မြန်မာ့ဒီမိုကရေစီရေးအတွက် ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့အရေးယူပိတ်ဆို့မှု ချမှတ်ထားသလို၊ အခြားနိုင်ငံတွေနဲ့လည်း မြန်မာ့အရေးအတွက် နီးနီးကပ်ကပ် ဆောင်ရွက်နေတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက အထွေထွေညီလာခံမှာ တနေ့က ပြောဆိုပါတယ်။
CFOB ကနေဒါအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ကတော့ ကနေဒါအစိုးရပိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး၊ လက်ဆုပ်လက်ကိုင်အပြောင်းအလဲတွေ မတွေ့ရမချင်းတော့ နှစ်ဖက် အဆင့်မြင့်ဆက်ဆံရေးထားမယ့်ပုံ မရှိသေးဘူးလို့ပြောပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။
မြန်မာအစိုးရသစ်အပေါ်မှာ အနောက်နိုင်ငံအတော်များများက သတိတကြီးနဲ့ ပျော့ပျော့ပြောင်းပြောင်း ချည်းကပ်လာကြပေမယ့်လို့ ကနေဒါနိုင်ငံကတော့ သိသိသာသာ မူဝါဒ ပြောင်းတာမတွေ့ရသေးပါဘူး။ အီးယူ ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတွေဖက်က အဆင့်မြင့်ခေါင်းဆောင်တွေ စေလွှတ်ပြီး မြန်မာအစိုးရနဲ့ ဆက်ဆံမှုတွေ ရှိလာပေမယ့်၊ ကနေဒါနိုင်ငံကတော့ အခြေအနေကို အဝေးက စောင့်ကြည့်နေဆဲလို့ပဲ ဆိုရမှာပါ။
တနေ့ကတော့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က အထွေထွေညီလာခံမှာ မိန်ခွန်းပြောတော့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေကို အထူးအလေးပေး ပြောပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း ထည့်သွင်းပြောသွားပါတယ်။
“မြန်မာ့ ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးအခြေအနေ တိုးတက်လာစေဖို့အတွက် စိတ်တူကိုယ်တူ နိုင်ငံတွေနဲ့ အနီးကပ် ပူးတွဲဆောင်ရွက်နေပါတယ်။ တချိန်တည်းမှာလဲ မြန်မာစစ်အစိုးရကို ကနေဒါအနေနဲ့ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။”
ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ပြောသွားတာပါ။ မြန်မာနိုင်ငံတွင်း ဘာသာရေးအရဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်လို့လည်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါသေးတယ်။
အပြင်းထန်ဆုံး အရေးယူမှုမျိုးလို့ဆိုတဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုတို့ အီးယူတို့က မြန်မာအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေထက် ထူးခြားတဲ့အချက်တွေရှိလို့ဖြစ်တယ်လို့ CFOB ကနေဒါအခြေစိုက် မြန်မာ့မိတ်ဆွေများအဖွဲ့က ပြောခွင့်ရသူ ကိုတင်မောင်ထူးက ပြောပါတယ်။
“သက္ကရာဇ် ၂၀၀၈ ကနေစပြီးတော့ မြန်မာအလံလွှင့်ထားတဲ့ ဘယ်သင်္ဘောကိုမှ ခွင့်မပေးဘူးဆိုတဲ့အချက်က US နဲ့ ကနေဒါအကြား ကနေဒါဖက်က ပိုပြင်းထန်တဲ့အရေးယူမှုအပိုင်းတွေကို တွေ့ရတာပါ။ ငွေအပြောင်းအလဲ အပြောင်းအရွှေ့လုပ်တဲ့နေရာမှာလည်းပဲ ကနေဒါကနေ ပိတ်ပင်တာတွေရှိပါတယ်။ ဥပမာ ကနေဒီယန် ပြည်သူတယောက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အဖွဲ့အစည်းတခုခုကပဲ ဖြစ်ဖြစ် ကုမ္ပဏီတခုပဲဖြစ်ဖြစ် မြန်မာပြည်ကို အပြောင်းအရွှေ့ လုပ်မယ်ဆိုရင် ဒေါ်လာတထောင်ထက်ပိုမယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးရဲ့ အထူးခွင့်ပြုချက်ကို ယူရမယ့် အနေအထားရှိပါတယ်။”
မြန်မာနဲ့ပတ်သက်လို့ အမေရိကန်ကိုယ်တိုင်က တိုက်ရိုက်ထိစပ်ဆက်ဆံရေးမူဝါဒကို ထည့်ပြီး ကျင့်သုံးလာတယ်၊ အာဆီယံဆိုရင်တော့ ပြောဖွယ်မရှိတော့ဘူးပေါ့၊ ကနေဒါကရော မြန်မာနဲ့ ထိစပ်ဆက်ဆံရေးမူဝါဒ စဉ်းစားချက်ရှိပါသလား။
“အခု နိုင်ငံခြားရေးဝန်ကြီး John Baird တတ်လာတဲ့အချိန်ကစပြီး သူပြောတဲ့စကားရှိပါတယ်။ ကနေဒါအနေနဲ့လည်း ထိစပ်ဆက်ဆံရေးမူဝါဒ လုပ်မယ်၊ တွေ့ဆုံဆွေးနွေးမှု ပြောဆိုမှုတွေ လုပ်မယ်။ ဒါပေမယ့် ဒီပြောဆိုမှုဟာ လူ့အခွင့်အရေးကိစ္စအပေါ်မှာသာလျှင် အခြေခံမယ်ဆိုတာကို သူ ရှင်းရှင်းလင်းလင်း ပြောခဲ့တာရှိပါတယ်။”
နိုင်ငံတကာနဲ့ဆက်ဆံရေး မြန်မာအစိုးရဖက်က ဖွင့်လာတာရှိပါတယ်။ အာဆီယံတို့ အာရှတို့နဲ့ဆက်ဆံတယ်၊ အမေရိကန်တို့ ဥရောပတို့နဲ့လည်း ဆက်ဆံရေးလုပ်လာတာရှိပါတယ်။ ကနေဒါဖက်ကရော မြန်မာထိပ်ပိုင်းနဲ့ ဆက်ဆံရေး ဘယ်လိုရှိပါသလဲ။
“တခုရှိတာကတော့ သူတို့လည်း မကျွံချင်ဘူး။ တကယ်အပြောင်းအလဲတွေ မရှိပဲ ဆက်ဆံရေးတွေ လုပ်ခဲ့မယ်၊ ဝန်ကြီးအဆင့်တွေ စေလွှတ်ခဲ့မယ်ဆိုရင် တဖက်မှာ မှားယွင်းတဲ့အဓိပ္ပါယ်တွေ ဖြစ်သွားမှာကိုလည်း သူက စိုးရိမ်တဲ့ လက္ခဏာရှိပါတယ်။”
ကနေဒါနဲ့ မြန်မာအစိုးရအကြား အဆင့်မြင့်ဆက်ဆံရေးမရှိဘူးဆိုပေမယ့် မကြာခင်လပိုင်းတွေအတွင်းကတော့ သံတမန်ဆက်ဆံရေး အနည်းငယ်တိုးလာတယ်လို့ ပြောရမှာပါ။ ကနေဒါဖက်က မြန်မာအစိုးရရဲ့ သံအမတ်ကြီး ခန့်အပ်မှုကို လက်ခံခဲ့သလိုပဲ၊ ဘန်ကောက်က ကနေဒါသံအမတ်ကြီးကလည်း မြန်မာနိုင်ငံသွားပြီး အစိုးရခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။