့ ဒီလို အာဏာယူမယ်ဆိုရင်လည်း၊ သူ့ကိုပြောရင် ပြောလို့ရတာပဲ” ပေါ့လေ၊ “ပြောပြီး မှ လုပ်လည်း ဘာမှ လက်မခံစရာ အကြောင်းမှ မရှိတာ”၊ အခု ရေဒီယို တီဗီတို့က သတင်းထွက်လာတော့မှ သူတို့က သိရတာကိုး။
ဦးရော်နီညိမ်း။ ။ ဘယ်လို လုပ်လိုက်တာလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖမ်းပြီး တနေရာရာမှာ ထားလိုက်တာလား။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့မိသားစုဟာ စစ်ရုံး (war office) ဝင်းထဲမှာရှိတဲ့ တပ်မတော်ဧည့်ဂေဟာမှာပဲ နေပါတယ် ခင်ဗျ၊ “ရှစ်လေးလုံး” ပြီးကတည်းက အဲဒီမှာ ပြောင်းပြီးတော့မှ နေကြတာခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက်ရင်၊ အဲဒီ ရုံးနဲ့အိမ် နီးနီးလေးပေါ့ဗျာ၊ ဂိတ်ထဲ ဝင်လာရုံပဲလေ၊ အဲဒီနေ့က သတင်းလည်း ကြေညာပြီးရော၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက်စရာ ရုံးမရှိတော့ဘူး။ အဲဒီလို ဖြစ်တာ။
ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဒီလိုမျိုး တာဝန်တွေ များလွန်းတဲ့အတွက်ကြောင့် အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ ကြေညာချက် ထွက်လာတာ ကျနော် မှတ်မိတယ် လေ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော် ခုနက တင်ပြခဲ့သလိုပေါ့ ဗိုလ်ချုပ်ကြီးစောမောင်အိမ်က ကျနော်တို့ စစ်ရုံး ဝင်းထဲမှာရှိတဲ့အတွက်ကြောင့်မို့လို့၊ အထဲကနေ အပြင်မသွားနဲ့ ဆိုတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီဝင်းထဲမှာ ထိန်းထားလိုက်တယ်။ ပြီးမှ သူ့ကို အစောင့်အရှောက်နဲ့ သူ့ရဲ့ကိုယ်ပိုင်အိမ်ကို ပြန်ပို့တယ်။ ပြန်ပို့ပြီးတော့မှ အကျယ်ချုပ်သဘောမျိုး ချထား တယ်လို့ ကျနော်တို့ သိရတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒါက ၁၉၉၂ မှာ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၉၂ ၊ ဧပြီလ မှာပါခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားလို့ ပြီးသွားပြီဆိုတော့၊ ခုနက ပြောတဲ့ ဆုလာဘ် ခွဲဝေယူမှုတွေ ဘယ်လို များဆက်ဖြစ်ပါသလဲ ခင် ဗျ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်ကတော့ အဲဒီအချိန်က နံပါတ် One ကို ဖယ်လိုက်ပြီးတော့ ဗိုလ်ချုပ်သန်းရွှေကို နံပါတ် “ဝမ်း” နေရာ ပို့တဲ့အလုပ်ကို သူ ဆောင်ကြဉ်းပေးလိုက်ရင် သူလည်း နံ ပါတ် Two နေရာကို ရောက်လာမှာ ဖြစ်တဲ့အတွက်၊ ဒီအကွက်ကို ကစားခဲ့တယ်လို့ တွက်လို့ မရဘူးလား။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီအတိုင်း ကစားတာပဲ။ အဲဒီအချိန်ကတည်းက သူ့ရဲ့ feeling ပေါ့လေ၊ သူ ဒီ post ကိုရချင်တယ်၊ လိုချင်တယ်။
ဦးရော်နီညိမ်း။ ။ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နေရာကိုတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် အနေနဲ့ ဘယ်လိုမှ စဉ်းစားမယ်မထင်ဘူး။ သူနဲ့လည်း မဆိုင်ဘူး လိုဖြစ်နေတယ်လေ၊ ခုနက နဝတ ဒုတိယဥက္ကဌ နေရာကို သူ ဘယ်လိုများ သဘောထားပါသလဲ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်အခါတုန်းက ဗိုလ်ချုပ်ကြီးသန်းရွှေနေရာကို ဘယ်သူများရမလဲ ဆိုတဲ့ထင်ကြေးတွေက ကျနော်တို့ စစ်ရုံးထဲမှာလည်း ဖြစ်တယ်။ သံတမန် တွေကြားထဲမှာကော အရပ်သားတွေ ကြားထဲမှာပါ ဖြစ်ပါတယ်။ ကျနော်တို့ ဌာနနဲ့ဆိုင်တဲ့သတင်းတွေကို ကျနော်ကိုယ်တိုင် ဗိုလ်မှူးကြီးကျော်သိန်း (ဗိုလ်မှူးအောင်လင်းထွဋ်၏အထက် ်မှ တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး ‘မူးယစ်ဆေးဝါးနှင့် တိုက်ပွဲထောက်လှမ်းရေး’ ဌာနမှူး) တို့ ခရီးသွားတဲ့အခါမှာ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ကိုယ်တိုင်တွေ့ပြီးတော့မှ ဒီသ တင်းတွေကို ကျနော် ပို့ခဲ့ဖူးပါတယ်။ အဲဒီ သံတမန်တွေဆီက သတင်းတွေ ဗျာ။ အထူးသဖြင့်တော့ နိုင်ငံခြားဆက်ဆံရေးပေါ့၊ နိုင်ငံခြားသံရုံးတွေက လာတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး တော့ ကျနော် တခါ ဝင်သတင်းပို့ရပါတယ်။ သတင်းပို့တဲ့အခါ “ဗိုလ်ချုပ်၊ ဗိုလ်ချုပ် အပေါ်ကိုတော့ ဒီ သတင်းတွေ ဒီသတင်းတွေ ဖြစ်နေပါတယ်”ဆိုတဲ့ ကြောက်ကြောက်နဲ့ပါပဲ။ ကျနော် တို့က အဆင့်အများကြီး ကွာတဲ့အခါကျတော့ ဝင်သတင်းပို့တယ်။ ပို့တဲ့အခါကျတော့ ကျနော့်ကို သူ မော့ကြည့်လိုက်တယ်၊ မော့ကြည့်ပြီးတော့မှ “အောင်လင်းထွဋ် မင်းဘယ်လိုထင် လဲ” ဆိုပြီးမေးတော့ ကျနော်တောင်မှ “ကျနော်မသိပါဘူး” ဆိုပြီးတော့ ပြောရတယ်။ သူ့ကို Second Man အနေနဲ့ ပေးလိမ့်မယ်၊ ထားလိမ့်မယ်လို့ သူ လုံးဝမျှော်လင့်ပါတယ်။ ဒါပေမဲ့ တကယ် ဖြစ်မလာတဲ့အခါကျတော့ သူကိုယ်တိုင် feeling ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။
ဦးရော်နီညိမ်း။ ။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက် စစ်အာဏာသိမ်းချိန်က ဖြစ်စဉ် နဲ့ ၁၉၉၂ ဧပြီလ မှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ဦးဆောင်ပြီးတော့ အဲဒီအချိန်က “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့” တစ်ဖွဲ့လုံး စိတ်တူသဘောတူ ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေအကြောင်း ဗိုလ်မှူးအောင်လင်း ထွဋ် ရဲ့ ပြောစကားတွေကို နှစ်ပိုင်းခွဲပြီး တင်ဆက်ခဲ့တာပါ ခင်ဗျာ၊ နောက်သီတင်းပတ် စက်တင်ဘာလ (၂၆) ရက် တနင်္ဂနွေနေ့ နံနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍ မှာတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးကာလမှာ ပြည်သူလူထုဘက်ကိုကူးပြောင်းလာခဲ့တဲ့ ခြေမြန်တပ်မ (၂၂) လက်အောက်ခံ ခြေမြန်တပ်ရင်း တစ်ရင်းက တပ်ခွဲမှူး ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ် ခင်ဗျာ၊ စောင့်မျှော်နားဆင်ကြပါ၊ ကျနော် ရော်နီညိမ်း ပါ။