သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးစောမောင်ကို နဝတဥက္ကဌ ရာထူးကနေ ဖယ်ရှားခဲ့ကြစဉ်က


တပ်မှူးတပ်သား ပြောစကား (၀၇၉)

တပ်မှူးတပ်သား ပြောစကား (၀၇၉)

၁၉၆၂ခုနှစ်ကကော၊ ၁၉၈၈ခုနှစ်ကကော၊ စိတ်တူသဘောတူအာဏာသိမ်းခဲ့ကြတဲ့ လုပ်ဖေါ်ကိုင်ဘက် မြန်မာ့ တပ်မတော်စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားမှာတောင်၊ တဦးးနဲ့တဦး သစ္စာမဲ့ခဲ့ကြတဲ့ သမိုင်းအထောက် အထားတွေ အများအပြားရှိနေတာကြောင့်၊ မြန်မာ့နိုင်ငံရေးမှာ စစ်ခေါင်းဆောင်တွေအပေါ် ဘယ်လောက်ယုံ ကြည်ရမလဲဆိုတာ၊ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ သမိုင်းထဲကနေ သင်ခန်းစာယူစရာဖြစ်တဲ့၊ ၁၉၈၈ အာ ဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို စစ်ကောင်စီဝင် ကျန်စစ်ခေါင်းဆောင်တွေ သစ္စာ ဖေါက်ပြီး၊ ၁၉၉၂ ဧပြီလ (၂၇)ရက် နေ့ မှာ စိတ်တူသဘောတူ ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်အကြောင်း၊ မနှစ်က ၂၀၁၀ ခုနှစ်မှာ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ဦးရော်နီညိမ်း တို့ ဆွေးနွေးတင်ပြထားတာကို၊ ဒီသီတင်း ပတ် တပ်မှူးတပ်သား ပြောစကား ကဏ္ဍမှာ ပြန်ပြီး တင်ဆက် လိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကျနော်တို့ ဟိုနေရာလေး ပြန်ကြည့်ရအောင်။ ခုနက ဗိုလ်ချုပ်ကြီးသန်းရွှေ နဝတ ဒုတိယ ဥက္ကဌ ပိုင်ပိုင် နိုင်နိုင် ဖြစ်သွားတဲ့ အနေအထားလေးကို ပြောပြပေးပါဦး ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ပြန်တမ်း ထွက်ပါတယ်။ ပြီးတော့မှ သတင်းစာတွေထဲမှာ ဒုတိယဥက္ကဌ ဆိုတာကို စပြီး တော့မှ ကြေညာတာက ၁၉၈၉ ပေါ့လေ၊ ၁၉၈၉ အကုန်ပိုင်းလောက်မှာ စ ကြေညာတာ ဖြစ်ပါတယ်။ အစည်းအဝေး တွေမှာ ထိုင်ကြတဲ့အခါ စစ်ရုံးမှာ “ဝါစဉ်” ရှိပါတယ်။ နိုင်ငံရေးပိုင်းအရ လုပ်တဲ့အစည်းအဝေး တွေမှာဆိုရင် ဗိုလ်ချုပ် ကြီးစောမောင်၊ ဘယ် နဲ့ ညာက အတွင်းရေးမှူး (၁)၊ (၂)။ ပြီးမှ ကျန်တဲ့ member (နဝတ အဖွဲ့ဝင်) တွေက တန်းစီပြီး တော့မှ ထိုင်ရပါတယ်။ ဒါ “ဝါစဉ်” ပါပဲ။ စစ်ရေးနဲ့ပတ်သက်တဲ့ အစည်း အဝေးဆိုရင် ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ် ကြီးသန်းရွှေ၊ ပြီးရင် ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေ။ ပြီးတော့မှ ဗိုလ်ချုပ်ခင်ညွှန့်က ထောက်လှမ်းရေးညွှန်ကြား ရေးမှူးအနေ နဲ့ အဝေးကြီးမှာ ထိုင်ရပါတယ်။ လေးလပတ် အစည်းအဝေးတို့၊ စစ်တပ်အစည်းအဝေးတို့ ဆိုရင်၊ ဗိုလ်ချုပ်ခင်ညွှန့်ခုံက အဝေးကြီး ရောက်သွားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်မှာ သူ တရားဝင် နဝတ ဒုတိယ ဥက္ကဌ ဖြစ်လာပြီ။ အဲဒီအခါကျတော့ကော ဒုတိယဥက္ကဌနဲ့ ဥက္ကဌနဲ့ ဆက်ဆံရေး ပိုပြီးတော့ တိုးတက်မှု ရှိလာပါသလား ခင်ဗျ။ ဆက်ဆံရေး ပြန်ကောင်းသွားလား ခင်ဗျ။ ပို တိုးတက်လာ သလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ သိပ်တော့ ထူးခြားမှု မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ကြီး စောမောင် အနေနဲ့က ဗိုလ်ချုပ်ကြီး သန်းရွှေကို အဲဒီအချိန်မှာ ခုန ကျနော်ပြောခဲ့တဲ့ ဆည်မြောင်း၊ တာတမံတွေကလွဲလို့ ကျန်တဲ့ တာဝန်ပေး တာမရှိပါဘူး ခင်ဗျ။ ဗိုလ်ချုပ်ကြီး သန်းရွှေမှာ power မရှိပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီဟာတွေ ဖြစ်နေတာကို ဦးနေဝင်းက ဘာမှ ဝင်ရောက် စွက်ဖက်ခြင်း မရှိဘူး လား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်နောက်ပိုင်းမှာတော့ ဦးနေဝင်းရဲ့ အခန်းကဏ္ဍက လူပုဂ္ဂိုလ်နေရာချထား မှုနဲ့ ပတ်သက်ပြီးတော့ မှ သူ့အနေနဲ့ ဝင်ရောက်စွက်ဖက်တာ မရှိတော့ပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ နောက်တစ်ခု ကျနော်တို့ ပြန်တွက်ကြည့်လို့ မရဘူးလားခင်ဗျ၊ ဒီလိုလေ။ ဦးနေ ဝင်းသည် အောက်ကတပည့်တွေ မတည့်အောင် လုပ်ထားပြီးတော့မှ သူ့အာဏာမြဲအောင် တစ်သက်လုံး လုပ် လာတာဆို တော့၊ အဲဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီး စောမောင် နဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ ဒီလိုမျိုး အဆင်မပြေ ဖြစ်နေတာ သူ့အတွက် ပိုပြီး တော့ balance မဖြစ်ဘူးလားခင်ဗျ၊ သူ အကယ်၍ နောက်မှာ ရှိနေတယ်ဆိုလို့ရှိ ရင် ဒီသဘောမျိုးကော ရှိနေပါ သလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဆင်မပြေဖြစ်နေတယ်လို့တော့ အဲဒီအချိန်အခါက ပြောလို့မရဘူးခင်ဗျ။ ဘာလို့ ပြောလို့မရလဲ ဆိုတော့ ဗိုလ်ချုပ်ကြီးသန်းရွှေအနေနဲ့ မကျေနပ်ဘူးဆိုတဲ့အမူအရာ လုံးဝမပြခဲ့ပါဘူး။ တကယ့် တကယ် သူ အာဏာရလာတဲ့ အချိန်ကျတော့မှ၊ ဗိုလ်ချုပ်စောမောင်ရဲ့ အသုဘတောင် မသွားရဘူးဆိုပြီး ပိတ် တဲ့ သဘောမျိုးတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးတင်ဦးပေါ့နော်၊ နောက်ပိုင်းမှာတော့ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးပေါ့၊ ဘယ်သူ့လူပါလဲ ခင်ဗျ။ ဗိုလ်ချုပ် ကြီးစောမောင်လူလား။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လူလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်ခါမှာ စစ်ရုံးမှာရှိတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး၊ နောင် ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး ပေါ့လေ။ နောက်တစ်ယောက်က (ဒုတိယ)ဗိုလ်မှူးကြီးခင်မောင်သန်း (စစ်ဦးစီးမှူး - ပထမတန်း) G-1 ပေါ့။ အဲဒီအချိန်အခါမှာ၊ ဗိုလ်ချုပ်ကြီးစောမောင် အနေနဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကော၊ ဗိုလ်မှူးကြီးခင်မောင် သန်းကိုကော ကြည့်မရပါဘူး။ ကြည့်မရတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ဒီလူတွေ ဟာ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ အင်မတန် မှ closed ဖြစ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီး စော မောင်က “တင်ဦးကို ငါ စစ်ရုံးမှာ မမြင်ချင်ဘူး” ဆို တဲ့အခါကျတော့ ဗိုလ်ချုပ်ကြီးတင်ဦးက ဘယ်သူမှ ရာထူး မပေးဘဲ နဲ့ သူ့ကိုယ်သူ ကစထမှူး (ထိုအချိန်က တဦးတည်း သော ကစထမှူး) ဆိုပြီးတော့မှ ကရင်ပြည် နယ် ဘက်ကိုသွားပြီးတော့မှ ရှောင်နေရတဲ့ အနေအထားမျိုးရှိပါတယ်။ နောက်တစ်ယောက်က ဗိုလ်မှူးကြီးခင် မောင်သန်း (နောင် ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း)၊ သူဆိုရင်လည်း စစ်ဦးစီးဗိုလ်မှူးကြီး (ကက(ကြည်း) စစ်ဆင် ရေးဌာန G-1 ကနေ စစ်ဦးစီးဗိုလ်မှူးကြီး (ကြည်း)အဖြစ် ရာထူးတက်ခဲ့ပြီး နောက်) ကနေ၊ “မင်းသွား ခင်မောင်သန်း၊ တပ်မ(၅၅) ဒုတပ်မမှူး” ဆိုပြီးတော့မှ မောင်းထုတ် လိုက်ပါတယ်။ အဲဒီ အချိန်အခါတုန်းက တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ပြောပိုင်ခွင့် မရှိဘူးပေါ့ဗျာ။ သူ့အထက်က ဦးစီးချုပ်က လုပ်တယ်ဆို တော့ သူက မကျေနပ်ပေမယ့် ငြိမ်ခံနေရတဲ့ အနေအထားမျိုးရှိပါတယ်။ ကျနော် ဘာဖြစ်လို့ အဲလိုပြောရသ လဲ ဆိုတော့ ကျနော်တို့က ရန်ကုန်မှာ သင်တန်းနည်းပြအရာရှိပေါ့လေ၊ ဒီ ကကလှမ်း (ကာကွယ်ရေးဝန်ကြီး ဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး) နဲ့တော့ အမြဲသွားဟယ်လာဟယ် အဆက်အသွယ်ရှိ တယ်။ ဗိုလ်ချုပ်ကြီး စောမောင်အနားမှာ နေတဲ့ ဗိုလ်မှူးမြင့်ဦးတို့၊ ဗိုလ်မှူးခင်မောင်စိုး (ဗိုလ်ချုပ်မှူးကြီးစော မောင်၏ ကိုယ်ရေးအရာရှိများ) တို့ဆိုတာ ကျနော်တို့ သူငယ်ချင်းတွေပါ။ ကျနော်တို့ က အမြဲတမ်း ထိတွေ့၊ ဆက်ဆံ၊ ပြောဆိုနေကြတဲ့ အနေအထားမျိုး ရှိပါတယ်။ ကျနော် ကကလှမ်း ရောက်သွားတဲ့ အခါကျတော့ ပိုသိရပါတယ်။

(ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း = “နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ” အဖွဲ့ဝင် အဖြစ်၊ အဆိုပါစစ်ကောင်စီ စတင်ဖွဲ့စည်းချိန် ၁၉၉၇ခုနှစ်မှ စတင်၍၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအနေနှင့် ပါဝင် လာခဲ့ပြီး၊ နောက်ဆုံး ဧရာဝတီတိုင်း၊ ပဲခုးတိုင်းနှင့် ရခိုင်ပြည်နယ်တို့၏ စစ်ရေးနှင့် အရပ်ဘက်အုပ်ချုပ်ရေးကို ကွပ်ကဲရသော ကစထ(၃) ၏ ကစထမှူး ဖြစ်ခဲ့သူ။ ၂၀၀၆ တွင် ကစထမှူး ရာထူးမှ ဖယ်ရှားခံရပြီး “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ”ဝင် အဖြစ်မှပါ ၂၀၀၉ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အနား ပေး ဖယ်ရှား ခြင်းခံခဲ့ရသူ)

ဦးရော်နီညိမ်း။ ။ ရွေးကောက်ပွဲကို တကယ်ပဲ တရားမျှမျှတတ၊ရိုးရိုးသားသားနဲ့ လုပ်ပေးမယ်။ ပြီးလို့ ရှိရင် တပ်မတော်ဟာ စစ်တန်းလျားကိုပြန်မယ် ဆိုတဲ့ရည်ရွယ်ချက်ဟာ၊ ဗိုလ်ချုပ်ကြီးစောမောင် အပါအဝင် အားလုံးမှာ ရှိပါသလား။ သူ တစ်ယောက်ထဲမှာ ရှိတာလား၊ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” ဟာ၊ (၈၃)ရာခိုင် နှုန်းလောက်နဲ့ အပြတ်အသတ်အနိုင်ရသွားတဲ့အချိန်မှာ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ် ကြီးသန်းရွှေ၊ ဗိုလ်မှူးချုပ်ခင်ညွန့်တို့ သုံးယောက် ပတ်လည်ကြားမှာ ဘယ်လိုဖြစ်လဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ဟာ တကယ့် ရိုးရိုးသားသား စစ်သားကြီးပါ။ သူ တကယ်ပြောခဲ့တဲ့ စစ်တန်းလျားပြန်မယ်ဆိုတာ အမှန်ပါ။ ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ကလိမ်ကကျစ် လုပ် ပြီးတော့မှ ပြောတဲ့အနေအထားမျိုး မရှိပါဘူး။ ဗိုလ်ချုပ်ကြီးနေဝင်းနေတဲ့ အေဒီလမ်းအရှေ့က အင်းလျားလေး စခန်းဆိုတာ ရှိပါတယ်။ သနက(၅) (ဗမာ့သေနတ်ကိုင်တပ်ရင်း - ၅) တပ်ရင်းက၊ ဒေါက်တာမောင်မောင် ရဲ့ သားအငယ်ရှိပါတယ်။ ဗိုလ်မှူးအောင်နိုင်ပေါ့၊ကိုကျော်သူရဲ့ အငယ်ပေါ့လေ၊ သူနဲ့ကျနော် အဲဒီမှာနှစ်လလောက် ကြာအောင် လုံခြုံရေး လုပ်ရပါ တယ်။ int. cover (intelligence cover = ထောက်လှမ်းရေးအရ လုံခြုံရေး) ပေးရတဲ့ အနေအထားမျိုးတွေ ရှိပါ တယ်။ အဲဒီမှာ လုံခြုံရေးလုပ်တဲ့အချိန်ခါမှာ ဗိုလ်ချုပ်ကြီးစောမောင် ကော၊ ဗိုလ်မှူးကြီးခင်ညွန့်ကော ဗိုလ်ချုပ်ကြီး နေဝင်း အိမ်ကို မကြာမကြာ အဝင်အထွက်ရှိခဲ့ပါတယ်။ နောက်တခါ ကျနော် ဗိုလ်ချုပ်ကြီးသန်းရွှေ golf ရိုက်တော့ အနီးကပ်လုံခြုံရေးလိုက်တဲ့အချိန်အခါမှာ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ချစ်ဆွေ ၊ ဗိုလ်ချုပ်မောင်မောင်ခင်နဲ့ ဗိုလ်ချုပ်ဘုန်းမြင့်တို့ လေးယောက် ချက်ချင်းပဲ သူ တို့ golfရိုက် တာကိုရပ်ပြီးတော့၊ သူတို့ golf club ကိုပြန်ပါတယ်။ golf club ရောက်ပြီးတော့မှ ဦးနေဝင်းရဲ့ကားယာဉ်တန်း ဝင်လာပါတယ်။ ဘာလုပ်ရလဲဆိုတော့ အဲဒီအချိန်က ဦးနေဝင်းကို ရန်ကုန်မြို့မှာ လမ်းမကြီးလေးသွယ်ဖောက် မယ်၊ ဘယ်လိုလုပ်မယ်ဆိုတာကို ကျူတံထောက်ပြီးတော့မှ ဗိုလ်ချုပ်ကြီး သန်းရွှေက ရှင်းပြခဲ့ရ ပါတယ်။ ဒါ ကျနော့်မျက်စိရှေ့မှာ ကျနော်တို့ ကိုယ်တိုင်လည်း ပါပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက အဲဒီ အချိန်အခါထိ နောက်ကွယ်မှာ ရှိပါတယ်။

(အငြိမ်းစားဗိုလ်မှူးကြီး ဦးကျော်သူ (စစ်တက္ကသိုလ် အပတ်စဉ် - ၁၃) = ယခု ပြည်ထောင်စုဝန်ကြီးနှင့် အဆင့် တူ၊ လက်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ (ယခင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် နိုင်ငံ ခြားရေး ဒု-ဝန်ကြီး ဖြစ်ခဲ့သူ၊ ကွယ်လွန်သူ သမ္မတဟောင်း နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌဟောင်း ဒေါက်တာမောင် မောင် ၏ သားကြီး)

(ဗိုလ်မှူးအောင်နိုင် - စစ်တက္ကသိုလ် အပတ်စဉ် (၁၆) = ဒေါက်တာမောင်မောင်၏ သားငယ်)

(ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ = ၁၉၈၈ အာဏာသိမ်းချိန်တွင် “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့”ဝင်၊ ကစထ နှစ်ခုထဲ ရှိစဉ်က၊ အောက်မြန်မာနိုင်ငံ တခုလုံး၏ စစ်ဆင်ရေးများကို ကွပ်ကဲရသူ၊ ကာကွယ် ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (၂)၏ ကစထမှူး နှင့် ၁၉၉၇ တွင် သစ်တောရေးရာဝန်ကြီး အဖြစ်မှ အနားပေး ဖယ်ရှားခံရသူ)

(ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်ခင် = ၁၉၈၈ အာဏာသိမ်းချိန်တွင် “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေး အဖွဲ့”ဝင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ၂၀၀၁ တွင် ဒုတိယဝန်ကြီးချုပ်အဖြစ်မှ အနားပေး ဖယ် ရှားခံရသူ)

(ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြင့် = ၁၉၈၈ အာဏာ သိမ်းချိန်တွင် “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့” ဝင်၊ စစ်ထောက်ချုပ် နှင့် ၁၉၉၇ တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး အဖြစ်မှ အနားပေး ဖယ်ရှား ခံရသူ)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဒီဟာက ၈၈၈၈ လူထုအုံကြွအရေးတော်ပုံကြီး နောက်ပိုင်းမှပေါ့ နော်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၈၉ - ၉၀၊ အဲလောက် ကာလပေါ့ လေ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင် ကိုယ်တိုင်ကလည်း ခုနက ကိုရော်နီပြောသလို ပြောထား ပြီးသား၊ တကယ်လည်း သူက လွှဲပေးမယ် ဖြစ်လာတဲ့အခါ သူ pressure အများကြီး မိပါတယ်။ အပြင်က NLD ရဲ့ pressure တင်မဟုတ်ဘူး ဗျ၊ အထဲက လုပ်ဖော်ကိုင်ဖက် တွေရဲ့ pressure လည်း များပါ တယ်။ အထူးသဖြင့်တော့ နဝတအဖွဲ့မှာ ဗိုလ်ချုပ်ကြီးထွန်းကြည်၊ ဗိုလ်ချုပ်ကြီးမြင့်အောင်တို့ aggressive ပုဂ္ဂိုလ်တွေချည့်ပဲလေ။ အဲဒီလူတွေက အဲဒီမှာ “ဘာလို့ အာဏာလွဲှပေးရမှာလဲ” ဆိုတဲ့ အတွေးအခေါ်မျိုး တော် တော်များများမှာ ဝင်ပါတယ်။ ဒီလူတွေကို ပြန်ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ နီးစပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေပဲ။

(ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းကြည် = ၁၉၈၈ အာဏာ သိမ်းချိန်တွင် “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေး အဖွဲ့” အဖွဲ့ဝင်၊ အနောက်မြောက်တိုင်း (ယခု အလယ်ပိုင်းတိုင်း) စစ်ဌာနချုပ်တိုင်းမှူးနှင့် ၁၉၉၇တွင် ကုန် သွယ်ရေးဝန်ကြီး အဖြစ်မှ အနားပေး ဖယ်ရှားခံရသူ။ ၂၀၁၀ ဇွန်လတွင် ဗိုလ်ထွန်းကြည် (မုံရွာ) အမည်နှင့် "နှစ် (၅၀) ကျော် ကိုယ်တွေ့ များ" ပထမတွဲကို ရေးသားထုတ်ဝေခဲ့သူ)

(ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်အောင် (ကွယ်လွန်) = ၁၉၈၈ အာဏာသိမ်းချိန်တွင် “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေး အဖွဲ့” ဝင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ၁၉၉၇ တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး အဖြစ်မှ အနားပေး ဖယ်ရှားခံရသူ)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီအခင်းအကျင်းကို ကျနော်တို့ ကြည့်လိုက်တဲ့အခါကျတော့၊ ဒီ နဝတ ထိပ်ဆုံးက ခေါင်းဆောင်တွေထဲမှာ အနိုင်ရသွားတဲ့ NLDကို အာဏာလွှဲမပေးချင်တဲ့ အုပ်စုက တစ်စု၊ နောက် တခါ ဘယ်လိုပဲ ပြောပြော ငါတို့က စစ်သား၊ စစ်သားစကား တည်ရမယ်၊ အာဏာလွှဲပေးပြီး တပ်ကို ပြန်မယ် ဆိုတာ ဗိုလ်ချုပ်ကြီးစော မောင်တစ်ယောက်ထဲ ဖြစ်နေတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က အဲဒီအချိန်ခါကျတော့ ခြံနှစ်ခြံ ဖြစ်နေတဲ့အထဲမှာ ဘယ်ခြံ ဘက်ကို ခုန်လိုက်သလဲ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဟိုဘက်၊ ဆန့်ကျင်တဲ့ဘက်ကို ခုန်သွားတဲ့ သဘောမျိုးဖြစ်ပါတယ်။ အဲဒီ ခြံထဲဝင် သွားတဲ့ အကြောင်းရင်းကလည်း ကိုရော်နီ သတိထားမိပါလိမ့်မယ်။ အဲဒီအချိန်ခါမှာ အခု ကွယ်လွန် သွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နျုရင်ဘတ် ခုံရုံး”တို့ ဘာတို့၊ ဒါတွေက ဖြစ်လာတဲ့ အချိန်အခါမှာ “သူတို့ အာဏာတောင် မရ သေးဘူး၊ အခုကတည်းက လာပြီးတော့၊ ဘာမို့လို့လဲကွ” ဆိုပြီး ဖြစ်ကြတာကိုး၊ အဲဒီအချိန်ကပေါ့ဗျာ။

(ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နုရင်ဘတ် ခုံရုံး” = ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD )မှ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက်၊ ထိုစဉ်က NLD ပါတီဥက္ကဌ တာဝန်ယူထားသည့် ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူး ကြီးကြည်မောင်အား၊ Asiaweek မဂ္ဂဇင်း သတင်းထောက် Dominique Faulder က၊ “ရွေးကောက်ပွဲ အနိုင်ရ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်၍ အစိုးရသစ် ဖွဲ့စည်းပြီးလျှင်၊ မြန်မာ့တပ်မ တော်မှ စစ်ခေါင်းဆောင်တချို့အား၊ တရားရုံးတင်ပြီး စစ်ဆေးအပြစ်ပေးဖို့ အစီအစဉ်ရှိပါသလား”ဟု မေးမြန်း ခဲ့ရာ၊ ဦးကြည်မောင်မှ “မြန်မာနိုင်ငံမှာ နုရင်ဘတ်ခုံရုံးလို၊ ရုံးတင်စစ်ဆေးဖို့ အစီအစဉ် မရှိပါဘူး”ဟု ပြန်လည် ဖြေကြားခဲ့သော်လည်း၊ ထိုစဉ်က စစ်ခေါင်းဆောင် များမှ၊ NLD မှ သူတို့အား နုရင်ဘတ်ခုံရုံးကဲ့သို့ ရုံးတင်စစ် ဆေးဖို့ အစီအစဉ်ရှိသည်ဟု၊ တထစ်ချ မှတ်ယူခဲ့ကြသည်။)

(နုရင်ဘတ်ခုံရုံး (Nuremberg Tribunal) = ဒုတိယကမ္ဘာစစ်ကြီးအပြီး၊ စစ်ရှုံး နာဇီ ဂျာမန်ခေါင်းဆောင်များ အား စစ်နိုင် မဟာမိတ်နိုင်ငံများက၊ တရားရုံးတင်ပြီး စစ်ဆေး အပြစ်ပေးခဲ့ရာ၊ ဂျာမဏီနိုင်ငံ နုရင်ဘတ်မြို့မှ စစ်တရားခုံရုံး)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ နဝတထဲမှာ နှစ်ခြမ်းဖြစ်သွားပြီလား။ နံပါတ်(၁)နဲ့ နံပါတ်(၁)မှ တပါး ကျန် တဲ့လူတွေနဲ့ အဲလို သိသိသာသာ ဖြစ်သွားပြီလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ရွေးကောက်ပွဲ နောက်ပိုင်း၊ ပြီးကတည်းကိုက တပ်ထဲမှာ ဒီ ဗိုလ်ချုပ်ကြီး စောမောင် ရဲ့ သြဇာအာဏာကျသွားပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကို ရံတဲ့ ဗိုလ်ချုပ်တွေ တစ်ယောက်မှ မရှိဘူး။ ဗိုလ်ချုပ်ကြီး စောမောင်က ရုတ်တရက်ကောက်ပြီး အာဏာယူလိုက်တဲ့အခါကျတော့ အာဏာတည် ဆောက်နိုင်တဲ့အချိန်ကို မရဘူး။ တကယ်တော့ လက်ရှိ ရှိတဲ့လူတွေကို ဖြုတ်ပစ်ရမှာဗျ။ ဖြုတ်ပြီးတော့မှ အာ ဏာတည်ဆောက်လို့ ရမယ်။ ဖြုတ်နိုင်တဲ့ အနေအထား သူ့မှာ မရှိဘူး၊ သူကိုယ်တိုင် အဖြုတ်ခံလိုက်ရတဲ့ သဘောပါပဲ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ကြစို့ ဆိုတာ ဘယ် လို ဖြစ်လာတာလဲခင်ဗျ၊ အားလုံးအတူတူ လက်ဝါးရိုက်ပြီး ဖြစ်လာတာလား၊ သို့မဟုတ် ဘယ်သူ့အကြံအစည် နဲ့ ဘယ်လိုပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့လည်း ပါတယ်ခင်ဗျ၊ တဘက် မှာလည်း ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ဥနှောက်ဖောက်သွားတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ ဒါ ပေမယ့် ဒီလောက်ကြီးတော့ ရက်ရက်စက်စက်နဲ့ သူ့ကို မဖြုတ်သင့်ဘူး၊ ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင် မှာ အရင်ဆုံး ဗိုလ်ချုပ်ကြီး စောမောင်မသိအောင်၊ အရင်က အင်္ဂလန်သံအမတ်ကြီးလုပ်သွားတဲ့ ဗိုလ်မှူးချုပ် ကျော်ဝင်း (ကွယ်လွန်) အဲဒီအချိန်တုန်းက တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားရေးမှူးပါ။ သူက ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်တွေကို ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး briefing လုပ်ပေးရ တယ်လို့ သိရပါ တယ်။ တကယ့်အစည်းဝေးကြီးမှာ မဟုတ်ဘူး။ ကြိတ်ဝိုင်းပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ စစ်ရုံးထဲမှာ အရင် စည်းရုံးရမှာပေါ့။ စစ်ရေးချုပ်တို့ စစ်ထောက်ချုပ်တို့ အဲဒီ“ချုပ်” တွေ နဲ့ ညွှန်ကြားရေးမှူးတွေနဲ့ သူတို့ ယုံကြည်တဲ့လူ လက်တစ်ဆုပ်စာလောက်နဲ့ hint (သတင်းအရိပ်အမြွက်) ပေးတဲ့ သဘော လား ခင်ဗျ၊ ဒီပုဂ္ဂိုလ်ကြီးကိုတော့ ဖယ်ရှားတော့မယ်ဆိုတဲ့ ဟာကို။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ hint ပေးတဲ့ သဘောမျိုးပါပဲ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်ချုပ်ကြီး သန်းရွှေကို တင်ပြပြီးတော့မှ စီစဉ်တယ်လို့ ကျနော်တို့ သိရပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဒီလိုဆိုရင်၊ အဲဒီအခါကတည်းက အပေးအယူ ဘယ်လိုလုပ်ထားသလဲ၊ ဗိုလ်ချုပ်ကြီး သန်းရွှေကို နံပါတ်(၁) ဖြစ်အောင် ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ပြီးတော့ တင်ပေးမယ်။ တင် ပေးမယ်ဆိုတာ သူက လည်း သူ့အုပ်စုနဲ့ သူ့လူနဲ့ သူ့အခံတွေနဲ့ ရှိပြီးသား၊ သို့သော်လည်း သူနံပါတ်(၁) ဖြစ် သွားရင် ဗိုလ်ချုပ်ခင်ညွန့်ကို ဘယ် လို ဆိုတဲ့ အနေအထားမျိုးပေါ့၊ အပေးအယူသဘောမျိုး၊ အခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာ။ ဗိုလ်မှူး ကြားသိသလောက် ပေါ့ အဲဒီအချိန်က။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နှုတ်ကတိ အနေနဲ့ကတော့ ဘာမှ မရှိဘူးခင်ဗျ၊ ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ ကတော့ မျှော်လင့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးသန်းရွှေ နံပါတ်(၁)ဖြစ်ရင်၊ သူ နံပါတ်(၂) ဖြစ်မယ်လို့ မျှော်လင့်တယ်၊ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ခင်ညွန့်အပိုင်းက ဘယ်လောက်ထိ လုပ်ပေးရသလဲဆိုတော့၊ နောက်ဆုံး ဗိုလ်ချုပ်ကြီးစောမောင်ကိုမဖြုတ်ခင်မှာ ထောက်လှမ်းရေးအရာရှိတွေ တပ်မတော်(လေ)လေယာဉ် လေးတွေ PC လေးတွေနဲ့ တိုင်းတစ်တိုင်းကို တစ်ယောက် စာအိပ်တစ်အိပ်နဲ့ သွားရတယ်ဗျ။ သွား ပြီးပေးတဲ့ အဲဒီစာအိပ်လေးကို တိုင်းမှူးက ယူ လာတဲ့ ထောက်လှမ်းရေးအရာရှိ ရှေ့မှာ ဖွင့်တယ်၊ ဖတ်တယ်၊ ဖတ်ပြီး တော့မှ တိုင်းမှူးရဲ့ သဘောထားပေါ့၊ သဘောတူလား မတူလား၊ အဲဒါကို မေးခိုင်းတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ စစ်တိုင်းက အဲဒီအချိန်က (၁၀)တိုင်းရှိတယ်နော်၊ မန္တလေး(နမခ)ကို အဲဒီအချိန် တုန်းက နှစ်ပိုင်းခွဲ ပြီးသွားပြီ နော်။

(၁၉၈၈ စစ်အာဏာသိမ်းချိန်တွင် စစ်တိုင်း(၉)တိုင်း သာရှိပြီး၊ ၈၈၈၈ လူထုအုံကြွမှုကြီး ဖြိုခွင်းခံရပြီး နောက် ပိုင်း ယခင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ - မန္တလေး) အား နှစ်ခြမ်းခြမ်း၍၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် (လပခ - မန္တ လေး) နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ - မုံရွာ) ဟူ၍ ဖြစ်ပေါ်လာသည်။ ယခင် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်(လပခ - တောင်ငူ)မှ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ - တောင်ငူ)ဟု ဖြစ်လာခဲ့သည်။ ယခုအခါ ကာကွယ်ရေး ဝန်ကြီးဌာနအောက်တွင်၊ ၂၀၁၁ နှစ်ဆန်းတွင် အသစ်ဖွင့်ခဲ့သည့် ရှမ်းပြည်နယ် ခိုလမ်တွင် ဌာနချုပ်ထားရှိသော အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) အပါအဝင်၊ စုစု ပေါင်း စစ်တိုင်း (၁၄) တိုင်း ရှိသည်။)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တိုင်းမှူးရဲ့ သဘောထားကို ပြန်မေးခဲ့။ သဘောတူလား မတူလား။ ဒါဘဲ။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က တိုင်မှူးတွေက နဝတ စဖြစ်တဲ့အချိန်က တိုင်းမှူးတွေ လား။ နောက် တစ်သုတ် တက်လာတဲ့ တိုင်းမှူးတွေလား ခင်ဗျ။ နောက်တစ်သုတ်ဆိုတာ၊ ဗိုလ်ချုပ်ညွှန့်တင်၊ ဗိုလ်ချုပ်ကက် စိန်တို့ အသုတ်လား ခင်ဗျ။

(ဗိုလ်ချုပ်ညွှန့်တင် DSA 7၊ ၁၉၆၄ = နဝတအဖွဲ့ဝင် စစ်တိုင်းမှူးများ ၁၉၉၂ တွင် ဝန်ကြီးများ ဖြစ်သွားကြပြီး နောက်၊ ၁၉၈၈နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများထဲတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် (ပုသိမ်) တိုင်းမှူး ဖြစ် လာပြီး၊ ၁၉၉၇ တွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၄ တွင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ ဖယ်ရှားခြင်းခံရပြီး လာဘ်စားမှုများနှင့် အကျဉ်းချခံထားရသူ)

(ဗိုလ်ချုပ်ကက်စိန် OTS 29၊ ၁၉၆၄ = နဝတအဖွဲ့ဝင် စစ်တိုင်းမှူးများ ၁၉၉၂ တွင် ဝန်ကြီးများ ဖြစ်သွားကြပြီး နောက်၊ ၁၉၈၈နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများထဲတွင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ် (မော်လ မြိုင်) တိုင်းမှူး ဖြစ်လာပြီး၊ ၁၉၉၇ တွင် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၆ တွင် အငြိမ်းစား ယူခွင့် တောင်းခံပြီး၊ အနားယူသွားခဲ့သူ)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ၊ နဝတအဖွဲ့ဝင် ဗိုလ်ချုပ်ထွန်းကြည်တို့ ပဲရှိသေးတယ်။ အဲဒီအချိန် တုန်းက ဗိုလ်ချုပ်ထွန်းကြည်တို့က ကုန်သွယ်ရေးဝန်ကြီး မဖြစ်သေးဘူး၊ တိုင်းမှူးတွေပဲ ရှိကြသေး တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ တိုင်းမှူးတွေ အနေနဲ့က ဘယ်လို စဉ်းစားမလဲ ခင်ဗျ။ စစ်ရုံးက လာတယ် ဆိုရင်၊ ဟိုတခါ “ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စ”တုန်းကလိုပေါ့။ စစ်ရုံးကပဲ အကြီးဆုံးအရာရှိတွေ ပါသလိုလို ဖြစ်နေတော့၊ ကိုယ့် ကို လာပြီးစည်းရုံးတဲ့အခါ ဝင်ပါရမလိုလို၊ ဝင်မပါဘဲ နေရမလိုလို၊ အဲဒီလိုမျိုး ဖြစ်ခဲ့ဖူး တယ်လေ။ အဲဒီတော့ ဒီကိစ္စမှာလည်း အဲဒီလိုမျိုး ရှိပါသလားခင်ဗျ၊ အကုန်လုံးအစုံ တခါထဲ၊ ရှိသမျှ စစ်တိုင်း (၁၀)တိုင်းလုံးက မှန်တယ်၊ ဖယ်ရှားပစ်မှဖြစ်မယ် ဆိုတဲ့ သဘောထားပေးခဲ့ပါသလား၊ ဒါမှမဟုတ် တစ်ဦးတစ် ယောက်လောက်က သဘောမတူဘူး၊ ဒီလိုတော့ မလုပ်သင့်ဘူး ဆိုတာမျိုး ရှိပါသလား ခင်ဗျ။

(ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စ = ၁၉ရ၆ တွင်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ ကိုယ်ရေး လုံခြုံရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့်(OTS 29)ဦးဆောင်၍ လူငယ်အရာရှိများမှ၊ ထိုစဉ်က မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေဝင်းနှင့် ထိပ်တန်းခေါင်းတချို့အား လုပ်ကြံပြီး အာဏာသိမ်းရန် ကြံစည်မှုတွင်၊ ပါဝင်ရန် စည်ရုံးခံရ သူ စစ်အရာရှိကြီးတချို့က ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင် နှင့် တခြား စစ်ခေါင်းဆောင်များပါ ထိုအကြံအစည်တွင် ပါဝင်နေသလား သေချာမသိရသဖြင့်၊ မိမိတို့ကိုယ် တိုင် ပါဝင်ရေးကို မဆုံးဖြတ်ရဲပဲ ဖြစ်ခဲ့ကြရသည့် ဖြစ်ရပ်)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မရှိပါဘူးခင်ဗျ၊ ဒီလို လုပ်တယ်ဆိုတာလည်း officially လုပ်တဲ့သဘော ပါပဲ။ hint က ပေးပြီးသား ဖြစ်ပါလိမ့်မယ်။

ဦးရော်နီညိမ်း။ ။ ဒါ နောက်မှ ဒီဟာကို သေသေချာချာလိုက်တဲ့ သဘောပေါ့။ စောစောကတော့ စစ် တိုင်းမှူး တွေကိုပါ လက်ဝါးရိုက်သင့်သလောက် ရိုက်ထားပြီးပြီဆိုတဲ့ သဘောပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဆုလာဘ် အနေနဲ့ ဘယ်လိုများရပါသလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီးသန်းရွှေဆီက။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖြုတ်တဲ့နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ဇနီး ဒေါ်အေးအေးရီ စစ်ရုံးပေါ် တက်လာပါတယ်။ တက်လာပြီးတော့ ဗိုလ်ချုပ်ကြီးသန်းရွှေအခန်းကို သွားပြီး လက်ညှိုး ထိုးပြီးတော့မှ ဆူပူတာပေါ့ ခင်ဗျာ။ အနားမှာလည်း ကျနော်တို့ သူငယ်ချင်းတွေရှိနေတော့ ကျနော် တို့ ပြန်သိသလောက် ပေါ့လေ၊ “ ရှင်တို့ ဒီလောက် တစ်ယောက်နဲ့တစ်ယောက် အတူတွဲလုပ်လာပြီးမှ၊ သစ္စာမဲ့ ရသလား”ပေါ့လေ၊ “ရှင်တို့ ဒီလို အာဏာယူမယ်ဆိုရင်လည်း၊ သူ့ကို ပြောရင် ပြောလို့ရတာပဲ” ပေါ့လေ၊ “ပြော ပြီးမှ လုပ်လည်း ဘာမှ လက်မခံစရာအကြောင်းမှ မရှိတာ၊ အခု ရေဒီယို တီဗီတို့က သတင်းထွက်လာတော့မှ သူတို့က သိရတာကိုး။

ဦးရော်နီညိမ်း။ ။ ဘယ်လို လုပ်လိုက်တာလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖမ်းပြီး တနေရာရာ မှာ ထားလိုက်တာလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့မိသားစုဟာ စစ်ရုံး (war office) ဝင်းထဲမှာရှိတဲ့ တပ်မတော်ဧည့်ဂေဟာမှာပဲ နေပါတယ်ခင်ဗျ၊ “ရှစ်လေးလုံး” ပြီးကတည်း က အဲဒီမှာ ပြောင်း ပြီးတော့မှ နေကြတာခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက်ရင်၊ အဲဒီ ရုံးနဲ့အိမ် နီးနီးလေး ပေါ့ဗျာ၊ ဂိတ်ထဲ ဝင်လာရုံပဲ လေ၊ အဲဒီနေ့က သတင်းလည်းကြေညာပြီးရော၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက် စရာ ရုံးမရှိတော့ဘူး။ အဲဒီလိုဖြစ်တာ။

ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဒီလိုမျိုး တာဝန်တွေများလွန်းတဲ့အတွက် ကြောင့် အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ ကြေညာချက် ထွက်လာတာ ကျနော် မှတ်မိတယ်လေ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော် ခုနက တင်ပြခဲ့သလိုပေါ့ ဗိုလ်ချုပ်ကြီးစောမောင်အိမ်က စစ်ရုံး ဝင်းထဲမှာ ရှိတဲ့အတွက်ကြောင့်မို့လို့၊ အထဲကနေ အပြင်မသွားနဲ့ ဆိုတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီ ဝင်းထဲမှာ ထိန်းထား လိုက်တယ်။ ပြီးမှ သူ့ကို အစောင့်အရှောက်နဲ့ သူ့ရဲ့ကိုယ်ပိုင်အိမ်ကို ပြန်ပို့တယ်။ ပြန်ပို့ ပြီးတော့မှ အကျယ်ချုပ်သဘောမျိုး ချထားတယ်လို့ ကျနော်တို့ သိရတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒါက ၁၉၉၂ မှာ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၉၂ ၊ ဧပြီလ မှာပါခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားလို့ ပြီးသွားပြီဆိုတော့၊ ခုနက ပြော တဲ့ ဆုလာဘ် ခွဲဝေယူမှုတွေ ဘယ်လို များဆက်ဖြစ်ပါသလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်ကတော့ အဲဒီအချိန်က နံပါတ် One ကို ဖယ်လိုက်ပြီးတော့ ဗိုလ်ချုပ်သန်းရွှေကို နံပါတ် “One” နေရာ ပို့တဲ့အလုပ်ကို သူ ဆောင်ကြဉ်းပေး လိုက်ရင် သူလည်း နံပါတ် Two နေရာကို ရောက်လာမှာ ဖြစ်တဲ့အတွက်၊ ဒီအကွက်ကို ကစားခဲ့တယ်လို့ တွက်လို့ မရဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီအတိုင်း ကစားတာပဲ။ အဲဒီအချိန်ကတည်းက သူ့ရဲ့ feeling ပေါ့လေ၊ သူ ဒီ post ကိုရချင်တယ်၊ လိုချင်တယ်။

ဦးရော်နီညိမ်း။ ။ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နေရာကိုတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်အနေနဲ့ ဘယ် လိုမှ စဉ်းစားမယ်မထင်ဘူး။ သူနဲ့လည်း မဆိုင်ဘူး လိုဖြစ်နေတယ်လေ၊ ခုနက နဝတ ဒုတိယဥက္ကဌ နေရာကို သူ ဘယ်လိုများ သဘောထားပါသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော်တို့ အဲဒီအချိန်အခါတုန်းက ဗိုလ်ချုပ်ကြီးသန်းရွှေနေရာကို ဘယ် သူများ ရမလဲ ဆိုတဲ့ ထင်ကြေးတွေက ကျနော်တို့ စစ်ရုံးထဲမှာလည်း ဖြစ်တယ်။ သံတမန်တွေ ကြားထဲမှာ ကော အရပ်သားတွေ ကြားထဲမှာပါ ဖြစ်ပါတယ်။ ကျနော်တို့ဌာနနဲ့ ဆိုင်တဲ့သတင်းတွေကို ကျနော်ကိုယ်တိုင် ဗိုလ်မှူးကြီးကျော်သိန်း(DSA 11) (တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံး ‘မူးယစ်ဆေးဝါးနှင့် တိုက်ပွဲထောက် လှမ်းရေး’ ဌာနမှူး)တို့ ခရီးသွား တဲ့အခါမှာ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ကိုယ်တိုင်တွေ့ပြီးတော့မှ ဒီသတင်းတွေကို ကျနော် ပို့ခဲ့ဖူးပါတယ်။ အဲဒီ သံတမန် တွေဆီက သတင်းတွေ ဗျာ။ အထူးသဖြင့်တော့ နိုင်ငံခြားဆက်ဆံရေး ပေါ့၊ နိုင်ငံခြားသံရုံးတွေ ကလာတဲ့ သတင်းတွေ နဲ့ ပတ်သက်ပြီးတော့ ကျနော်တခါ ဝင် သတင်းပို့ရပါတယ်။ သတင်းပို့တဲ့အခါ “ဗိုလ်ချုပ်၊ ဗိုလ်ချုပ်အပေါ်ကိုတော့ ဒီ သတင်းတွေ ဒီသတင်းတွေ ဖြစ်နေပါတယ်” ဆိုတဲ့ ကြောက်ကြောက်နဲ့ ပါပဲ။ ကျနော်တို့က အဆင့် အများကြီး ကွာတဲ့ အခါကျတော့။ ဝင် သတင်းပို့တယ်။ ပို့တဲ့ အခါကျတော့ ကျနော့်ကို သူ မော့ကြည့်လိုက်တယ်၊ မော့ကြည့်ပြီးတော့မှ “အောင်လင်းထွဋ် မင်းဘယ်လို ထင်လဲ” ဆိုပြီး မေးတော့၊ ကျနော်တောင်မှ “ကျနော်မသိပါဘူး” ဆိုပြီးတော့ ပြောရ တယ်။ သူ့ကို Second Man အနေနဲ့ ပေးလိမ့်မယ် ထားလိမ့်မယ်လို့ သူ လုံး၀ မျှော်လင့်ပါတယ်။ ဒါပေမယ့် တကယ် ဖြစ်မလာတဲ့ အခါကျ တော့ သူကိုယ်တိုင် feeling ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက် စစ်အာဏာသိမ်းချိန်က ဖြစ်စဉ်နဲ့ ၁၉၉၂ ဧပြီလမှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ဦးဆောင်ပြီးတော့ အဲဒီ အချိန်က “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့” တစ်ဖွဲ့လုံး စိတ်တူသဘောတူ ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေအကြောင်း တင်ဆက်ခဲ့ တာပါ ခင်ဗျာ၊ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG