သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ အရေးအခင်းကာလ လူထုဘက်ကူးပြောင်းခဲ့သူ ဗိုလ်ကြီးစိုင်းဝင်းကျော် (၁)


တပ်မှူးတပ်သား ပြောစကား (၀၂၇)

၂၀၁၀ စက်တင်ဘာ (၂၆)

မကြာခင်ကမှ အသစ်ခန့်အပ်လိုက်တဲ့ မြန်မာ့တပ်မတော်က စစ်တိုင်းမှူးအသစ် အများစုနဲ့ ဗိုလ်သင်တန်းအပတ်စဉ်တူ ဖြစ်ပြီးတော့၊ စစ်တက္ကသိုလ် အပတ်စဉ်(၂၄)က၊ ကျောင်းဆင်းခဲ့ တဲ့၊ ရှစ်လေးလုံးလူထုအုံကြွမှု အရေးတော်ပုံကာလမှာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူ၊ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို၊ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အ ပတ်စဉ်ကဏ္ဍမှာ၊ ဦးရော်နီညိမ်းက စီစဉ်တင် ဆက်ထားပါတယ်

ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးအနေနဲ့က ကျနော်တို့ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဆန္ဒပြပြည်သူတွေ ကျောင်းသားတွေကို ပစ်ခတ်နှိမ်နင်းဖို့အတွက် အမှတ် (၂၂)ခြေမြန်တပ်မ လက်အောက်ခံ ခမရ(၂၀၈)က ရန်ကုန်မှာလာပြီး တာဝန်ယူတဲ့အချိန်မှာ ဗိုလ်ကြီးလည်း တာဝန်အရ ပါလာရပြီးတော့မှ ဒီ ပစ်တာခတ်တာတွေအပေါ် ဗိုလ်ကြီးက မှားယွင်းတဲ့လုပ်ရပ်တစ်ခုလို့ မြင်တဲ့အတွက်ကြောင့် ပြည်သူ့ရင်ခွင်ဘက်ကို ကူးပြောင်းခဲ့တယ်ဆိုတဲ့အထိ ကျနော်တို့ သိရှိခဲ့ရပြီးပါပြီ။ အခုလိုမျိုးကူးပြောင်းတဲ့အခါမှာ ဗိုလ်ကြီ းဘယ်လို အခက်အခဲရှိလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဲဒီတုန်းက မဟာဝိဇယစေတီနားက အမှတ်(၁)ဆက်သွယ်ရေးတပ်ရင်းမှာ ကျနော်တို့ ခေတ္တ အခြေပြုနေရပါတယ်။ အဲဒီတုန်းက ကျနော် တာဝန်ထမ်း ဆောင်တာက “ကက(ကြည်း) အရံ အကူပစ်လက်နက်ကြီးတပ်ခွဲ စိန်ပြောင်းကြီးတပ်စုမှူး” ပေါ့နော်။ ကျနော် ထမ်းဆောင်တဲ့အချိန်မှာ သူတို့က စစ်အာဏာသိမ်းဖို့အတွက် အသင့်ပြင် ထားတာပေါ့ဗျာ။ ဒီရည်ရွယ်ချက်တွေတော့ ကျနော်တို့ မသိဘူးပေါ့ဗျာ။ ကျနော်တို့ထဲမှာ သတင်းတွေ ဖြန့်ထားတာကတော့ ရန်ကုန်မြို့ထဲမှာ တောတွင်းက လက်နက်ကိုင် အဖွဲ့အ စည်းတွေလည်း စိမ့်ဝင်နေတာတွေ ရှိတယ်၊ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်၊ လိုအပ်ရင် မင်းတို့ကို ရဟတ်ယဉ်တွေဘာတွေနဲ့ ရွှေ့ရလိမ့်မယ် ဆိုတာမျိုး အသေးစိတ်တွေ သူတို့ ညွှန်ကြားထားတာ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ အဲဒီအချိန်က ဒေါက်တာမောင်မောင်က စစ်အုပ်ချုပ်ရေး ရုတ်သိမ်းလိုက်ပါပြီလား ခင်ဗျ၊ စက်တင်ဘာလထဲ ရောက်သွားပါပြီလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ အဲဒီအချိန်တုန်းက စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းလိုက်ပါပြီ။ ရုတ်သိမ်းပြီးတော့မှ “ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်”ဖွဲ့ပြီး စုံစမ်း စစ်ဆေးတာတွေ သူလို့လုပ်ပါတယ်။ အဲဒီကာလမှာကိုက အာဏာသိမ်းဖို့အတွက် နောက်ဆုံးမှာ တပ်မတော်ကို အဆင်သင့် ပြင်ခိုင်းထားတာပါ။ အဲဒီ ရည်ရွယ်ချက်တွေကိုတော့ အောက်ခြေထိ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်နဲ့ အနီးကပ်နေတဲ့ ကျနော့်သူငယ်ချင်း တချို့တော့ ရှိပါတယ်။ သူတို့နဲ့ ကျနော် စကားပြောကြည့်တဲ့အခါမှာလည်း၊ သူတို့က လက်ရှိအခြေအနေတွေကို မနှစ်မြို့ကြပါဘူး။ ဘာဖြစ်လို့များ လူထုနဲ့ တပ်မတော်ကြား ဒီလောက်ထိ ဝေးကွာသွားကြသလဲ၊ ဒီလောက်ထိ နားလည်မှုလွဲသွားကြသလဲပေါ့၊ ဘယ်အခြေ နေထိ ရောက်သွားသလဲ ဆိုတာ၊ ကိုယ့်ကိုယ်ကို ဆန်းစစ်ဝေဖန်မှုတွေ အများကြီးရှိပါတယ်။ နောက်ပြီးတော့ အဲဒီတုန်းက ဦးအောင်ကြီးထုတ်ဝေတဲ့ ဗိုလ်ချုပ်ထံသို့ ပေးစာများ၊ အဲဒါ တွေက ကျနော်တို့တပ်ထဲမှာ အတိုင်းအတာတစ်ခုထိ ရိုက်ခတ်မှုတွေ ရှိပါတယ်။ အဲဒီစာ တချို့လည်း ကျနော်ဖတ်ရပါတယ်။ ဖတ်ရတဲ့ အခါကျတော့ ကျနော်တို့ဆီမှာ သို့လောသို့ လော အတွေးတွေ အများကြီး ပေါ်လာပါတယ်ခင်ဗျ။ နောက်ဆုံးမှာ ဦးတင်အောင်ဟိန်းရဲ့အစီရင်ခံစာ ထွက်လာပြီးတော့၊ မဆလ ဒေါက်တာမောင်မောင် ဦးဆောင်တဲ့ အစိုးရက “ပြည် သူ့ဆန္ဒခံယူပွဲ” ကျင်းပမယ်ဆိုပြီး ကြေညာတာ ရှိပါတယ်။ ဒါပေမယ့် လူထုရဲ့ကြွေးကြော်သံက ပြောင်းလဲသွားပါတယ်။ နောက်ဆုံးမှာ မဆလအစိုးရပြုတ်ကျရေးကို ဦးတည်တဲ့ တောင်း ဆိုမှုတွေ ဖြစ်ပေါ်လာပါတယ်။

(“ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်” = မြန်မာနိုင်ငံတဝန်း ရှစ်လေးလုံးလူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့သည့် ၁၉၈၈ သြဂုတ်လ(၈)ရက်နေ့ နောက်ပိုင်း၊ မြန်မာ့နိုင်ငံရေး စနစ်တွင် တပါတီစနစ် နှင့် ပါတီစုံစနစ် ရွေးချယ်ရေးအတွက် လူထုသဘောထားဆန္ဒကို စုံစမ်းလေ့လာသည့် ကော်မရှင်ဖွဲ့စည်းရန်၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အရေး ပေါ်ပါတီညီလာခံ နှင့် ပြည်သူ့လွှတ်တော် အရေးပေါ်အစည်းအဝေးတို့မှ ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ ထိုစဉ်က တရားသူကြီးချုပ်ဦးတင်အောင်ဟိန်း ခေါင်းဆောင်သည့် စုံစမ်း ရေးကော်မရှင်ကို၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရက “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဖွဲ့စည်းခဲ့သည်။)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကြားဖြတ်အစိုးရ တောင်းဆိုတဲ့ ကိစ္စများလားခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ ကျနော်တို့ကိုယ်တိုင် ကျနော်တို့ မျက်စေ့ရှေ့မှာ လမ်းတွေပေါ်မှာ ကားတွေနဲ့ လူထုတွေက လိုက်ပါသွားပြီးတော့မှ နဖူးစည်းအနီတွေနဲ့ “ဒီမိုက ရေစီ ရရင်ရ၊ မရရင်ချ” ဆိုတဲ့ ကြွေးကြော်သံတွေလည်း ကြားရပါတယ်။ ကိုယ်တိုင်လည်း မြင်ရပါတယ်။ လူထုက နောက်ဆုံးတော့ ဒီမိုကရေစီတင် မကပါဘူး၊ အဓိက ကတော့ မဆလ အစိုးရပြုတ်ကျရေး၊ အစိုးရပြောင်းလဲရေး၊ မဆလ အစိုးရ ဆင်းပေးဖို့အတွက် သူတို့ အဓိက တောင်း ဆိုတာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော် အရာရှိအနေနဲ့ ဗိုလ်ကြီးကလည်း ရန်ကုန်မြို့က အခြေအနေတွေကို ထိန်းသိမ်းဖို့ တာဝန်နဲ့ ရောက်ရှိနေတဲ့အချိန်ခါမှာ၊ ဗိုလ်ကြီး ဘယ်လိုမြင်မိပါ သလဲ ခင်ဗျ၊ ဘယ်သူ့ဘက်က မှန်တယ်၊ ဘယ်သူ့ဘက် က မှားတယ်လို့။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်တို့ မျက်စေ့ရှေ့မှာပဲလေ၊ ဆန္ဒပြတဲ့လူအုပ်ကြီးတွေက အုပ်လိုက်အုပ်လိုက် သူတို့ မြို့တွင်းကိုချီတက်သွားကြတာ ကျနော်တို့ တွေ့တယ်လေ၊ ဒီ လောက်များပြားတဲ့လူတွေ ထောင်နဲ့သောင်းနဲ့ချီတဲ့လူတွေ ရန်ကုန်လမ်းပေါ်မှာ နေ့တိုင်းနေ့စဉ်လိုလို စီတန်းလှည့်လည်ဆန္ဒပြကြတာကို ဘာဖြစ်လို့များ ကျနော်တို့က သေနတ်တွေ အသင့်ကိုင်ပြီးတော့မှ လူထုနဲ့ ထိပ်တိုက်တွေ့နေသလဲပေါ့။ ကျနော်တို့ သိတာကတော့ ရန်သူဆိုတာ တောထဲမှာတိုက်ရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ ကျနော်တို့ တွေ့ဖူးတယ်။ ဒါပေမယ့် ဒီလိုမျိုး ကိုယ့်ပြည်သူတွေနဲ့ ရန်ကုန်မြို့လယ်ခေါင်လိုနေရာမျိုးမှာ ထိပ်တိုက်တွေ့လိမ့်မယ်လို့ ကျနော်လည်း တခါမှ မမျှော်လင့်ခဲ့ဘူး။ တနေရာရာမှာတော့ အကြီးကျယ်မှား နေပြီဆိုတဲ့သံသယတွေ ကျနော်တို့ ရှိပါတယ်။ သံသယတွေရဲ့နောက်ဆက်တွဲမှာ စဉ်းစားမိတာကတော့ “မဖြစ်တော့ဘူး” လို့ ကျနော်ဒီဘဝမှာတော့ မပျော်ပိုက်တော့ဘူး ဆိုပြီးတော့မှ ဆုံးဖြတ်ပြီးတော့မှ ကျနော် လူထုဘက်ကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ခုနက ကျနော်မေးခဲ့တဲ့ မေးခွန်းလေးပဲ ထပ်ပြီးမေးပါရစေ ခင်ဗျ။ လူထုရဲ့ရင်ခွင်ကို ကူးပြောင်းတဲ့အခါမှာ ဗိုလ်ကြီး ဘယ်လိုအခက်အခဲများ ရှိပါ သေးလဲ ခင်ဗျ၊ ဘယ်သူတွေနဲ့ဆက်သွယ်ပြီးတော့၊ ခုနက ပြောသလို ယုံကြည်မှုအပိုင်းပေါ့၊ အဲဒီအချိန်က အရမ်းကို ပြင်းထန်နေတယ်၊ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်နိုင်တဲ့ အနေအ ထားမှာ ဒီအခြေအနေကို ဗိုလ်ကြီး ဘယ်လိုများ ကျော်လွှားခဲ့ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ မဟာဝိဇယစေတီကနေ ကျနော်ထွက်လာတဲ့အခါ အဲဒီတစ်ညလုံး ကျနော် စဉ်းစားပါတယ်။ အဲဒီမတိုင်ခင်လည်း ကျနော် စဉ်းစားပါတယ်။ နောက်ဆုံး ကျနော် သူတို့ထုတ်ပေးထားတဲ့ ကြီးကြပ်ကန့်သတ်ပစ္စည်းတွေပေါ့၊ လက်နက်ခဲယမ်းမီးကျောက်တွေကို စနစ်တကျသိမ်းဆည်းပြီး ကျနော် တာဝန်ထမ်းဆောင်ခဲ့တဲ့နေရာမှာ ထားပြီး တော့မှ ကျနော် ထွက်လာခဲ့ပါတယ်။ ကျနော့်အနေနဲ့ တပ်မတော်ကို လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်ဖို့တော့ အဲဒီတုန်းကတည်းက ဆန္ဒမရှိပါဘူး။ နောက်ပြီးတော့ ကျနော် ထွက် လာတဲ့အချိန် မဟာဝိဇယစေတီနားမှာ ဆန္ဒပြတဲ့ ကားတစ်စီးနှစ်စီး ဖြတ်သွားတာရှိပါတယ်။ အဲဒီအချိန်မှာ ကျနော် လက်ပြပြီးတော့ သူတို့ကို ကျနော် အကူအညီ တောင်းပါတယ်။ ကျနော်ပြောတယ်၊ ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ပေးပါလို့ ကျနော်ပြောတဲ့အခါ၊ သူတို့က ပြည်သူ့ရင်ခွင့် ခိုဝင်တယ်ဆိုပြီးတော့မှ လူထုက ဝမ်းပန်းတသာနဲ့ ကျနော့်ကို ကြို ဆိုပြီး၊ အထူးသဖြင့် ကျောင်းသားတွေပေါ့၊ အဲဒီတုန်းက ဆန္ဒပြတဲ့ ကျောင်းသားတွေ အုပ်စုရှိပါတယ်၊ main (ရန်ကုန်တက္ကသိုလ် - ပင်မဆောင်)ထဲက ထွက်လာတာပါ။ အဲဒီကားက၊ သူတို့ ဘယ်အဖွဲ့စည်းလဲဆိုတာ ကျနော် မမှတ်မိတော့ပါဘူး။ သူတို့က ကျနော့်ကို ကားပေါ်တင်သွားပြီးတော့မှ၊ အဲဒီအခါ ကျနော် လူထုရဲ့မေတ္တာကို စပြီးခံစားရတာပေါ့ဗျာ။ အားလုံး က လူတွေမမြင်အောင် ဝိုင်းအုပ်ပြီးတော့ ခေါ်သွားတာပါ။ အဲဒီတုန်းက စစ်သားဆိုရင် လူထုက အရမ်းကို နာကြည်းနေတာပါ ခင်ဗျ၊ အထူးသဖြင့် တပ်မ(၂၂) ဆိုရင် ပို နာကြည်းနေ တာပါ။ ဒါကြောင့် ကျနော့်ကို မမြင်အောင်ဖွက်သွားပြီးတော့မှ၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄)၊ ဒေါ်အောင်ဆန်းစုကြည်ခြံထဲကို ကျနော့်ကို ပို့ပေးပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ ကျနော်တွေ့ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ကြီးကို ဘယ်လိုများ အမှာစကား ပြောကြားခဲ့ပါသလဲ၊ ဗိုလ်ကြီးကလည်း ဘယ်လိုအကြောင်းအရာတွေ များ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးဖြစ်ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောဆိုတဲ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကိုပဲ သူ လိုလား ပါတယ် ခင်ဗျ၊ သူ့အနေနဲ့က တပ်မတော်ကို၊ တပ်မတော် အဓိကတော့ မဟုတ်ဘူးပေါ့၊ မဆလ တပါတီအာဏာရှင်ခေါင်းဆောင်တွေကလည်း မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး အ တွက် ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ အားလုံးအဆင်ပြေပြေ ဖြစ်သွားလိမ့်မယ်လို့ အများကြီး မျှော်လင့်ထားပါတယ်။ အားလုံးကလည်း စိတ်ဓါတ်တက်ကြွနေကြတဲ့အချိန်မှာ အပြောင်းအ လဲက ညင်ညင်သာသာနဲ့ ချောချောမွေ့မွေ့ ဖြစ်လာမယ်ဆိုရင်၊ အားလုံးက နိုင်ငံသစ်တည်ထောင်ဖို့အတွက် စိတ်တူကိုယ်တူနဲ့ လက်တွဲလုပ်ဖို့ လိုအပ်တဲ့အကြောင်း ပြောဖြစ်ကြပါတယ်။ ကျနော့်အနေနဲ့ကလည်း တပ်မတော်ထဲမှာ အမှန်တရားကိုလိုလားတဲ့ အင်အားစုတွေ အများကြီးရှိပါတယ်။ လူထုဘဝကို စာနာနားလည်တဲ့အင်အားစုတွေ အများကြီးရှိပါတယ်။ သူတို့ ကိုယ်တိုင်လည်း ပြုပြင်ပြောင်းလဲမှုတွေကို လိုလားတယ်ဆိုတဲ့အကြောင်း ကျနော်ပြောဖြစ်ပါတယ် ခင်ဗျ။ အဲဒီနောက်ပိုင်းမှာ ဆန္ဒပြဘို့ထွက်လာတဲ့ တပ်မတော်သားတွေနဲ့ ကျနော် တွေ့ချင်ပါတယ်လို့ ကျနော် ခွင့်တောင်းတဲ့အခါကျတော့ သရက်တောကျောင်းတိုက်ကို ပို့ပေးပါတယ်ခင်ဗျ၊ သရက်တောကျောင်းတိုက်မှာ မှော်ဘီကနေ ထွက်လာတဲ့ ဆန္ဒပြတဲ့ရဲဘော် တွေနဲ့ ကျနော်တွေ့ပါတယ်။ နောက်ပြီး တချို့သော အရာရှိ နှစ်ယောက်သုံးယောက်လောက်နဲ့လည်း ကျနော် တွေ့ပါတယ်။ အဲဒီ သရက်တောကျောင်းတိုက်မှာပဲ ခေတ္တခဏ နေပြီး တော့ နောက်ပိုင်းမှာ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ)အကူအညီနဲ့ လသာအထက(၂)မှာ ကျနော် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြစ်သွားတဲ့ အကြောင်းအရင်းနဲ့ နောက် အဲဒီနေ့က သတင်းစာရှင်းလင်းပွဲအတွေ့အကြုံတွေလည်း နောက်လူတွေ သိ ရှိအောင် ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဓိက ကျနော့်ကို အကူညီပေးတာကတော့ ကိုမိုးဟိန်း (ယခု အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်နေထိုင်သူ ရှစ်လေးလုံးကျောင်းသားခေါင်း ဆောင်တစ်ဦး) ပေါ့နော်၊ ကိုမိုးဟိန်းက ဗကသ ရိက္ခာတာဝန်ခံအနေနဲ့ ကျနော်တို့ ဆီလာပြီးတော့ အစားအသောက်တွေ ဝေငှတာ ရှိပါတယ်။ သရက်တောကျောင်းတိုက်မှာ ကိုမိုးဟိန်း နဲ့တွေ့တော့ “အစ်ကိုကြီး ကျနော် ဘာအကူညီ ပေးရမလဲ” မေးတဲ့အခါကျတော့၊ ကျနော်က သူ့ကိုပြောတယ်၊ “အေးကွာ၊ ငါတို့ရဲ့ အတွေ့အကြုံတွေ ငါတို့ရဲ့ အမြင်တွေကို လူထုကို တင်ပြချင်တယ်။ အဲဒါ မင်း စီစဉ်ပေးလို့ ရမလား”ဆိုတော့၊ “ရပါတယ် အစ်ကိုကြီး”ဆိုပြီး သူက ကျနော့်ကို စီစဉ်ပေးပါတယ် ခင်ဗျ။ အဲဒီလို သူ စီစဉ်ပေးပြီး နောက်ပိုင်းမှာ ဒီ သတင်းစာ ရှင်းလင်းပွဲက အထမြောက်သွားတာပါ။ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတဲ့အချိန်လောက်မှာလည်း ကိုမိုးသီးဇွန်(ကျောင်းသားခေါင်းဆောင်၊ ထိုစဉ်က “ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား များသမဂ္ဂ”၏ အထွေထွေအတွင်းရေးမှူး) လာပြီးတော့မှ ကျနော်နဲ့ တွေ့ဆုံစကားပြောတာတွေ ရှိပါတယ် ခင်ဗျ။ သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျနော် တို့အနေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တပ်မတော်သားတွေဟာလည်း ပြည်သူလူထုနဲ့ တသားတည်းပါပဲ၊ ပြည်သူလူထုနဲ့အတူ တပါတီအာဏာရှင်စနစ်ကို ကျနော်တို့ မကြိုက်ပါ ဘူး၊ ဒီအာဏာရှင်စနစ်ရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကိုလည်း ကျနော်တို့တပ်မတော်သားတွေဟာ ပြည်သူနဲ့အတူ မျှဝေပြီးတော့မှ ခံစားရတာပါ။ အောက်ခြေအဆင့် တပ်မတော်သား အရာရှိ အကြပ်တပ်သားတွေအားလုံးကလည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် လိုလားတယ်။ မဆလ တပါတီအာဏာရှင်စနစ်ကိုလည်း ကျနော်တို့ မလိုလားဘူး။ တပ်မတော်သား တွေကို မဆပါတီထဲ မဝင်မနေရ အတင်းအကြပ်ဝင်ခိုင်းပြီးမှ အရံပါတီဝင်တွေ အနေနဲ့သော်လည်းကောင်း၊ တင်းပြည့်ပါတီဝင်တွေ အနေနဲ့သော်လည်းကောင်း စုစည်းပြီး၊ ပါတီတည် ဆောက်ထားတာကို ကျနော်တို့ မလိုလားဘူး။ ဗမာပြည်ရဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းစေချင်တယ်။ ပြည်သူလူထုအများစု သွေးထွက်သံယို ဖြစ် ပြီးတော့မှ အသက်များစွာဆုံးရှုံးပြီးတော့မှ ကိုယ့်အချင်းချင်း သတ်တာဖြတ်တာတွေ ဖြစ်ပြီးတော့မှ နိုင်ငံရေးပဋိပက္ခတွေ ဖြေရှင်းရတာမျိုးကို၊ ကျနော်တို့ မလိုလားဘူး။ အထူးသဖြင့် တပ်မတော်ကို နိုင်ငံရေးအကျပ်အတည်းမှာ တပါတီအာဏာရှင်စနစ်ရဲ့လက်ကိုင်ထုတ်အနေနဲ့ အသုံးချတာကို ကျနော်တို့ လုံးဝလက်သင့်မခံနိုင်ဘူး။ အဲဒီအတွက်ကြောင့် ပြုပြင်ပြောင်း လဲမှုတွေကို အမြန်ဆုံးနည်းလမ်း၊ အကောင်းဆုံးနည်းလမ်း၊ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းပေးပါ၊ တပ်မတော်သားအများစုကိုလည်း မဆလပါတီဝင်အဖြစ်ကနေ အမြန်ဆုံး ရုတ် သိမ်းပေးပါဆိုပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ကျနော် အတိအလင်း တောင်းဆိုပါတယ်ခင်ဗျ။ သတင်းစာရှင်းလင်းပွဲပြီးတဲ့ နောက်ပိုင်းမှာပဲ သိပ်မကြာပါဘူး၊ မဆလပါတီက အစည်း ဝေးလုပ်ပြီးတော့မှ ဦးအေးကို (မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ အထွေထွေအတွင်းရေးမှူး နှင့် ဒုတိယသမ္မတ ဖြစ်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးအေးကို)ကိုယ်တိုင် လက်မှတ် ရေးထိုးပြီး တပ်မတော်သားတွေကို မဆလပါတီဝင်အဖြစ်ကနေရပ်စဲကြောင်း ကြေညာချက် ထွက်လာတာ ရှိပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဗိုလ်ကြီးအနေနဲ့ အဲဒီလိုမျိုး တွေ့ကြုံရတဲ့အချိန်မှာ၊ ကျနော်တို့ အခု ပြန်မြင်ကြည့်တဲ့အခါကျတော့၊ တတိုင်းပြည်လုံး အုန်းအုန်းကျွက်ကျွက်နဲ့ ဗိုလ် ကြီးတို့လို ပြည်သူ့ရင်ခွင် ကူးပြောင်းလာတဲ့ အရာရှိတွေတင် မကဘူး၊ တပ်မတော်သားတွေလည်း ရှိတယ်။ နောက်တခါ ဝန်ထမ်းတွေ ပေါ့နော်၊ အပြောင်းအလဲတစ်ခုတော့ မကြာခင် ရောက်တော့မှာပဲလို့ ဖြစ်နေတဲ့အချိန်မှ၊ာ ဗိုလ်ကြီးက တပ်မတော်အရာရှိ အတွေ့အကြုံရှိ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အဲဒီအချိန်မှာ ဗိုလ်ကြီး ဘယ်လိုမြင်လဲခင်ဗျ၊ ဒီအရေးတော်ပုံကြီးက ဆန္ဒပြဆန့်ကျင် ကန့်ကွက်ပြီးတော့ ရင်ထဲက ဆန္ဒတွေ ထုတ်ဖော်ပြသရာကနေ၊ နောက်တစ်ဆင့်ဖြစ်တဲ့ အာဏာရှင်စနစ်ပြုတ်ကျရေးအထိကို အောင်မြင်သွားနိုင်တဲ့ အခြေနေရှိတယ်လို့ ဗိုလ်ကြီး အဲဒီအချိန်တုန်းက မြင်မိပါသလား၊ သို့မဟုတ် ဒီအတိုင်းကတော့ မအောင်မြင်နိုင်ဘူး၊ ဘာတွေလုပ်ဖို့ လိုသေးတယ် ဘယ်လိုဆက်သွားဖို့ သင့်တယ် စသည်ဖြင့် ဗိုလ်ကြီး မြင် ခဲ့တာတွေ ရှိပါသလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ရှိပါတယ် ခင်ဗျ၊ ကျနော်လည်း ကျနော့်လုံခြုံရေးအတွက်ပေါ့နော်၊ ကျောင်းသားတွေအကူအညီနဲ့ နေရာအနှံ့အပြားမှာ ကျနော်ရွှေ့ပြောင်းပြီးတော့ နေထိုင် ရတာတွေရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ အာဏာသိမ်းမှု ဖြစ်လာပါတယ်ခင်ဗျ။ အာဏာသိမ်းမှုဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ဘယ်သူကမှ ကျနော်တို့ လုံခြုံရေးကို တာဝန်ယူနိုင်တဲ့ အခြေ အနေ မရှိပါဘူး၊ အဲဒီလိုပဲ ကျောင်းသားတွေ အများစုကပဲ ကူညီလုပ်ဆောင်ပေးလို့ ပြည်သူလူထုတွေကြား၊ ရပ်ကွက်တွေကြားထဲမှာပဲ၊ နေထိုင်ပုန်းအောင်းပြီးတာ့ ဖြတ်သန်းရတဲ့ ကာ လတွေ ရှိပါ တယ်။ အဲဒီတုန်းက ကျနော်မြင်တာကတော့ အဲဒီ အာဏာမသိမ်းခင်ကာလ၊ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းအထိလည်း လူထုရဲ့စိတ်ဓာတ်က တက်ကြွမှု တစုံတရာ ရှိပါ တယ် ခင်ဗျ။ ကျနော်တို့ “ ၁၉၈၈ လူထု အရေးတော်ပုံကြီး”ဟာ အမျိုးသားရေးဆိုင်ရာလှုပ်ရှားမှုကြီးပါ။ အမျိုးသားရေးဆိုင်ရာလှုပ်ရှားမှုကြီး ဖြစ်တဲ့အတွက်ကြောင့် လူထုအားလုံးက လည်း အပြောင်းအလဲကို လိုလားပါတယ် ခင်ဗျ။ ခေါင်းဆောင်တွေကလည်း အများကြီး ထွက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ အဘဦးတင်ဦးတို့၊ အဘ ဦးနုတို့ ၊ ဦးအောင် ကြီး တို့ကအစ အကုန်လုံး ထွက်လာပါတယ်။ ထွက်လာတဲ့အခါ ကျနော်မြင်တာကတော့၊ အဲဒီအချိန်ကသာ ပြုပြင်ပြောင်းလဲရေးကို တိတိလင်းလင်း တာဝန်ယူနိုင်တဲ့ ခေါင်းဆောင်တစ် ယောက်ကသာ ပြတ်ပြတ်သားသား လုပ်ခဲ့မယ်ဆိုရင် Do or Die ပေါ့နော်၊ စစ်စကားအရပြောမယ်ဆိုရင် “သေမလားရှင်မလား”ဆိုတဲ့ ပြဿနာမှာ ပြတ်ပြတ်သားသား ရွေးချယ်ပြီး တော့မှ၊ အာဏာသိမ်းဖို့ အစီစဉ်တစ်ခုကို အောင်မြင်အောင်ကြံဆောင်နိုင်မယ့် ခေါင်းဆောင်တစ်ယောက်သော်လည်းကောင်း၊ တစ်ဖွဲ့သော်လည်းကောင်း ရှိမယ်ဆိုရင်၊ ကျနော်ထင် တယ်၊ ဗမာပြည်နိုင်ငံရေးအကြပ်အတည်းက အချိန်တိုတိုအတွင်းမှာ အများကြီးပြောင်းလဲသွားနိုင်တဲ့ အခြေအနေရှိပါတယ်၊ ဒီလောက်ထိ နှစ်နဲ့ချီပြီးတော့မှ ဖြစ်လာစရာ အနေအထား မျိုးမရှိဘူးလို့ ကျနော်မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” ကာလမှာ လူထုကိုဖြိုခွင်းဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရတဲ့ ခြေမြန်တပ်မ(၂၂)၊ ခမရ (၂၀၈) က တပ်ခွဲမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးစိုင်းဝင်းကျော်ရဲ့ ရှစ်လေးလုံး အလွန်ကာလမှာ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ နိုင်ငံရေးအကျဉ်းသားဘဝအထိ ရောက်ရှိသွားခဲ့ရတဲ့ အကြောင်းတွေကို နောက်သီတင်းပတ် အောက်တိုဘာလ (၂) ရက်၊ တနင်္ဂနွေနေ့ မနက်၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ် ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG